အင်တာဗျူး
၈၈ ဘာလဲ၊ ဘယ်လဲ
Hits:6,614
  | |
Print This Post
ရန်ကုန်ဆန္ဒပြပွဲတခုကို ထိန်းကျောင်းနေသည့် ကိုမြအေး (ဓာတ်ပုံ – Reuters)
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးက ပေါက်ဖွားလာသော ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့သည် နှစ်ရှည်ထောင်ဒဏ်များကျခံ နေရသည်မှ အရပ်သားအစိုးရလက်ထက်တွင် လွှတ်မြောက်လာခဲ့ပြီးနောက် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေး၊ တောင်သူလယ်သမားအရေးများကို ကဏ္ဍ အသီးသီး ဖွဲ့စည်းလုပ်ကိုင်ခဲ့သည်။
အဖွဲ့ ခေါင်းဆောင်အချို့သည် ထိုင်းနိုင်ငံကိုရောက်ရှိနေပြီး ပြည်ပရောက် အဖွဲ့အစည်း အသီးသီး အပါအဝင် ရွှေ့ပြောင်း အလုပ်သမားများ၊ ကျောင်းသူကျောင်းသားများနှင့် အလွှာအသီးသီးရှိ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် တက်ရောက်လာကြသူများ က ၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့် ပြည်ပအဖွဲ့ အစည်းများနှင့် တွေ့ဆုံ ခြင်း၊ ပြည်ပအင်အားစုများအပေါ် သဘောထား၊ ရှေ့ဆက်သွားမည့် အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အစိုးရနှင့် ပတ်သက်မှု ရှိမရှိ ပြည်တွင်ပြည်ပ တွင်နိုင်ငံသားများကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးကြပြီး ၈၈ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေး က ၎င်းတို့အဖွဲ့၏ သဘောထားနှင့် ရှေ့ဆက်မည့်အခြေအနေများကို ဧရာဝတီ သတင်းထောက် ကျော်ခနှင့် တွေ့ဆုံရာတွင် ဖြေကြားထားသည်။
၂၀၁၅ မှာ ၈၈ ပါတီထောင်မလား၊ ဘာလဲ၊ ဘယ်လဲ။
ကျနော်တို့ ၈၈ ထဲမှာ၊ နိုင်ငံရေးလောကထဲမှာ ထဲထဲဝင်ဝင် ဝင်ပြီးတော့မှ Policymaker Role ကနေပြီးတော့မှ လုပ်ရကိုင်ရမယ်ဆိုတဲ့ အမြင်ရှိတဲ့ လူတွေရှိသလို အရပ်ဖက်လူ့အဖွဲ့အစည်းအနေနဲ့ ရပ်တည် သွားမယ်ဆိုတဲ့ အမြင်ရှိတဲ့လူတွေလည်းရှိတယ်။ လုံးလုံးလျားလျား တစ်စိတ်တပိုင်းလုပ်ပြီးတဲ့အခါမှာ အေးအေး ဆေးဆေးနဲ့ အနုပညာနဲ့သော်လည်းကောင်း ဝါသနာပါတာလေး တစ်ခုခု လုပ်ပြီးတော့ နေသွားမယ်ဆိုတဲ့လူတွေလည်းရှိတယ်။
