အပတ်စဉ်ထုတ် အမေရိကန်သတင်းမဂ္ဂဇင်း တိုင်းမ်၏ ယခုအပတ် နိုင်ငံတကာတွင်ဖြန့်ချိသောမဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါးတွင် သမ္မတဦးသိန်းစိန် ဘဝဇာတ်ကြောင်းကို ရေးသားဖော်ပြလိုက်သည်။
တိုင်းမ်းမဂ္ဂဇင်းက ဦးသိန်းစိန်ကို ရုရှားပြုပြင်ရေးခေါင်းဆောင် ဂေါ်ဘာချာ့ဗ်နှင့်နှိုင်းယှဉ် ခေါ်ဝေါ်လိုက်သော်လည်း ရုရှနိုင်ငံကဲ့သို့ ဒီမိုကရေစီရေးတည်ဆောက်ရေး တုန့်နှေးနေမှုကို ရှောင်လွဲသွားနိုင်မည့် အခွင့်အလမ်းရှိနေကြောင်း ဆိုသည်။
စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည်စိတ်ချရသူတယောက်ဖြစ်ကြောင်းကို “ဗိုလ်ချုပ်မှူးကြီးက သူ့နောက်ဆုံးနေ့တွေကို အိမ်အကျယ်ချုပ်ဘဝနဲ့ မကုန်ဆုံးသွားချင်ဘူး။ သိက္ခာရှိရှိနဲ့ပဲ ပျောက်ကွယ်သွားချင်တဲ့ သူ့ကတိကို ထိန်းဖို့ ဦးသိန်းစိန်ကို စိတ်ချထားခဲ့တာ” ဟု အမည်မဖော်လိုသော သမ္မတနှင့် နီးစပ်သူ၏ ပြောဆိုချက်ကို ကိုးကားထားပြီး ဦးသိန်းစိန်ကလည်း သူ့ဆရာနှင့် “ပုံမှန် စကားမပြောဖြစ်” ဟု ပြောဆိုကြောင်းလည်း ဖော်ပြထားသည်။
နှလုံးတွင် စက်တပ်ထားသော ဦးသိန်းစိန်၏ ကျန်းမာရေးက ရင်ဆိုင်နေရသော ပြဿနာများနှင့် မမျှဟု ဆိုလိုက်ပြီး နိုင်ငံတကာ၏ အမှန်တကယ်အသိအမှတ်ပြုမှုကို ရယူလိုလျှင် စီးပွားရေးစီမံခန့်ခွဲရာတွင် အပြောနှင့် လက်တွေ့ ညီအောင် လုပ်ဆောင်ရမည်ဟုလည်း ဆိုသည်။
နိုင်ငံ၏ အရေးအကြီးဆုံး စိန်ခေါ်မှုမှာ တိုင်းရင်းသားအရေးဟု ရေးသားထားပြီး ရခိုင်နှင့် ကချင်ပြည်နယ်များတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဥပမာပေး ထောက်ပြထားသည်။ သမ္မတဦးသိန်းစိန်ကလည်း ရှေ့ဆက် ပြုပြင်ပြောင်းလဲရေး လုပ်မှ တိုင်းရင်းသားပြဿနာများ ဖြေရှင်းနိုင်မည်ဟု ပြောကြောင်းလည်း ဆိုသည်။
သို့သော် နေပြည်တော်ပြုပြင်ပြောင်းလဲရေးသမားများအနေဖြင့် စိတ်ဆန္ဒသာရှိနေပြီး စစ်တပ်က ကချင်ကို ဗုံးကြဲနေဆဲဟု ရေးသားထားသည်။ ထို့ပြင် ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်များအား တတိယနိုင်ငံပို့မည်ဟု အစောပိုင်းကာလက ပြောဆိုခဲ့ဖူးသော ဦးသိန်းစိန်ကို တိုင်းမ်းမဂ္ဂဇင်း ဆောင်းပါးရှင်က ယင်းဒုက္ခသည်တို့၏ ရှေ့ရေး မေးမြန်းရာ ဦးသိန်းစိန်က “ကျေးဇူးပြုပြီး နောက်မေးခွန်း မေးပါ” ဟု ပြန်လည်ဖြေကြားကြောင်း ဆိုသည်။
ဦးသိန်းစိန်၏ ဘဝဇာတ်ကြောင်းနှင့် နိုင်ငံရေးအတွေးအခေါ်များကို တိုင်းမ်းမဂ္ဂဇင်းမှ ဘီဂျင်းအခြေစိုက် အရှေ့အာရှဆိုင်ရာ သတင်းထောက် အမျိုးသမီး ဟန်နာဘိခ်ျကို နေပြည်တော်နှင့် ဦးသိန်းစိန်၏ မွေးရပ်ဇာတိ ဧရာဝတီတိုင်းထဲရှိ ကျုံကူးကျေးရွာသို့ စေလွှတ်ခဲ့သည်။ တိုင်းမ်းမဂ္ဂဇင်းက သတင်းထောက်အား သမ္မတဦးသိန်းစိန်က ဒီမိုကရေစီစကားလုံးကို လှိုင်လှိုင်သုံးသောကြောင့် မည်သို့နားလည်သနည်းဟု ပြန်မေးခွန်းထုတ်ရာ ဦးသိန်းစိန်၏ အသုံးအနှုန်းသည် အမေရိကန်တို့ နားလည်လက်ခံထားသည်နှင့် ကွဲလွဲမည်ဖြစ်သော်လည်း ပြောင်းလဲလိုခြင်းကို အားပေးရမည်ဟု ပြန်လည်ဖြေဆိုသွားခဲ့သည်။