သတင်း

မလက်တို အဓိကရုဏ်း ဥပဒေဘောင်အတွင်းမှ ဆက်ဖြေရှင်းမည်

Hits:5,718
  | |
Print This Post

ရွှေည၀ါ ဆရာတော်နှင့် မစိုးရိမ် ဆရာတော် ဦးဝီရသူတို့ မအူပင်မြို့နယ်ရှိ အဓိကရုဏ်းဖြစ်ရာ ပင်လောင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညက အာဏာပိုင်များနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု အတွင်းရှိ အသိမ်းခံရသော လယ်မြေများကို ပြန်လည်ရရှိရေးနှင့် ပတ်သက်၍ အဓိကရုဏ်း ဖြစ်ခဲ့ပြီးနောက်ပိုင်း ထိပ်တိုက် ရင်ဆိုင်နေမည့်အစား ဒေသခံများဘက်က ငြိမ်းငြိမ်းချမ်းချမ်းဖြင့် တရားဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ညက ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၊ ဆရာတော် ဥူးပါမောက္ခ၊ မစိုးရိမ် တိုက်သစ် ဆရာတော် အရှင် ၀ီရသူတို့နှင့် ဒေသခံ လယ်သမားများ တွေ့ဆုံပွဲတွင် တက်ရောက်လာသော လယ်သိမ်းခံ ရွာသားများက သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရန် ဒေသခံများအတွက် လိုအပ်သော လမ်းညွှန်မှုများကို ပေးသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့ပေါ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းထွန်းက ပြောသည်။

“ဆရာတော်များရဲ့ မိန့်မှာချက်အတိုင်း ဒေသခံတွေ ဥပဒေဘောင်ထဲက ဆော်ရွက်နိုင်ဖို့ ကျနော်တို့ဘက်က ကူညီပါ့မယ်။ ဒီနေ့ အဲဒါကို စတင် အကောင်အထည် ဖော်ပါ့မယ်” ဟု ကိုထွန်းထွန်းက ဆိုသည်။

ယနေ့ နောက်ဆုံး အခြေအနေအရ လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဘက်နှင့် ဒေသခံများ ၂ ဖက်စလုံး တင်းမာမှုများ လျော့ကျသွားပြီ ဖြစ်ကြောင်း၊ တဖက်နှင့်တဖက် လက်နက်ကိုင်ဆောင်ကာ အသင့် အနေအထားမျိုး မပြင်ဆင်ထားတော့ကြောင်း ၄င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး ရဲတပ်ဖွဲ့နှင့် ဒေသခံများ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ရာမှ ညနေပိုင်း အချိန်တွင် အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ခဲ့ကြပြီး ည ၇ နာရီအချိန်မှ သန်းခေါင် ၁၂ နာရီအချိန်အတွင်း ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် အရပ်သား ၁၅ ဦး ထိခိုက်ဒဏ်ရာဖြင့် မအူပင်ဆေးရုံသို့ ရောက် ရှိလာခဲ့ကြောင်း မအူပင် ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်စိုးက ဧရာဝတီသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင်လည်း အဆိုပါ ဖြစ်စဉ်ကြောင့် ဒဏ်ရာရသည့် နောက်ထပ် အရပ်သား ၄ ဦး ဆေးရုံသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ ဒဏ်ရာရသော တပ်သား ရဲကျော်သူသည် ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း အစောပိုင်း သတင်းများက ရေးသားကြသော်လည်း မအူပင် ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်စိုးကမူ အဆိုပါရဲတပ်သားမျာ တုတ်ဒဏ်ရာကြောင့် ဦးခေါင်းရိုး ကျိုးပြီး ဒဏ်ရာပြင်းထန်သောကြောင့် ရန်ကုန်ဆေးရုံးကြီးသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ဒေသခံများက ကျည်ဆံ ထိမှန်သူ ၄ ဦးရှိသည်ဟု ပြောဆိုကြသော်လည်း ကျည်ဆံထိမှန်သော ဒဏ်ရာဖြင့် အရပ်သား လူနာများ ရှိမရှိကို မအူပင် ဆေးရုံက အတည်ပြုချက် မပေးပေ။ အသားကို ဖောက်ထွင်းသွားသည့် ဒဏ်ရာများ တွေ့ရှိရသော်လည်း ဒဏ်ရာထဲတွင် ကျည်ဆံ မတွေ့ရှိရကြောင်းနှင့် ဒေသခံလူနာများကို ရာဇဝတ်မှု လူနာ (PC) အဖြစ် ဆေးကုသပေးခြင်းမျိုး မရှိကြောင်းလည်း ဒေါက်တာ မြင့်စိုးက ပြောသည်။