အဲဒီတော့ တိတိကျကျ ဖြေရမယ်ဆိုလို့ရှိရင် ပါတီထောင်မလားဆိုတဲ့ ကိစ္စမှာ Option ၂ ခု ရှိပါတယ်။ တစ်ခုကတော့ ကိုယ့်ဘာကို ထောင်မလား၊ ဒါမှမဟုတ်လို့ရှိရင် လက်ရှိထောင်ပြီးသား ပါတီတစ်ခုခုနဲ့ ပူးပေါင်းမလား၊ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းမလားဆိုတာ၊ အဲဒီဆွေးနွေးချက် အခုထက်ထိ မကျသေးပါဘူး။ ထပ်ပြီး တိတိကျကျ ဖြေမယ်ဆိုလို့ ရှိရင် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ဖို့အတွက် ၈၈ တွေ တစ်စု တစ်စည်းထဲ ပါတီထောင်မယ့် အခြေအနေကတော့ အခုအချိန်ထိ မရှိသေးပါဘူး။ နောင်လည်းရှိဖို့ အလွန်နည်းလိမ့်မယ်လို့ ထင်ပါတယ်။
သို့သော်လည်းပဲ ၈၈ ထဲမှာပါတဲ့ လူတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ့်လူတွေလည်း ရှိပါလိမ့်မယ်၊ ကျန်ခဲ့တဲ့ လူတွေလည်း ရှိပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် လမ်းခွဲပြီးသွားတဲ့ အခါမျိုးမှာ လမ်းကြောင်း ခွဲပြီးသွားတဲ့အခါမျိုးကို ဆိုလိုတာနော်၊ လမ်းခွဲသွားတာမဟုတ်ပါဘူး၊ အဲဒီအခါမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် အဖွဲ့အစည်း တစ်ခု ပျက်စီးသွားမယ့် ပုံသဏ္ဍာန်မျိုး ဖြစ်သွားဖို့တော့ ကျနော်တို့ဆီမှာ မရှိပါဘူး။
ကချင်ငြိမ်းချမ်းရေးကိစ္စ ၈၈ ပတ်သက်မှုက ဘယ်လိုလဲ
ကျနော်တို့ အနေနဲ့က ဒီတိုင်းပြည်မှာ ငြိမ်းချမ်းရေးရရှိဖို့လိုတယ်ဆိုတဲ့ အမြင်ဟာ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ အမြင် ဖြစ်ပါတယ်။ အဲဒီအမြင်အရ လက်ရှိထောင်ကထွက်လာပြီးတဲ့ အချိန်မှာ ကျနော်တို့ ပထမဦးဆုံး သွားခဲ့တဲ့ ခရီးစဉ်ဟာ ကချင်ပြည်နယ်ပါ။
ဘာဖြစ်လို့ အဲဒီကို အင်ပြည့်၊ အားပြည့်၊ တင်းပြည့်၊ ကျပ်ပြည့် ဘာဖြစ်လို့သွားခဲ့သလဲဆိုရင် မြစ်ဆုံကိစ္စပါသလို၊ ကချင်ပြည်နယ် မှာ ဖြစ်နေတဲ့ စစ်ကို ရပ်စဲချင်တာလဲပါပါတယ်။ အဲဒီလုပ်ငန်းစဉ်အရ ကျနော်တို့အနေနဲ့ ဆက်ပြီး၊ ဆက်ပြီး သွားခဲ့တဲ့ ခရီးစဉ်တွေ ရှိပါတယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းဆိုပြီးပြောဆိုနေတာတွေလည်းရှိပါတယ်၊ ငြိမ်းချမ်းရေးဆိုတာ ပြောလို့ လွယ်သလောက် အလုပ်မှာ အရမ်းခက်ပါတယ်။
အဲတော့ လိုင်ဇာကိုသွားတဲ့ကိစ္စ ရှင်းရှင်းပဲပြောပါမယ်။ လိုင်ဇာကိုသွားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပဲဖြစ်ဖြစ် လက်ရှိ ၈၈ မှာ လုပ်နေတဲ့ လုပ်ငန်း လုပ်ငန်းစဉ်တွေအားလုံး၊ တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေး၊ ပွင့်လင်း လူ့အဖွဲ့အစည်း အစရှိတဲ့ ပညာရေး၊ အမျိုးသမီးအရေး ကဏ္ဍရပ်အားလုံးသည် မည်သည့်အစိုးရ တစ်ရပ်ရပ်က တိုက်တွန်း ချက်ကြောင့် လုပ်ဆောင်နေခြင်းမဟုတ်သလို ၈၈ သမိုင်းစဉ်ဆက်တစ်လျှောက်မှာ မည်သည့်အစိုးရ အထူးသဖြင့် ဖိနှိပ်သော၊ အာဏာရှင်ဆန်သော အစိုးရရဲ့ အမိန့်၊ အုပ်ချုပ်မှု၊ အာဏာအောက်က ၈၈ မျိုးဆက်ကျောင်းသားများဟာ လုပ်ခြင်း၊ ကိုင်ခြင်း၊ ဒူးထောက်ခဲ့ခြင်း၊ လက်မှတ်ထိုးခြင်း တစ်စက်မှမရှိဘူးဆိုတာ အတိအကျ ဖြေချင်ပါတယ်။
