သတင်း

မိုးထိမိုးမိ ရွှေလုပ်သားများ ညှိနှိုင်းမှုပြေလည်၊ ဆန္ဒပြ ခေါင်းဆောင်များ ထောင်ချမှု မတရား

Hits:4,340
  | |
Print This Post

မန္တလေးတိုင်း ပျဉ်းမနား၊ ရေနီမြို့အဝင် စက္ကူစက်ရုံဂိတ်ပေါက် အနီးတွင် ရဲများက နိုဝင်ဘာလ ၂၂ ရက်နေ့၌ လမ်းလျှောက် ချီတက်လာသော ဆန္ဒပြ မိုးထိ မိုးမိ ရွှေတွင်းလုပ်သားများကို တားဆီးကာ ခေါင်းဆောင် ၄ ဦးကို ဖမ်းဆီးခဲ့သည် (ဓာတ်ပုံ – Daw Sandar Min (Shwee) / Facebook)

မန္တလေးတိုင်း ရမည်းသင်း မြို့နယ်တွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် မိုးထိမိုးမိ ရွှေလုပ်သားများအကြား ညှိနှိုင်းမှု ပြေလည်သွား၍ လျှော်ကြေးနှင့် လုပ်ကွက်သစ်များ ရရှိသောကြောင့် ဆန္ဒပြမှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

“ဆန္ဒပြမှုတွေ ပြီးဆုံးသွားပြီ။ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကလည်း ရွှေလုပ်သားတွေကို လျော်ကြေးတွေပေးလို့ ဆန္ဒပြမှုတွေ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ကျမတို့အနေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးတာပါ။ တဦးကို ၁၅ သိန်းနဲ့ လျော်ကြေး နစ်နာကြေး ပေးလိုက်တယ်” ဟု ပြေလည်မှု ရစေရေး ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောသည်။

ရွှေလုပ်သားများ အနေဖြင့် မိုးထိမိုးမိဒေသတွင် တနိုင်တပိုင်လုပ်ငန်းများ လုပ်ပိုင်ခွင့် မရှိတော့သည့် ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းမှု အဆင်ပြေသွားကြောင်း၊ နှစ်ဘက် ဆွေးနွေးမှု ပြေလည်ခြင်းအပေါ် အလုပ်သမား ရာနှုန်းပြည့် သဘောတူခြင်း မဟုတ်သော်လည်း အလုပ်သမား အားလုံးနီးပါး၏ နစ်နာကြေးနှင့် ကိုယ်ပိုင် လုပ်ကွက်ငယ်ရမှုကို သဘောတူမှုကြောင့် ဆန္ဒပြခြင်းများ ရပ်စဲခြင်းဖြစ်ကြောင်း ဒေါ်စန္ဒမင်းက ရှင်းပြသည်။

“သူတို့ကို လုပ်ပိုင်ခွင့် မရှိတော့တာကလည်း ကုမ္ပဏီက အကြီးစား လုပ်ငန်းခွင်တွေ ပြောင်းလိုက်တော့ အသေးစား လုပ်ငန်းဆိုတာ မရှိတော့လို့ ပြန်လုပ်ပိုင်ခွင့် မရှိတော့တာပါ။ ဒီ တခြားနေရာမှာ သတ္တုတွင်း ၀န်ကြီးဌာနမှာ သူတို့ကိုယ်ပိုင် အသေးစား ကုမ္ပဏီတွေ ထောင်ပြီး လုပ်နိုင်ဖို့ လုပ်ကွက်တွေ ရှာပေးလိုက်ပါတယ်” ဟု သူက ဆိုသည်။

ဇန်န၀ါရီလ ၂ ရက်နေ့က နှစ်ဖက် သဘောတူညီမှုကြောင့် ပြေလည်သွားကြသည့်အတွက် ဆန္ဒပြမှုများ အဆုံးသတ်ကြောင်း ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သူက ဆိုသည်။

