တဦးချင်း သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များ စတင်ထုတ်ပေးလျှက်ရှိ | ဧရာဝတီ

တဦးချင်း သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များ စတင်ထုတ်ပေးလျှက်ရှိ

Hits:5,239
  | |

မြဝတီ နယ်စပ် ကုန်သွယ်ရေးဇုန် မြင်ကွင်း (ဓာတ်ပုံ – ဇွဲထက် / ဧရာဝတီ)

နယ်စပ် ကုန်သွယ်ရေး ဇုန်များတွင် ဒေသခံ ကုန်သည်ငယ်များနှင့် လုပ်ငန်းရှင်များ အတွက် တဦးချင်း အနည်းဆုံး သိန်း ၅၀ အထိ တင်ပို့၊ တင်သွင်းခွင့် ရှိသည့် သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များကို ဒီဇင်ဘာ ၁ ရက်နေ့မှ စ၍ ထုတ်ပေးလျှက် ရှိကြောင်း သိရသည်။

“ကျနော်တို့ဆီ ရောက်လာတဲ့ သွင်းကုန်ပစ္စည်း အားလုံး တရားဝင်လိုင်စင်နဲ့ သတ်မှတ်ထားတဲ့အခွန် ပေးဆောင်ပြီး သွားနေတယ်။ ဒေသ အနေအထား အရ လမ်းကြောင်း အသီးသီးကနေ သွားနေတာကိုတော့ မထိန်းချုပ်နိုင်ဘူး” ဟု မြ၀တီနယ် စပ်ကုန်သွယ်ရေး ဇုန်မှ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ရန်နိုင်ထွန်းက ဧရာဝတီသို့ ပြောသည်။

နိုင်ငံတော်က လိုင်စင်အပိုင်း၊ ကုန်ပစ္စည်းအပိုင်း များနှင့် ပတ်သက်၍ ဖြေလျှော့ပေးမှုများ ရှိသော်လည်း ကုမ္ပဏီ လုပ်ငန်းရှင် တချို့သည် အခွန်ရှောင်ရန် တရားမ၀င် လမ်းကြောင်း အမျိုးမျိုးမှ ကွင်းရှောင် သယ်ပို့နေကြောင်း၊ သွင်းကုန်များတွင် စက်သုံးဆီ အများဆုံး ဖြစ်ပြီး အရက်၊ ဘီယာနှင့် ဆေးလိပ်များ ပါဝင်ကြောင်း၊ ယင်းကုန်ပစ္စည်းများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန (စီးပွား/ ကူးသန်း) က တရားဝင် ခွင့်ပြုသွားရန်ရှိကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ဖြစ်သော မြ၀တီ နယ်စပ်ကုန်သွယ်ရေးဇုန်ကို ဖြတ်၍ စက်သုံးဆီ၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ တင်သွင်းပြီး ရေနှင့် လယ်ယာ ထွက်ကုန်များ ပြန်လည် တင်ပို့လျှက် ရှိသည့် ယင်းဇုန်၏ တနေ့တာ ၀င်ငွေသည် အနည်းဆုံး အမေရိကန် ဒေါ်လာ ၂ သန်း နီးပါး ရှိကြောင်း သိရသည်။

“လိုင်စင်ဂျူတီ အပိုင်းကို ကုန်သည်က ပေးဆောင်ရတယ်။ လိုင်စင် မရှိတဲ့ သူတွေက ကုမ္ပဏီတွေနဲ့ ပေါင်းပြီး လုပ်ပေါ့။ ဒီမှာ အေးဂျင့်တွေ အများကြီး ရှိတယ်” ဟု ကုန်စည် စီးဆင်းမှု အတွက် ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီ တခုမှ ကိုညီညီအောင်က ပြောသည်။