လိုင်ဇာမှာ ဆွေးနွေးခဲ့တယ်ဆိုတဲ့ ကိစ္စမှာ ကျနော်တို့ ကချင်ပြည်နယ် အပါအဝင် ကျန်သော လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ အခါမှာ အပစ်အခတ်ရပ်စဲ ထားရုံမျှသက်သက်နဲ့ မရနိုင်ဘူးဗျ၊ ကချင်အတွေ့ အကြုံအရပြော ရမယ် ဆိုလို့ရှိရင် ၁၉၉၄ ခုနှစ်က အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်၊ ၁၇ နှစ်ကြာတယ်၊ ပြန်ဖြစ် တယ်၊ အဲဒီမှာ ကျနော်တို့ သွားပြီးဆွေးနွေးတယ်ဆိုတာ တိုက်ရိုက် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၊ KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန် တို့နဲ့ တွေ့ပြီးတော့မှ သဘောထားကို ကျနော်တို့ မေးခြင်းဖြစ်တယ်။
ဒီသဘောထားကို မေးပြီး ပြန်လာတဲ့အခါမှာ ဒီသဘောထား KIA မှာရှိတယ်၊ ငြိမ်းချမ်းရေးကတော့ ဒီလိုလုပ်သင့်တယ်ဆိုတဲ့ အကြောင်းကို နေပြည်တော်က ဝန်ကြီး ဦးအောင်မင်း ကိုတိုက်ရိုက်ပြောခဲ့တာဖြစ်တယ်၊ အစီရင်ခံစာတင်သွင်းဖို့နေပြည်တော်ကို ဝင်ခဲ့တာမဟုတ်ဘူး၊ ကျန်တဲ့ ကိစ္စကတော့ အစိုးရအနေနဲ့ လုပ်သင့်တယ်၊ မလုပ်သင့်ဘူး၊ KIA ရဲ့သဘောထား ဘယ်လိုရှိတယ် ဆိုတဲ့ဟာကိုလည်း ကျနော်တို့ အတိအလင်း ဂျာနယ်တွေထဲမှာ ပြောခဲ့တယ်၊ ဆိုခဲ့တယ်။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလို့ရှိရင် စစ်တပ်ရွှေ့ပေးဖို့လိုတယ်ဆိုတဲ့ အခြေအနေထိ ပြောခဲ့တယ်၊ လက်နက်ကြီးတွေနဲ့ ပစ်လို့ စစ်ပြေးဒုက္ခသည်တွေ ဘယ်လိုရောက်နေတယ်ဆိုတဲ့ ဟာကို ကျနော်တို့ ပြောခဲ့တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ ကြည့်တတ်ရင် မြင်ပါလိမ့်မယ်၊ ဘယ်ဘက်က ရပ်တည်တယ်၊ ဘယ်လိုသွားတယ် ဆိုတဲ့ဟာကို ရှင်းရှင်းမြင်ပါလိမ့်မယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ် ၈၈ သဘောထားက ဘယ်လိုလဲ
ကျနော်တို့ ပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာက Policy changes ကိုပြောနေတာ၊ Policy changes ဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အတွင်းမှာ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးတွေကို ပြဌာန်းပေးနိုင်သော ပြုပြင်ပြောင်းလဲရေးကို ကျနော်တို့ ဆိုလိုခြင်းဖြစ်တယ်။
