လက်ပံတောင်း ဆန္ဒပြ ဖြိုခွဲမှု ဖော့စ်ဖရပ် ဗုံး သုံးကြောင်းတွေ့ရှိ | ဧရာဝတီ

လက်ပံတောင်း ဆန္ဒပြ ဖြိုခွဲမှု ဖော့စ်ဖရပ် ဗုံး သုံးကြောင်းတွေ့ရှိ

Hits:26,417
  | |

မုံရွာဆေးရုံကြီးပေါ်က ခန္ဓာကိုယ်အနှံ့ မီးလောင် ခံထားရသော ရဟန်းတပါး (ဓါတ်ပုံ – မန်းသားလေး / ဧရာဝတီ)

စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူများကို ဖြိုခွဲရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အဖြူရောင် ဖော့စ် ဖရပ် ဗုံးများ အသုံးပြုခဲ့ကြောင်း သိရသည်။

မြန်မာရှေ့နေများနှင့် အမေရိကန် လူ့အခွင့်အရေးရှေ့နေတဦးသည် အဓိကရုဏ်းဖြစ်ပွားခဲ့သည့်နေရာမှ စုဆောင်းခဲ့သော သက် သေခံများထဲမှ သတ္တု ဗုံးခွံကို ယူ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပုဂ္ဂလိက ဓာတ်ခွဲခန်းတခုသို့ ပို့ဆောင် စစ်ဆေးခဲ့ကြောင်း၊ ဓာတ်ခွဲခန်း ကျွမ်းကျင်ပညာရှင်က ဗုံးခွံတွင် ဖော့စ်ဖရပ် အပြင်းစားများ ပါဝင်သည်ကို စစ်ဆေးတွေ့ ရှိခဲ့ကြောင်း၊ ယင်း စစ်ဆေး တွေ့ရှိချက် မိတ္ထူစာရွက်ကို သတင်းထောက် တဦးလည်း ကြည့်ရှုခွင့်ရခဲ့ကြောင်း နယူး ယောက်တိုင်းမ် သတင်းစာက ဇန်န၀ါရီ ၃၁ ရက်စွဲဖြင့် ရေးသား ထားခြင်း ဖြစ်သည်။

အထက်မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက် ဥပဒေ ကော်မတီ ခေါင်းဆောင် ဦးသိန်းသန်းဦး ကလည်း “ဖော့စ်ဖရပ် ပါတဲ့ လက်နက် အသုံးပြုခဲ့တယ်လို့ ကျနော်တို့ အသေအချာ ယုံကြည်ပါတယ်၊ လူတွေ ဆန္ဒမပြကြဖို့ သတိပေး ခြိမ်းခြောက်တဲ့ လုပ်ရပ်ပဲ”ဟု နယူးယောက် တိုင်းမ် ကို ပြောဆိုသည်။

အဖြူရောင် ဖော့စ်ဖရပ်သည် ဓာတုအဆိပ်သင့် သေဆုံးနိုင်သောကြောင့် ၁၉၉၃ နိုင်ငံတကာ သဘောတူညီချက်အရ အသုံးမပြုရန် တားမြစ်ထားသည်ဟု စတော့ဟုမ်းခ် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန တက္ကသိုလ် ၏ ဓာတုဗေဒ လက်နက် ဆိုင်ရာ အကြီး တန်း သုတေသန ပညာရှင် ဂျွန်ဟတ် က ပြောကြားကြောင်း နယူးယောက် တိုင်းမ် က ဖော်ပြထားသည်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို လက်ပံတောင်း ဖြိုခွင်းမှုနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် မည်သည့် လက်နက် အသုံးပြုခဲ့သည်ကို ဖြေကြားရန် ငြင်းဆိုကြောင်း သိရသည်။

လက်ပံတောင်း အဓိကရုဏ်းအတွင်း သံဃာတော် တပါးဖြစ်သည့် ဦးတိက္ခဉာဏ သည် ခန္ဓာကိုယ် ၏ ၄၀ ရာခိုင်နှုန်းခန့် မီးလောင် ဒဏ်ရာများ ရရှိခဲ့သဖြင့် အစိုးရက ဘန်ကောက်မြို့သို့ လေယာဉ်ဖြင့် ပို့ဆောင် ကုသခဲ့ရသည်။

ဦးတိက္ခဉာဏ က“မီးလောင်ဗုံးနဲ့ ပစ်တာ မြင်လိုက်ပြီးတော့ တကိုယ်လုံးကို မီးစွဲသွားတယ်၊ ပြီးတော့ မီးငြိမ်းနိုင်ဖို့ မြေပေါ်မှာ လူးလှိမ့် နေခဲ့ရတယ်”ဟု နယူးယောက် တိုင်းမ်ကို ပြောပြသည်။