အသိမ်းခံထားရသော လယ်များသည် မိမိတို့ဘ၀အတွက် အရေးပါသောကြောင့် ထိုလယ်များကိုသာ ပြန်လိုချင်ကြောင်း မအူပင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသည့် မလက်တိုကျေးရွာအုပ်စု၊ အဓိတ်ကျေးရွာမှ မစိန်ဝင်းက ဆိုသည်။

“ဒီလို အရိုက်ခံလိုက်ရတဲ့ ဖြစ်ရပ်တွေနဲ့ ပက်သက်ရင် ကျမကတော့ ဒီလယ်ပဲ လိုချင်တယ်။ ဒီလယ် သိမ်းပိုက်ခံလိုက်ရတဲ့ အချိန်ကတည်းကိုက ကျမတို့ ဒုက္ခရောက်ခဲ့ရတယ်။ အဲဒီဒဏ်ကို မခံနိုင်လို့ ထဖြစ်တာပါ။ သေသေကြေကြေဆိုပြီး ရင်ဆိုင်ကြတာ။ ရခွင့်ရထိုက် ရှိရမယ်ဆိုပြီး ရင်ဆိုင်တာ” ဟု မစိန်ဝင်းက ပြောသည်။

မအူပင်ဆေးရုံတွင်ပင် ဆေးကုသမှု ခံယူနေရသည့် ရဲတပ်သား အောင်စိုးနိုင်က မိမိတို့ အကြီးအကဲများက ဒေသခံများနှင့် ညှိနှိုင်းသော်လည်း ဒေသခံများက လက်မခံသည့်အတွက် အကြီးအကဲများက အမိန့်ပေးသည့်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအဓိကရုဏ်း ဖြစ်နေသည့် အချိန်တွင် မိမိသည် အရှေ့ဆုံးနေရာတွင် ရှိမနေသောကြောင့် မည်သည့်ဘက်မှ စတင် ရိုက်ပုတ်ကြသည်ကို မသိကြောင်း ဧရာဝတီသို့ ပြောသည်။

မိမိတို့သည် နိုင်ငံရေး ဆိုသည်ကိုလည်း နားမလည်ကြောင်း၊ ယခုကဲ့သို့ ဖြစ်ပျက်ခဲ့သည့် အပေါ်တွင်လည်း မည်သို့မျှ မှတ်ချက် မပြုလိုကြောင်း ၄င်းက ဆက်ပြောသည်။

ထို့အတူ ဆေးကုသမှု ခံယူနေရသော ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ခရေကုန်းရဲစခန်းမှ ရဲတပ်သား ကိုဇော်မင်းထွန်း ကလည်း မိမိတို့က အေးအေးချမ်းချမ်းပင် ဖြစ်စေချင်သည့်အတွက် လူကြီးများကိုယ်တိုင်း ညှိနှိုင်းခဲ့သော်လည်း ဒေသခံများဘက်မှ လက်မခံခဲ့ကြောင်း၊ ထို့အတွက် တာဝန်ရှိသည့်အတိုင်း ဆောင်ရွက်ခဲ့ရကြောင်း ပြောသည်။

“ကျနော်တို့လည်း မဖြစ်စေချင်ပါဘူးဗျာ။ ကျနော်တို့က အဓိကရုဏ်းတွေကို ဖြေရှင်းရမယ့် စည်းကမ်းအတိုင်း သူတို့ကို ကြေညာတယ်။ ကျနော်တို့က ညှာပါတယ်။ ကျနော်တို့ လုပ်ချင်ရင် သူတို့နာကြမှာပေါ့။ အမျိုးသမီးတွေက ရှေ့မှာနေကြတာ” ဟု ၄င်းက ဆိုသည်။

ဒေသခံများအနေဖြင့် ယခုကဲ့သို့ လုံခြုံရေးယူသည့် ရဲများကို ရင်ဆိုင်မှု မပြုလုပ်ခင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များထံသို့ စာပို့အကြောင်းကြား အကူအညီတောင်းခြင်း မပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်လျှင်လည်း ပြေလည်လိမ့်မည်ဟု မယုံကြည်ကြောင်း ဒေသခံများက ပြောသည်။