မြန်မာပြည်မှာနေတဲ့ သန်းပေါင်းခြောက်ဆယ်သော ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ပီပီပြင်ပြင် ပုံဖော်နိုင်တဲ့ Policy တွေကို ပြဌာန်းပေးနိုင်တဲ့ ပြုပြင်ပြောင်းလဲရေးကို ပြောနေတာဖြစ်တယ်၊ ဒီမိုကရက်တစ်နိုင်ငံကို သွားမယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရကပဲဖြစ်ဖြစ်၊ ဘယ်အစိုးရကပဲဖြစ်ဖြစ် သတင်းစာလွတ်လပ်ခွင့်၊ ဂျာနယ်လွတ်လပ်ခွင့်၊ နဲနဲပါးပါး တရားလေး ဟောခွင့်၊ ကျနော်တို့လို ၂၁ ရက်ပတ်စပို့မရဘဲ ၆ လကြာမှ ပတ်စပို့ရပြီး ယိုးဒယားကိုလာခွင့်လေး ပေးယုံမျှနဲ့တော့ မြန်မာပြည်ကြီး ပြုပြင်ပြောင်းလဲသွားပြီလို့ မယူဆပါဘူး။
အဲတော့ အခြခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လိုစပြီးတော့ လုပ်မလဲဆိုတဲ့ ဟာကို အတိအလင်း ဖြေချင် ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်လာပါပြီ၊ အထူးသဖြင့်ပြောချင်တာက အပစ်ခတ်ရပ်စဲရေး လက်မှတ် ထိုးထား ခြင်းဟာ၊ ငြိမ်းချမ်းရေး မဟုတ်ပါဘူး။
ငြိမ်းချမ်းရေးလိုချင်တယ်ဆိုလို့ ရှိရင် တိုင်းရင်းသားအားလုံး တန်းတူ ညီမျှ အခွင့် အရေးတွေပေးနိုင်တဲ့ လွှတ်လပ်မှုနဲ့ တရား မျှတရေး ကို အာမခံချက်ရှိတဲ့ ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့လိုပါလိမ့်မယ်၊ အဲဒီအဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် တိုင်းရင်းသား တွေ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေက တစ်ဆင့်သွားရမှာဖြစ်တယ်၊ အဲလိုသွားတဲ့ အခါမျိုးတွေမှာ စစ်စစ်မှန်မှန် ကိုယ်စား လှယ်တွေ တက်ရောက်ဆွေးနွေးနိုင်တဲ့ဟာမျိုး ဖြစ်ရလိမ့်မယ်၊ ဆွေးနွေးညှိနိုင်းမှုတွေ အားလုံးကလည်း ဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခတွေကို ဂဃဏန သိရှိပြီး ကျေကျေလည်လည် ဖြေရှင်းနိုင်သော ဆွေးနွေးပွဲတွေဖြစ်ပြီး ရလာဒ်ကောင်းတွေ ထွက်ပေါ်နိုင်ဖို့ အရေးကြီးတယ်။
ထွက်ပေါ်လာရုံမျှနဲ့လည်း မပြီးဘူး၊ ဒီရလာဒ်ကောင်းတွေကို စာအုပ်ပေါ်မှာ ရေးပြီး မှတ်တမ်းတင်ထားလို့မရဘူး၊ လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ အထိ သွားမှဖြစ်မယ်၊ ဒါမှ ကျနော်တို့က တန်းတူညီမျှမှုရှိတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ၊ တန်းတူညီမျှမှုရှိတဲ့ အခွင့်အရေး ပြဌာန်းမှုတွေနဲ့ အတူ Policy Change တစ်ခုရောက်မယ်၊ အဲဒီအချိန်ကြမှ ကျနော်တို့နိုင်ငံ ပြုပြင်ပြောင်းလဲပြီလို့ ကျနော်တို့ ပြောလို့ရမှာဖြစ်ပါတယ်။
