မှောင်ခို ကုန်ပစ္စည်းများ ဖမ်းတော့မည် | ဧရာဝတီ

မှောင်ခို ကုန်ပစ္စည်းများ ဖမ်းတော့မည်

Hits:12,904
  | |

မူဆယ်-မန္တလေး လမ်းပေါ်တွင် တွေ့ရသည့် ကုန်များတင်၍ သယ်ဆောင်သွားနေသော လူစီးယာဉ် တစီး (ဓာတ်ပုံ – ဧရာဝတီ)

မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းမှ တရားမ၀င် မှောင်ခိုကုန်ပစ္စည်း သယ်ယူနေခြင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ဖမ်းဆီး အရေးယူနိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက စီစဉ်နေကြောင်း ပြောသည်။

လွတ်လပ်သည့် အာဆီယံ ကုန်သွယ်ရေး မူဝါဒအရ တရုတ်၊ ထိုင်း စသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများရှိ စစ်ဆေး ရေး ဂိတ် တချို့ကို ဖယ်ရှားခဲ့သည့်နောက် တရားမ၀င်ကုန်ပစ္စည်းများ၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ပိုမိုဝင်ရောက်လာကြောင်း၊ ထို အတွက် နိုင်ငံတော်နှင့် အခွန်ထမ်း လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ နစ်နာရသည့်အပြင် စားသုံးရန်မသင့်လျော်သည့် စားသောက်ကုန်နှင့် ဆေးဝါးများပါ တင်သွင်းလာသည့် အတွက် စစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်း ၀ယ်ရေး ၀န်ကြီးဌာန နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောဆိုသည်။

နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ဒု ညွန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က“နယ်စပ်ဂိတ်တွေကို ရှောင်ပြီးတော့ တင်သွင်းတာတွေ အရမ်းများလာတယ်၊ နောက်တခုက မြောင်းဆီဆိုတဲ့ စားသုံးဆီတွေကို FDA ထောက်ခံချက် မပါဘဲ နဲ့ သွင်းလာနေတယ်”ဟု ဆို သည်။

နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းလာသော အစားအသောက်နှင့် ဆေးဝါးများ၏ အရည်အသွေးကို စစ်ဆေးရန် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲမှုဌာန(FDA) ရုံးများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ပထမဆုံး အနေနှင့် တရုတ်-မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဌာနနှင့် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့များတွင် ဖွင့်လှစ်၍ ကြပ်မတ် စစ်ဆေးသွားရန် စီစဉ်ထားကြောင်း ဇူလိုင်လအတွင်း FDA က ထုတ်ပြန် ပြောဆိုထားသည်။

အဆိုပါ တရားမ၀င် ကုန်ပစ္စည်း ရှာဖွေရေးအဖွဲ့များကို ပွင့်လင်းမြင်သာမှုရှိပြီး အပြန်အလှန် ထိန်းကျောင်းနိုင်စေရန် နယ်စပ် ကုန်သွယ် ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရဲ တပ်ဖွဲ့၊ ဒေသ အာဏာပိုင်များသာမက ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း သို့မဟုတ် နယ်စပ်ဒေသ ကုန်သည်ကြီးများ အသင်း၊ သတင်းမီဒီယာ သမားများနှင့် ဖွဲ့စည်းမည်ဖြစ်ပြီး ယခင်ကဲ့သို့ ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မည် မဟုတ်ဘဲ ရရှိသည့် သတင်း အချက်အလက်ပေါ်တွင် မူတည်၍ ရှောင်တခင် စစ်ဆေးသွားမည် ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

တရားဝင်ကုန်ပစ္စည်းများကို အခွန်မဆောင်ဘဲ တင်သွင်းလာပါက အခွန်ဆောင်စေခြင်းနှင့် ကုန်သွယ်ခွင့် လိုင်စင် ထုတ်ပေးခြင်း၊ တရားမ၀င် ကုန်ပစ္စည်းများတွေ့ရှိပါက သိမ်းဆည်း၍ အကောက်ခွန်ဥပဒေ အရ အရေးယူခြင်းများ၊ လက်နက် ခဲယမ်းနှင့် မူးယစ် ဆေးဝါးများ တွေ့ပါကလည်း ဥပဒေအရ အရေးယူခြင်းများကို တရားမ၀င် ကုန်ပစ္စည်း ရှာဖွေရေးအဖွဲ့များက ဆောင်ရွက်သွားမည်ဟု သိရသည်။

နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ လူတဦးလျှင် ကျပ် ၄ သိန်းခန့်(အမေရိကန် ဒေါ်လာ ၅၀၀)သာ သတ်မှတ်ထားသော်လည်း ကုန် သွယ်ရေး လမ်းကြောင်းပေါ်တွင် ကုန်တင်ကားကြီးများသာမက ယာဉ်ငယ် ကလေးများ၊ ဆိုင်ကယ်များနှင့် ပါ တရားမ၀င် သယ်ဆောင် နေသည်ဟုလည်း ဦးညွန့်အောင် က ဆိုသည်။

မန္တလေးမြို့ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအသင်း၏ အတွင်းရေးမှူး ဦးချွန် ကလည်း ဤလုပ်ဆောင်ချက်သည် ဈေးကွက်စီးပွားရေး စနစ်ကို ထိန်းညှိခြင်းဖြစ်၍ ကြိုဆိုကြောင်း၊ ဈေးကွက်အတွင်း အကောက်ခွန်မဲ့ပစ္စည်းများ ပိုမိုဝင်ရောက်လာသည့်အတွက် အခွန် ထမ်း လုပ်ငန်းရှင်များမှာ မယှဉ်သာကြောင်း၊ ထိုကြောင့် ကုန်သည်များ၊ ကားဂိတ်များ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ် ကြောင်း ပြောဆိုသည်။
“အခွန်မဆောင်ဘဲ သွင်းတဲ့ပစ္စည်းတွေကို ဈေးကွက်မှာ လျှော့ပြီး ရောင်းလာတဲ့ အခါကျတော့ တကယ် အခွန်ဆောင်လာတဲ့ ကုန် သည် က ရှုံးတာပေါ့၊ မယှဉ်နိုင်ဘူး၊ ပပျောက်အောင် လုပ်သင့်တယ်၊ ကြိုဆိုတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဈေးကွက်တွင် စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေသည့် ကလေးသူငယ်များနှင့် ပတ်သက်သော အစားအစာများ၊ စားသုံးဆီများ ရောက်ရှိနေခြင်းကို တားမြစ်သင့်ကြောင်းလည်း ဦးချွန်က ဆက်ပြောသည်။

မူဆယ်- မန္တလေးလမ်းတွင် ဆိုင်ကယ်ကယ်ရီဖြင့် ပစ္စည်းသယ်ဆောင်သူ ကိုအောင်ခိုင်ကမူ ယခုကဲ့သို့ အရေးယူဆောင်ရွက်မှုမှာ ကောင်းမွန်သော်လည်း ကုန်ကားကြီးများဖြင့် သယ်ယူနေသူများကို မထိခိုက်နိုင်ကြောင်း၊ မိမိတို့ ဆိုင်ကယ်ကယ်ရီ သမားများမှာမူ ပိုမို ရှာဖွေမှု ခံရဖွယ်ရှိကြောင်း ပြောဆိုသည်။

“ကျနော်တို့ ကယ်ရီသမားကတော့ စားသောက်ကုန် ခွင့်ပြုချက်တွေ ဘာတွေလည်း မသိဘူးလေ၊ ကုန်သည် ထည့်ပေးရတာကို သယ်ရတာ ဒီတော့ ဒဏ်ကြေးဆောင်စရာရှိရင် ကျနော်တို့ ဆောင်ရမှာပေါ့”ဟု ၎င်းက ဆိုသည်။

တရုတ်-မြန်မာ နယ်စပ် မူဆယ်- မန္တလေး လမ်းကြောင်းပေါ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို ကွင်းရှောင်၍ သွားလာနေသည့် လမ်းကြောင်း ငါးကြောင်းရှိရာ အဆိုပါ လမ်းများကိုလည်း မနက်ဖြန်မှစတင်၍ ပိတ်ဆို့တော့မည် ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်-
မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းနှင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း၌ ကျပ်သိန်း ၄၇၉၀၄၉ ဖိုး ဖမ်းဆီးရမိပြီး အကောက်ခွန် အမှုတွဲပေါင်း ၁၁၁၇၄ မှု ရှိကြောင်း သိရသည်။