အသေးစား သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်များသည် ယင်းဒေသရှိ ကုမ္ပဏီ အေးဂျင့်များနှင့် ကုန်စည် သယ်ယူမှုများ ပြုလုပ်လျှက်ရှိပြီး ရန်ကုန်အထိ ကုန်စည်သယ်ယူ ပါက ၁၂ ဘီးကား တစီးလျှင် စရိတ် ၁၀ သိန်းခန့် ကုန်ကျကြောင်း သိရသည်။

ထိုင်းနိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများ တင်သွင်းနေသည့် ကုန်သည်တဦးက “ကျမတို့ အခွန်ပေးဆောင်ရတာ
တွေ များနေတယ်။ အခု တရားဝင် လမ်းကြောင်းပေါ် အကုန်နီးပါး ရောက်နေပြီလေ။ အခွန် နှုန်းထားတွေ ထပ်ချပေး သင့်တယ်” ဟု ဆိုသည်။

မြ၀တီ – ကော့ကရိတ် လမ်းကြောင်းတွင် ကုန်တင်ကုန်ချ ပြုလုပ်နေသည့် ယာဉ်မောင်း ဦးဝင်းရွှေက “လမ်းမှာပိတ်ဆို့မှု ဖြစ်တယ်။ စည်းကမ်းမရှိ မောင်းနှင်တာကြောင့် လမ်းမှာ တစီးနဲ့တစီး တိုက်မိတာတွေ ရှိတယ်။ အခတ်အခဲ တွေကတော့ အများကြီးပဲ။ ဒီလမ်းကို ဒါထက် ကောင်းအောင် ပြင်ပေးရင် စီးပွားရေး လမ်းကြောင်း ပိုပြီးတော့ ပွင့်လင်းမယ်လို့ ထင်တယ်။ ခိုးလမ်းက အများဆုံးသွားတဲ့ သူတွေရှိတယ်” ဟု သူကပြောသည်။

ကုန်တင်ကားများ အတွက် လမ်းကြောင်း ချပေးသည့် အဖွဲ့အစည်းများကို ပေးရပြီး လမ်းဂိတ်များတွင်လည်း ကျပ် ၅၀၀၊ ၁၀၀၀ စသည်ဖြင့် သတ်မှတ်ကြေးမရှိဘဲ တောင်းသည့်အတိုင်း ပေးနေရသေးကြောင်း ကားသမား များထံမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် အဖွဲ့စုံပါဝင်သည့် Mobile Team ဖြင့် အကောက်ခွန် စည်းကြပ်မှုများ ပြုလုပ်သည့်အတွက် ကုန်သည်များ အခွန်ပေးဆောင် စရိတ် မြင့်တက်ပြီး ကုန်ဈေးနှုန်း ကျဆင်းမှုမှာ မဖြစ်နိုင်သေးကြောင်း ကုန်သည်များက ပြောသည်။

ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ဖြစ်သည့် မြ၀တီ၊ တာချီလိတ်၊ ကော့သောင်းနှင့် မြိတ် လမ်းကြောင်း များတွင် အခွန်အကောက် စည်းကြပ်နိုင်သည့် Mobile Team များ ဖွဲ့စည်းကာ တရားဝင် တင်သွင်းခွင့် မပြုထားသည့် ကုန်စည်များ စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ၎င်းအဖွဲ့တွင် ပါဝင်သည့် နယ်စပ်ကုန်သွယ်ရေး ဌာန တာဝန်ရှိသူတဦးက ဆိုသည်။


5 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. ဦးဝင်းရွှေပြောတာ ထောက်ခံပါတယ်..လမ်းကောင်းမှ ကုန်သွယ်မှု့ကောင်မှာပါ..

