ပြန်မယ်ဆိုရင် အပြီးပြန်မယ် | ဧရာဝတီ
အင်တာဗျူး

ပြန်မယ်ဆိုရင် အပြီးပြန်မယ်

Hits:7,747
  | |

ဒေါက်တာလှကျော်ဇောကို ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနှင့်အတူ တွေ့ရစဉ်

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကျန်းမာရေး ဆိုးရွားနေပြီး နောက်ဆုံးအနေဖြင့် ရွှေတိဂုံဘုရားဖူးရန် ဆန္ဒရှိနေ ကြောင်း ဧရာဝတီသတင်းဌာနမှ သတင်းရေးသားခဲ့ပြီးနောက် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောအား သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက သမ္မတဦးသိန်းစိန်မှ ပြန်လာခွင့်ပြုကြောင်း ဆက်သွယ် အကြောင်းကြားလာခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇော၏ နောက်ဆုံး ကျန်းမာရေး အခြေအနေ၊ ပြည်တော်ပြန် ခရီး၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ရန်ပိုင်က ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းထားသည်။ ဒေါက်တာလှကျော်ဇောသည် ယခုအခါ တရုတ်နိုင်ငံကူမင်းမြို့တွင် ဖခင်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို အနီးကပ် နေထိုင် ပြုစုနေသူဖြစ်သည်။

မေး။     ။ အစိုးရက ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို  ပြန်လာခွင့်ပြုလိုက်ပြီလို့ သိရတယ်။ အဲဒီခွင့်ပြုချက်ကို  ဘယ်သူက ဆရာမတို့ ဆီကို အကြောင်းကြားလာပါသလဲ။

ဖြေ။     ။ ဟုတ်ပါတယ်။ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ကိုယ်တိုင်ဖုံးဆက်အကြောင်းကြားတာပါ။ သူပြောတာကတော့ ရဲဘော် သုံးကျိပ်ဝင် တယောက်အနေနဲ့ အဘ ဗိုလ်ကျော်ဇောကို သမ္မတကြီးက ဗမာပြည်ပြန်လာဖို့ ခွင့်ပြုပါတယ်၊ သူတို့ အနေနဲ့ ဘာတွေလုပ်ဆောင်ပေးရမလဲ၊ အဘ ကျန်းမာရေး နဲ့ ပတ်သက်လို့ လုပ်ဆောင်စရာရှိတာတွေ ရှိရင်လည်း ပြောပါ လုပ်ပေးမယ်လို့ ဆိုပါတယ်။ ပြောတဲ့ပုံစံက ကောင်းကောင်းမွန်မွန်ပါပဲ၊ တကယ်ကို ရင်းရင်းနှီး ခင်ခင်မင်မင်၊  အရင်တုန်းက မိတ်ဟောင်း ဆွေဟောင်းတွေ ပြောသလိုပါပဲ။ ဖေဖေကို ပြန်ခေါ်တာကိုလည်း ကျေးဇူးတင်ပါတယ်။

မေး။     ။ အစိုးရက ပြန်ခွင့်ပြုလိုက်ပြီဆိုတော့ ဗိုလ်မှူးချုပ် ကျော်ဇောမိသားစု အနေနဲ့ ပြန်ဖို့ ဘယ်လို သဘောရပါသလဲ။

ဖြေ။     ။ အစိုးရက ရဲဘော်သုံးကျိပ်ဝင်တယောက် အနေနဲ့ ဖိတ်ပေမယ့် နိုင်ငံရေးကဏ္ဍအရ ဖေဖေက ဗမာပြည် ကွန်မြူနစ်ပါ တီရဲ့ ခေါင်းဆောင်ဟောင်းတယောက်ပါ။ ဒါကြောင့် ကျမတို့မှာ တိုင်ပင်စရာတွေ အများကြီး ရှိပါသေးတယ်။ ပါတီနဲ့လည်း တိုင် ပင်ရပါဦးမယ်။ နောက် ကျန်းမာရေး အပိုင်းမှာလည်း ဖေဖေ့ အခြေအနေက တည်ငြိမ်ရုံလေးပဲ ရှိပါသေးတယ်၊ နလံထူအောင် လုပ် ရအုံးမှာပါ။ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ ဖေဖေ ကျန်းမာရေးကောင်းရင် ဆက်ဆွေးနွေးတာပေါ့လို့ ၀န်ကြီး ဦးအောင် မင်း ကိုလည်း ပြောလိုက်ပါတယ်။

