- ဧရာဝတီ - http://burma.irrawaddy.org -
ဖယ်ခုံအင်းမှ ကျွန်း ၂ ကျွန်းကို တပ်မြေအဖြစ် ဒေသခံများ လက်မှတ်ထိုးပေးနေရ
Posted By Yeminnaing On January 10, 2013 @ 9:57 am In သတင်း,၀_Land,၀_Land Confiscation | 1 Comment
အင်းလေးကန်နှင့် စပ်ဆက်နေသော ဖယ်ခုံအင်းအတွင်းရှိ ရေလယ်ကျွန်း ၂ ကျွန်းကို တပ်မြေဖြစ်ကြောင်း ဒေသခံများအား လတ်မှတ်ထိုးခိုင်းပြီး ယင်းကျွန်းများပေါ်တွင် ဟိုတယ်ဇုန် တည်ဆောက်ခွင့်ရရန် စီးပွားရေး လုပ်ငန်းရှင်များက ကြိုးပမ်း နေကြကြောင်း သိရသည်။
အဆိုပါ ရေလယ်ကျွန်းများ ဖြစ်ကြသော လွယ်ပန်းစုံကျွန်းနှင့် ဟိုတိန်းတောင် ကျွန်းများက ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာ အုပ်စုတွင် ပါရှိပြီး နှစ်ကျွန်းပေါင်း မြေဧက ၈၀၀ နီးပါးခန့် ရှိသည်။
ကျွန်းများသည် ယခင်ကတောင်များဖြစ်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် ကယားပြည်နယ်ရှိ လောပိတ ရေအားလျှပ်စစ် စီမံကိန်းအတွက် ဘီလူးချောင်းကိုပိတ်၍ မိုးဗြဲဆည် တည်ဆောက်လိုက်ရာမှ လယ်ဧက ၂ သောင်းကျော် ရေများဖုံးလွှမ်းသွားခဲ့ကာ တောင်များသည်လည်း ကျွန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
အိုးအိမ်မဲ့ ဖြစ်သွားခဲ့ရသော ဒေသခံများ ၁၉၆၈ ခုနှစ်မှစတင်၍ အဆိုပါ ကျွန်းများပေါ်သို့ ပြောင်းရွှေ့ နေထိုင်လာခဲ့ကြကြောင်း၊ နောက်ပိုင်းတွင် အစိုးရစစ်တပ် ရောက်ရှိလာပြီးနောက် ၁၉၉၄ ခုနှစ်၌ ထိုကျွန်းများကို ဖယ်ခုံမြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဗျူဟာအဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
“ဒေသခံတွေ အရင်ရောက်ပေမယ့် တပ်ပိုင်မြေအဖြစ် လုပ်ထားပြီးသားပါ ဟိုတယ်လုပ်ငန်းရှင်တွေက လာကြည့်သွားကြတယ်။ မြေလွတ်ရှိရင် လုပ်မယ်၊ မရှိရင် အစိုးရနဲ့ပေါင်းလုပ်မယ်”ဟု အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက ဟိုတယ်ဇုန်ဆောက်လုပ်ရန် ဖြစ်နိုင်သည့်အချက်များမှာ ယင်းကျွန်းများသည် သာယာလှပပြီး နိုင်ငံခြားသားများ ကြိုက်နှစ်သက်မည် ဖြစ်ကြောင်း၊ အင်းလေးကန်နှင့် ကန်ရေပြင် တဆက်တည်း ဖြစ်ပြီး မနီးမဝေး အနေအထား၌ တည်ရှိနေခြင်း၊ ဟိုတယ်ဇုန် ဆောက်ပြီးပါက ယင်းနေရာတွင် ခရီးတထောက်နားကာ ကယားပြည်နယ် လွိုင်ကော်မြို့သို့ ဆက်လက် သွားရောက်နိုင်မည် ဖြစ်ပြီး ပဒေါင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ များအားလည်း လေ့လာနိုင်မည် ဖြစ်သောကြောင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖယ်ခုံမြို့ပေါ်တွင်လည်း ဟိုတယ်ဇုန် ဆောက်ရန် အလားအလာ ရှိနေကြောင်း သူက ထပ်လောင်းပြောသည်။