  2. ကိုဦး

    mobile team က စစ်တာတော့ကောင်းပါတယ်..ဒါပေမဲ့ တပြေးညီ နဲ့ မှန်သင့်တယ်ဗျာ..ဒုတ် တခု ရလို့ ရိုက်သလို ဖြစ်နေတာ တွေ တွေ့နေရတယ်..ဥပမာ ဗျာ သံတောင်ကို ပို့မယ် ပြောရ င်
    ဒေသသုံး ကျပ် လိုင်စင် ရတယ်..မြ၀တီ..သံတောင် ကရင်ပြည်နယ်လေ..မယုံရင်တော့ ပြည်တွင်းသွား ဒေါ်လာ လိုင်စင်မှ ရမယ်ပေါ့..ယုံအောင် လာထား ပေါ့..လိုင်စင် ရိှရင်လဲ အိုင်ဒီ လိုတယ်..အိုင်ဒီ သက်တမ်း ပါးစပ် နဲ့ သတ်မှတ် ပြန်ရော.နကသ ညွှန်ကြားချက်တဲ့..တပတ်.၁၀ ရက်..နှစ်ပတ်.အမျိုးမျိုး.. ဥပဒေ..မရှိဘူး..MOBILE TEAM လဲ ပါးစပ် နဲ့ ဗိုက်နဲ့..နောက်ပြန်ဆွဲနေတာ ပါဘဲ..

  3. ပေါက်တော

ှုမှန်တယ်ဗျာ.ကိုဦးရေ..၅.၁၂.၁၂ နေ့ က mobile team စစ်တာပြီး မှ လှည်းကူး ရဲစခန်း က ကားကြီး (၁၀)စီး ဖမ်းပြီးထပ် စစ်သေးတယ်..စခန်းထဲ ကိုသွင်း ထားတာ.မြ၀တီ က ကားတွေဘဲ.ညစ်နေကြတာလေ.စက်သုံးဆီ ကျတော့ လဲ hot item တဲ့ ..၁၂.၁၁.၁၂ နေ့ရယ်.၁၂.၁၂.၁၂ နေ့ရယ် boxser တွေ စစ်တောင်းမှာ စစ်ပြီးလွှတ်တယ်..ဝေါရောက်မှ ပြန်ခေါ်တယ်..မသွားရဘူးတဲ့..ကျပ် လိုင်စင် မို့တဲ့ဗျ..မြ၀တီ က နကသ ကတော့ သွားလို့ ရတယ်.ပြောပြန်ရော..နောက် ကုန်သည် တစ်ဦး တိုင်တော့ နကသ ရုံးချုပ် က ကျပ် လိုင်စင် ပြည်တွင်းသွား ခွင့်ပြုရာ ကနေ ပြင်ပြီး မသွားရ အမိန့်ထပ် ထုတ်တယ် တဲ့ဗျ..mobile team ကလဲ ငြိမ်းချမ်းရေး အဖွဲ့ ဆို ကြောက် တယ်တဲ့ဗျ..ဒီတော့ ကုန်သည် က ငြိမ်းချမ်းရေး ကို ကပ်ပြန်ရော..အားလုံးကို ရှုပ်နေ တာဘဲ..သေပြီဆရာ..(ပြည်သူတွေ)

  4. သင်းမမ

    မကျေနပ်ရင် ဝေါ က surprise စစ်ရင်ရတယ်လေ..စစ်သင့်တယ် ထင်ပါတယ်..ငြိမ်းချမ်းရေး ကလဲ တစ်ပါကင်..တစ်ထုတ်..တစ်ပေပါ..၇၅၀၀ နှုန်းတဲ့..စစ်တောင်း တံတားဖြတ်ကြေးလေ.ကြားတာပါ.ညှိကြလား မသိပါဘူး..ကျားသေလဲ အသက် ၀င်နိုင်ပါတယ်..အပြည်ပြည် ဆိုင်ရာမှာတော့ အကောက်ခွန် ဥပဒေ ဘဲ ရှိတယ် မှတ်ဖူးပါတယ်..နကသ ကတော့ ဗမာ နည်း ပရို ခရိုနီ လိုလိုဘဲ..လုပ်ကြပါ..မောင်တို့ရယ်…

