Spitfire တူးဖော်ရေး မင်္ဂလာဒုံလေဆိပ်တွင် ယနေ့စတင် | ဧရာဝတီ
သတင်း

Spitfire တူးဖော်ရေး မင်္ဂလာဒုံလေဆိပ်တွင် ယနေ့စတင်

Hits:4,779
  | |

စပစ်ဖိုင်းယား တိုက်လေယာဉ်များ မြန်မာပြည်တွင် မြှုပ်နှံခဲ့သည်ကို မျက်မြင်တွေ့ခဲ့သည့် လက်ရှိ မြန်မာပြည်ရောက် စစ်ပြန်ကြီး Mr. Stanley Coomb (ဓာတ်ပုံ – အေးချမ်းမြေ့/ ဧရာဝတီ)

ဒုတိယကမ္ဘာစစ်အပြီး မြှုပ်နှံခဲ့သည့် စပစ်ဖိုင်းယား (Spitfire) တယောက်စီးတိုက်လေယာဉ်ဟု ယူဆရသော လေယာဉ် အစင်း ၆၀ ပြန်လည် တူးဖော်ရေးလုပ်ငန်း အစိတ်အပိုင်းတခု အဖြစ် ရန်ကုန် မင်္ဂလာဒုံလေဆိပ် လေယာဉ်ပြေးလမ်းဟောင်း နေရာတွင် ယနေ့စတင်ကာ မြေတိုင်းတာ စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

မြန်မာအစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီအုပ်စုနှင့် ယင်းလေယာဉ်ရှာဖွေရေးကို စတင်ဆောင်ရွက်ခဲ့သူ ဗြိတိန်နိုင်ငံသား လေယာဉ်မှူး Mr. David Cundall တို့ ပူးပေါင်း၍ သဘောတူ စာချုပ်ချုပ်ဆိုထားသည့် အဆိုပါ လုပ်ငန်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မြို့ ပါ့ခ်ရွိုင်ယယ် ဟိုတယ်တွင် ယနေ့ကျင်းပစဉ် ရွှေတောင်ပေါ်ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးထူးထူးဇော်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

လေယာဉ်တူးဖော်ရေး အဖွဲ့၏ အဆိုအရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၁၈ စင်း၊ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် ၃၆ စင်းနှင့် မိတ္ထီလာမြို့တွင် ၆ စင်းစီကို ဒုတိယကမ္ဘာစစ်အပြီး ဗြိတိန်အစိုးရက မြှုပ်နှံခဲ့သည်ဟု သိရသည်။

“ဒီလေယာဉ်တွေ အားလုံး တူးဖော်နိုင်မယ်ဆိုရင် မြန်မာကို ကမ္ဘာက ပိုသိမယ်၊ မြန်မာနဲ့ ဗြိတိန်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မြဲစေမယ်၊ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာမှာ စပစ်ဖိုင်းယားလေယာဉ် အများဆုံး တွေ့ခဲ့တဲ့ နိုင်ငံ အဖြစ် မှတ်တမ်းတင်နိုင်မယ်” ဟု ဦးထူးထူးဇော်က ဆိုသည်။

ယင်းလေယာဉ်များ တူးဖော်ရေးလုပ်ငန်းအတွက် ပူးပေါင်း သဘောတူစာချုပ်ကို ၂၀၁၂ အောက်တိုဘာလက လက်မှတ် ရေးထိုးခဲ့ကြပြီး ၂၀၁၂ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ လေတပ်စခန်းတွင် စတင်ကာ တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

လေယာဉ်တူးဖော်ရေး လုပ်ငန်းများအားလုံး လုပ်ဆောင်ပြီးလျှင် ရရှိလာသည့်အကျိုးအမြတ်ကို မြန်မာအစိုးရက ၅၀ ရာခိုင်နှုန်း၊ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းနှင့် လေယာဉ်တူးဖော်ရေး လုပ်ငန်းဆောင်ရွက်ရန် မြန်မာပြည်သို့ ရောက်ရှိနေသော Mr. David Cundall က ၃၀ ရာခိုင်နှုန်း ခံစားခွင့်ရမည်ဟု သဘောတူ စာချုပ်တွင် ပါရှိသည်။

