မြန်မာအသင်းနဲ့ အိမ်ရှင်ထိုင်း ဆူဇူကီးဖလား ပွဲကြို အခြေအနေ | ဧရာဝတီ

မြန်မာအသင်းနဲ့ အိမ်ရှင်ထိုင်း ဆူဇူကီးဖလား ပွဲကြို အခြေအနေ

Hits:1
  | |

မြန်မာအသင်းမှ ကြည်လင်း ဗီယက်နမ် အသင်းကို ချေပဂိုး သွင်းအပြီး အောင်ပွဲခံနေစဉ် (ဓာတ်ပုံ – AFF Suzuki)

၂၀၁၂ ဆူဇူးကီး ဖလား အုပ်စု (A) ရဲ့ ဒုတိယပွဲစဉ်များကို ယနေ့ညနေမှာ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ပထမပွဲမှာ ဗီယက်နမ်အသင်းကို ၁-၁ ဂိုးနဲ့ သရေကျခဲ့ပြီး အုပ်စုတက်ရေးအတွက် ထိုင်းအသင်းကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ထိုင်းအသင်းဟာလည်း ပထမပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုထိပ်ဆုံးမှာ ရပ်တည်လျက်ရှိပါတယ်။

မြန်မာအသင်းရဲ့ နောက်ဆုံးရ သတင်းများ

မြန်မာအသင်းရဲ့ ကစားသမားအားလုံးဟာ ပုံမှန်အတိုင်း လေ့ကျင့်ခန်းဆင်းနေပြီး ယနေ့ပွဲအတွက် အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ တောင်ကိုရီးယား နည်းပြ ပါ့ဆောင်ဟွာက မြန်မာအသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အကောင်းဆုံး ရရှိအောင် ပုံဖော်နေပြီး လေ့ကျင့်ခန်းမှာလည်း မီဒီယာတွေနဲ့ မတွေ့ဆုံဘဲ သီးသန့် လေ့ကျင့်နေတယ်လို့ သိရပါတယ်။

မြန်မာအသင်းရဲ့ နည်းပြချုပ် ပါ့ဆောင်ဟွာကတော့ ထိုင်းအသင်းရဲ့ အားနည်းချက်တွေကို သူလေ့လာပြီး ဖြစ်ကြောင်းနဲ့ ဘယ်လိုနည်းဗျူဟာနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိထားပြီးပြီလို့ဆိုပါတယ်။ မြန်မာအသင်း ဘယ်လိုကစားမလဲဆိုတာ မနက်ဖြန်သိရမှာပါလို့ ၂၆ ရက်နေ့ ညနေပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ထိုင်းအသင်းရဲ့ နောက်ဆုံးရသတင်းများ

ထိုင်းအသင်းရဲ့ နည်းပြ ဂျာမန်လူမျိုး ၀င်းဖရက် ရှက်ဖာက မြန်မာအသင်းကို အနိုင်ကစားမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကြုံးဝါးသွားပါတယ်။ ဒါ့အပြင် မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ကစားတဲ့ပွဲစဉ်ရဲ့ ဗီဒီယိုကို အပြန်ပြန် အလှန်လှန် ကြည့်ပြီးဖြစ်ကြောင်း၊ မြန်မာအသင်းရဲ့ တိုက်စစ်အသက်ဟာ ကြည်လင်း ဖြစ်ကြောင်းနဲ့ သူ့ကို ဘယ်လိုရပ်တန့်အောင် လုပ်ရမယ်ဆိုတာသိကြောင်း ပြောသွားပါတယ်။ ထိုင်းအသင်းဟာ သူတို့ရဲ့ အဓိက ၀ါရင့်ကစားသမား ဒတ်စာခွန် ပါဝင်ကစားနိုင်ဖို့ မရေမရာဖြစ်နေပြီး ကွင်းလယ်မှာ အားနည်းဖွယ် ရှိနေပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာပရိသတ်ကြီးအတွက် သတင်းကောင်း