  5. နေမင်းဗလ

    နိုင်ငံတော်သမတကြီး ဦးသိန်းစိန် အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်က လွတ်လပ်စွာရောင်းဝယ်ခွင့် ဆိုတဲ့ စီးပွါးရေးစနစ်ချမှတ်လမ်းညွှန်ပေး ထားပေမဲ့ မြန်မာနိုင်ငံတွင် ထိပ်တန်းရောက်ရှိနေကြသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏
    အကျိုးစီးပွား ကို ကာကွယ်ရန်အလို့ငှာ တံစိုးလက်ဆောင် / ခင်မင်ရင်းနှီးအစွဲ များကြောင့်
    တာဝန်ရှိသော လုပ်ပိုင်ခွင့်ရှိသော ဌာနမှ အကြီးအကဲများနှင့် ပူးပေါင်းတိုင်ပင်ဆောင်ရွက်နေ ကြသည်မှာ နိုင်ငံ၏ အနာဂတ်ခရီးအတွက် အလွန်ရင်မောဖွယ် ဖြစ်ပေသည်။
    ကုန်ပစ်စည်းတင်သွင်းရာတွင်လည်း ဟိုပစ်စည်းပိတ်ပေးပါ ၊ ဒီပစ်စည်း လေးတော့ ပိတ်ပေး ပါဆိုပြီး ပြုလုပ်ခဲ့ကြလေသည်။ တင်သွင်းခွင့် ရပြန်တော့လည်း အကြောင်းအမျိုးမျိုးပြ ပြီး ကုန်သည်များ အပေါ် တဘက်လှည့်နဲ့ ဒုတ်ခပေးပြန်တယ်။ ခါးစည်းခံနေရတာကတော့ ကုန်သည်အသေးလေးတွေဘဲလေ ။ ညီမျှမှု မရှိသော ကုန်သွယ်မှုစနစ်၊ တည်ငြိမ်မှုမရှိ သောကုန်သွယ်မှုစနစ်များကြောင့် တိုင်းပြည်တိုးတက်ရန် အတော်ရင်လေးဖွယ် ကောင်းနေပါတော့သည်။ အကျင့်ပျက်ချစားနေသော ၀န်ထမ်းများ လည်း ဖယ်ရှားသင့်နေပါသည် ။ ကုန်သည်များအနေနဲ့လည်း တိုင်းပြည်ကိုချစ်တဲ့စိတ်ကို အခြေခံပြီး ကိုယ်စီအသိဖြင့် အခွန်များပြည့်ဝစွာပေးဆောင်ရင်း နိုင်ငံတော်ကြီး တိုးတက် ချမ်းသာကြွယ်ဝလာစေရေး အတွက် ပါဝင်ဆောင်ရွက်သင့်ပါသည် ။ Mobile Team ကိုလည်း အခွန်များတိုးပွားလာမှုအတွက် လေးစားပါသည် ။ ရရှိသော အာဏာအားအလွဲ သုံးစားမလုပ်မိစေရေး ၊တစ်ဦးတစ်ယောက်၏ စီးပွါးရေးကို ကာကွယ်ပေးနေမှုများ ပြင်သင့်
    ပါပြီ ။ နယ်စပ်ကုန်သွယ်ရေး အာဏာပြန်လည်တည်ဆောက်ရေး အတွက် ဆိုတဲ့ရည်ရွယ်ချက်တွေလည်း ရှိနေသည်မှာ ဘာကြောင့်လဲဆို ကိုယ်ကိုယ်တိုင်ပဲသိကြ မှာပါ။ တိုင်းပြည်မှာ ကိုယ်အလုပ်ကိုယ်မလုပ်ပဲ သူများအလုပ်ကိုလုပ်ခြင်နေကြသူများ ၊ မသာမာသော ၀င်ငွေရရှိနိုင်သည့် စစ်ဆေးရေးဂိတ်များတွင် ၀န်ထမ်းအားလုံးသည် ငါတို့လည်းဆိုင်တယ် ၊ တာဝန်ရှိတယ် ဟုယူဆကြသည်မှာ အတော်လေးစားဖွယ်ကောင်း နေပါတော့သည် ။