လှုပ်လှုပ်ရှားရှား ဇန်န၀ါရီ ဘောလုံးအပြောင်းအရွှေ့  နောက်ဆုံးည သတင်းများ | ဧရာဝတီ

လှုပ်လှုပ်ရှားရှား ဇန်န၀ါရီ ဘောလုံးအပြောင်းအရွှေ့  နောက်ဆုံးည သတင်းများ

Hits:35,841
  | |

၁။ ပီအက်စ်ဂျီမှာ ၅ လစာ လခတွေကို လှူဒါန်းမယ့် ဘက်ခမ်း

အမေရိကန် ဘောလုံးလိဂ် MLS မှာ အောင်မြင်စွာ ကစားခဲ့ပြီး အင်္ဂလန်သို့  ပြန်အနားယူနေတဲ့ ဒေးဗစ် ဘက်ခမ်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အာဆင်နယ် အသင်းကြီးနဲ့ လေ့ကျင့်ခန်း ဆင်းနေတာကြောင့် အာဆင်နယ် (သို့မဟုတ်) ပရီးမီးယားလိဂ် ကလပ် အသင်းတခုခုသို့ ပြောင်းရွှေ့မယ်လို့ အသံထွက်နေပေမယ့် အပြောင်းအရွှေ့ ပိတ်ရန် နာရီပိုင်းအလိုမှာတော့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီနဲ့ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီနဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့ ဒေးဗစ် ဘက်ခမ်း (ဓာတ်ပုံ – Reuters)

ဘက်ခမ်းဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် ၅ လ ခန့်သာ ချုပ်ဆိုပြီး ရရှိလာမယ့် လစာငွေ ပေါင် ၁ သန်း ခန့်ကို ပြင်သစ် ကလေးဖောင်ဒေးရှင်းတခုသို့ လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့ ၁ နှစ်အတွင်းမှာ ပေါင် သန်း ၂၀၀ ခန့် အသုံးပြုပြီး လူအင်အားဖြည့်တင်းထားတဲ့ ပီအက်စ်ဂျီမှာ နာမည်ကျော် ကစားသမားဖြစ်တဲ့ အီဗရာဟီမိုဗစ်၊ သီယာဂိုဆေးဗား၊ လူးကပ် မော်ရာနဲ့ လာဗက်ဇီတို့ ရောက်ရှိနှင့်ပြီး နာမည်ကျော် ဒေးဗစ် ဘက်ခမ်းကို အခုလို စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

၂။ အာဆင်နယ် ပရိသတ်တွေ စိတ်ကျေနပ်စရာသတင်း

စပိန် ကစားသမား နေချို မွန်ရေးလ် (ဓာတ်ပုံ – Reuters)

ဇန်န၀ါရီ တလလုံး အာဆင်နယ် ပရိသတ်တွေ မျှော်လင့်နေတဲ့ ကစားသမားတယောက်ကို စာချုပ်ချုပ်ဆိုရေးဟာ အပြောင်းအရွှေ့ နောက်ဆုံးညမှာတော့ အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။ စပိန်လက်ရွေးစင် ကစားသမား နေချို မွန်ရေးလ်ကို ပေါင် ၁၀ သန်းခန့် အသုံးပြုကာ မာလာဂါ အသင်းမှ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဘယ်တောင်ပံမှာ လူမရှိဖြစ်နေတဲ့ အာဆင်နယ် ပရိသတ်တွေအတွက် ရင်အေးနိုင်တဲ့ သတင်းတပုဒ် ဖြစ်စေခဲ့ပါတယ်။ မွန်ရေးလ်ဟာ ဘယ်တောင်ပံ နောက်ခံ၊ ကွင်းလယ် ဘယ်တောင်ပံတွေမှာ ကစားနိုင်ပြီး အသက် ၂၆ နှစ် ခန့်ရှိပြီဖြစ်ကာ အတွေ့အကြုံရင့် ကစားသမားတယောက် ဖြစ်ပါတယ်။

၃။ အင်္ဂလိပ်ကလပ်တွေထဲမှာ အလှုပ်ရှားဆုံးဖြစ်ခဲ့တဲ့ ကျုပီအာ

ပရီးမီးယားလိဂ်သို့ တကျော့ပြန် ဆမ်ဘာ (ဓာတ်ပုံ – Reuters)

လိဂ်ဇယား အောက်ဆုံးအဆင့်မှာ ရပ်တည်နေတဲ့ ကျုပီအာဟာ ဇန်န၀ါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အလှုပ်ရှားဆုံးကလပ် ဖြစ်ခဲ့ပါတယ်။ ခရစ်ဆမ်ဘာကို ရုရှားကလပ် အန်ဇီကနေ ပေါင် ၁၂ သန်းခန့်နဲ့ ခေါ်ယူခဲ့သလို တော့တမ်ဟမ် ဟော့စပါးမှာ ဂျာမိန်းဂျီနပ်စ်ကိုလည်း အငှားနဲ့ ခေါ်ယူ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် ၀က်စ်ဘရောင်းမှ အိုဒမ်ဝင်ဂီကိုလည်း စာချုပ်ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမယ့် ပြသနာပေါင်းများစွာနဲ့ အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ပါတယ်။

၎။ တခြား အပြောင်းအရွှေ့ သတင်းတိုများ

ဘာလော့တယ်လီနဲ့ ဂယ်လီယာနီ မီဒီယာသမားများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ – Reuters)

- မန်စီးတီးကစားသမား ဘာလော့ တယ်လီဟာ အီတလီကလပ် အေစီမီလန် အသင်းသို့ ပေါင် ၁၉ သန်းဖြင့် ပြောင်းရွှေ့
- ဆွမ်ဆီး ရှေ့တန်းတိုက်စစ်မှူး ဒန်နီဂရေဟမ်က ပေါင် ၅ သန်းဖြင့် ဆန်းဒါးလန်း အသင်းသို့ ပြောင်းရွှေ့
- စတုတ် အသင်းက ချယ်လ်ဆီး၊ လစ်ဗာပူးအသင်းတို့နှင့် အပြိုင် အင်္ဂလန် အနာဂတ် ဂိုးသမား ဂျက် ဘတ်လန်ကို စာချုပ်ချုပ်ဆို
- လစ်ဗာပူးအသင်းက ဘရာဇီး ကွင်းလယ်ဖန်တီးရှင် ကော့တေးညိုကို ပေါင် ၈သန်းခွဲဖြင့် ခေါ်ယူ
- မန်ယူအသင်းက ခရစ်စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာကို ပေါင် ၁၅ သန်းဖြင့် စာချုပ်ချုပ်ဆိုပြီး ခရစ်စတယ်ပဲလေ့စ် အသင်းထံသို့ နွေရာသီအထိ အငှားပြန်ချ

ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အင်္ဂလန်မှ ကလပ်တွေကသာ လှုပ်လှုပ်ရှားရှား ရှိခဲ့ပြီး ဂျာမန်၊ အီတလီ၊ စပိန် တို့ဟာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး နွေရာသီကျမှာသာ အပြောင်းအရွှေ့ ကြီးကြီးမားမားတွေကို ပြုလုပ်ဖွယ်ရှိပါတယ်။ ပရီးမီးယားလိဂ် ပရိသတ်တွေကရော မိမိအားပေးတဲ့ အသင်းတွေရဲ့ ခေါ်ယူမှုတွေကို အားရကြပါရဲ့လား။


Leave a Reply