ထိုစဉ်က လမ်းလျှောက် ဆန္ဒပြရာတွင် လူဦးရေ ၈၀ ကျော်ပါဝင်ခဲ့ရာ ထက်ဝက်ကျော်အား ကုမ္ပဏီက နစ်နာကြေး လျော်ငွေပေးခြင်း၊ တခြားလုပ်ကွက်ငယ်များ လုပ်ပိုင်ခွင့်ရခြင်းများ ခံစားခဲ့ရကြောင်း၊ သို့သော် ယမန်နေ့က ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အလုပ်သမား ခေါင်းဆောင် ၄ ဦးနှင့် တချို့မှာ လျော်ကြေး မခံစားရသည့်အပြင် ရွှေလုပ်ကွက်ရှိ ၄င်းတို့နေအိမ်တဲများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံ တဦးဖြစ်သည့် ကိုအောင်ဇေယျက ပြောသည်။

“သူတို့က မိအေး နှစ်ခါနာသလို ဖြစ်သွားတယ်။ ရပိုင်ခွင့်တောင်းတော့လည်း မရတဲ့အပြင် ထောင်ဒဏ်၊ ငွေဒဏ်လည်း ချမှတ်ခံရတယ်” ဟု သူက ဆိုသည်။

ကုမ္ပဏီနှင့် အလုပ်သမားအကြားဖြစ်သည့် ပြဿနာကို အုပ်ချုပ်ရေး အာဏာပိုင်များက ယခုကဲ့သို့ စွဲချက်တင် အရေးယူ အပြစ်ပေးခြင်းသည် အလွန်အရုပ်ဆိုးကြောင်း ကိုအောင်ဇေယျက ဆက်ပြောသည်။

“အခု အဖမ်းခံလိုက်ရတဲ့ သူတွေက နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ လုပ်ရပ်တခုမှ မလုပ်ခဲ့ဘူး။ အကြည်ညိုပျက်မှုနဲ့ အပြစ်ပေးတယ်တဲ့ဗျာ။ တကယ် နိုင်ငံတော်ကို အကြည်ညိုပျက်အောင် လုပ်တဲ့ကိစ္စမှာ ရှင်းရှင်းပြောရရင် ကျနော် မြင်တာတော့ သူတို့ဖမ်းတဲ့ လူတွေကသာ လုပ်တာ” ဟု ၎င်းက ဆိုသည်။

ဒေါ်စန္ဒာမင်းကလည်း မိုးထိမိုးမိ ရွှေလုပ်သားများ တနိုင်တပိုင် လုပ်ပိုင်ခွင့်ရရှိရေး လမ်းလျှောက် ဆန္ဒပြခဲ့ကြသူများကို ယမန်နေ့က ထောင် ဒဏ် ၆ လနှင့် ငွေဒဏ်ချမှတ်လိုက်ခြင်းသည် ရေတာရှည် မြို့နယ် အုပ်ချုပ်ရေးမှူး၏ အာဏာ အလွဲသုံးစားလုပ်ခြင်း ဖြစ်ကြောင်း ပြောသည်။

“ဒီကိစ္စက ပြစ်မှု မမြောက်ဘူး။ ရေတာရှည် အုပ်ချုပ်ရေးမှူးက သူစွဲထားတဲ့ အမှုကို ပြန်မရုပ်သိမ်းချင်လို့ အာဏာ အလွဲသုံးစား လုပ်ပြီးတော့ သူ့အနေနဲ့ ပြစ်မှုမြောက်အောင် လုပ်ပြီးတော့ ချလိုက်တယ်လို့မြင်တယ်” ဟု ဒေါ်စန္ဒမင်းက ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြမှုတွင် ဦးဆောင်သူများဖြစ်ကြသည့် ကိုရဲရင့်ထွန်း၊ ကိုစောနောင်၊ ကိုနိုင်ဝင်းနှင့် ကိုနေအောင်ထက်တို့သည် မိုးထိမိုးမိ ရွှေလုပ်သားများနှင့်အတူ ၎င်းတို့၏ နစ်နာချက်များအား အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် နိုင်ငံတော်တို့က သိရှိရေးအတွက် ဆန္ဒဖော်ထုတ်သည့်အနေဖြင့် နေပြည်တော်သို့ ငြိမ်းချမ်းစွာ လမ်းလျှောက် ချီတက်လာစဉ် ၂၀၁၂ နိုဝင်ဘာ ၂၃ ရက်နေ့က မန္တလေးတိုင်း ပျဉ်းမနား၊ ရေနီမြို့အဝင် ရေနီ စက္ကူစက်အနီးတွင် အရပ်ဝတ် စွမ်းအားရှင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်လူစုခွဲပြီး ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသူ ဦးဆောင်သူ ၄ ဦးကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ရေတာရှည်မြို့နယ် တရားရုံးက ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၆ လစီ နှင့် ပုဒ်မ ၁၈ အတွက် ငွေဒဏ် ၁ သောင်း ကျပ်စီ ချမှတ်ခြင်းဖြစ်သည်။

