အောင်ဆန်းဓာတ်ပုံ ရန်ကုန်မှာ အရောင်းသွက် | ဧရာဝတီ

အောင်ဆန်းဓာတ်ပုံ ရန်ကုန်မှာ အရောင်းသွက်

Hits:510
  | |

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများကို ရန်ကုန်မြို့ လူစည်ကားသည့် နေရာများတွင် ရောင်းချနေကြပြီး ထိုဓာတ်ပုံများ ပုံနှိပ်၊ဖြန့်ချိ၊ ရောင်းချခြင်းမှာ အမြတ်အစွန်း များသည့် လုပ်ငန်းတခု ဖြစ်လာသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ရသော ရန်ကုန်မြို့လယ်မှ ပိုစတာရောင်းသော လမ်းဘေးဆိုင်တခု။ ယခင်က ဈေးကွက်တွင် ရှာမတွေ့သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံများမှာ ယခု ရန်ကုန်တွင် အရောင်းသွက်သည့် ပုံများ ဖြစ်နေသည်။ (ဓာတ်ပုံ- ဧရာဝတီ)

မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာကားဂိတ်အတွင်းမှာပင် ခေါင်းဆောင် နှစ်ဦး၏ ပုံများ ရောင်းချသည့် ဈေးသည်ပေါင်း တရာဝန်းကျင် ရှိနေသည်။ ဂျာနယ် လက်ပွေ့ရောင်းသည့်ဈေးသည်တို့ကလည်း  ထိုပုံများကို ရောင်းနေကြသည်။

“ခရီးသည်တွေက ၀ယ်ကြတယ်။ ပုံတွေက တအား ရောင်းရတော့ လိုက်ရောင်းတဲ့ သူက တနေ့ တနေ့ များများလာတယ်။ အဝေးပြေးကားတွေကလည်း ဗိုလ်ချုပ်နဲ့ ဒေါ်စုတို့ ပုံကို ၀ယ်ပြီး ကားတွေမှာ ကပ်ထားကြတယ်” ဟု အောင်မင်္ဂလာကားဂိတ်ရှိ ဈေးသည်တဦးက ရှင်းပြသည်။

အနော်ရထာလမ်းမကြီးကဲ့သို့ စည်ကားသော လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများ၊ အဝေးပြေးကားဂိတ်များ၊ သင်္ဘောဆိပ်များတွင် ပြည်သူချစ်သည့် ခေါင်းဆောင် နှစ်ဦး၏ ပုံများကို ၀ယ်ယူနေကြသည်။

ဤသို့ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်နေကြခြင်းမှာ စာနယ်ဇင်းများတွင် မကြာသေးမီက ဤဓာတ်ပုံများ ဖော်ပြခွင့်ရရှိခဲ့ခြင်းနှင့် ဆက်စပ်နေသည်ဟု ဈေးသည်တဦးက ဆိုသည်။

“ဂျာနယ်တွေမှာလည်း ဗိုလ်ချုပ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ ဂျာနယ်တွေက ရောင်းကောင်းတယ်၊ လူတွေကလည်း ပုံပါတာနဲ့ ၀ယ်တယ်။ နောက် … တဖြည်းဖြည်း အိမ်မှာ ချိတ်ထားလို့ရမယ့် ပိုစတာတွေ ထုတ်ပြီး ရောင်းနိုင်ကြတဲ့အထိ ဖြစ်လာတယ်” ဟု ရန်ကုန်မြို့တော်ခန်းမအနီး ပိုစတာရောင်းသူ လမ်းဘေးဈေးသည်တဦးက ပြောသည်။

ခေါင်းဆောင် နှစ်ဦး၏ ပုံများ ရောင်းရငွေမှာ တနေ့လျှင် အနည်းဆုံး ကျပ်ငါးသောင်းဖိုးခန့် ရှိပြီး အမြတ် တသောင်းကျော် ကျန်သည်ဟု မြို့လယ်မှ လမ်းဘေးဈေးသည်တဦးက ဧရာဝတီကို ပြောသည်။ လူစည်ကားသော နေရာများသို့ လိုက်လံရောင်းချလျှင် ရောင်းအား ၂ ဆ တက်သည်ဟု ဆိုသည်။

ပိုစတာ အရွယ်အစားမျိုးစုံ၏ ဈေးနှုန်းမှာ ကျပ် တထောင်တန်မှ တသောင်းကျော်အထိ ရှိပြီး ကျပ် ၁၀၀၀ တန်က အရောင်းအသွက်ဆုံးဖြစ်သည်ဟု သိရသည်။

