နံပါတ်လှ မိုဘိုင်းဖုန်း မန္တလေးလေလံ ကျပ် သိန်း ၁၂၀၀ အမြတ်ရ | ဧရာဝတီ

နံပါတ်လှ မိုဘိုင်းဖုန်း မန္တလေးလေလံ ကျပ် သိန်း ၁၂၀၀ အမြတ်ရ

Hits:1
  | |

ဖုန်းလေလံပွဲမြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြီးမှူးကျင်းပသည့် ပထမဆုံးအကြိမ် မိုဘိုင်းဖုန်း နံပါတ်အလှ လေလံပွဲတွင် မန္တလေးမြို့ လေလံမှ ကျပ်သိန်း ၁၂၀၀ ကျော် အမြတ်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေးမှ နံပါတ်လှသော GSM မိုဘိုင်းဖုန်းလိုင်း ၃၇ လိုင်းနှင့် WCDMA မိုဘိုင်းဖုန်းလိုင်း ၂၃ လိုင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့က မန္တလေး မြို့တော်ခန်းမ ၁ တွင် လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေလံပွဲတွင် GSM မိုဘိုင်းဖုန်းလိုင်း ၃၇ လိုင်း၏ မူလတန်ဖိုးကျပ် ၇၄ သိန်းနှင့် WCDMA မိုဘိုင်းဖုန်းလိုင်း ၂၃ လိုင်းမှ မူလတန်ဖိုး ၅၇ သိန်း ၅ သောင်း ရရှိခဲ့သည်။

GSM မိုဘိုင်းဖုန်းလိုင်း ၃၇ လိုင်း လေလံတင်စနစ်မှ အသားတင်အမြတ်ငွေ ကျပ် ၈၅၃ သိန်း ၅ သောင်းနှင့် WCDMA မိုဘိုင်းဖုန်းလိုင်း ၂၃ လိုင်း လေလံတင်စနစ်မှ အသားတင် အမြတ်ငွေ ကျပ် ၄၂၅ သိန်း ရရှိခဲ့သည်။ ယင်းငွေများကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သတ်မှတ်ပြီး နိုင်ငံတော်သို့ ပေးသွင်းသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ကြေညာခဲ့သည်။

လေလံပွဲတွင် အမြင့်ဆုံး ဖုန်းလေလံမှာ ကျပ် ၄၇ သိန်းဖြစ်ပြီး ယင်းနံပါတ်မှာ ၀၉ ၄၀၄၄၄၄၄၄၄ ဖြစ်၍ လေလံအောင်သူမှာ ရန်ကုန်တွင် နေထိုင်သည့် ဒေါက်တာ ရုံမိုးဟု သိရသည်။

“ကျနော်က ဒီနံပါတ်ကို အစောကြီးကတည်းက ကြိုပြီး စောင့်နေတာ။ ဒီနံပါတ်ကို လိုချင်လို့ ဒီလေလံပွဲကို လာခဲ့တာပါ။ နောက်ဆုံး မရမှာစိုးလို့ ဒီဈေးပေးပြီး ယူလိုက်တာပါ” ဟု ဒေါက်တာရုံမိုးက ဧရာဝတီကို ပြောသည်။

လေလံတင် ဖုန်းလိုင်း ၆၀ တွင် လေလံဝင်ရောက် ဆွဲခဲ့သူ စုစုပေါင်း ၁၂၉ ဦး ရှိခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေး လေလံစာရင်းများအရ သိရသည်။

ဖုန်းလေလံ ၀င်ရောက်ဆွဲသူများမှာ ဖုန်းအရောင်းဆိုင်များက အများဆုံးဖြစ်သော်လည်း လေလံပွဲတွင် ဖုန်းလိုင်းများကို ကျပ်သိန်း ၄၀ ထက် ပိုပေးခြင်း မရှိကြောင်း လားရှိုးမြို့ ဖုန်းအရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။

“ကျနော်တို့က နံပါတ်လှ ဖုန်းတွေ ပြန်ရောင်းတာ ဆိုတော့ ဈေးတအားပေးလို့ မဖြစ်ဘူး။ သိန်း ၄၀ ပေးတယ်ဆိုတာတောင် တော်တော်လှတဲ့ ဖုန်းဖြစ်နေလို့။ ၀ယ်လက်အနေနဲ့ကျတော့ နံပါတ်အရမ်းလှရင် သိန်း ၄၀ အထက် ပေးတတ်ကြတယ်။ အဲဒါကြောင့် သိန်း ၄၀ လောက်ပဲ ကိုယ်က ရင်းရဲတာပါ” ဟု ၎င်းက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ ကျပ် ၂ သိန်းတန် GSM နှင့် CDMA ဖုန်းလိုင်းများကို ပြီးခဲ့သည့် မတ်လမှ စတင် ရောင်းချပေးခဲ့ပြီး ယခု လေလံတင်သည့် ဖုန်းလိုင်းများမှာလည်း နံပါတ်လှသည့် ကျပ် ၂ သိန်းတန်များကို ရောင်းချခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က မန္တလေးမြို့တွင် နံပါတ်လှသည့် ကျပ် ၂ သိန်းခွဲတန် WCDMA ဖုန်းလိုင်းကို တရုတ်လူမျိုးတဦးက ကျပ် ၁၀ သိန်းနှင့် ပေးဝယ်ခြင်းမှ အစပြုကာ ယခုကဲ့သို့ နံပါတ်လှ ဖုန်းလိုင်းများ လေလံတင် ရောင်းချခြင်း ပေါ်ပေါ်လာခဲ့ခြင်း ဖြစ်နိုင်ကြောင်း မန္တလေးသား တဦးက ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင်လည်း ဒုတိယမြောက် လေလံပွဲကို ရန်ကုန်မြို့ MICT Park တွင် ထပ်မံ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


3 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. မြန်မာ တိုင်းရင်းသူ

    ဖုန်းနံပါတ်က နံပါတ်ပါပဲ။ ကိုယ့်နံပါတ် လူမှတ်ရလွယ်တော့ အနှောက်အယှက်ပေးချင်သူတွေ တချိန်လုံး လှဲ့နေ၊ ခေါ်နေမှာ မစိုးရိမ်ဘူးလား။
    အိမ်နံပါတ်လှလို့ အဲသည်အိမ်ကို ဈေးပြိုင်ပေးဝယ်တာ နားလည်တယ်။ ဗေဒင်ကိန်းခန်း ယုံတဲ့ လူတွေ စီးပွားတက်၊ ကျမ်းမာရေး ကောင်းဘို့ စိတ်ကူးနဲ့ပေါ့။ ဖုန်းနံပါတ်လှတော့ ဘာဖြစ်သလဲ။
    အင်းလေ .. ငွေ သိပ်ပေါနေလဲ ဗမာပြည်တ၀ှမ်း လှုစရာတွေ အပြည့်ပါ ရှင်တို့ရယ်။

  2. What’s kind of people are too much rich & How they get the money to waste meaningless things ?

  3. How funny it is. Only Chinese and Burmese will do this kind of idiotic thing.