မြန်မာအသင်းကို အားပေးဖို့ ဘန်ကောက်မှာ လက်မှတ် အလကားဝေမည် | ဧရာဝတီ

မြန်မာအသင်းကို အားပေးဖို့ ဘန်ကောက်မှာ လက်မှတ် အလကားဝေမည်

Hits:1
  | |

ဆူဇူကီးဖလား ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမည် ဖြစ်သည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ဆူဇူကီးဖလား ပြိုင်ပွဲမှာ မြန်မာ့ လက်ရွေးစင်အသင်းကို ထိုင်းနိုင်ငံရောက် မြန်မာတွေ အားပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လက်မှတ်တွေ အခမဲ့ ဝေမယ်လို့ သိရပါတယ်။ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ ဒီနေ့ ဘန်ကောက်ကို ရောက်ရှိပြီး မြန်မာပရိသတ်များအတွင် လိုအပ်တာတွေ ကြိုတင်ဆောင်ရွက်နေကြောင်း ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းဟာ ဆူဇူကီးဖလား ပါဝင်ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ အသင်းဟာ ဗီယက်နမ်အသင်းနဲ့  နိုဝင်ဘာ ၂၄ ရက်နေ့၊ ဘန်ကောက်မြို့ ရာဇမင်္ဂလာကွင်းမှာ ထိုင်းစံတော်ချိန် ၅း၃၀ မှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒုတိယပွဲစဉ်အဖြစ် ထိုင်းအသင်းနဲ့ ၂၇ ရက်နေ့မှာ ကစားရမှာဖြစ်ပြီး နောက်ဆုံးပွဲကိုတော့ ၃၀ ရက်နေ့မှာ ဖိလစ်ပိုင်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ လတ်တလောအချိန်မှာတော့ ပြည်ပ မီဒီယာများက မြန်မာအသင်းကို စောင့်ကြည့်ရမယ့် အသင်းအဖြစ် သတ်မှတ်ထားပြီး ဆူဇူးကီး ခြေစစ်ပွဲတုန်းက အတိုင်းသာ မြန်မာအသင်း ခြေစွမ်းပြနိုင်ပါက ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ဖွယ်ရှိကြောင်း သုံးသပ်နေကြပါတယ်။

မြန်မာအသင်းရဲ့ အပြီးသတ်လူစာရင်း ၂၂ ယောက်ကို ဂျပန်ကလပ် အိုကာယားမားနဲ့ ခြေစမ်းပွဲ ၂ ပွဲအပြီးမှာ ကြေညာခဲ့ပြီး နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ကျော်ကိုကို၊ ကျော်ဇေယျာဝင်းနဲ့ ပိုင်စိုးတို့ဟာ ဒဏ်ရာကြောင့် မပါဝင်ခဲ့ဘဲ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ၀ါရင့်တိုက်စစ်မှူး ရန်ပိုင် ပါဝင်လာပါတယ်။

မြန်မာအသင်းဟာ အနီးကပ် ခြေစမ်းပွဲအဖြစ် ဂျပန်ကလပ် အိုကာယားမားအသင်းနဲ့သာ ခြေစမ်းခဲ့ပြီး ကစားသမားတွေ အသင်းလိုက် ကစားပုံကောင်းဖို့ လိုအပ်နေပါတယ်။ တောင်ကိုရီးယားလူမျိုး နည်းပြ ပါ့ခ်ဆောင်ဟွာကတော့ ဆီမီးဖိုင်နယ် တက်အောင် အကောင်းဆုံး ကြိုးစားမယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ ကွင်းလယ်မှာ ဒဏ်ရာကနေ သက်သာပြီး လူစာရင်းထဲ ပါဝင်လာတဲ့ ကြည်လင်းနဲ့ ဒေးဗစ်ထန်တို့ရဲ့ ခြေစွမ်းကို မြန်မာဘောလုံး ပရိသတ်များက အားရနေပြီး မြန်မာ အသင်းရဲ့ တိုက်စစ်ကို အသက်သွင်းမယ့် ကစားသမားတွေအဖြစ် အားကိုးမျှော်လင့်နေကြပါတယ်။

ဆူဇူကီးဖလားအတွက် မြန်မာ့ လက်ရွေးစင်အသင်း လူစာရင်း

ဂိုး – သီဟစည်သူ၊ ကျော်ဇင်ဖြိုး

နောက်တန်း – ဟန်ဝင်းအောင်၊ သိန်းသန်းဝင်း၊ သက်နိုင်၊ ဇော်မင်းထွန်း၊ အောင်ဟိန်းကျော်၊ အောင်ဇော်၊ ဇော်ဇော်ဦး၊ မိုးဝင်း၊ ပြည့်ဖြိုးအောင်

အလယ်တန်း – ရန်အောင်ကျော်၊ ခင်မောင်လွင်၊အောင်မိုး၊ မိုင်အိုက်နိုင်၊ ဖြိုးကိုကိုသိန်း၊ နိုင်လင်းဦး၊ ဒေးဗစ်ထန်၊ ကြည်လင်း

ရှေ့တန်း – ရန်ပိုင်၊ စိုးကျော်ကျော်၊ ကောင်းစည်သူ

ကိုးကား – AFF Suzuki


Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>