လက်ပံတောင်း သပိတ် ဖြိုခွင်းမှုပါ စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆို | ဧရာဝတီ

လက်ပံတောင်း သပိတ် ဖြိုခွင်းမှုပါ စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆို

Hits:1
  | |

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မုံရွာဆေးရုံကြီးမှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်မည့် သံဃာများကို ဒီဇင်ဘာလ ၁ ရက်နေ့က ကူညီသယ်ဆောင်ပေးနေစဉ် (ဓာတ်ပုံ – မိုရာ/ ဧရာဝတီ)

မြန်မာနိုင်ငံ သမ္မတရုံးက ပြင်ဆင်ဖွဲ့စည်းလိုက်သည့် လက်ပံတောင်း ကော်မရှင်၏ လုပ်ငန်းစဉ်တွင် ဆန္ဒပြမှုအပေါ် ကိုင်တွယ် ဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာ ရစေခဲ့သည့်ကိစ္စ ပါဝင်မှု မရှိသည့်အတွက် အဆိုပါ ကိစ္စများကိုပါ ကော်မရှင်က လုပ်ဆောင်ပေးရန် တောင်းဆိုနေကြသည်။

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်စဲရေး သပိတ်စခန်းတွင် ကိုယ်တိုင် ပါဝင်ခဲ့ပြီး ဒဏ်ရာအနည်းငယ် ရခဲ့သူ မန္တလေး မစိုးရိမ်တိုက်သစ်မှ အရှင် ဥတ္တမက စုံစမ်းရေး ကော်မရှင်အနေဖြင့် လက်ပံတောင်း ကြေးနီ စီမံကိန်းအား ဆက်လုပ်သင့်၊ မသင့် တခုတည်း စုံစမ်းရေးသာမက လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြဒေသခံများနှင့် သံဃာများအား အကြမ်းဖက် ဖြိုခွင်းမှုသည် မည်သူ့လက်ချက် ဖြစ်သည်ကိုလည်း စုံစမ်းစေလိုကြောင်း ဧရာဝတီသို့ မိန့်သည်။

“အကြမ်းဖက် ဖြိုခွင်းလို့ ဒဏ်ရာရသွားတဲ့ သံဃာတော်တွေကိစ္စ ဒီလိုဆို ဘယ်သူက ဖြေရှင်းပေးမလဲ။ သံဃာတော်တွေက ဒီအတိုင်းပဲ နှစ်သိမ့် ပေးလိုက်ရမှာလား။ ဒီကိစ္စ တိတိကျကျ စုံစမ်းပေးပါ၊ ပြီးရင် ပြတ်သားစွာ ဆုံးဖြတ်ပေးပါ” ဟု အရှင် ဥတ္တမက မိန့်ကြားသည်။

ထိုကဲ့သို့ ထိခိုက် ဒဏ်ရာရသွားခဲ့ရသော သံဃာတော်များနှင့် ဒေသခံများအတွက် ကော်မရှင်အနေဖြင့် သော်လည်းကောင်း၊ နိုင်ငံတော် အနေဖြင့် သော်လည်းကောင်း မလုပ်ဆောင်ပေးပါက သံဃာထုအနေဖြင့် တခုခု တုံ့ပြန်မည်ဖြစ်ကြောင်း ဦးဥတ္တမက ဆက်လက်မိန့်ကြားသည်။

ယခုအခါ ဒဏ်ရာရ သံဃာအရေအတွက်မှာ စုဆောင်းရရှိထားသမျှ သံဃာ ၇၉ ပါးနှင့် လူပုဂ္ဂိုလ် ၉ ဦး ရှိပြီး အားလုံးသည် မီးလောင် ဒဏ်ရာများနှင့်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်လည်း မုံရွာ ခရီးစဉ်အတွင်း ကိုယ်တိုင် မြင်တွေ့ရပြီး ဖြစ်ကြောင်း ဦးဥတ္တမက မိန့်သည်။