ပြည်ပရောက်တွေ အပေါ် ဘယ်လိုသဘောထားလဲ
ကျနော်တို့ဖမ်းဆီးထိန်းသိမ်းခံရစဉ်ကာလက ဟော့ဒီက ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ၊ ရဟန်းသံဃာ အရှင်သူမြတ်တွေ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မြောက်ရေးအတွက် အားလုံး ကြိုးစားပေးခဲ့တာ၊ ကြိုးပမ်းပေးခဲ့တာကို အရမ်းကျေးဇူးတင်ပါ တယ်၊ ၈၈ မျိုးဆက်ကျောင်းသားများကိုယ်စား အလေးအနက် မှတ်တမ်းတင်ထားပါတယ်ဆိုတာကိုလည်း ကျနော်ပြောချင်ပါတယ်။
နောက်တခုက ကျနော်တို့မှာ အပြင်တွေ၊ အတွင်းတွေ မရှိပါဘူး၊ အားလုံးအတူတူပဲ လူတယောက်ချင်းမှာ ကိုယ်စီကိုယ်စီ တန်ဘိုးတွေ ရှိတယ်၊ အဲတော့ အားလုံးအတူတူပဲဆိုတာကို ထပ်ပြီးပြောချင်ပါတယ်။ အကြောင်းကြောင်းကြောင့် ဒီဘက်ကို ရောက်နေတဲ့ လူတွေအနေနဲ့က ပြန်လာမယ်၊ မပြန်လာဘူးဆိုတာက မိမိကိုယ်တိုင် ဆုံးဖြတ်ပါ၊ ဘယ်လိုဆုံးဖြတ်ပါလို့ ကျနော်တို့ အနေနဲ့ မတိုက်တွန်းဘူး။
တစ်ခုတော့ရှိတယ် ကျနော်တို့ ၈၈ လွတ်လာပြီးနောက်ပိုင်းမှာ ပထမဦးဆုံး လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မူရှိပါတယ်၊ အပြင် ရောက် ကျနော်တို့မြန်မာတွေပြန်လာမယ်ဆိုလို့ရှိရင် ဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရေးဆိုတာကလည်း ကျနော်တို့ရဲ့ မူဖြစ်ပါတယ်၊ သိက္ခာရှိရှိပြန်လာနိုင်ဖို့ ကျနော်တို့ကိုခိုင်းပါ ဘာလုပ်ပေးရမလဲ၊ တဆက်တည်းမှာ တောင်းဆိုချင်ပါတယ်၊ နောက်ဖေးပေါက် ကနေ ခပ်တိုးတိုးလေး တိုးဝင်လာတဲ့ဟာမျိုးတော့ ကျနော်တို့ လုံးဝမကြိုက်ဘူးဗျာ၊ လက်လည်းမခံဘူး၊ အဲဒါတော့ ရှင်းရှင်းပဲ ပြောမယ်။
ဂုဏ်သိက္ခာရှိရှိပြန်ဝင်လာနိုင်ရအောင် ကျနော်တို့ ဘာလုပ်ပေးရမလဲ၊ ကျနော်တို့ကိုခိုင်း ကျနော်တို့ တတ်နိုင် သလောက် လုပ်ပေးမယ်၊ တခုတော့ရှိတာပေါ့ဗျာ ကျနော်တို့က အစိုးရအဖွဲ့မဟုတ်ဘူး၊ အာဏာပိုင်မဟုတ်ဘူး၊ အဲတော့ ကျနော်တို့ ကျိုးစားမယ်၊ လုပ်ပေးမယ်၊ ဆောင်ရွက်ပေးမယ်၊ အကျိုးရလာဒ်ကတော့ အခြေအနေအချိန်အခါအပေါ်မှာ မူတည်ပြီးတော့ ဖြစ်ပေါ်လာပါလိမ့်မယ်။
ပြည်ပရောက်တွေနဲ့ လာတွေ့တဲ့ ၈၈ ရဲ့ရည်ရွယ်ချက်က ဘာလဲ