ယခုအခါ တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းရှိ ရေပူ စစ်ဆေးရေး ဂိတ်နှင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း စစ် တောင်း တံတားအနီးရှိ မရမ်းချောင် စစ်ဆေးရေး ဂိတ်တို့ကို အာဆီယံ ကုန်သွယ်ရေး မူဝါဒနှင့်အညီ ပိတ်ပစ်ခဲ့ရာ အကောက်ခွန်မဲ့ ပစ္စည်းများ ပိုမိုဝင်ရောက်လာသည်ဟု သိရသည်။

နောက်ပိုင်းတွင်လည်း ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း၊ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများတွင် သတင်း အရ ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရေးဝယ်ရေး ၀န်ကြီးဌာနက ဆိုသည်။


13 Responses

Leave a Reply

  1. သေသေချာချာ နဲ့ တိတိကျကျ လုပ်ချင်ရင် စက်ရုပ် ဝန်ထမ်းတွေ ထားမှ ရမယ်..လူဝန်ထမ်း ကို ထားလို့ ကတော့ ကြိုက်တဲ့ ဥပဒေ လာခဲ့ ပျင်းတောင် ပျင်းသေးတယ်….ပြောနေကြတာလဲ ကြာပါပြီ…လုပ်တိုင်းလဲ မဖြစ်တော့ ရတာလေး ယူပြီး ပါးစပ်ပိတ် အိမ်ပြန်ကိုသာ ပြန်ပြီး အိပ်နေကြပါတော့……လုပ်ကြတိုင်းလဲ သွားကြားထိုးတံ လိုဘဲ အဖျားရှုးရှုး သွားတယ်…..မြန်မာပြည် နဲ့ ဒီမိုကရေစီ ကတော့ မျက်မမြင် အပ်ထိုး နေသလိုပါဘဲ…

  2. ဖြစ်သင့်ပါတယ်။

  3. ဖမ်းတော့မည်…ဘယ်တော့လဲ???

  4. စံနစ်အားလုံးဟာ ဗမာပြည်မှာ ၈၈ နောက်ပိုင်း အစိုးရဖောက်တဲ့လမ်းတွေလိုပါပဲ။
    အောက်ခံမြေသားအရည်အသွေးမကောင်း မြေသားကျစ်လစ်မှုမရှိပဲ ညံ့ဖျင်းတဲ့ လမ်းခင်းစံနစ်တွေသုံးခဲ့လို့ ပြင်လို့လဲ မဆုံးတော့ပါဘူး။ လူတွေ ကားတွေ နဲ့ စက်ဆီဂါလန်သန်းပေါင်းများစွာ ကားအပိုပစ္စည်း အလျှံပယ်သုံးပြီး နေ့စဉ်ရက်စက်တက်ကြိတ်နေခဲ့ပေမဲ့လဲ နောက်ဆုံးတော့ ပြင်ချင်ရင် မြေလှန်ဖျက်ပစ်ပြီး အသစ်ခင်းရမယ့်အဖြစ်မျိုးတွေချည်းပါပဲ။
    အခု အခွန်လမ်း ပြင်နည်းအသစ်ကရော ဘယ်လိုဘယ်အချက်တွေ ကောင်းလာစေနိုင်မလဲ။ ရှောင်ချင်တဲ့သူတွေအတွက်တော့ တွေ့ရင်ပေးမယ်၊ မတွေ့ရင် လွေးမယ်။ မြန်ချင်ရင် ဖောက်မစစ်ဖို့ ညှိမယ်။ အနည်းဆုံးတော့ ကြိုတင်ပါမစ်လျှောက်ပြီး သွင်းတာထက် အချိန်၊ ငွေ၊ ဟိုရုံးဒီပြေး၊ မျက်နှာချိုသွေး အလုပ်တွေ အကုန် သက်သာမယ်၊ အဲဒီဘက်ကစံနစ် ကောင်းမလာခဲ့သေးရင်ပေါ့။
    ဒီအဖွဲ့လမ်းပေါ်မှာ ထိုင်လိုက်တာနဲ့ တစ်လမ်းလုံးပိတ်မသွားအောင် အမြန်ဆုံးနဲ့ အမှန်ဆုံး ဘယ်လိုလုပ်မလဲ။ ကုန်သည်ဘက်ကတော့ ငွေပေးဖို့အမြဲအသင့်ဖြစ်နေမှာပါ။
    ပြီးတော့ မနေ့ကအထိ အဲဒီလမ်းမှာ တနေ့ကို အခွန် ဘယ်လောက်ရသလဲ၊ ဒီနေ့ နိုဝင်္ဘာ ၁ ရက်ကနေ လကုန်ရင် ဘယ်လောက်ရသလဲ၊ နောက်ပုံမှန်လစဉ် ဘယ်လောက်ရသလဲ၊ ကုန်စည်စီးဆင်းမှုဘယ်လောက် မြန်ဆန်လာသလဲ စတာတွေကို အစိုးရ ၀က်ဆိုက်မှာ ဂရပ်နဲ့ တင်ထားပေးပါ။ အဲဒီတိုးတက်မှုအတွက် အစိုးရ၀န်ကြီးမင်းများကို ပွင်းလင်းမြင်သာစွာနဲ့ အောင်မြင်အောင်လုပ်နိုင်တဲ့အပေါ် ကျွန်တော်တို့ ဂုဏ်ပြုဖို့ အသင့်ပါပဲ။