ထို့ပြင် ဦးတိက္ခဉာဏ ၏ မီးလောင်ဒဏ်ရာများကို ကုသပေးနေသော ဒေါက်တာ ချက်ချိုင်း ဖရွတ်ခ်စပွန်ကလည်း သံဃာတော် သည် ပြင်းထန်ပြီး မီးလောင်လွယ်သည့် အရာတခုခုဖြင့် မီးဟပ်ခံရသည်ဟု ယူဆကြောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်း မငြိမ်သက်မှု အတွင်း ဗုံးဒဏ်ရာရရှိခဲ့သော စစ်သားများ၏ဒဏ်ရာနှင့် ဆင်တူကြောင်း၊ မျက်ရည်ယိုဗုံးဆိုပါက ယခုကဲ့သို့ မပြင်းထန်ကြောင်း ပြော ကြား ထားသည်။

လက်ပံတောင်း အဓိကရုဏ်းနှင့်ပတ်သက်သည့် ရှေ့နေများ၏ အစီရင်ခံစာသည် ရက်အနည်းငယ်အတွင်း ထွက်မည်ဟု အမေရိကန် လူ့အခွင့်အရေးဆိုင်ရာရှေ့နေ ရော်ဂျာ နော်မန် က ပြောကြားကြောင်းလည်း နယူးယောက် တိုင်းမ်တွင် ဖော်ပြထား သည်။

ရော်ဂျာ နော်မန်က ဗုံးခွံများကို ဘန်ကောက်မြို့ သြစတြေးလျ ကုမ္ပဏီပိုင် ALS ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဓာတ်ခွဲခန်းမှာ ဓာတုပစ္စည်း နမူနာများစစ်ဆေးခြင်းကို အဓိကထားသော ဓာတ်ခွဲခန်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အသုံးပြုခဲ့သော လက်နက်မှာ တခါမှမတွေ့ဘူးသေးသော အလွန်အငွေ့ပျံလွယ်ပြီး အန္တရာယ်များလွန်းသည်ဟုလည်း ရော်ဂျာ နော်မန်က ပြောဆိုထားသည်။

ဗုံးနှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပို့ထားပြီးဖြစ်ကြောင်း၊ အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မရှင်၏ အစီရင်ခံစာကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား တင်ပြ ရန် ပြောကြားထားသော်လည်း လက်ရှိတွင် နောက်ကျနေကြောင်း၊ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်ကြောင့် ပိုပြီး နောက်ကျနိုင်ကြောင်း နယူးယောက် တိုင်းမ်တွင် ပါရှိသည်။

လက်ပံတောင်းတောင် စီမံကိန်း ဒေသရှိ ရွာသားများကလည်း အကြမ်းဖက်ဖြိုခွဲပြီးသည့်တိုင် နောက်မဆုတ်ရန် ဆုံးဖြတ်ထားကြောင်း၊ ဒေသခံ တဦးဖြစ်သည့် မအေးနက် ဆိုသူက အကြမ်းဖက် ဖြိုခွင်းမှုတွင် ထိခိုက်ခဲ့သူများအတွက် တရားမျှတမှု လိုချင် သည် ဟု ပြောကြားကြောင်း နယူးယောက် တိုင်းမ် သတင်းစာက ဖော်ပြထားသည်။

၂၀၁၂ ခု နိုဝင်ဘာ ၂၉ ရက် မနက်စောစောပိုင်းက လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲမှုကြောင့် သံဃာတော် အပါး ၇၀ ကျော်နှင့် လူ ပုဂ္ဂိုလ် ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရခဲ့ပြီး သံဃာတော် ၄ ပါးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

လက်ပံတောင်းတောင် အဓိကရုဏ်းတွင် ဒဏ်ရာရ သံဃာတော်များ၏ ဓာတ်ပုံများ ပျံ့နှံ့ခဲ့ပြီး နောက် လူထုအနေဖြင့်လည်း ထိတ်လန့် အံ့သြမှုများ ဖြစ်ခဲ့ရကြောင်း၊ ၂၀၁၁ ခုနှစ်မှ စတင်၍ တာဝန်ယူခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရ၏ ထိုသို့သော ဖြေရှင်း ချက်သည် ယခင်စစ်အစိုးရ လက်ထက် က အသုံးပြုခဲ့သော ဖိနှိပ်မှု နည်းများနှင့် ဆင်တူနေသည့် အတွက် စိုးရိမ်မိကြောင်း လည်း နယူးယောက် တိုင်းမ်တွင် ပါရှိသည်။


11 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. ဒီအကြမ်းဖက်ဖြိုခွင်းမှုကို အဓိကကြိုးကိုင်သူ တာဝန်ရှိသူကို အမြန်ဖော်ထုတ်ပေးဖို့ တောင်းဆိုပါတယ်

  2. နိုင်ငံတော် သမ္မတကြီးလဲ နောက်ထပ်ဆုတခု ထပ်တိုးတာပေါ့…ဖော့စ်ဖရပ် ဦးသိန်းစိန် …လို့……မငြင်းနဲ့နော်…ဝမ်ပေါင်ကုမ္မဏီ ကပေးမှာ…..