ယခု ထောင်ဒဏ်ချမှတ်ခံလိုက်ရသူများသည် ကုမ္ပဏီနှင့် တရားဖြစ်ခြင်း မဟုတ်ဘဲ နိုင်ငံတော်က တရားလိုလုပ်ကာ ပြစ်မှုစီရင်ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် လျှောက်ထားပြီးမှ ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် နိုင်ငံတော် အကြည်ညိုပျက်ရန် လုပ်ဆောင်ခဲ့ခြင်း မရှိ၍ ပုဒ်မ ၅၀၅ (ခ) နှင့်လည်း ငြိစွန်းမှု မရှိသကဲ့သို့ ခွင့်ပြုချက်ယူထားသည့် အတွက် ပုဒ်မ ၁၈ နှင့်လည်း ငြိစွန်းခြင်း မရှိကြောင်း ဒေါ်စန္ဒမင်းက ပြောသည်။

တောင်ငူအကျဉ်းထောင်တွင် ယမန်နေ့က ပြစ်ဒဏ်ချမှတ် ခံထားရသူများထဲမှ ကိုနေအောင်ထက်၏ ဖခင် ဦးမြင့်သန်းကလည်း တရားရုံးတွင် ကိုယ်တိုင်သွားရောက် နားထောင်၍ အမှုဆိုင်ရာ အချက်အလက်များ မလျော်ညီသည့် ထွက်ဆိုချက်၊ သက်သေများကို အထင်အရှား တွေ့မြင်ရကြောင်း၊ မတရား ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ ဆက်လက် တက်လှမ်းသွားရန် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။

နေပြည်တော်သို့ လမ်းလျှောက်ချီတက်လာစဉ် မင်းလှမြို့သို့ ရောက်ရှိခိုက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးတို့က ခေတ္တ နားပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ သို့အတွက် ညှိနှိုင်းနားလည်မှုဖြင့် နားခဲ့ကြောင်း၊ နိုင်ငံတော် အကြည်ညို ပျက်ရန်လည်း မလုပ်ခဲ့ကြောင်းနှင့် ခွင့်ပြုချက်ဖြင့်သာ လမ်းလျှောက် ချီတက်ခဲ့ကြခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ကုမ္ပဏီ တခုနဲ့ သူ့အလုပ်သမားတွေက တရားဝင် ရပိုင်ခွင့်အရ တောင်းဆိုခဲ့တာကို နိုင်ငံတော်အနေနဲ့ အခုလို ပြစ်ဒဏ် ပေးလိုက်တာကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ စိတ်မကောင်းဘူး” ဟု ဦးမြင့်သန်းက ဆိုသည်။

ဖမ်းဆီးခံခဲ့ရသည့် ၄ ဦးသည် တောင်ငူအကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရပြီး တပတ်လျှင် ၄ ကြိမ်မျှ တရားရုံးသို့ ထွက်ကာ အမှုရင်ဆိုင်ခဲ့ရကြောင်း သားဖြစ်သူ ကိုနေအောင်ထက် ကိုယ်တိုင်ကလည်း ယခုကဲ့သို့ ပြစ်ဒဏ်ချ မှတ်ခြင်းကို မဖြစ်သင့်ကြောင်း ပြောဆိုသည်ဟု သူက ဆက်ပြောသည်။

နောက်ဆုံးရ ရုပ်/သံများ

2 Responses

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. အစကတည်းကညှိပေးလိုက်ရင်ပြီးနေတာကိုအလကားညစ်နေတယ်၊ကိုယ်ချင်းစာတရားလေးထားမှပေါ့၊ငွေရှိတိုင်း အာဏာပိုင်တွေနဲ့ပိုင်တိုင်း မလုပ်ပါနဲ့ ၊ ၀ဋ် က မနေဘူး။ လူထုဒဏ်ခတ်တာခံ၇မယ်နော်၊။