မေး။     ။ ဆရာမတို့ ပြန်မယ်ဆိုရင်  တခြားသူတွေလို အလည်အပတ်ပဲလား၊ အပြီးပြန်ဖို့ စိတ်ကူးထားလား။

ဖြေ။     ။ ကျမတို့ ပြန်ချင်တယ်ဆိုတာ ဟိုးတုန်းကတည်းက တလျှောက်လုံး ဆိုခဲ့တာပဲလေ။ ဒါပေမယ့် ကျမတို့ ယုံကြည်ချက်တွေ ခံယူချက်တွေ နိုင်ငံရေးတွေကို စွန့်ပစ်ပြီး ပြန်မှာ မဟုတ်ပါဘူး။ ပြန်မယ်ဆိုရင်လည်း အပြီးပြန်မယ်။ အပြီးသတ် ဘယ်လိုအချိန်မှာ ပြန်မလဲဆိုတော့ သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ တကယ်ပဲ ဘယ်နိုင်ငံရောက်နေနေ ဘယ်အယူဝါဒမဆို ပါတီစုံပေါ့ အယူအဆ အမျိုးမျိုးနဲ့ တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကြီး တည်ထောင်ပြီး ဒီတိုင်းပြည်ကြီးကို ဖွံဖြိုးတိုးတက်ဖို့ ငြိမ်းချမ်းဖို့ စည်းလုံးညီညွတ်တဲ့ နိုင်ငံကြီး တည်ဆောက်ဖို့ အားလုံးပြန်လာပြီး ညီညီညွတ်ညွတ် အင်တိုက်အားတိုက်လုပ်ဆောင်တဲ့ နိုင်ငံမျိုးကို ကျမတို့ ပြန်ချင်တာ၊ ပြန်ရင်လည်း အပြီးအပိုင် ပြန်ချင်တာ။

မေး။     ။ ဒီ အစိုးရဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး ဆရာမတို့ကို ဗမာပြည်ကွန်မြူနစ်ပါတီက ဘယ်လိုသဘောထားပေးပါသလဲ။

ဖြေ။     ။ ပါတီက ကျမတို့ကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ကျမတို့က ပါတီဝင်တွေဖြစ်တယ်။ ဖေဖေလည်း

ခေါင်းဆောင်ဟောင်းတယောက် ဆိုပေမယ့် သူ့ကိုယ်သူ ပါတီဝင်တယောက်လို သဘောထားပါတယ်။ ဒါကြောင့် ဘာကိစ္စပဲလုပ်လုပ် ကျမတို့ ပါတီစည်းကမ်းအတိုင်း ပါတီကို တင်ပြပါတယ်။ ဒါကြောင့် ပါတီက လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပြုတယ်၊ အဲဒီဆုံးဖြတ်ချက်ကိုလည်း ပါတီက လေးစားလိုက်နာပါမယ်လို့ ပြောပြီးသားပါ။ ဒါကြောင့် လွတ်လွတ်လပ်လပ် ကျမတို့ဘာသာ ကျမတို့ ဆုံးဖြတ်မှာပါ။

မေး။     ။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက ဗိုလ်မှူးချုပ်ကျော်ဇောလို အိပ်ရာပေါ်လဲနေတဲ့ လူမမာ တယောက်ကို ပြန်လာဖို့ ခွင့်ပြုတာဟာ အစိုးရရဲ့ နိုင်ငံရေး အမြတ်ထုတ်မှုတခုလို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ဆိုထားတယ်။ အဲဒီ သဘောထား အပေါ်မှာ ဘယ်လို မှတ်ချက် ပေးချင်ပါသလဲ။