မိမိတို့အနေဖြင့် လုပ်ပိုင်ခွင်ရှိသည့် အခြေအနေထက် ကျော်လွန်ပြီး ဒေသခံများအပေါ် လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိကြောင်း၊ ပြည်သူများဘက်မှလည်း ဥပဒေနှင့် တာဝန်များကို လိုက်နာရန် လိုအပ်ပြီး မလိုက်နာသည့်အတွက် ယခုကဲ့သို့ မဖြစ်သင့်သည်များ ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း မအူပင်မြို့နယ် ရဲမှူး တင့်ဆွေက ဖေဖော်ဝါရီ ၂၇ ရက် နေ့ညတွင် ရွှေည၀ါဆရာတော် အပါအ၀င် ဆရာတော်များနှင့် တွေ့ဆုံစဉ်က လျှောက်ထားခဲ့သည်။

ဆရာတော် အရှင် ဝီရသူက “ဒီပဋိပက္ခတွေ ဖော်ဖို့က မျှတဖို့လိုတယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းက နည်းလမ်းကျပေမယ့် ရွာသားတွေက အာဏာပိုင်တွေဘက်ကို ယုံကြည်မှု မရှိကြသေးဘူး။ အဲဒါကို ပြန်တည်ဆောက်ဖို့ လိုတယ်။ ဒီလိုဖြစ်လာဖို့ကလည်း ထင်သာမြင်သာ ရှိဖို့လိုတယ်” ဟု ပြန်လည်မိန့်ကြားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် အဓိကရုဏ်းနှင့် ပတ်သက်၍ မလက်တို ကျေးရွာအနီး အော့ချက်ဒ် ကုမ္ပဏီပိုင် ဧက ၅၅၀ ရှိ ငါးမွေးကန်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ဗေဒါစာသင်ကျောင်းမှ လင်းပိုင်စိုး၏ လှုံဆော်မှုဖြင့် လူအင်အား ၁၀၀ ခန့်က စပါးစိုက်ပျိုးရန် အကြောင်းပြ၍ ဥပဒေမဲ့ ဆောင်ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ မြင့်စိန်က အမှုဖွင့် တိုင်ကြားခဲ့သဖြင့် မြို့နယ်အဆင့် တာဝန်ရှိသူများက လာရောက်ဖျောင်းဖျခဲ့ကြောင်း၊ နောက်ပိုင်းတွင် လူအုပ်စုမှာ ၂၀၀ ဦးအထိ ရှိလာပြီး ပုဒ်မ ၁၄၄ ထုတ်ခဲ့ကြောင်း ရေးသားထားသည်။

ဆက်လက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ရာတွင် လုံခြုံရေး ရဲတပ်ဖွဲ့က လက်နက်များဖြင့် ခြောက်လှန့်လူစုခွဲခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားရာတွင် မအူပင်ခရိုင် ရဲတပ်ဖွဲ့ဝင်များက ဆက်လက် တာဝန်ယူ စောင့်ကြပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရ ရုပ်/သံများ

3 Responses

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. မြန်မာတိုင်းရင်းသူ

    ဧက ၅၅၀ ရှိ ငါးမွေးကန် မြေနေရာကို ဘယ်သူက ဘယ်အချိန်က ဘယ်လို ပိုင်ဆိုင်ခွင့်ရသွားတယ် ဆိုတာ စိတ်ဝင်စားစရာပဲ။
    လယ်သမားတွေက အနာခံ၊ အသေခံ (တကယ် အဆိုးဆုံး ဖြစ်ခဲ့ရင်ပေါ့)၊ အနည်းဆုံး အဖမ်းခံရ၊ ဒဏ်တပ်ခံရမှာ သိလျက်နဲ့ သည်မြေကို ပြန်ရဘို့ ကျိုးစားတယ်ဆိုတော့ အရင်က သူတို့ မြေတွေ၊ မတရား အသိမ်းခံရတယ် ပြောနေကြတာကို ပြန်လည် စစ်ဆေးသင့်နေပြီ။

  2. Polices are NOT companies’s security guards. Government posts them to save people in
    cities and towns from bad guys. Problems of China/u Pi(army co.,), and Ma let to showed
    burmese polices department were controlled by companies,money,and some bad guys.
    IN DEMOCRACY SYSTEM, POLICE DEPARTMENT IS VERY VERY IMPORTANT.
    MUST TRAIN THEM BY WESTERN DEMOCRACY COUNTRY’S POLICE TRAINERS.
    MUST DO FAST.

  3. Pingback: Global Voices | 缅甸警民间的致命冲突 - 中国数字时代