မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ၀င်ရောက်မှုသည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်ထက် ၅၀ ရာခိုင်နှုန်းကျော် ပိုမိုများပြားလာကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနကို ကိုးကား၍ Global Travel Industry News တွင် ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု ၅၅၅၀၀၀ ရှိပြီး၊ ၂၀၁၁ ခုနှစ်အတွင်း ၀င်ရောက်မှုသည် ၃၅၉၀၀၀ သာ ဖြစ်သည်။ လာရောက်သူ အများစုမှာ ထိုင်း၊ တရုတ်၊ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံများမှ ဖြစ်သည်ဟု သိရသည်။ ယင်းသို့ နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်မှု တိုးတက်လာခြင်းနှင့် အတူ ဟိုတယ်ဇုန်သစ် စီမံကိန်းများလည်း ရန်ကုန်မြို့တွင်းသာမက ဆင်ခြေဖုံး ရပ်ကွက်များ၊ မြန်မာပြည် အလယ်ပိုင်း ပုပ္ပားတောင် အနီးနှင့် အင်းလေးဒေသ စသည်တို့တွင် ကျယ်ပြန့်စွာ တည်ဆောက်လျက် ရှိသော်လည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၏ စာရင်းများအရ ဟိုတယ်နှင့် တည်းခိုခန်း ၇၈၂ ခုရှိပြီး အခန်းပေါင်း ၂၈၀၀၀ သည် တိုးလာသည့် ခရီးသွားဦးရေအတွက် အဆင့်မီမီ ၀န်ဆောင်မှု ပေးနိုင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။