အုပ်စုတက်ရေးအတွက် အရေးကြီးတဲ့ မြန်မာနဲ့ ထိုင်းတို့ရဲ့ ပွဲစဉ်ကို မြန်မာပရိသတ်တွေ များများကြည့်ရှုနိုင်ဖို့ မြန်မာဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေက ဘောလုံးကွင်း ၀င်ပေါက်မှာ လက်မှတ်တွေ အလကား ပေးဝေဦးမယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ အိမ်ရှင်အသင်းနဲ့ ကန်ရမှာဖြစ်တာကြောင့် ကွင်းအတွင်းရှိ မြန်မာပရိသတ်တွေ တစုတစည်းတည်း နေကြဖို့လည်း မြန်မာ ပရိသတ်အချင်းချင်း အွန်လိုင်းစာမျက်နှာမှာ လှုံ့ဆော်နေကြကိုလည်း တွေ့ရပါတယ်။ ပရိတ်သတ်တွေ အားလုံးဟာလည်း မြန်မာအသင်းရဲ့ ခြေစွမ်းကို အားရနေကြပြီး အိမ်ရှင်ထိုင်းကို အနိုင်ယူကာ အုပ်စုတက်ဖို့ မျှော်လင့်နေကြပါတယ်။

ယနေ့ကန်မည့် ဆူဇူးကီးဖလား အုပ်စု (A) ပွဲစဉ်များ

ဗီယက်နမ် – ဖိလစ်ပိုင် (၅း၃၀ ထိုင်း စံတော်ချိန်)
မြန်မာ – ထိုင်း (၈း၂၀ ထိုင်း စံတော်ချိန်)


7 Responses

Leave a Reply

  1. မြန်မာနိုင်ပါစေ

  2. ဘောလုံးပွဲရလာဒ်ကတော့ထွက်ခဲ့ပါပြီ။ ထိုင်း ၄ – ၀ မြန်မာ တဲ့။ ထိုက်ထိုက်တန်တန်ရှုံးခဲ့တယ်လို့ မှတ်ယူပါတယ်။ မြန်မာအသင်း ဒီ့ထက်ကြိုးစားဖို့၊ဒီ့ထက်ကောင်းတဲ့လူတွေမွေးထုတ်ဖို့ လိုသေးကြောင်းဒီပွဲကပြသလိုက်ခြင်းပါပဲ။ တခုထပ်ပြောအုံးမယ်။ ဖိလစ်ပိုင်အသင်းဟာလည်းအာဆီယံမှာ ထိပ်တန်းရောက်လာတဲ့အသင်းမို့ သူတို့ကိုနိုင်ဖို့အတော်ကိုကြိုးစားရမှာပါ။ အဲ ပြီးခဲ့တဲ့ပွဲတွေကိုလေ့လာပြီး သင်္ချာနည်းနဲ့ညီမျှချင်းချကြည့်ရင်တော့ ဒို့မြန်မာအသင်းဟာ ဖိလစ်ပိုင်ကိုရှုံးဖို့များပါတယ်။ နိမိတ်ဖက်တာမဟုတ်ရပါ။ ခန့်မှန်းခြင်းပါ။

  3. မြန်မာ

    ဒို့မြန်မာအသင်းက ကစားသမားတွေအပင်ပမ်းခံပြီး ကြိုးစားကစားသွားတာတွေ့ရလို့ ရှုံးပေမဲ့လည်းသူတို့အပြစ်မရှိပါဘူး။ နည်းပညာနဲ့ လေ့ကျင့်မှုအားမှာ ထိုင်းအသင်းကိုမယှဉ်နိုင်ခဲ့ပါဘူး။ ထပ်ပြီးကြိုးစားကြပါလို့ပဲအာပေးချင်ပါတယ်။ ဖိလစ်ပိုင်ကိုတော့ အနိုင်ရလိမ့်မယ်လို့မျှော်လင့်ရပြန်တာပဲ။ မြန်မာအသင်းမှာ ကြည်လင်းလိုကစားသမားမျိုး ၅ယောက် ၆ယောက်လောက်ပါခဲ့ရင် သိတ်ကောင်းမှာပဲ။ ဒါဆိုရင်ရလာဒ်ကတမျိုးပြောင်းသွားနိုင်တယ်လေ။ ဂိုးသွင်းကောင်းတဲ့ ကျော်ကိုကိုကလည်း ဒါဏ်ရာကြောင့်မကန်နိုင်တာလားမသိဘူး။ သူမပါတာလည်းနာတာပဲ။ ဟူး…….။