“ဓာတ်ပုံဆိုင်တွေ၊ ပိုစတာထုတ်တဲ့ လုပ်ငန်းတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို လက်လီ၊ လက်ကား ဖြန့်ဖြူး ရောင်းချတာ အတော်ကို များလာတယ်” ဟု ဗိုလ်ချုပ်ဈေးရှိ ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူ ဒီဇိုင်းပညာရှင်တဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့၏ ပုံများ ရောင်းချခြင်းကို အာဏာပိုင်များက အနှောင့်အယှက် ပေးခြင်း၊ မေးမြန်း စစ်ဆေးခြင်း မရှိကြောင်း ဈေးသည်များက ပြောသည်။

ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း နိုင်ငံရေးသမားများကို ဖမ်းဆီး ထိန်းသိမ်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံများကိုပါ သိမ်းဆည်းကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

ယခု ထိုဓာတ်ပုံများ ပေါ်ပေါ်ထင်ထင် ရောင်းချလာသည်နှင့် အမျှ ရဲရဲဝံ့ဝံ့ ၀ယ်ယူ၊ ချိတ်ဆွဲသူလည်း ပိုမို များပြားလာသည်။

“စစ်အစိုးရလက်ထက်တုန်းက ဒေါ်အောင်ဆန်းစုကြည်ပုံ မပြောနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ချိတ်ရင်တောင် အိမ်က မိဘတွေက ဟဲ့ … နင် ဒုက္ခရောက်သွားမယ် ဆိုပြီး ဖြုတ်ခိုင်းတယ်။ အခု ပုံတွေချိတ်တော့ အိမ်က မိဘတွေလည်း ဘာမှ မပြောတော့ဘူး”  ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်ပြီး မြန်မာစာအဓိကဖြင့် မဟာဘွဲ့ယူရန် ဒဂုံတက္ကသိုလ်တွင် ပညာသင်နေသည့် အသက် ၂၆ နှစ်အရွယ် လူငယ် တဦးက ပြောသည်။

“အိမ်က ဧည့်ခန်းလေးက ထိုင်ခုံနဲ့ စားပွဲ အစုတ်ကလေးပဲ ရှိတယ်။ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ချိတ်လိုက်တော့ ဧည့်ခန်းက အရောင်လက်ပြီး ပိုခမ်းနားသွားသလို ခံစားရတယ်” ဟု သူက ဆက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် အပြင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နှစ်ပေါင်း များစွာ လူထုနှင့်အဆက်အသွယ် ဖြတ်တောက်ခံခဲ့ရကြောင်း၊ သို့သော်လည်း ၎င်းတို့၏ ရုပ်ပုံများ ရောင်းဝယ်မှု အခြေအနေကို ကြည့်ခြင်းအားဖြင့် ၎င်းတို့နှစ်ဦး လူထုအပေါ် သြဇာ သက်ရောက်မှု မည်မျှရှိသည်ကို သိနိုင်ကြောင်း ရန်ကုန်မှ သတင်းထောက်တဦးက သုံးသပ်သည်။

“ပြည်သူတွေက ချစ်လို့၊ ယုံကြည်လေးစား အားကိုးလို့ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ရောင်းကောင်းတာ။ ဦးနေ၀င်းပုံ၊ ဦးသန်းရွှေပုံ၊ ဦးခင်ညွှန့်ပုံ၊ ဦးစောမောင်ပုံတွေ ဆိုရင် အဲဒီလို ရောင်းရပါ့မလား” ဟု ထိုသတင်းထောက်က ပြောသည်။


76 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. ကိုချစ်ဖေ

    အာဏာသိမ်းပြီးခါစကနေ ၂၀၀၄ အဖမ်းမခံရခင်အထိ စစ်အစိုးရအပေါ်တာဝန်ကျေပွန်စွာနဲ့ အတိုက်အခံတွေကို စနစ်တကျဖိနှိပ်ခဲ့တဲ့ ဗိုလ်ခင်ညွန့်ပုံ လက်ရှိ နကလ စစ်ကောင်စီမှာ ရာထူးအကြီးဆုံးအနေနဲ့ ယူထားတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေပုံတွေကိုလဲ ရောင်းကြည့်စေချင်ပါတယ် သူတို့ကိုထောက်ခံသူတွေလဲ ရှိတော့ ၀ယ်မှာပဲ.ဘယ်လိုနေမလဲဆိုတာ စမ်းကြည့် ရောင်းကြည့်စေချင်ပါတယ် ဗိုလ်ချုပ်ခင်ညွန့်ပုံကတော့ ရောင်းလို့မရနိုင်ပေမဲ့ ဗိုလ်သန်းရွှေပုံကတော့ ရောင်းလို့ရမှာပါ..

