အုပ်စုတက်ရေး အဆုံးအဖြတ် ကစားကြမည့် မြန်မာ-ဖိလစ်ပိုင် ပွဲကြိုသတင်း | ဧရာဝတီ

အုပ်စုတက်ရေး အဆုံးအဖြတ် ကစားကြမည့် မြန်မာ-ဖိလစ်ပိုင် ပွဲကြိုသတင်း

Hits:1
  | |


မြန်မာအသင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို မူလသတ်မှတ်ထားတဲ့ မွန်ထောင် ဘောလုံးကွင်းမှာ မကန်တော့ဘဲ ဘန်ကောက်မြို့လယ်ရှိ စူပါချာလဆိုင်ကွင်းမှာ ည ၈း၂၀ မှာ ယှဉ်ပြိုင်သွားမယ်လို့ အာဆီယံ ဘောလုံးအဖွဲ့ချုပ်က AFF Suzuki ၀က်ဘ်ဆိုဒ်မှာ ကြောယသွားပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ လက်ရှိအချိန်မှာ ၂ ပွဲကစားထားပြီး ဗီယက်နမ်အသင်းနဲ့ ၁-၁ ရလဒ် သရေကျထားပါတယ်။ ထိုင်းအသင်းကိုတော့ ၄-၀ နဲ့ ရှုံးနိမ့်ထားပါတယ်။

ဒါပေမယ့် မြန်မာအသင်းဟာ အုပ်စုတက်ရေး ကံကြမ္မာ ကိုယ့်လက်ထဲမှာ ရှိနေဆဲဖြစ်ပြီး ဖိလစ်ပိုင်အသင်းကို အနိုင်ရရင် အုပ်စုတက်ဖို့ အခွင့်အရေးရှိပါတယ်။ တဖက်ပွဲစဉ်မှာ ထိုင်းအသင်းဟာ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗီယက်နမ် အသင်းကလည်း ထိုင်းအသင်းကို နိုင်ရင် အုပ်စုတက်ဖို့ အခွင့်အရေးက မြန်မာနဲ့ တန်းတူရှိပါသေးတယ်။

မြန်မာအသင်းရဲ့ နောက်ဆုံးရသတင်းများ

မြန်မာအသင်းရဲ့ လက်ထောက်နည်းပြ ဦးတင်မြင့်အောင်က “ကျနော်တို့ အကောင်းဆုံး ကြိုးစားကစားပြီး အနိုင်ရမှဖြစ်မှာပါ။ နည်းပြ ပါ့ဆောင်ဟွာနဲ့ ကျနော်တို့ဟာ ထိုင်းအသင်းကို ရှုံးနိမ့်အပြီးမှာ ကစားသမားတွေ စိတ်ဓာတ်ပြန်လည် တက်ကြွလာစေဖို့ ကြိုစားနေပါတယ်။ ကျနော်တို့ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ရပါမယ်။ ကျနော်တို့ ဒီပွဲကို အနိုင်ရရှိမှဖြစ်မယ်” ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မြန်မာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ကြည်လင်းကလည်း ထိုင်းအသင်းကို ဂိုးပြတ် ရှုံးနိမ့်တဲ့အတွက် မြန်မာပရိတ်သတ်ကြီး တောင်းပန်ပါကြောင်းနဲ့ ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်အသင်းရဲ့ နောက်ဆုံးရသတင်းများ

ဖိလစ်ပိုင်အသင်းဟာ ဗီယက်နမ်အသင်းကို အနိုင်ရရှိသွားတဲ့အတွက် တအားကို စိတ်ဓာတ်တက်ကြွနေပြီး ဆူဇူးကီး ဖလားမှာ ၂ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်နေပါတယ်။ ဖိလစ်ပိုင်အသင်းနည်းပြ ဝေ့စ်ကတော့ “ကျနော်တို့ ဗီယက်နမ်ကို နိုင်လိုက်တဲ့အတွက် နောက်တဆင့်တက်ရေးဟာ ကျနော်တို့လက်ထဲ ရောက်ရှိလာပါပြီ။ ဒီအကောင်းဆုံး ပုံစံကိုသာ ဆက်ထိန်းနိုင်ရင် နောက်တဆင့်တက်ဖို့ ကျနော်တို့မှာ အခွင့်အရေးရှိပါတယ်။ အခုအချိန်မှာ အသင်းတိုင်းဟာ အုပ်စုတက်ဖို့ အခွင့်အရေး ကိုယ်စီရှိနေပါတယ်။ အဲ့ဒါကြောင့် ပွဲတိုင်းကို ဂရုစိုက်ဖို့ လိုအပ်နေပြီး တခြားအသင်းတွေရဲ့ ရလဒ်ကို ကြည့်နေဖို့မလိုအောင် တဖက်အသင်းကို အနိုင်ကန်သွားမှာပါ” ဆိုပြီး ပြောသွားပါတယ်။