ဖြေ။     ။ သူတို့လည်း နိုင်ငံရေးသမားတွေ ကိုယ်လည်း နိုင်ငံရေးသမားတွေပဲ၊ သူတို့က အမြတ်ထုတ်သလို ကိုယ်လည်းပြန် အမြတ်ထုတ်ရင် မြတ်မှာပေါ့။ အခု အစိုးရဖိတ်ခေါ်လို့ ပြည်တော်ပြန်တဲ့သူတွေ အများကြီးပဲ။ သူတို့ ယုံကြည်ချက်အတိုင်း  တိုင်းပြည်တိုးတက်ရေးကို လုပ်နိုင်မယ်ဆိုရင်တော့ ပြည်တော်ပြန်တဲ့သူတွေ မြတ်တာပေါ့။ ဒါမှမဟုတ် ပြန်လာရုံသက်သက် အပေါ်ယံကြောခေါ်တာ ဆိုရင်တော့ အစိုးရက အမြတ်ထွက်တာပေါ့၊ ဒါဟာ နိုင်ငံရေးကစားကွက်တခုပါပဲ။ ဒါကို ကိုယ်ကကြည့်ပြီး ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပေါ့။ နိုင်ငံရေး သမားဆိုတာ ဒီလိုပဲကြည့်ရတယ်။ ပြဿနာ တခုပေါ်လာရင် ဘယ်လောက် အမြတ်ထွက်သလဲ၊ အရှုံးထွက်သလဲဆိုတာ ဒီလိုပဲ တွက်ချက် ကြည့်ရမှာပေါ့။

မေး။     ။ ဟိုတုန်းက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ပင်စင်လစာနဲ့ ၀ယ်ခဲ့တဲ့ စမ်းချောင်းက အိမ် အခုရှိပါသေးလား။ အစိုးရက သိမ်းထားတာလား။

ဖြေ။     ။ မသိမ်းပါဘူး၊ ရှိပါတယ်။ ဖေဖေ့ ညီအငယ်ဆုံး ကျမတို့ ဦးလေးမိသားစုက အိမ်စောင့်အဖြစ် နေနေပါတယ်။

မေး။     ။ ဗမာပြည် အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင် တယောက်အနေနဲ့ ဒေါက်တာလှကျော်ဇောရဲ့ အမြင်ကို သိချင်ပါတယ်။

ဖြေ။     ။ အစိုးရအနေနဲ့ တိုင်းပြည်ကြီးကို တကယ်ပဲချစ်တယ်၊ တကယ် တည်ဆောက်ချင်တယ် ဆိုရင်တော့ အယူဝါဒ မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေးပေါ့ ပြန်လာချင်တဲ့သူ ပြန်လာခွင့်ပြုရမယ်။ အခု ဖေဖေကို ပြန်ခေါ်တာတောင် ကျမတို့ မိသားစုဝင်တွေ အကုန်မခေါ်ဘူး။ ဖေဖေမှာ သားသမီး သုံးယောက်ရှိတယ်၊ မြေး ၇ယောက်ရှိတယ်။ အကုန်ပြန်မခေါ်ဘူး။ ဦးအောင်မင်းပြောတာက အဘ ဗိုလ်ကျော်ဇောကို အနီးကပ်ပြုစုဖို့ သမီးနှစ်ယောက်ကို လိုက်ပါ ခွင့်ပြုတယ်လို့ပဲ ပြောတာလေ။ ကျမမောင် ကိုအောင်ကျော်ဇောလည်း မပါဘူး။ အဲဒီလို အကန့်အသတ်တွေနဲ့ တော့ တိုင်းပြည်ကြီးကို အမျိုးသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ အတွက်တော့ သိပ်မသင့်တော်ဘူး ထင်တယ်။

မေး။     ။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ နောက်ဆုံးကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။     ။ အဆုတ်ပြွန်ရောင်တာ သက်သာသွားပြီ။ အခု အစာပြွန်ကိုထုတ်ပြီး ပါးစပ်ကနေ တဖြည်းဖြည်းပြန်ကျွေးရမှာ၊ မတော်တဆ သီးပြီး တခုခုဖြစ်လိုက်ရင် အဆုတ်ပြန်ရောင်မှာလည်း ကြောက်ရသေးတယ်။ ကလေးတွေလို တဖြည်းဖြည်း ပြန်လုပ်ရမှာဆိုတော့ ဒီနေ့ကစပြီး ကျမမအားတော့ဘူး။ ဘယ်သူကိုမှလည်း အင်တာဗျုးမပေးနိုင်တော့ဘူး။ ဖေဖေကျန်းမာရေးကိုပဲ အလေးပေးရတော့မယ်။     ။

ဆက်စပ်ဖတ်ရှုရန်

 


WSJ LIVE VIDEO:

19 Responses

Leave a Reply

  1. မောင်မောင်

    တိုင်းပြည်ကို အမှန်တကယ် တိုးတက်အောင်လုပ်မယ်ဆိုပီး စိတ်ထားရင် ပြန်လာပါ။ နှောက်ယှက်မယ် အစိုးရဘာလုပ်လုပ် ဆန့်ကျင်မယ်ဆိုရင် ပြန်မလာတာကောင်းပါတယ်။