    • လင်းလင်း

      ဗိုလ်ချုပ်ခင်ညွန့်ပုံက ဗိုလ်ချုပ်မူးကြီးသန်းရွှေပုံထက် ပိုရောင်းကောင်းမယ် ထင်ပါတယ်။

  2. အပိုကြီး

    ဆိုကရေးတီးအတုကို အထင်ကြီးစရာ မရှိပါ ပစောက် နဲ့ ရေး တဲ့ ပညာတတ် ဆို ပ စောက်နဲ့ရေးတဲ့ ပါးစပ် နဲ့ လုပ်စားလိုရတယ်ဆိုတဲ့ သဘောလား ပစောက်နဲ့ ရေးတဲ့ ပလီပလာ များမှ မီဒီယာသမား လို ခေါ်လား

  3. အောင်ဆန်း ဆိုတာ ဗိုလ်ချုပ်တို့ သားအဖ ကို ရည်ညွှန်းတယ်လို့ ထင်ပါတယ်။

  4. ဘလော့ဂါ

    ၂ယောက်လုံးဆိုလည်းနာမည်သေချာတပ်ပြီးရေးကြပါ အောင်ဆန်းလို့ခေါ်လိုက်တာ (၂ယောက်လုံးမို့ပဲဖြစ်ဖြစ်၊ တယောက်တည်းပဲဖြစ်ဖြစ်) အင်မတန်ရင့်သီးတယ်ခံစားရတယ် လူတိုင်းမှာဂုဒ်ဒြပ်ရှိပါတယ် အထူးသဖြင့်ဗိုလ်ချုပ်မတပ်တာသူရဲ့ဂုဒ်ပုဒ်ကိုဖြုတ်ချနေသလိုပဲ ပြည်သူချစ်သောသားအဖလို့တပ်လို့လည်းရသားနဲ့လေ ဘာလို့အောင်ဆန်းလို့တပ်ရတာလဲ သူတို့နာမည်နဲ့လုပ်စားတာလည်းကြာပြီ သူတို့ဂုဒ်ပုဒ်လေးတော့လေးစားကြပါဦး စာရေးသူတို့ရေ

  5. Think Wisely…
    Perhaps, they use only Family name…

    Dr. Soe Naing

  6. WHY U CALL Aung San? He our National Hero, grand Pa, who is General Aung san .

  7. မောင်မောင်

    အပေါ်က ကိုစိုးနိုင်…. မြန်မာလူမျိုးမှာ family name ဆိုတာ မရှိပါဘူး … ဒါ့ကြောင့် ဘာကို ကျွန်တော်တို့က wisely think ရမှာလဲ ဒေါက်တာ ကိုစိုးနိုင်

  8. ဇော်မင်း

    ဘာပဲဖြစ်ဖြစ် ဧရာဝတီမှတာဝန်ရှိသူတစ်ယောက်ယောက်ကတော့ တာဝန်ယူဖြေရှင်းသင့်တယ်

  9. ဇော်ဇော်

    စိုးနိုင်
    ဘာဒေါက်တာဘွဲ့လဲ။ ဘယ်ကရလာတာလဲ။ နိုင်ငံခြားကတော့ဟုတ်ဟန်မတူဘူး။ ဒါကြောင့်လဲ ဒီလောက်အတွေးတိမ်တာပေါ့။
    ဗမာလူမျိုးမှာ Family Name ကို တပ်တဲ့ ဓလေ့မရှိဘူးဆိုတာ သိဖို့ကောင်းတယ်။ တချို့တလေတပ်တာလောက်ပဲရှိတယ်။