နှစ်ဖက်အသင်းရဲ့ ထပ်တိုက်တွေ့ ဆုံမှုများ

ဖိလစ်ပိုင်အသင်းဟာ ဆူဇူးကီးဖလား သမိုင်းတလျှောက် မြန်မာအသင်းကို လက်ရှိအချိန်အထိ အနိုင်မရဖူးသေးတာက မြန်မာအသင်းအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမှာပါ။ မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းနဲ့ ဆူဇူးကီး သမိုင်းတလျှောက် ၄ ပွဲနိုင်၊ ၂ ပွဲ သရေ ရလဒ်တွေ ရရှိထားပြီး ဒီတစ်ကြိမ်မှာလည်း အုပ်စုတက်ဖို့အတွက် ဖိလစ်ပိုင်အသင်းကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

ယနေ့ပွဲစဉ်မှာလည်း မြန်မာဘောလုံးအဖွဲ့ချုပ်က လာအားပေးတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ဘောလုံးပရိသတ်တွေကို လက်မှတ် အလကားဝေပေးသွားဖို့ရှိပြီး အုပ်စုတက်ဖို့ အခွင့်အရေးရှိသေးတဲ့ မြန်မာအသင်းကို လာအားပေးကြဖို့ နှိုးဆော်နေတာကိုလည်း တွေ့ရပါတယ်။

ဆူဇူးကီးဖလား အုပ်စု (A) နောက်ဆုံးပွဲစဉ်

မြန်မာ-ဖိလစ်ပိုင် ( စူပါချာလဆိုင် ဘောလုံးကွင်း – ထိုင်းစံတော်ချိန် ည ၈း၂၀)

ထိုင်း-ဗီယက်နမ် (ရာဇမင်္ဂလာ ဘောလုံးကွင်း – ထိုင်းစံတော်ချိန် ည ၈း၂၀)

ကိုးကား – AFF Suzuki Website


2 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. ဖိုးလုံး

    “”ဖိလစ်ပိုင်အသင်းဟာ ဆူဇူးကီးဖလား သမိုင်းတလျှောက် မြန်မာအသင်းကို လက်ရှိအချိန်အထိ အနိုင်မရဖူးသေးတာက မြန်မာအသင်းအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမှာပါ။ မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းနဲ့ ဆူဇူးကီး သမိုင်းတလျှောက် ၄ ပွဲနိုင်၊ ၂ ပွဲ သရေ ရလဒ်တွေ ရရှိထားပြီး ဒီတစ်ကြိမ်မှာလည်း အုပ်စုတက်ဖို့အတွက် ဖိလစ်ပိုင်အသင်းကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။””
    အဲ.လာပြန်ပြီ..ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ စကားလုံးတွေကြားပြန်ပြီ။ ဖိလစ်ပိုင်ကိုအရင်တုန်းကလို ခပ်ညံ့ညံ့ ပွဲဖြစ်ယုံဖြည့်ကစားပေးနေတဲ့ အသင်းမျိုးများထင်နေသေးသလား?။ သူတို့က ထိုင်းကို ၂-၁နဲ့ရှုံးတာ ။ ဒို့က ၄-၀နဲ့ရှုံးတာ ။ သူတို့ကဗီယက်နမ်ကို ၁-၀ နဲ့နိုင်တာ ။ ဒို့က ဗီယက်နမ်ကိုသရေကန်ထားတာ ။ သိတ်မမြောက်ကြနဲ့ကိုယ့်လူတို့ ။ ထိုင်းနဲ့ပွဲတုန်းကပဲကြည့်ပါဦး။ မြန်မာအသင်းကို နည်းပြတွေကဘယ်လို ပုံသွင်းထားသလဲမသိပါ။ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားကိုသဘောပေါက်ပြီး တိုက်ကွက်ပြောင်းကစားရကောင်းမှန်းလဲမသိ။ အမေမှာတဲ့ဆန်တစ်ခွဲ သုံးစိပ်နဲ့မလဲ ဆိုသလိုပါပဲ။ ပုံစံသေကြီးနဲ့ကိုသွားနေတော့ပဲ။ အခြေအနေကိုမသုံးသပ်တတ်ကြဘူးဗျာ။ ပင်ပန်းပြီးအရာမရောက်ဖြစ်ကြရတယ်။ နောက်တခုက ကိုယ့်ခြေထဲဘောလုံးရောက်လာတယ်။ ဘေးမှာတဖက်အသင်းလူမရှိပဲ တစက္ကန့်လေးတောင်ထိမ်းမထားချင်ကြဘူး။ အဲ..ကိုယ့်ခြေကလွတ်ပြွတ်ဆိုပြီး တဖက်အသင်းလူတွေထဲ ရောက်နေတဲ့ကိုယ့်လူကို လှမ်းပေးတယ်ဗျာ။ အံ့ရော…။ နဲနဲပါးပါးရှေ့ရောက်အောင် ဆွဲပြေးပြီး အခွင့်အရေးရတဲ့အထိ စောင့်ပါဦးတော့လား။ မဟုတ်ဘူး..ကိုယ်တော်ချောတွေက စွပ်ရွတ်ပြီးပေးလိုက်တာပဲ။ ပေးတော့လဲပဲကွက်တိမကျ။ ထိုင်းအသင်းက မြန်မာကို အသေပိတ်ကစားတယ်။ ကန်ခွင့်ကိုမပေးဘူး။ မြန်မာအသင်းက ထိုင်းကိုမကပ်ဘူး။ခပ်ခွာခွာလေးနေ စောင့်နေတယ်။ အဲလို..ခပ်ခွာခွာလေးလိုက်ရင်းလိုက်ရင်းနဲ့ကိုယ့်ဂိုးရှေ့ရောက်ပါလေရော။ ကိုယ့်ဂိုးရှေ့ရောက်တော့ ပညာကကွာနေပြန်တော့ သုံးယောက်တယောက်တောင်မထိမ်းနိုင်တော့ဘူး။ ဂိုးသမားခမျာ သနားစရာပါ။
    ကျွန်တော်ဖြင့်ကြည့်နေရင်းပွဲမြန်မြန်ပြီးပါစေသာဆုတောင်းနေရတယ်။ ဟုတ်တယ်လေ..။ နို့မဟုတ်ရင်ကိုယ်ကပြန်သွင်းရဖို့နေနေသာသာ ထိုင်းဖက်က လေးဂိုးမကပဲ ဆယ်ဂိုးလောက်သွင်းသွားမှဖြင့် အရှက်ဟတ်တတ်ကွဲရချည်ရဲ့။ အခု ၄-၀ ဆိုတာတောင်တော်တော်အရှက်ကွဲနေရပြီ။

