မူးယစ်ရာဇာ နော်ခမ်းကို မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်ဖို့ ကြံစည်ခဲ့ | ဧရာဝတီ

မူးယစ်ရာဇာ နော်ခမ်းကို မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်ဖို့ ကြံစည်ခဲ့

Hits:36,194
  | |

နော်ခမ်းကို တိုက်ခိုက်ဖို့ ကြံစည်ရာမှာ သုံးမယ့် မောင်းသူမဲ့ လေယာဉ် အမျိုးအစား (ဓာတ်ပုံ – South China Morning Post)

မူးယစ်ရာဇာနော်ခမ်းကို တရုတ် အာဏာပိုင်တွေက မောင်းသူမဲ့လေယာဉ်သုံး တိုက်ခိုက်ဖို့ ကြံစည်ခဲ့ဖူးကြောင်း South China Morning Post သတင်းစာ က ဒီနေ့ ဖော်ပြလိုက်ပါတယ်။

ရွှေတြိဂံဒေသမှာ ကျင်လည် လှုပ်ရှားတဲ့ နော်ခမ်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ မဲခေါင်မြစ်အတွင်း တရုတ် သင်္ဘောသား ၁၃ ဦးကို ဖမ်းဆီး သတ်ဖြတ်မှုနဲ့ တရုတ်အစိုးရ က အလိုရှိခဲ့သူဖြစ်ပါတယ်။

တရုတ်အစိုးရ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာန မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဗျုရို ညွန်ကြားရေးမှူး လျှူယွဲ့ကျင်က“ပထမတော့ တီ အင်တီ ယမ်း ၂၀ ကီလိုဂရမ် ဗုံး တင်ထားတဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ဖို့ပဲ၊ ဒါပေမယ့် နောက်ဆုံးမှာ သူ့ကို အရှင်ဖမ်းဖို့ ဆုံးဖြတ် လိုက်တဲ့အတွက် ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်”လို့ ပြောဆိုပါတယ်။

အဲဒီလို တရုတ်ပိုင် ဗိုင်ဒေါင်(Beidou) ဂြိုဟ်တုရဲ့လမ်းညွန်မှုနဲ့ ထိန်းချုပ်ထားတဲ့ မောင်းသူမဲ့လေယဉ်တွေသာ မြန်မာနိုင်ငံအတွင်း ၀င်ရောက်တိုက်ခိုက် ခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ နိုင်ငံတကာဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တယ်လိုလည်း သတင်းမှာ ရေး သားထားပါတယ်။

မူးယစ်ရာဇာနော်ခမ်းနဲ့ အဖွဲ့ဟာ မြန်မာ၊ လာအို၊ ထိုင်း ဆက်စပ်နယ်မြေ ရွှေကြိဂံဒေသမှာ လှည့်လည်နေထိုင်ပြီး မဲခေါင်မြစ် အတွင်း သွားလာနေတဲ့ လှေ၊ သင်္ဘောတွေကို ဓားပြတိုက်တာ၊ မူးယစ်ဆေးဝါး ကုန်ကူးတာတွေ လုပ်နေသူဖြစ်တယ်လို့ ဒေသတွင်း အစိုးရတွေ က ထုတ်ပြန် ပြောဆိုပါတယ်။

မူးယစ်ရာဇာ နော်ခမ်း

ပြီးခဲ့တဲ့နှစ် ဧပြီလမှာတော့ နော်ခမ်းကို လာအို စစ်တပ်ကလက်ရဖမ်းဆီးပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်ပါတယ်။ နိုဝင်ဘာ လ အတွင်းမှာတော့ ယူနန်ပြည်နယ် တရားရုံးက နော်ခမ်း နဲ့ အဖွဲ့ဝင် ၄ ဦးကို သေဒဏ်ချမှတ် ခဲ့ပါတယ်။

အခုအချိန်မှာတော့ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း လေးနိုင်ငံဟာ မဲခေါင်မြစ်အတွင်း ပူးတွဲ ကင်းလှည့်မှုတွေလည်း လုပ်နေပါတယ်။

တရုတ်အစိုးရဟာ နယ်စပ်ဒေသ ကာကွယ်ရေး လုံခြုံရေးအတွက် မောင်းသူမဲ့လေယဉ်တွေ သုံးစွဲနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ လေကြောင်း ပြပွဲမှာလည်း မောင်းသူမဲ့လေယဉ် ၈ စင်း ပြသခဲ့ပါသေးတယ်။


2 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. ဒါဟာ မြန်မာ အစိုးရ ကို သတိပေးတဲ့ သဘောဘဲ- ငါတို့  တိုက်ချင်လျှင် မောင်းသူမဲ့ လေယာဉ်နဲ့  မြန်မာနိုင်ငံထဲ ၀င်တိုက်လို့ ရတယ်- အမေရိကန်လဲ သောက်ဂရုမစိုက်ဘူးလို့  သတိပေး ပြောကြားလိုက်တာဘဲ-

  2. တရုတ်ကလည်း အမေရိကန်ကသူများနိုင်ငံထဲကို မောင်းသူမဲ့လေယာဉ်သုံးပြီးတိုက်သလို သူလည်းလုပ်ပြချင်ပုံရတယ်။ တရုတ်ကိုလျှော့တွက်လို့မရဘူး။ သူက မြန်မာပြည်ကို သူထင်တိုင်းကြဲနိုင်တဲ့လက်အောက်ခံနိုင်ငံအဖြစ်မြင်ပြီး အဲလိုဖြစ်အောင်လုပ်ချင်ပုံလည်းရပါတယ်။
    ဒါပေမဲ့ နိုင်ငံတကာကိုအကူအညီပေးပုံကိုတော့ အမေရိကန်ဆီက အတုယူမဲ့ပုံမရှိဘူး။ အတ္တသမားတရုတ်ပါ။