  5. My comment under this article was not seen here, any error?
    Please advise.

  6. အဲဒီအဖွဲ့က အကောက်ခွန်မဲ့ပစ္စည်းတွေသယ်ဆောင်လာတဲ့ယာဉ်တွေကို မစစ်ဆေးသေးဘဲနဲ့ အရင်ဆုံး ကားဂိတ်တွေ/ကားသမားတွေ/ကယ်ရီသမားတွေကို စစ်ဖို့လိုပါတယ်. အလကား သယ်လာတာမဟုတ်ပါဘူး . သူတောင်းစားပေးသလိုပေးပြီးမှသယ်ဆောင်လာရတာပါ. ဒီကြားထဲလိုင်းကြေးနည်းရင် အဖမ်းခံရမယ့်စာရင်းထဲပါသေးတယ် . လစဉ်ကြေးကိုပြောတာပါ . ပြည်သူတွေကတော့ နာပြီးရင်းနာပေါ့ခင်ဗျား.. အဲဒီလိုင်းကြေးကို ဘယ်အဖွဲ့တွေကိုပုံမှန်ပေးဆောင်နေရသလဲဆိုတာ အရင်စစ်ဆေးသင့်ပါတယ်….

    • သူတောင်းစားပေးသလို မဟုတ်ပါဘူး
      ဓါးပြ ပေးသလိုပါ။

  7. Yeah!! The FDA department may exist in 105 miles checkpoint, so we must pay money for another new negotiator for passing our no duty fee goods. Arr…. its so headache for us.But, we dont worry, because the men of all departments gov employees are have mouth for eat everything. Those are our custom & nature in Burma so longtime ago. Carry on my boys.

  8. ဈေးကွက် စီးပွားရေးစနစ်မှာ မှောင်ခိုကုန်ဆိုတာ ရှိသေးလို့လား ။ တွေ့ရင် ဖမ်းမဲ့အစား အခွန် ကောက်ပေါ့ ။

  9. မလိုအပ်တဲ့ ကြိုးနီ စနစ်တွေကြောင့် မှောင်ခို ဆိုတာရှိနေတာပေါ့။ ဆင်းရဲမွဲတေမှု ကြောင့်လည်း ဒီလို အသေးစား မှောင်ခို ဆိုတာ ရှိနေတာပေါ့။ ပိုက်ဆံ ရှိတဲ့ လူ ကျတော့ အိပ်စရေး ပျက်တယ်ဆို ပြီး အပျောက်ရိုက်ပြီးမှ ဆင်းရဲသား တွေ ကိုမှ ရွေးပြီး ဖမ်းတော့လည်း ………..အော် ဒုက္ခ