ယခု ကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အတွက် ပြည်သူ့ဆန္ဒကို အလေးထား ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း၊ သံဃာတော်များအား ဆိုးဝါးစွာ ဒဏ်ရာရခဲ့သည့် ဖြိုခွင်းမှု အပေါ်လည်း ပြည်သူအများက ရှင်းလင်းစွာ သိလိုကြောင်း စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ကတော့ နိုင်ငံသား တယောက်အနေနဲ့ ပြောရရင် လက်ပံတောင်းမှာ ဒီလောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာတွေ ရသွားလောက်အောင် ဘယ်သူက အမိန့်ပေးသလဲ၊ ဘယ်သူ တာဝန်ရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း သိချင်ကြတယ်” ဟု သူက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဦးဂျင်မီကလည်း လက်ပံတောင်း ကော်မရှင်အနေဖြင့် ကိစ္စတခုလုံးကို စုံစမ်းမှသာ စုံစမ်းရေး ကော်မရှင်ဖြစ်မည်ဟု ပြောသည်။

“စုံစမ်းရေး ကော်မရှင်ဆိုမှတော့ အကုန်လုံး၊ တစုံလုံး စုံစမ်းရမှာပေါ့။ လက်ပံတောင်တောင် သပိတ်ကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုကိုလည်း စုံစမ်းရေး ကော်မရှင်က စုံစမ်းရမယ်။ ဆိုလိုတာက အကုန်လုံးကို စုံစမ်းဖို့လိုတယ်။ ထိခိုက် ဒဏ်ရာရတဲ့ သံဃာတော်တွေရဲ့ အရေအတွက် ဘယ်လောက်လဲ၊ ဘယ်လောက် နစ်နာသွားလဲ၊ ဒါတွေပါ ထည့်သွင်းစုံစမ်းသင့်တယ်” ဟု ဦးဂျင်မီက ပြောသည်။

လက်ပံတောင်း ကြေးနီစီမံကိန်း သပိတ်စခန်းများကို နိုဝင်ဘာလ ၂၉ ၇က်နေ့ နံနက် ၃ နာရီတွင် လုံခြုံရေး တပ်ဖွဲများက အင်အားသုံးဖြိုခွဲခဲ့ပြီးနောက် ပြည်သူလူထု မကျေနပ်မှုများ တဟုန်ထိုးကျယ်ပြန့်ခဲ့သည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမည့် အဖွဲ့ဝင် ၃၀ ပါ စုံစမ်းရေး ကော်မရှင်ကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အမိန့်အမှတ် ၉၂/ ၂၀၁၂ ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်၏ အဓိကလုပ်ငန်း တာဝန်များမှာ ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဌာန်းချက်များ၊ နည်းပညာများ လိုက်နာခြင်း ရှိ မရှိ၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ၊ ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်း၊ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များ ထိခိုက်ဒဏ်ရာရမှုအပေါ် သုံးသပ်ချက်၊ စီမံကိန် ဆက်လုပ်သင့် မလုပ်သင့် စသည်တို့ ပါဝင်သည်။

သို့သော် စုံစမ်းရေး ကော်မရှင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့က ဒီဇင်ဘာ ၂ ရက်နေ့တွင် ပါဝင်ရန် ဆန္ဒမရှိကြောင်း ကြေညာခဲ့သည်။

ထို့နောက်ပိုင်း လက်ပံတောင်း ကော်မရှင်တွင် ပါဝင်သော နိုင်ငံရေး၊ လူမှုရေး နယ်ပယ်များမှ တချို့ကလည်း ကော်မရှင်တွင် ပါဝင်လိုခြင်း မရှိသည့်အတွက် နုတ်ထွက်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့က လက်ပံတောင်း ကော်မရှင်ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ပြန်လည် ဖွဲ့စည်းရာ မူလ ကော်မရှင်က ချမှတ်ထားသည့် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည့် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်း၊ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များ ထိခိုက်ဒဏ်ရာရမှုအပေါ် သုံးသပ်ရန် စသည့်ကိစ္စများ ပါဝင်လာခြင်း မရှိတော့ပေ။