အင်းလေးကန်အတွင်း ဟိုတယ်ဇုန် ထပ်မံတည်ဆောက်ရေးနှင့် ပတ်သက်ပြီး အင်းတိုင်းရင်းသား တို့နှင့် ပြဿနာဖြစ်နေသည့် အခြေအနေတွင် ကျွန်းနှစ်ကျွန်းပေါ်မှ ဒေသခံများက ထိတ်လန့်ကာ ၎င်းတို့၏ နေရာတွင် ဟိုတယ်ဇုန် မပြုလုပ်ပါရန် ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံသို့ အသနားခံစာ တင်လိုက်ကြောင်း၊ သို့သော် ဖယ်ခုံမြို့နယ် မြေစာရင်းဦးစီးဌာနက လာရောက်၍ တပ်ပိုင်မြေ ဖြစ်သည်ဟု လတ်မှတ်ထိုး ခိုင်းစေလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ကပြောတယ်၊ လတ်မှတ်မထိုးလည်း သိမ်းမှာပဲ၊ ထိုးလည်း သိမ်းမှာပဲ ဆိုတော့ ရွေးချယ်ခွင့်မှ မရှိတော့တာ၊ ထိုးပေး လိုက်တာပေါ့။ ဒီကျွန်းတွေ မရှိတော့ရင် ကျနော်တို့ ဘယ်သွားနေရမှာလဲ။ ဘေးပတ်ချာလည်က ရေပြင်ကြီးပဲ”ဟု လွယ်ပန်းစုံ ကျွန်းသား ဦးလွန်းကျော်က ပြောသည်။
ယင်းဒေသတွင် အင်းတိုင်းရင်းသားများ အများစုနေထိုင်နေကြပြီး စီးပွားရေး လုပ်ငန်းအနေဖြင့် စပါး၊ ပြောင်း စိုက်ပျိုးခြင်းနှင့် ငါးဖမ်းခြင်းဖြင့် အသက်မွေးကြသည်။ ယင်းနောက် ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်သို့ ရောက်ရှိသွားခဲ့ပြီး အင်းလေးကန် ဟိုတယ်ဇုန် ကိစ္စမပေါ်ခင် အထိ တနှစ်လျှင် လယ်တဧကအတွက် ကျပ် ၂၅၀၀ နှင့် ပြောင်းပိဿာ ၁၀၀ ပေးဆောင်ကာ အဆင်ပြေခဲ့ကြောင်း၊ အင်းလေးကန် အတွင်း ဟိုတယ်ဇုန် ထပ်မံဆောက်ခွင့် ပိတ်လိုက်သည်မှစ၍ ယခုကဲ့သို့ တပ်ပိုင်မြေများ ဖြစ်ကြောင်း လတ်မှတ် လိုက်ထိုးစေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်က ၁ ရက်လုပ်ရင် ၂ ရက် စားရတယ်။ အခုနောက်ပိုင်းမှာ ငါးတွေကလည်း ရှားလာတယ်။ မြေဆီ တွေကလည်း ညံ့၊ ပြောင်းအထွက်နှုန်းပါ လျော့လာတယ်။ ဒီကြားထဲ ဟိုတယ်ဇုန် ဆောက်မယ်ဆိုတော့ ကျနော်တို့ ဘ၀ပျက်ပြီပေါ့”ဟု လွယ်ပန်းစုံကျွန်း အုပ်ချုပ်ရေးမှူး ဦခင်မောင်က ဆိုသည်။
ဟိုတယ်ဇုန် မဆောက်ပါရန် အသနားခံစာကို ကျွန်းသားများက ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံသို့ ထပ်မံ၍ စာတင်ထားပြီး ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံသို့လည်း စာပို့ထားကြောင်း သိရသည်။
ဖယ်ခုံအင်း၌ ကဲ့သို့ အင်းလေးကန် အရှေ့ဘက် တောင်ခြေတွင် တည်ဆောက်မည့် ဟိုတယ်ဇုန်သစ် စီမံကိန်းအတွက် အစိုးရက မြေ ၆၂၂ ဧကကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက သိမ်းယူထားခဲ့ကြောင်း၊ ယင်းမြေများထဲတွင် ဘုန်းကြီးကျောင်း ၁၃ ကျောင်း၏ ထင်းစိုက်ခင်း ဧရိယာဧက ၃၀၀ ကျော်နှင့် ဒေသခံများ၏ စိုက်ခင်းများ ပါဝင်နေကြောင်း၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာနက သိမ်းယူထားသည့် မြေများထဲမှ တချို့အား အစားပြန်ပေးရန် ညှိနှိုင်းပေးသွားမည် ဖြစ်ကြောင်း သတင်းများက ဆိုသည်။
Article printed from ဧရာဝတီ: http://burma.irrawaddy.org
URL to article: http://burma.irrawaddy.org/archives/30312
Click here to print.
Copyright © 2012 ဧရာဝတီ. All rights reserved.