- ဧရာဝတီ - http://burma.irrawaddy.org -
စက်ရုံ စွန့်ပစ် ရေဆိုးများ စီးဆင်းမှု မှော်ဘီ ဒေသခံများ စိုးရိမ်
Posted By Yeminnaing On January 11, 2013 @ 9:06 am In သတင်း,၀_NGOs | 1 Comment
စွန့်ပစ် ရေဆိုးများကို လယ်ယာမြေများအတွင်း ပြန်လည်အသုံးပြုနေသည့် စိုက်ပျိုးရေးသမားတဦးကို တွေ့ရစဉ်
(ဓာတ်ပုံ – ကောင်းမြတ်မင်း/ဧရာဝတီ)
ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ဆူးပုတ်ကုန်း ကျေးရွာနှင့် သန္ဓေပင် ကျေးရွာ ဒေသများတွင် အနီးဝန်းကျင်ရှိ Alpine ၊ Pepsi ၊ JCB နှင့် တစ်ရှုး စက္ကူ စက်ရုံများ၏ စွန့်ပစ် ရေဆိုးထုတ် မြောင်းများမှ ရေများသည် စိုက်ခင်းများအတွင်း ဖြတ်သန်း စီးဆင်း မှုအပေါ် ဒေသခံ အများစုက စိုးရိမ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ရေမြောင်းများမှ စီးဆင်းလာသော ရေများသည် ဘေးဝဲယာ တလျှောက် လက်ယက်ရေတွင်းများ အတွင်းသို့ ၀င်ရောက် ၍ မကြာခဏ ရေများ အရောင်ပြောင်းလဲခြင်း၊ အက်ဆစ်နံ့ကဲ့သို့သော အနံ့ဆိုးများထွက်ခြင်းအပြင် တခါတရံ ငါးများ သေဆုံးတတ်ခြင်း များကြောင့် သောက်သုံးရေ နှင့် ချိုးရေ သုံးရေ အတွက် အခက်အခဲကြုံရမှုများရှိသည်ဟု ဒေသခံများက ပြောပြသည်။
“အဲဒီ ရေဆိုးမြောင်း ဘေးတလျှောက် လက်ယက်ရေတွင်းတွေ သုံးလို့မရတော့ဘူး၊ အက်ဆစ် အနံ့လိုမျိုး ချဉ်ဆူးဆူးအနံ့တွေ ထွက် တယ်၊ ရေကလည်း တခါတလေ အဝါရောင်ဖြစ်လိုက် သံချေးရောင်ဖြစ်လိုက် အဖြူရောင်ဖြစ်လိုက်နဲ့။ ပိုဆိုးတာက မြောင်း ဘေး က စိုက်ခင်းတွေဆိုရင် အဲဒီ မြောင်းထဲကရေနဲ့ပဲ စိုက်ပျိုးကြတာ။ လက်ရှိ ကျနော်တို့ရွာမှာတော့ ဘာမှမဖြစ်သေးဘူး။ ဒါပေမယ့် တချိန်ချိန်မှာ တခုခုဖြစ်နိုင်တယ်လို့ ကျနော်ထင်တယ်”ဟု ဆူးပုတ်ကုန်း ကျေးရွာ ဥက္ကဋ္ဌ ဦးဆန်းဝင်းက ဧရာဝတီ သို့ပြောသည်။
အဆိုပါ ကျေးရွာများ၏အနီး ရေများစီးဆင်းရာ အထက်ဘက်တွင် Alpine သောက်ရေသန့် စက်ရုံ ၊ JCB ကတ်ထူ စက္ကူပုံးနှင့် ကြွေ ပြား စက်ရုံ၊ Pepsi အချိုရည် စက်ရုံ နှင့် တစ်ရှုး စက္ကူ စက်ရုံများရှိပြီး စက်ရုံ ၄ ရုံ၏ ရေဆိုးထုတ်မြောင်းများမှာ တရုံနှင့် တရုံ ဖြတ် သန်း စီးဆင်းလာခြင်းဖြစ်ရာ မည်သည့် စက်ရုံမှ ရေများသည် ဓာတုပစ္စည်း ပါဝင်ကြောင်း မသိရှိရဟုလည်း ဆိုသည်။
“Alpine သောက်ရေသန့် စက်ရုံအနေနဲ့ သောက်ရေသန့် ထုတ်လုပ်နေတာ ဖြစ်တဲ့အတွက် ဓာတုဗေဒပစ္စည်း အနည်းဆုံးဖြစ် အောင် စီမံထုတ်လုပ် နေတာပါ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အချိန်မရွေး လာရောက် စစ်ဆေးနိုင်ပါတယ်”ဟု Alpine သောက်ရေ သန့် စက်ရုံမှ စက်ရုံမှူး ဒေါ်ခင်နီလာက ဧရာဝတီ သို့ပြောသည်။
ဒေသခံ ရွာများ၏ အဓိက စီးပွားရေးမှာ စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပြီး စိုက်ခင်းများအတွက် ရေအား အဆိုပါ မြောင်းမှ ရေကို မှီခိုသုံးစွဲနေကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးသမားများ၏ ကျန်းမာရေး အသိပညာ တိုးတက်စေရန် ပညာပေး အစီအစဉ်များ လုပ်ရန် လိုအပ်လျက်ရှိကြောင်း ဦးဆန်ဝင်း က ပြောဆိုသည်။