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လုံခြုံရေး တပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းခဲ့မှုအတွက် အမေရိကန်နိုင်ငံကလည်း စိုးရိမ်မိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်များကို လေးစားပြီး အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့များက အလွန်အကျွံ အင်အားသုံး ဖြိုခွဲမှု ရှိ မရှိ သေချာရန် မေးမြန်းတိုက်တွန်းသွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီယား နုလန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ဖြေကြားခဲ့သည်။


10 Responses

Leave a Reply

  1. လက်ပံတောင်းတောင်အကြမ်းဖက်မှုစုံစမ်းစစ်ဆေးဖေါ်ထုတ်ရေးနဲပါတ်သက်ပြီးဟိုလူမပါတော့ဘူးဒီလူမပါတော့ဘူးဒီလိုမဖြစ်တော့ဘူဟိုလိုမဖြစ်တော့ဘူးဘူးတွေထပ်နေတယ်၊ရခိုင်အရေး အခင်းတုံးကတော့ကော်မီရှင်မှာပါရလို့ဂုဏ်ယူပါတယ်ဆိုတဲ့သူတွေကနေ့အထိမိမိရရဘာတခု မှမပြနိုင်သေးဘူး။ဒီလိုအရေးပေါ်ကိစ္စတခုကိုအမြန်ဆုံးဖေါ်ထုတ်ရမယ့်အရေးကိုဟိုလိုလိုဒီလိုလို နဲ့မျှေားနေတယ်၊တရာခံအစစ်တွေကပါလီမန်နဲ့ဝန်ကြီးရုံးတွေမှာခြေချိတ်ပြီထိုင်နေကြတယ် သမတကြီးနဲ့အစိုးရကကမ္ဘာကိုလိမ်နေတယ်။ကနေ့သံဃာတော်တွေကိုမီးလောင်ဗုံးတွေနဲ့ သတ်ဖို့ကြိုးစားမှုကြိုးကိုင်သူဗိုလ်ချုပ်တွေနဲ့တရုပ်ကုမွဏီလဲဘာမှဖြစ်မှာမဟုတ်ဘူး၊သမတ ကြီးကိုယ်တိုင်လဲဦးပိုင်ရဲ့ရှယ်ယါဝင်တဦးဘဲ။ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ဖြစ်လာခြင်ရင်သံ ဃာနဲ့လူထုပူးပေါင်းပြီစစ်တပ်ကိုရင်ဆိုင်ရမှာဘဲ။

  2. ၈၈ တွေ က ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမည့်အဖွဲ. ထဲဘာလို. မပါချင် ရတာလဲ ဘေးထိုင် ဘုပြော ပဲ လုပ်တော.မယ်နဲ.တူတယ်

  3. ဒေါ်စုလဲ မူမမှန်တော့ဘူးလေ . န၀တ မှိုင်းမိနေပြီလေ.. ဒါကြောင့် ၈၈ လူငယ် တွေ ရှောင်သွားတာလေ…..

  4. Mr.President, You and your government ministers are totally wrong for problem solving in this event.
    Your government have very poor management and many case of corruption in every sector (All Ministries). Now ,Your role is fall down (90%) in public view.

  5. Military officers took the high levels of police post
    is mistaken. Now like that big case has become they
    can not solve the problem.

  6. Anyone who command to make brutal attack on unarmed people must be punished. Who is responsible for this. We think 88 make the right decision because U than myint and like-him man take part in comission. U than myint must resigned from comission and hluttaw. His words about this fatal event is very dangerous to find the truth.