  10. အော်..လူတွေကလဲခက်တာပဲ
    အမှားတွေကိုပဲအမြဲရှာပြီး တစ်ဘက်နဲ့တစ်ဖက် တိုက်ခိုက် အပြစ်တင်နေကြတာပဲ
    နားလည်မှုလေးတွေပေးဖို့တောင် နဲနဲမှ မစဉ်းစားကြတော့ဘူး
    အောင်ဆန်းလို့ရေးလိုက်တာလေးအတွက်အပြစ်ကြီးထားပြီး ပြောနေကြတယ် ခေါင်းစဉ်မှာပဲရေးတာပါ အောက်စာသားတွေမှာ(ဗိုလ်ချူပ်) (ဒေါ်)တွေနဲ့ရေးထားပါသေးတယ်
    အောင်းဆန်း လို့ရေးတာလဲ(အောင်ဆန်းမိသားစု)လိုပုံစံမျိုးဖြစ်မှာပါ (ဗိုလ်ချူပ်အောင်ဆန်း ဒေါ်အောင်ဆန်းစုကြည်တို့ဓါတ်ပုံ)လို့ရေးနေရင်စာကြောင်းရှည်နေမယ်
    နောက်ပြီး ခေါင်းစဉ်အနေနဲ့ရေးတာတွေက စာကြောင်းတိုနဲ့နားလည်လွယ်အောင်ရေးကြတယ်

  11. james …. ခင်များ ပြောသလိုဆို အတိုခေါက် ဗိုလ်ချုပ် နဲ့ ဒေါ်စု ပုံဆိုပြီးရေးလဲရတယ်။ အောင်ဆန်းလို့ ခေါ်တာ ၂ ယောက်လုံးကို စော်ကားသလိုပဲ၊ စာကြောင်းနဲနဲ ပိုရှည်တော့ ဘာဖြစ်သွားမှာမိုလို့လဲ၊ ခင်များ က ဒါကို အသေးအဖွဲ ကိစ္စလို့ထင်ရင် ခင်များ အတော်မှားသွားပြီ။ စစ်တပ်က လူတွေတောင် ဘယ်တော့မှ အလိုအသုံးအနှုန်းမသုံးဘူး။ ပြန်သူတွေကတော့ ပြောမနေနဲ့။ ခေါင်းစဉ်က စာလုံး အကြီးနဲ့ရေးတာ၊ ပိုဂရုစိုက်ရမယ်။

  12. တာဝန်ရှိတဲ့ အယ်ဒီတာခင်ဗျား ခင်ဗျားတို့ရေးထားတဲ့ အောင်ဆန်းဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းလို့ပြင်ပေးစေချင်တယ် ဒါမှ မဟုတ်ရင်တော့ ကျွန်တော်အနေ့နဲ့ မြန်မာတစ်မျိုးသားလုံးကို ဒီလိုသတင်းရေးသားထားတဲ့ပုံကို ဖွင့်ချပြတော့မယ် ပြည်သူလူထုအားလုံးကို တောင်းပန်ပါ ….ခင်ဗျားတို့တွေ လူအသိစိတ်ရှိတယ်ဆိုရင် ပြင်ပေးပါ တောင်းဆိုပါတယ်

  13. ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ် သေပြီးသား လူလည်း ပြန်ရှင်မှာ မဟုတ်ဘူး.. ဘယ်သူမှလည်း မနစ်နာ သွားဘူး.. သူတို့ ရိုင်း လို့လည်း ခင်ဗျား တို့ မှာ မနစ်နာဘူး.. ကိုယ့် ထမင်း ကိုယ်စားပြီးများ.. ကြားက ၀င်နာနေသေးတယ်..

    • မိတ်ဆွေ Ryu ….. သေတဲ့ သူ ဆို ပေ မယ့် ဗိုလ်ချုပ် က တခြား သူတွေ နဲ့ မတူ ဘူး ဆိုတာ မိတ်ဆွေ မသိသေးဘူး ဆိုရင် မိတ်ဆွေ က မြန်မာ လူမျိုး မဖြစ် နှိင် ဘူး…။ မြန်မာစာ ရေးသားရင် ကိုယ်ရဲ့ အဓိပ္ဗာယ် က အရေး ကြီး တယ်လေ…။

  14. ဧရာဝတီ ဘလော့ကာ

    ဘာဗိုလ်ချုပ်မှ မဟုတ်ဘူး။ သေနတ်ကိုင်တာ ၂ ရက်နဲ့ တပိုင်းဘဲရှိတာကို ဗိုလ်ချုပ်ဖြစ်သင့်သလား။ ဒို့ ဗိုလ်သန်းရွေတို့  ဗိုလ်မောင်အေးတို့ လို သေနတ် အနှစ်၃၀ ၄၀ ကျော်လောက်ကိုင်ကြည့်ပါလား။ အောင်ဆန်းဟာ အောင်ဆန်းဘဲ