- ဧရာဝတီ - http://burma.irrawaddy.org -

ဖွန်းပျဉ်ဘွန် တောင်ကုန်းကို သိမ်းပိုက်ရေး အစိုးရတပ် ဆက်လက် ထိုးစစ်ဆင်

Posted By Yeminnaing On January 9, 2013 @ 6:03 pm In သတင်း,၀_KIA | 6 Comments

အစိုးရတပ်က သိမ်းပိုက်ထားပြီးဖြစ်သည့် ပွိုင့် ၇၇၁ တောင်ကုန်းနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာပြ မြေပုံ (ဓာတ်ပုံ – မြဝတီ)

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဖွန်းပျဉ်ဘွန် တောင်ကုန်းအောက်တွင် လှုပ်ရှားနေသော ရှေ့တန်းစခန်းတခုကို အစိုးရတပ်က သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

KIA တပ်ဖွဲ့ဝင်များ အခြေစိုက်ထားသည့် ဖွန်းပျဉ်ဘွန် တောင်ကုန်းကို သိမ်းပိုက်ရန်အတွက် အစိုးရစစ်တပ်က ယခုလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

အစိုးရတပ်များက KIA တပ်ဖွဲ့ဝင်များ၏ထံမှ သိမ်းပိုက်ထားသည့် ယင်းရှေ့တန်းစခန်းတွင် နေရာယူထားပြီး ဖွန်းပျဉ်ဘွန် တောင်ကုန်းကို ရရှိရန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလဆိုင်းက ဧရာဝတီသို့ ပြောသည်။

“ဖွန်းပျဉ်ဘွန် တောင်အောက်က အောက်ခြေစခန်းတွေကို အစိုးရက စစ်ကြောင်း ၂ ကြောင်းခွဲပြီးတော့မှ ထိုးစစ်ဆင်နေတာ ဒီနေ့ နဲ့ပါဆိုရင် ၃ ရက် ရှိပြီ” ဟု ၎င်းက ဆိုသည်။

ဦးလဆိုင်း၏ ပြောပြချက်အရ KIA တပ်ဖွဲ့ဝင်များကို အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၂၁ လက်အောက်ခံတပ်၊ စကခ ၃ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၁၄၂ တပ်ရင်းနှင့် ၂၇၈ တပ်ရင်းတို့က ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

“မနေ့ကဆိုလိုရှိရင် တိုက်လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၃ စီး နဲ့ လေပြင်က ပစ်ကူပေးပြီးမှ ထိုးစစ်ဆင်တယ်။ နောက်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်” ဟု ဦးလဆိုင်းက ဆိုသည်။ သို့သော် ယနေ့ လေယာဉ်များ အသုံးမပြုကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အစိုးရ တပ်များကို ခုခံတိုက်ခိုက်ရာတွင် KIA တပ်ဖွဲ့နှင့်အတူ ABSDF မြောက်ပိုင်း တပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်နေပြီး လတ်တလောတွင် နှစ်ဖက် အကျအဆုံး စာရင်းများကို မသိရှိရပေ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ကချင်လက်နက်ကိုင် အဖွဲ့များက စစ်ရေးနှင့် မသက်ဆိုင်သော ပစ်မှတ်များ၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော အစိုးရဌာနများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ကို တိုက်ခိုက်လာသဖြင့် တပ်မတော်အနေဖြင့် ပြည်သူများ၏ အသက် အိုးအိမ် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး အတွက် စစ်ရေးအရ ပြန်လည် တုံ့ပြန်မှုများကို မလွဲသာ မရှောင်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်ပြေး ဒုက္ခသည်စခန်းများသို့ လူဦရေး ၁၀၀ ခန့် ထပ်မံရောက်ရှိလာပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာက ပြောသည်။

“အခု ကားလမ်းတွေမှာ အစိုးရတပ်တွေ ရှိနေတော့ ကျနော်တို့ ၀င်ထွက်သွားလာလို့ မရတော့ဘူး။ ဒီဒုက္ခသည် စခန်းမှာပဲ အားလုံးစုပြီး နေနေရတယ်ဆိုတော့ ရိက္ခာအတွက်လည်းပဲ အရင်ကထက် ပိုပြီးမှ ထောက်ပံ့ကူညီရမယ့် အခြေအနေရှိတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြည်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ် ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ သောင်းနှင့် ချီသော ဒေသခံများမှာလည်း အိုး အိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။


Article printed from ဧရာဝတီ: http://burma.irrawaddy.org

URL to article: http://burma.irrawaddy.org/archives/30277

Copyright © 2012 ဧရာဝတီ. All rights reserved.