  4. မင်းကြီးညို

    မြန်မာအသင်းရဲ့အားနည်းချက်ကို ထိုင်းအသင်းက ပိုင်ပိုင်နိုင်နိုင်အသုံးချကစားသွားတာပါ
    အားနည်းချက်က ဘောလုံးမည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ၊ အနီးကပ်အပေးအယူလုပ်ပြီး
    ကစားတာဟာ မှားယွင်းချက်ဘဲ။ မြန်မာဘောလုံးသမားတွေကိုယ်ရထားတဲ့ဘောလုံးကိုထိန်း
    မထားနှိုင်ပါ။ထိုင်းအသင်းက (၂)ယောက်လောက်ညှပ်ပြီးပိတ်လိုက်တာနဲ့ပါသွားတာဘဲ။မိမိဂိုး
    ဧရိယာထဲမှာ ဒီလိုအနီးကပ်အပေးအယူမလုပ်သင့်ပါ။ ရရှိထားတဲ့ဘောလုံးကို ဟိုးအဝေးကြီးကို
    ကိုယ့်လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခပ်ဝေးဝေးရောက်နှိုင်သမျှရောက်အောင်အားစိုက်ကန်
    ထည့်ရမှာပါ။ ဒါမှသာမိမိဂိုးရှေ့ပိတ်နေတာကို လတ်တလောရှင်းသွားမှာပါ။

  5. We should kick out all Myanmar foodball tean due to the reason of all are crazy ,they do not care Myanmar people and not unity.As much as we should change all of them.

  6. ဖိုးလုံး

    မင်းကြီးညိုရဲ့ကွန်မင့်ကိုထောက်ခံပါတယ်။ မြန်မာအသင်းကို နည်းပြတွေကဘယ်လို ပုံသွင်းထားသလဲမသိပါ။ လက်ရှိအနေအထားကိုသဘောပေါက်ပြီး တိုက်ကွက်ပြောင်းကစားရကောင်းမှန်းလဲမသိ။ အမေမှာတဲ့ဆန်တစ်ခွဲ သုံးစိပ်နဲ့မလဲ ဆိုသလိုပါပဲ။ ပုံစံသေကြီးနဲ့ကိုသွားနေတော့ပဲ။ အခြေအနေကိုမသုံးသပ်တတ်ကြဘူး။ ဟူး…။ ပင်ပန်းပြီးအရာမရောက်ဖြစ်ကြရတယ်။ နောက်တခုက ကိုယ့်ခြေထဲဘောလုံးရောက်လာတယ်။ ဘေးမှာတဖက်အသင်းလူမရှိပဲ တစက္ကန့်လေးတောင်ထိမ်းမထားချင်ဘူး။ အဲ..ကိုယ့်ခြေကလွတ်ပြွတ်ဆိုပြီး တဖက်အသင်းလူတွေထဲ ရောက်နေတဲ့ကိုယ့်လူကို လှမ်းပေတယ်ဗျာ။ အံ့ရော…။ နဲနဲပါးပါးရှေ့ရောက်အောင် ဆွဲပြေးပြီး အခွင့်အရေးရတဲ့အထိ စောင့်ပါဦးတော့လား။ မဟုတ်ဘူး..ကိုယ်တော်ချောတွေက စွပ်ရွတ်ပြီးပေးလိုက်တာပဲ။ ပေးတော့လဲပဲကွက်တိမကျ။ ထိုင်းအသင်းက မြန်မာကို အသေပိတ်ကစားတယ်။ ကန်ခွင့်ကိုမပေးဘူး။ မြန်မာအသင်းက ထိုင်းကိုမကပ်ဘူး။ခပ်ခွာခွာလေးနေ စောင့်နေတယ်။ ပြီးတော့ခပ်ခွာခွာလိုက်ရင်းလိုက်ရင်းနဲ့ကိုယ့်ဂိုးရှေ့ရောက်ပါလေရော။ ကိုယ့်ဂိုးရှေ့ရောက်တော့ ပညာကကွာနေပြန်တော့ သုံးယောက်တယောက်တောင်မထိမ်းနိုင်တော့ဘူး။ ဂိုးသမားခမျာ သနားစရာပါ။
    ကျွန်တော်ဖြင့်ကြည့်နေရင်းပွဲမြန်မြန်ပြီးပါစေသာဆုတောင်းနေရတယ်။ ဟုတ်တယ်လေ..။ နို့မဟုတ်ရင်ကိုယ်ကပြန်သွင်းရဖို့နေနေသာသာ ထိုင်းဖက်က လေးဂိုးမကပဲ ဆယ်ဂိုးလောက်သွင်းသွားမှဖြင့် အရှက်ဟတ်တတ်ကွဲရချည်ရဲ့။ ၄-၀ ဆိုတာတောင်တော်တော်အရှက်ကွဲနေရပြီ။ ဟီးဟီး….။