ပုဂ္ဂလိက လေယာဉ်မောင်း တဦးဖြစ်သူ အသက် ၆၀ ကျော်အရွယ်ရှိ Mr. David Cundall က မြန်မာပြည်တွင် ယင်း လေယာဉ်များ ရှိနေကြောင်းကို အမေရိကန်နိုင်ငံ ဖလော်ရီဒါနယ်တွင် တွေ့ခဲ့သော အမေရိကန် နိုင်ငံသား ၂ ဦးမှ တဆင့် ၁၉၉၆ ခုနှစ်ကတည်းက သိရှိခဲ့ကြောင်း၊ ၁၉၉၈ ကတည်းက စ၍ မြေတိုင်းတာ စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်ခွင့် ရရန် ကြိုးစားခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် အစ္စရေးနိုင်ငံမှာ ပါမောက္ခ ဒေါက်တာ အာဒန်ဘူလ်နှင့် ဆက်သွယ် မိခဲ့ပြီး ယင်းကာလမှ စတင်၍ မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရရန် ကြိုးစားခဲ့ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆို ခဲ့သည်။

လေယာဉ်များ တူးဖော်ရေးအတွက် ပါဝင်ဆောင်ရွက်နေသည့် ဒဂုံတက္ကသိုလ်မှ အငြိမ်းစား ဘူမိဗေဒ ပါမောက္ခဟောင်း ဦးစိုးသိန်းကလည်း ၁၉၉၉ ခုနှစ် ကတည်းက ၎င်းကို နိုင်ငံတော်စီမံကိန်းအနေဖြင့် စေခိုင်းခဲ့သဖြင့် အစ္စရေးကုမ္ပဏီ တခုဖြင့် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

“ပထမအကြိမ်အနေနဲ့ ၁၉၉၈ ခုနှစ်က မင်္ဂလာဒုံလေဆိပ်မှာ ဝင်တိုင်းတော့ လေယာဉ်ပြေးလမ်းဟောင်းရဲ့ အပြင်ဘက်ကို ရှာတာ မှားခဲ့လို့ မတွေ့ခဲ့ရဘူး။ ၁၉၉၉ ခုနှစ်ကျတော့မှ နေရာအတိအကျကို သိရတယ်။ အဲဒီမှာ အစ္စရေးကုမ္ပဏီနဲ့ တူးကြတော့ တူးချိန် ရက် ၃၀ ပဲရတယ်။ အဲဒီမှာ လေယာဉ်တွေ တည်ရှိတဲ့နေရာရောက်ဖို့ ၁၀ ပေလောက် အလိုမှာ စီမံကိန်းက ရပ်သွားတယ်” ဟု သူက ပြောသည်။

၂၀၀၄ ခုနှစ်တွင်လည်း စင်ကာပူနိုင်ငံမှ ကုမ္ပဏီတခုက တူးဖော်ခဲ့သေးကြောင်း၊ သို့ရာတွင် ထိုစီမံကိန်း၌ ဦးစိုးသိန်းမပါဝင် ခဲ့သဖြင့် အသေးစိတ် မသိရကြောင်း ၎င်းက ဆက်ပြောသည်။

ဒုတိယကမ္ဘာစစ်အပြီး မင်္ဂလာဒုံ လေဆိပ်တွင် အဆိုပါ လေယာဉ်များ မြှုပ်နှံခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့သည့် ယခု အသက် ၉၁ နှစ်အရွယ်ရှိ စစ်ပြန် Mr. Stanley Coomb ၏ ပြောဆိုချက်များနှင့် ဓာတ်ပုံများကို Mr. David Cundall က ၂၀၀၉ ခုနှစ်တွင် ဦးစိုးသိန်းထံသို့ အီးမေးလ်ပို့ခဲ့ရာမှ ယင်းလုပ်ငန်း ပြန်လည်စတင်ရန် ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

Mr. David Cundall သည် ယင်းလေယာဉ်များ တူးဖော်ရေး လုပ်ငန်းလုပ်ဆောင်ခွင့်ရရန် ၁၇ နှစ်တာ ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် မြန်မာစစ်အစိုးရအပေါ် အနောက်နိုင်ငံ အစိုးရများက အရေးယူထားသည့် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ခဲ့ပြီးသည့် နောက်ပိုင်း ယမန်နှစ် ဧပြီလကမှ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ခွင့်ပြုချက် ရခဲ့ကြောင်း ပြောသည်။

“သူပေးပို့တဲ့ မေးလ်တွေအရ မြစ်ကြီးနားမြို့မှာ အမေရိကန်က ရှာလိုက်တော့ ၉ စီး၊ ၉ စီးစီ နှစ်နေရာ ရှိနေတယ် ဆိုတာ သိလိုက်ရတယ်” ဟု ပါမောက္ခ ဦးစိုးသိန်းက ဆိုသည်။

၂၀၁၂ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မြစ်ကြီးနား လေတပ်စခန်း၌ တိုင်းတာ တူးဖော်ခွင့်ရရှိခဲ့ပြီးနောက် ပထမအဆင့်အနေဖြင့် လေယာဉ်အပေါ်လွှာ သံမဏိပြင်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်းသိရသည်။