  3. မြန်မာပြည်သား

    ဦးနေဝင်း သည် ပြည်သူလူထု ပေါ်ကောင်းချင်ယောင်ဆောင်၍ ပြည်သူလူထု ကိုနှိပ်ကွပ်ခဲ့သည်။ ဦးသန်းရွှေသည် ပြည်သူလူထုအပေါ်တွင် ကောင်းချင်ယောင် မဆောင်နိုင်လောက်အောင် အထင်အမြင်လွှဲမှားစွာ နှိပ်ကွပ်ခဲ့သည်။
    ဦး သိန်းစိန် သည် မည်သည့်လူစား မျိုးလဲ…

  4. မြန်မာ တိုင်းရင်းသူ

    ပြောရတာလဲ အထပ်ထပ်အခါခါ ထပ်ပြန်တလဲလဲ ဓါတ်ပြား အပ်ကြောင်းထပ်နေပါပြီ။
    ဒါပေမယ့် မပြောမပြီး မတီးမမည်ဆိုသလို ထပ်ပြောလိုက်ပါဦးမယ်။
    သောက်သုံးမကျတဲ့ မိစ္ဆာ အစိုးရ။
    သတင်းရေးသားတဲ့ ဧရာဝတီ သတင်းထောက်ကို ကျေးဇူးတင်ပါတယ်။

  5. ဒေါ်အောင်ဆန်းစုကြည်ဒီအချိန်မှာကိုရီးယားသွားသင့်တာမဟုတ်ဘူး လက်ပံတောင်၊ ရခိုင်၊ချင်စတဲ့နေရာတွေကိုသွားသင့်တာ စိတ်ကုန်တယ်

  6. အပြင်လူ

    အို … မဟုတ်ဖူး … မဟုတ်ဖူး မဟုတ်ပါဘူးလို့ ဆိုနေ …

    ဟင်း … အရင်လို ဇွတ်မှိတ်ငြင်းဖို့ မလွယ်တော့ပါကလား ………….

  7. pps၁၂၃၄၅

    သမ္မတကြီး က အလိမ်အကောက်တော့ ကျွမ်းတယ်။ ဂိုးတော့ မသွင်းတတ်ဘူး။

  8. Phosphorous bomb ဗုံးမျိုးကို အရပ်သားတွေအပေါ်မှာဖြစ်စေ၊ အရပ်သား တွေနေထိုင်ရာ နေရာမျိုးမှာဖြစ်စေ လုံးဝသုံးခွင့်မရှိဘူးလို့ Geneva Convention (Protocol III, Article I) မှာ အတိအလင်း တားမြစ် ထားပါတယ်။ စစ်တိုက်တဲ့နေရာ မှာတော့ မိမိတပ်တွေ လှုပ်ရှားမှုကို မီးခိုးထုတ်ပြီး ဖုံးကွယ်ဖို့ ရည်ရွယ်ချက်နဲ့ သုံးခွင့် ရှိပါတယ်။ တဖက်ရန်သူစစ်သားတွေကို မီးလောင်တိုက်သွင်းဖို့ ရည်ရွယ်ချက်နဲ့ သုံးရင်တော့ ဓါတုဗေဒလက်နက်သုံးစွဲရာရောက်တဲ့အတွက် ဓါတုလက်နက်ကို ရှောင်ကြဉ်ဖို့ ခံဝန်ချက် လက်မှတ်ထိုးထားတဲ့ မြန်မာပြည်အပါအ၀င် နိုင်ငံတွေ မသုံးသင့်ပါဘူး။

    ဒါကြောင့် ဒီဗုံးမျိုးကို သပိတ်စခန်းဖြိုခွဲရာမှာသုံးစွဲတာဟာ Geneva Convention ကိုချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါပေမယ့် မီးခိုးထုတ်လွှတ်ဖို့ သုံးစွဲတဲ့ ဗုံးမျိုး ဖြစ်လို့ အစိုးရဖက်က “မီးခိုးဗုံး” သုံးတာပါလို့ ပြောတာဟာလဲ အမှန်ဖြစ်လောက်ပါတယ်။

    (ရည်ညွှန်း http://en.wikipedia.org/wiki/White_phosphorus#Arms_control_status_and_military_regulations)

  9. ဒေါက်တာဂုတ်ကြား

    သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများသိဘို့လိုပါပြီ။ဘူးကွယ်လို့ရတဲ့အချိန်ကာလမဟုတ်တော့
    ပါ။ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဖြစ်သင့်ပါပြီ။ မှန်မှန်ကန်ကန်ပြောဆိုလုပ်ကိုင်ဆောင်ရွက်ရမဲ့
    အချိန်ပါခင်ဗျ။

  10. ဒီအကြမ်းဖက်ဖြိုခွင်းမှုကို အမိန့် ပေးတာဘယ်သူဖြစ်မလဲ။
    ဘယ်သူက အမိန့် မပေးဘဲလုပ်ရဲမလဲ။
    ထိပ်ဆုံးကမခိုင်းပဲလုပ်တာဆိုရင် အခုလောက်ဆိုပြည်ထဲရေးဝန်ကြီးတောင်ရှိတော့မယ်မထင်ဘူး၊တွေးကြည့်ရင် ရှင်းနေတာပဲလေ။
    ဘယ်သူကြောင့်ဆိုတာကို