  7. ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက် အတူတကွဝိုင်းလုပ်ဖို့အချိန်မှာ ဟိုလူက ဦးဆောင်မှာမို့လို့၊ သူက ဥက္ကဌဖြစ်မှာမို့လို့ မပါဝင်ချင်ဘူးဆိုတဲ့စိတ်ဓါတ်တွေကို ဘယ်လိုနားလည်ပေးရမလဲ။ ကျမတို့ နိုင်ငံပြုပြင်ပြောင်းလဲရေးကာလမှာ (အထူးအရေးကြီးတဲ့ကာလမှာ) Power Space ထူထောင်ဖို့ဦးစားပေးနေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးကတော့ နောက်ကျကျန်ခဲ့မှာ အမှန်ပဲ။ ဝိုင်းလုပ်ကြပါ။ဝိုင်းဝန်းဖြေရှင်းစေလိုပါတယ်။ Power Space က နောက်မှ သူ့ဟာသူ မလိုချင်ရင်တောင် ရလာမှာပါ။။ အစိုးရရဲ့ Divide and Rule က အရမ်းအောင်မြင်နေတယ်ဆိုတာ မြင်သာပေမယ့် အရမ်းစိတ်မကောင်းပါဘူး။ ပေးဆပ်သူအားလုံးကို လေးစားပါတယ်။။

  8. မဆလာ(မဆလ)၊ နဝေတိမ်တောင်(န၀တ)၊ နွားအဖွဲ့(နအဖ)စသဖြင့်ပေါ့လေ။ သူတို့က သံဃာဂိုဏ်းသင့်မှာလည်းမကြောက်သလို၊ လေးကိုင်းလည်းမမှုပါဘူး။ ဂျင်ကလိကတော့ နည်းနည်းအဟန့်ရှိတယ်။
    ဘုန်းကြီးဗိုလ်ချူပ်ကြီး(မယန)တွေကလည်း မိုးတွင်းဆိုရင်ကျောင်းတိုက်ထဲမယ် ဗီဒီယိုကြည့်၊
    နွေဆိုရင် လေအေးစက်ဖွင့်၊ ဆောင်းရောက်ပြန်တော့ ကိုးရီးယားစောင် နှစ်ထပ်သုံးထပ်နဲ့ လူဝတ်လဲ သိက္ခာချဘို့လာခေါ်ရင် ထောင်ထဲထိကြွပေးတယ်။ သူဆင်းရဲတွေ နာရေးဆိုရင်
    ဒူးမကောင်းလို့ဆိုလား။ လှေကားတောင် အတက်အဆင်းမလုပ်နိုင်တော့ဘူးတဲ့။
    အမေရိကားတို့ ဘာတို့ကြွရမယ်ဆိုရင် လေယာဉ်တောင်နှေးတယ်ထင်တာ။ ဈန်မရလို့။ စိတ်ထဲ တယ်ကိုမရောက် နိုင်ဘူးထင်တာ။ ဟိုရောက်ရင် ကောက်ရိုး($1တန်အလှူငွေ) နဲ့ ဝေးပါစေ ဆုတောင်းရသေးတယ်။ သက်တော်တွေလည်းရလာပါပြီ ဘုးရား။ ကိုယ်တော်လေးတွေ ရှေ့ကလည်း တကြိမ်တစ်ခါလောက်များ ရပ်ပေးဘူးတယ်ရှိအောင် ရပ်တော်မူပါဦး ဘုရား။