  10. နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ လူတဦးလျှင် ကျပ် ၄ သိန်းခန့်(အမေရိကန် ဒေါ်လာ ၅၀၀)သာ သတ်မှတ်ထားခြင်း ဆိုသည်မှာ ၊ မှတ်မိသမျှ နှစ်ပေါင်းများစွာမှဟု ထင်ပါသည်။
    ယခုခေတ်ငွေကြေးဖေါင်းပွမှုကြောင့် ၊ ကျပ် ၄ သိန်းခန့်သည် ဘာမျှမဖြစ်လောက်တော့ပါ ။
    နောက်ဆုံးတွင် ၊ တပိုင်တနိုင် လုပ်ငန်းရှင်ကုန်သည် အသေးစားများနှင့်၊ စားသုံးသူများသာ၊ ဒုက္ခရောက်သွားစရာမဖြစ်စေရန် ၊ ဆုတောင်းရမည်ဖြစ်ပါသည်။
    အကောက်ခွန်နှုန်းထားများနှင့် ၊ အကောက်ခွန်လွတ်ကုန်ပစ္စည်းများစာရင်းကို ၊ သက်ဆိုင်ရာဌါနများဧ။် Internet Websites များတွင် ဖေါ်ပြပေးသင့်ပါသည်။

  11. အဆင်မပြေရင်မြ၀တီမှာ လာလုပ်စားကြပေါ့။ ဘယ်ဥပဒေ လာလာ ခဏပဲ ။

    မှောင်ခိုလမ်းကြောင်းပိုပြီးပွင့်လာတာပဲရှိတယ်။ ဒီလိုမျိုးတွေဖြစ်နေသရွေ့ တိုင်းပြည်
    ဘယ်တော့မှမတိုးတက်တော့ဘူး။
ွှမှောင်ခိုလုပ်တဲ့ကုန်သည်တွေနဲ့ မှောင်ခိုကိုအကာကွယ်ပေးနေတဲ့အဖွဲ့စည်းတွေပဲကြီးပွာမယ်။
    နိုင်ငံတော်ကတော့ အခွန်အကောက်တရားဝင်မရဘူး။
    ကိုယ့်အသားကိုယ်ပြန်လှီး စားတာနဲ့အတူတူပဲတဲ့။

    ဥပဒေနဲ့အညီလုပ်စားနဲ့လူ၊ တာဝန်သိသိနိုင်ငံတော်ကိုအခွန်ဆောင်ပြီး လုပ်ကိုင်နေတဲ့
    စီးပွားရေးနဲ့လုပ်ငန်း တွေ ဘယ်တော့မှ ကြီးပွားလာမှာမဟုတ်တော့ဘူး။

    ဘယ်ရုံးသွားသွားအခုချိန်ထိငွေပေးလာဘ်ထိုးနေရတုန်းပဲ။ မပေးလဲရတယ် နှောင့်နှေးကြန့်
    ကြာမယ်အချိန်ကုန်လူပန်းမယ်။နောက်ဆုံးအလုပ်ပျက် စီးပွားပျက်ပြီး ဒုက္ခမျိုးဆုံးနဲ့ရင်
    ဆိုင်ရမှာ မလွဲဧကန်ဖြစ်နေတုန်းပါပဲ။
    သမ္မတကြီးကိုတော့အားနာပါတယ်။
    ခေါင်းဆောင်ကောင်းပြီး နောက်လိုက်တွေကောင်းမလာတော့ အခုထိဘာမှထူးမလာ
    သေးတာအားလုံးအသိပါပဲ။

  12. အဲဒီဖမ်းတော့မယ်ဆိုတဲ့ဌာနကလူတွေ စခန်းသိမ်းပြီး နေပြည်တော်ပြန်ရင် သူတို့ ကို အရင်စစ်ဆေးရပါမယ်၊ အဲဒီဌာနက အမှုထမ်း/ အရာထမ်းနေအိမ်ရယ်၊ ၀န်ကြီးဌာနမှာ သွားစစ်ရင် without ကားတွေ ၀န်ကြီးဌာနတွေ ဖြန့် ဖြူးလောက်အောင်ကို ရမှာသေချာပါတယ်
    မဟုတ်ဘူးလို့ ငြင်းတဲ့ ၄င်းဌာနကလူတွေ(နေရာမရသူမပါပေါ့) ငြင်းချက်ထုတ်လာရင် အသေးစိတ် နာမည်၊ ရာထူး၊ ဌာန၊ ကားအမျိုးအစားပါ ပြောပါမယ်၊ ဆုကြေးမယူပါဘူး