“အခက်အခဲတွေ အများကြီးတွေ့ရတယ်။ တူးဖော်တဲ့အချိန် ပထမပိုင်းမှာ ရေတွေ အများကြီးထွက်လာတယ်။ အဲဒီရေတွေကို ရှင်းပြီးတော့မှ စတီးလ်ပလိတ်ကို စမ်းသပ်မိတာပါ” ဟု ဦးစိုးသိန်းက ရှင်းပြသည်။

ဒုတိယကမ္ဘာစစ်မှ စတင်၍ ဘုရင့်လေတပ်တွင် အသုံးပြုရန် ဗြိတိန်အစိုးရက တယောက်စီး စပစ်ဖိုင်းယား တိုက်လေယာဉ်များကို ထုတ်လုပ်ခဲ့ပြီး ကမ္ဘာစစ်အပြီး ၁၉၆၂ အထိ ဆက်လက်အသုံးပြုခဲ့ကြောင်း၊ စုစုပေါင်း စီးရေ ၂ သောင်းခန့် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာပြည်တွင် ရောက်ရှိနေခဲ့သော စစ်ပြန်ကြီး Mr. Stanley Coomb က “အခုလို နှစ်ပေါင်း များစွာအတွင်း မြန်မာပြည်ကို တခေါက် ပြန်လာရတဲ့အတွက်ရယ်၊ ဒုတိယကမ္ဘာစစ်အပြီး မြှုပ်နှံခဲ့တဲ့ တိုက်လေယာဉ်တွေ ပြန်လည် ရှာဖွေရေးမှာ ပါဝင်ခွင့် ရတဲ့အတွက်ရယ် ကျနော် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်” ဟု ဆိုသည်။


3 Responses

Leave a Reply

  1. Nobody has the right to sell the historical heritage & even from the government. These flights are used to bomb over burma during british colony which rule us for almost a centuary giving fears, tears and blood sheddings. So can we replace those sacrifices from our forefathers including general aung san with this money? How stupid heads! We cannot allow to sell it for any reason but can borrow to british museum with the condition like burma reserving its true ownership. I think it is radiculous to sell these planes to this american for just money . These are not for sale but for national heritage. Shame on you u thein sein !!

  2. ဒို့ဘိုးဘွားအမွေမို့ ဒို့ ပိုင်ရမလေ။

    အကျိုးအမြတ်ဆိုတာ ဘယ်လိုရမှာလဲ။ လေယာဉ်တွေကို တဦးဦးက ၀ယ်မှာမို့လား။ ဒါမှမဟုတ် .. ဒါမှမဟုတ် .. ဟဲဟဲ..သိတယ်နော်။ ဘာတွေမြှုပ်ထားသလဲဆိုတာ။ ရိပ်မိပြီ ဟုတ်။ လေယာဉ်ပျံတွေကလွဲရင် ကျန်တာအားလုံး မြန်မာနိုင်ငံကပိုင်တယ်။ ဦးထူးထူးဇော်လည်း မပိုင်ဘူး။ဗြိတိန်လည်းမပိုင်ဘူး။

  3. “”လေယာဉ်တူးဖော်ရေး လုပ်ငန်းများအားလုံး လုပ်ဆောင်ပြီးလျှင် ရရှိလာသည့်အကျိုးအမြတ်ကို မြန်မာအစိုးရက ၅၀ ရာခိုင်နှုန်း၊ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းနှင့် လေယာဉ်တူးဖော်ရေး လုပ်ငန်းဆောင်ရွက်ရန် မြန်မာပြည်သို့ ရောက်ရှိနေသော Mr. David Cundall က ၃၀ ရာခိုင်နှုန်း ခံစားခွင့်ရမည်ဟု သဘောတူ စာချုပ်တွင် ပါရှိသည်။”"

    မသိလို့မေးချင်ပါတယ်။ အကျိုးအမြတ်ဆိုလို့ လေယာဉ်တစ်စီးတန်ဖိုးကဘယ်လောက်သတ်မှတ်ထားတယ် ဆိုတာမပါဘူးနော်။ တော်တော်ကြာ တွေ့ပြီးကာမှ လေယာဉ်တွေက ဟောင်းနေလို့ အသုံးမ၀င်တော့လို့ပါဆိုပြီး တစ်စီးကိုဒေါ်လာတစ်ရာနဲ့ဈေးဖြတ်နေမှဟုတ်ပေ့ဖြစ်နေမယ်။ ပြီးတော့အဲဒါတွေကို ဘယ်မှာသုံးမှာလည်း။ :-)