  9. ကောင်းအောင်လုပ်တဲ့သူတွေရှိပါတယ် ဘယ်သူတွေလဲဆိုတော့ ကိုယ်ကျိုးအတွက်ကောင်းအောင်လုပ်တဲ့ ကိုယ်ကျိုးကြည့် သမားတွေပါ။ အခုဖြစ်ရပ်မှာ တာဝန်ရှိသူကတော့ သမတ ပါပဲ။ရှင်းရှင်းလေးကိုရှုတ်အောင် ကော်မတီဖွဲ့  တာတွေဘာတွေလုပ်နေ တာကို သိသာပါတယ်။ ဘယ်သူကမှတော့ အားအားယားယား ထလုပ်မှာ မဟုတ်ပါ။ ခိုင်းတဲ့သူ ရှိနေလိုပါ။ အခု အခိုင်းခံ တွေကို ထိုးချ စတေးပြီး သူတော်ကောင်း လုပ်အုန်းမှာပါပဲ။ ဝန်ထမ်းတွေကို ဂုဏ်သိက်ခါမဲ့အောင်လုပ်ပြီး အရေးယူပြပါလိမ့်မယ်။
    လစာနဲ့ ခံစားခွင့် မဝရေစာပေးပြီး ခိုင်းတော့ အချိန်အကန့် အသတ်မရှိ /ဖိအားတွေခြိမ်းခြောက်မှူတွေအမျိုးမျိုးပေး/အရေးယူတော့ လည်း အခုချိန်မှာ ငါမပါပြီးရောဆိုပြီး အလွန်ပြတ်သားပြနေတာလေ။ နိုင်ငံရေးသမားတွေ/စီးပွားရေးသမားတွေ/မီဒီယာတွေ အားလုံး အခုချိန်မှာ အခြေအနေကောင်းတယ် သူတို့ ပြောလိုက်ရင်တစ်ခွန်းပဲ အားလုံး ok ပဲ။ ဝန်ထမ်းကတော့ တစ်ခွန်းမှမဟနဲ အသံထွက်ရင် သေသွားမယ်/ဘဝပျက်သွားမယ်။ ဝန်ထမ်းအတွက်ပြောပေးသူ မတွေရသလောက်ပဲ။ ဦးရွှေမန်းလည်း တစ်ခွန်းပြောပြီး အသံတိတ် သွားတာပဲ။ ဘယ်သူနဲ့ ပဲဖြစ်ဖြစ် ဝန်ထမ်းကခံရတာချည်းပဲ။ အခုလည်း black lists company တွေကိုပြန်ပြီး white lists ပြန်ပေး လိုက်ပြန်ပြီလေ။ အဲဒီ မသမာသူတွေကြောင့် ကြားညပ်ပြီး အရေးယူခံရလို ဘဝပျက်ရတဲ့ ဝန်ထမ်းတွေကတော့ ခံနေရတုန်းပါပဲ။ ဘယ်တော့များမှသူတို့ ကို လှည်ကြည့်မှာပါလည်း? နိုင်ငံရေးသမားလိုလည်း ပါဝါမရှိ/စီးပွားရေးသမားလိုလည်း ဓနအင်အားမတောင့် တင်း/မီဒီယာလိုလည်း အဝန်းအဝိုင်းမကောင်းဆိုတော့ မျှော်လေဝေးလေပါပဲ။ အခုလိုရေးတာတောင်ခပ်ကြောက်ကြောက်ပါပဲ။
    နစ်နာသူများကိုယ်စား ဝန်ထမ်းတစ်ဦးအနေနဲ့ တင်ပြမိတာပါ။အမှားပါရင်ခွင့်လွှတ်ကြပါ။
    Reply

  10. အဲဒီမှာထွက်နေတဲ့ သတ္တုတွေမှာ ရွှေ (သို့ မဟုတ် ) ယူရေနီယံ တွေပါရှိနေတယ်ဆိုတဲ့သတင်း
    မှန်/မမှန် ကို အမေရိကန်၊ဂျာမနီ၊စပိန်၊အင်္ဂလန်၊ဂျပန် နိုင်ငံတွေပါဝင်တဲ့ ဘူမိဗေဒပညာရှင်တွေ
    ပါဝင်တဲ့ အဖွဲ့ အစည်းကို ၀င်ရောက်စစ်ဆေးစေချင်ပါတယ်။