    • ကိုယ့်လူ – ကိုယ့်စကား ရဲ့ အပြန် အလှန် ကို လဲ စဉ်းစားကြည့်ပါဥိး ။
      (အစိုးရက)တိုင်းပြည်ကို အမှန်တကယ် တိုးတက်အောင်လုပ်မယ်ဆိုပီး စိတ်ထားရင် ပြန်လာ မှာပေါ့ ။ ကိုယ်က ဘာလုပ်လုပ် အစိုးရက မကောင်းမြင်မယ်ဆိုရင် ဘာကြောင့် ပြန်လာရမှာလဲ ။

  2. ကိုထက်

    ပါတီအယူတည်းမှုသည် အပေါ်ယံလေးပါ ဘာသာယုံကြည်မှုသည် ပယ်ဖျက်ဖို.မလွယ်
    ဗိုလ်ချုပ်ကျော်ဇောပြန်လာရင် ရွှေတိဂုံဘုရားက သူကိုကောင်းကျိုးပေးပါလိမ့်မယ်

  3. For future generations, it would be very valuable if he can write/dictate his memoirs. Especially why he was forced to resign from the army.

  4. ကွန်မြူနစ် ပါတီကို ပြည်တွင်းမှာ ပြန်ထောင်နှိုင်ဘို. စကားခေါ်ခြင်းပါ။

  5. မြန်မာ တိုင်းရင်းသူ

    မိရိုးဖလာ ဗုဒ္ဓဘာသာမို့လို့ ဘာသာတရား လေးစားတာ၊ ရွှေတိဂုံ ဘုရားဖူးချင်တယ် ဆိုတာ ကြားရတာ ကြည်နူး စိတ်လဲ မကောင်းပါ။ ယုံကြည်ချက်က ယုံကြည်ချက်ပေါ့လေ။ ဒါပေမယ့် အဘ အသက်လဲ ကြီးပါပြီ။ ခွဲခွာရမယ့် ရက် နီးလာပါပြီ။ ကျွန်မတို့ ပြည်သူတွေကလဲ အဘ ဗိုလ်ချုပ်ကျော်ဇောနဲ့ ဆရာမ လှကျော်ဇောတို့ မိသားစုကို ရဲဘော်သုံးကျိပ်ဝင်နဲ့ မိသားစု၊ တရုပ်ဖြူရန်မှ တိုင်းပြည်ကို စွမ်းစွမ်းတမံ ကာကွယ်ပေးခဲ့သူအနေနဲ့ လေးစား၊ ဂုဏ်ယူ၊ တန်ဘိုးထားပါတယ်။ ယုံကြည်ချက်ကို စွန့်ဘို့ မလိုပါဘူး။ ဒါပေမယ့် ရဲဘော်သုံးကျိပ်ဝင်အနေနဲ့ ပြန်လာတာလဲ ဂုဏ်အလွန်ရှိပါတယ်။ ဗိုလ်ချုပ်ကျော်ဇောကို အလွန်ကြည်ညိုခဲ့တဲ့ ကွယ်လွန်သူ မိဘများ ကိုယ်စား လေးစားစွာနဲ့ တိုက်တွန်းချင်ပါတယ်။ အဘကို ပြန်ခေါ်ခဲ့ပါ ဆရာမရယ်။ အဘသားက ငယ်ပါသေးတယ်။ အစိုးရအတွင်း ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ပြီး ဖိတ်စာပြောင်းတာ မီနိုင်ပါတယ်။ အဘက ကြားရတာ ယဲ့ယဲ့ပဲ ကျန်တော့သလိုပဲ။ အသက်လဲ အရမ်းကြီးပြီ။ ကျွန်မတို့ အဖေတွေဆို သူလေးစားတဲ့ ဆရာ့အယင် ဆုံးတာ ကြာလှပေါ့။ အနှစ် ၂၀တောင် ကျော်ပြီ။ အဘ အတွက် ရက်က သိပ်မကျန်တော့ဘူး။ အစိုးရက အစည်းအဝေးတွေ လုပ်၊ ပြောကြ ဆိုကြ တိုင်ပင်ကြတာ စောင့်နေဘို့ အချိန်မရှိပါဘူး။ သမတဦးသိန်းစိန်ကလဲ မကြာခင် အမေရိကားကို သွားမှာနဲ့။ ဗမာပြည် ပြန်လာဘို့က ကြာဦးမှာ။ ဖိုးသံချောင်းတို့ ပြောတာ နားမထောင်ပါနဲ့။ အဘ အတွက်ပဲ တွေးပါ။ ကျွန်မတို့ကတော့ အဘ ပြန်လာမှာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်။ အမေနဲ့ သူ့မိတ်ဆွေတွေကလဲ အဘ ပြန်လာမယ် ကြားလို့ ၀မ်းသာနေကြပါတယ်။ ကြိုနေပါတယ်။ ပြန်လာကြပါ။ ဘယ်သူ ဘာပြောပြော ဂရု မစိုက်ပါနဲ့။ အဘနဲ့ ဆရာမတို့ ဆုံးဖြတ်ချက်ကို လေးစားကြမယ့်သူ အပြည့်ပါ။