  2. မွေးစားသား မွေးစားသားနဲ့ ပွဲမစခင်တုန်းကတော့ ပြောလိုက်တာ အမြုတ်တွေထွက်၊ တွံတွေးပန်းထွက်အောင်ပြောတယ်။ တကယ်လက်တွေ ပွဲထဲလဲရောက်ရော ဖိုးသင်းမြောက်လိုဘဲ ဘောလုံးသမားတွေ ဘောလုံးနည်းပြတွေမပြောနဲ့ အဖွဲ့ချုပ်က ပါလာတဲ့ လက်မှတ်ဝေတဲ့လူတွေကတောင် မြန်မာလူမျိုးအချင်းချင်းကိုတောင် ကြီးကြီးကျယ်ကျယ် စကားတွေပြောနေတော့ ဘောလုံးသမားတွေ နည်းပြတွေ ဘယ်လောက်တောင် ဘ၀င်မြင့် ဘ၀တွေမေ့နေကြမလဲ။ မွေးစားသားဘဲဖြစ်ဖြစ် သားအရင်းဘဲဖြစ်ဖြစ် ဘောလုံးကို အားကစားစိတ်ဓါတ်အပြည့်နဲ့ကစားရမှာဖြစ်တယ်။ အခုတော့ တိုင်းပြည်ရဲ့ငွေတွေကုန်တယ်ဗျာ။ ပွဲပြီးသွားလို့ ကားပေါ်အတက်မှာတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတော့ ကောင်းကောင်းကြီး သင်ခန်းစာရလောက်မယ်ထင်ပါတယ်။ ဘောလုံးသမားတွေစီးမယ့်ကားကို ပိတ်ပြီး ဘန်ကောက်ကိုရောက်နေတဲ့ မြန်မာအလုပ်သမားတွေက ကောင်းကောင်း ဆဲဆြို့ပီး မေတ္တာပို့တာ ခံလိုက်ရတော့ မှတ်မှတ်သားသားရှိသွားမှာပါ။ မြန်မာဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူရော အောက်ခြေကလူပါ ဘ၀မမေ့ကြပါနဲ့ မြန်မာလူမျိုးချင်းတွေကို လေးလေးစားစားရှိနိုင်အောင် ကျိုးစားကြပါဦး။