“စိုက်ပျိုးရေးသမား အတော်များများကတော့ ကျန်းမာရေးအသိ သိပ်မရှိကြဘူး။ သူတို့က စက်ရုံက ရေထွက်တယ် ဆိုပြီး ကျေးဇူး တောင် တင်နေတာ။ အဲဒီရေနဲ့ပဲ စိုက်ပျိုးနေကြတာ။ အရင်ကတော့ ဒီရွာကို NGO အဖွဲ့တွေက လာပြီး ပညာပေးတာ၊ ဟောပြော တာတွေ လုပ်ပါတယ်။ ဒါပေမယ့် သိပ် ထူးခြားမှု မရှိဘူးဖြစ်နေတယ်”ဟုလည်း ဦးဆန်ဝင်း က ဆက်လက် ပြောကြားသည်။
ယခင်က အဆိုပါရွာများသို့ ကျန်းမာရေး ဌာနများ၊ စည်ပင်ဌာနများက ရေနမူနာများ လာရောက်ယူ၍ ဓာတ်ခွဲခန်း၌ စမ်းသပ်မှုများ ပြု လုပ်ခဲ့ဖူးသော်လည်း စမ်းသပ်မှု မလုပ်သည်မှာ ကြာပြီဖြစ်၍ လတ်တလော အခြေအနေအရ လာရောက်စစ်ဆေး စမ်းသပ်သင့်ကြောင်း သန္ဓေပင် ကျေးရွာ ဥက္ကဌ ဦးမြင့်သိန်းကလည်း ပြောသည်။
“ပြီးခဲ့တဲ့ အောက်တိုဘာ လကဆို မိုးရွာလိုက်တာ။ အဲဒီမှာ စက်ရုံကစွန့်တဲ့မြောင်းမှာ ရေလျှံပြီးတော့ ဒီဘက်မြောင်းထဲတွေမှာပါ ငါးတွေ သေတယ်။ အဲဒီ အချိန်မှာ Pepsi စက်ရုံက ရေထုတ်တာ ရေတွေက ပန်းရောင်တွေ ဖြစ်နေတယ်။ သူတို့စက်ရုံကို သွားပြော တော့ သူတို့ရေကြောင့် မဟုတ်ဘူး။ ဓာတ်ခွဲခန်းမှာ လာကြည့်လို့ ပြောတယ်။ ကျနော်တို့ ကတော့ တကယ် တာဝန်ရှိသူတွေ လာရောက် စစ်ဆေးတာကို လိုချင်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
JCB ကတ်ထူ စက္ကူပုံးနှင့် ကြွေပြား စက်ရုံမန်နေဂျာ ဦးမင်းညွှန့်ဝင်းကလည်း“အဲဒီ မြောင်း ၂ ခုစလုံးက JCB က စတာမဟုတ်ဘူး၊ Pepsi နဲ့ Alpine တို့ကစတာ။ ကျနော်တို့စက်ရုံက ရေသုံးတဲ့စက်ရုံမဟုတ်ဘူး။ အဲဒီ ရေတွေက ဟိုစက်ရုံနှစ်ခုက လာတဲ့ရေတွေ၊ ကျနော်တို့ စက်ရုံထဲက ဖြတ်သွားတာပဲ ရှိတာ။ ကျနော်တို့ စက်ရုံထဲက ထွက်တာမှန်ပေမယ့် ကျနော်တို့ သုံးတဲ့ရေ မဟုတ်ဘူး”ဟု ဧရာဝတီ သို့ပြောသည်။
အဆိုပါ စက်ရုံများမှ ထွက်သော ရေများကြောင့် ဒေသခံ ရွာများတွင် သောက်သုံးရေ အခက်အခဲဖြစ်ခြင်း၊ ရေတွင်းရေကန်များ ပျက်စီးမှု ဖြစ်ခြင်း ရှိခဲ့ပါက ဒေသခံများပေးသည့် မြေနေရာတွင် စက်ရေတွင်း တူးပေးမည်ဟု Alpine တာဝန်ရှိသူများက ကတိပြုထားကြောင်း သိရသည်။
“Alpine က ဒေါက်တာစိုင်း ကတော့ ကြိုက်တဲ့နေရာမှာ မြေနေရာပေး။ သူတို့ စက်ရေတွင်း တူးပေးမယ်ပြောတယ်။ ဒါပေမယ့် အခု ရွာဘက်မှာ မြေဈေးတွေက တက်နေတော့ ဘယ်သူမှ မြေ မပေးချင်ကြဘူး။ စက်ရေတွင်းကတော့ တူးမှကို ဖြစ်မှာ။ ဘာလို့လဲ ဆို တော့ သောက်သုံးရေက သန့်မှကို ရမှာလေ”ဟု ဦးမြင့်သိန်းက ဆိုသည်။
ဧရာဝတီ သတင်းထောက် ကောင်းမြတ်မင်း နှင့် ဒန်းနစ်အောင်အောင် ပူးပေါင်း ရေးသားသည်။
Article printed from ဧရာဝတီ: http://burma.irrawaddy.org
URL to article: http://burma.irrawaddy.org/archives/30464
Click here to print.
Copyright © 2012 ဧရာဝတီ. All rights reserved.