  6. mg mg,
    tell me how good is your government?
    why don’t they like to be criticized?
    everyone has their own opinion and freedom of expression,ok?
    every single person who is belong to Burma has fully right to criticize your regime?
    This (so called) government is still not a legal government, do you know that?
    People like you(inside Burma) are lack of everything , you can’t see the truth or twist and turn of your regime.

  7. မည်သို့ဆိုစေ တိုင်းပြည်အကျိုးကိုစွန့်စွန့်စားစားထမ်းဆောင်ခဲ့တဲ့သူရဲကောင်းတယောက်အဖြစ် ဖိတ်ခေါ်တာ သင့်တော်ပါတယ်။ ကျန်တဲ့အပိုင်းကတော့အထဲရောက်မှညှိနှိုင်းမှုတွေလုပ်ရင် အဆင်ပြေမယ်ထင်ပါတယ်။

  8. Hi All Burmese citizen,
    Do not forget Ne Win era. Ne Win and his generation destroyed Burmese people character and mind. Than Shwe and his generation walk same as Ne Win path. They destroy people of Burma. People has nothing left. People of Burma suffering and dying everyday. Dictatorship is still alive in Burma.

  9. ဗိုလ်ချုပ်ကျော်ဇော ကိုတော့လေးစားပါတယ်
    ဘယ်နိုင်ငံမှာမှ အသုံးမကျတဲ့ ကွန်မြူနစ်စနစ်တော့မကြိုက်ပါ
    ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား၊ လူသားတွေရဲ့ အခွင့်အရေး ကိုလေးစားတဲ့ စနစ်မဟုတ်ဘူး
    ပြီးတော့ စတာလင်လဲ လူအများကြီးသတ်တယ်။
    မော်စီတုန်းလဲ လူ သန်း၃၅ သတ်တယ် ။ ပိုပေါ့လဲသတ်တယ်။
    ကွန်မြူနစ်က ဖတ်လို့ကောင်းပေမယ့် သုံးစားမရတဲ့စနစ်ပါ
    မြန်မာ နိုင်ငံ ပြည်တွင်းစစ်ဖြစ်တာ ကွန်မြူတွေ အစောဆုံးတော့ခိုလို့ပါ။

    • ကောင်လေးလို့ နာမည်တပ်ထားလို့ ကောင်လေးလို့ပဲ ကျနော် ခေါ်လိုက်တယ်.. မြန်မာပြည်ရဲ့သမိုင်းကြောင်းကို အစာကျေအောင်တော့ ပြန်လေ့လာစေချင်ပါတယ်.. အထူးသဖြင့်တော့ မြန်မာပြည်လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းစဉ်နဲ့ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်မီး ဘယ်ကစလည်း ဆိုတာကိုပါ။ အခြား အချက်အလက်တွေရေးနေရင် ရှည်မှာစိုးလို့ မရေးတော့ပါဘူး။

    • I totally agree with you. Personally, I respect him a lot . But I don’t buy communism.

  10. ဒီကနေ့ အစိုးရထုတ် ကြေးမုံသတင်းစာ အယ်ဒီတာအာဘော်က ဘုမသိ ဘမသိ တဲ့ အဲ့ဒါ ကောင်လေးဆိုတဲ့ ကွန့်မန့်ရေးသူကို ရည်ရွယ်ထားသလိုပဲ။

    ဖတ်ပါ မှတ်ပါလေ့လာပါ၊ သမိုင်းကို မသိရင် အ အနဲ့ တူတယ်တဲ့ ၊ ကောင်လေးမအအောင် လေ့လာကွာ၊ အထူးသဖြင့် ပြည်တွင်းစစ်အပိုင်းကိုပေါ့။ ဟုတ်လား ကောင်လေး— မှိုင်းတွေမိတာသိပ်များတော့လည်း ဖြစ်တတ်ပါတယ်

    • မောင်ပု

      ဒေါက်တာ သန်းထွန်းစကားကို ကော်ပီမလုပ်ပါနဲ့
      ဘာပဲ ပြောပြော ကွန်မြူနစ်ဟာ နေဝင်း သန်းရွှေ အုပ်စုလိုပဲ တိုင်းပြည်မွဲအောင်လုပ်သွားကြတာပဲ
      သူတို့ ယူခဲ့တဲ့ လွတ်လပ်ရေး ကို ပြည်တွင်းစစ်နဲ့ ထားခဲ့တယ်မလား။
      တခြားလူတွေငတုံး သူတို့မျိုးဆက်ပဲ တော်တာ။ တတ်တာ လုပ်ကြပေါ့။
      မောင်ဆိုတဲ့သူ မှိုင်းတိုက်တယ်ပြောရအောင် သူများကို စာမတတ်ပေမတတ်ထင်နေတာလား
      သန်းရွှေ အုပ်စုမှိုင်းတိုက်လို့ရတာ စစ်တပ်မိသားစုပဲ ရှိတယ်။
      ဆရာကြီးလေသံနဲ့ လျှောက်ပြောမနေနဲ့

  11. ရွှေဝါရောင်တော်လှန်ရေး

    လမ်းကြုံ လှေစီးတွေ များလာပီနော် …

  12. ​တ​ပေ​ကူ

    ဩော် . . ဗ.က.ပ. ၊ ဗ.က.ပ ၊ နောက်ဆုံးတော့လဲ ဘုရားတရေတာ့တာပါပဲ။ ငါတို့မှတိုးတက်တယ်လို့ဘ၀င်မြင့်ပြီး ပြောမရဆိုမရ နဲ့ တောစခိုသွားကြတာတိုင်းပြည်ကြီးစစ်တပ် ကြီးစိုးဖို့လမ်းဖွင့်ပေးသလိုဖြစ်ခဲ့ရတာ ဘယ်တော့မှေနာင်တရမလဲမသိဖူး။ တိုင်းပြည်အကျိုးကိုစွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ဗိုလ်ချုပ်ကျော်ဇော တယောက် သားသမီးတွေ လူပေါင်းမှားပြီးအဆွယ်ကောင်းလို့ လိုက်သွားမိပြီးနယ်စပ်မှာသောင်တင်ခဲ့ရတာ သားသမီးယုံလို့စုံလုံးကမ်းခဲ့ရတယ်လို့ပြောရမှာပါ။ ဆရာနိုင်ဝင်းဆွေကေတာ့မကွယ်လွန်မှီမှာသတိတရားရသွားပြီးဗမာပြည်ကွန်မြုနစ်ပါတီက နုတ်ထွက်စာတင်သွားတယ်။ ဒါပေမဲ့ပြန်လာခွင့်မကြုံခဲ့ဖူး။ ဗိုလ်ချုပ်တော့  အချိန်မှီပြန်လာနိုင်ပြီး အသက်ရှည်ကျန်းမာပါစေလို့ဆုတောင်းပေးပါတယ်။

  13. ဝလဲ တချိန်က ဗကပ ပဲလေ
    ဘိန်းတွေနဲ့ နာမယ်ကျော်ခဲ့တာပေါ့
    ဗိုလ်ချုပ်ကျော်ဇောတော့ သိမသိမသိဘူး
    ဗကပလဲ ဒါတွေ တချိန်က ပတ်သတ်ခဲ့ပါတယ်
    တချိန်က ဆို အင်အား သောင်းဂဏန်းနဲ့ အတော် အင်အားတောင့်ခဲ့တယ်။
    တိုင်းရင်းသားတွေ မဟာမိတ်သွားလုပ်တာတောင် မအောင်မြင်ခဲ့ဘူး ကြားဖူးတယ်
    သူတို့အင်အားသူတို့ ယုံနေတယ်လေ။
    ဖြုတ်ထုတ်သတ်တွေ လုပ် တော့မှ ဇာတိပေါ်လာတာ