၈၈ အပြင်ကိုထွက်ပြီးတော့မှ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံရတဲ့ ရည်ရွယ်ချက်က ၁ အချက်က ကျနော်တို့ ဖမ်းဆီး ထိန်းသိမ်းခံရစဉ်ကာလမှာ အပြင်မှာရှိတဲ့ ကျနော်တို့ ညီကိုမောင်နှမတွေရဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး အပြင် မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် ကျိုးပန်းဆောင်ရွက်နေကြတဲ့ အလုပ်တွေကို လေးစားလို့ အသိအမှတ်ပြုလို့ တွေ့ချင်လို့ ထွက်လာခြင်းဖြစ်တယ်။
နှစ် အချက်က ဒီနေ့ ဒီအချိန်အခါ တိုင်းပြည်ဟာ Policy အရ အသွင်ကူးပြောင်းတယ်လို့ ပြောလို့မရသေးပေမယ့် အသွင်ကူး ပြောင်းရေး ကာလကို မျက်နှာမူနေတယ်လို့ သုံးသပ်တယ်။ အဲဒီလို့အချိန်အခါမျိုးတွေမှာ လုပ်လို့ ကိုင်လို့ရတဲ့ အခွင့်သာတုန်း ကျနော်တို့ ဒီအပြင်မှာရှိတဲ့ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ပြီးတော့ သဘောထားတွေကို၊ မေးတယ်၊ မြန်းတယ်၊ အမြင်ချင်း ဖလှယ်တယ်၊ နှီးနှောဆွေးနွေးညှိနှိုင်းတယ်။
မြန်မာနိုင်ငံဒီမိုကရေစီထွန်းကားရေးအတွက် လွှတ်တော်အတွင်းကပဲ ဆောင်ရွက်ရမှာ မဟုတ်သလို လွှတ်တော်ပြင်ပ ကလည်း ဆောင်ရွက်ရမယ်၊ ကွဲပြားနေလို့ မရတော့ဘူး၊ လွှတ်တော်တွင်းကလည်း လွှတ်တော်တွင်းဝင်တဲ့လူကို နားလည်ရမယ်၊ လွှတ်တော်ပြင်ပမှာလုပ်နေတဲ့လူတွေကိုလည်း လွှတ်တော်တွင်းကလူတွေကလည်း နားလည်ရမယ်။
အလားတူပဲ ပြည်တွင်းမှာလုပ်နေတဲ့လူတွေကို ပြည်ပရောက်နေတဲ့လူတွေကနားလည်ရမှာ ဖြစ်သလို ပြည်ပမှာလုပ်နေတဲ့လူတွေ ကိုလည်း ပြည်တွင်းက လူတွေက နားလည်ရမှာဖြစ်တယ်။ အဲဒီနားလည်မှုတစ်ခုကို တည်ဆောက်ချင်ပါတယ်။
နောက်တစ်ချက် အနေနဲ့ ကျနော်တို့ အနှစ် ၂၀ ကျော်ထောင်တွင်း ဖြတ်သန်းခဲ့တဲ့ အခါမှာ ကျနော်တို့လိုပဲ ABSDF က ကိုသံခဲ ဆိုလို့ရှိရင် ဆေးကျောင်းကို စွန့်လွှတ်ပြီးတော့မှ တောခိုခဲ့တဲ့ လူတယောက်ဗျာ ဒီအချိန်ကျမှ သူ့ရဲ့ အခန်းကဏ္ဍ ပျောက်သွားပြီ ဆိုတဲ့ ဟာမျိုး ဘယ်တုန်းကမှ ပြောနိုင်ဘူး၊ ဒါရှင်းရှင်းလေးပဲ။
ကိုသံခဲမှမဟုတ်ဘူး၊ ကျနော်တို့နဲ့ တူတာရှိမယ်၊ မတူတာရှိမယ်၊ ကျနော်တို့နဲ့ သဘောထား တိုက်ဆိုင်တာရှိမယ်၊ မတိုက်ဆိုင် တာရှိမယ်၊ မည်သို့ပင်ရှိစေကာမူ ထိုသူသည် တိုင်းပြည် အတွက် နှစ်ပေါင်းများစွာ တန်ရာ၊ တန်ရာလိုင်းနဲ့ ပေးဆပ်ခဲ့တာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူ့ရဲ့သမိုင်းကိုလေးစားတယ်၊ အဲတော့ ဒီနေ့ ဒီအချိန်အခါမှာ ပြည်တွင်း၊ ပြည်ပ ခွဲခြားမှုတွေကို အဆုံးသပ် ချင်ပါပြီ၊ အားလုံးတစ်သားတည်းပုံစံသွားချင်ပါတယ်။
ကျနော်တို့ထောင်ကျနေတဲ့ အချိန်အခါမှာ ပြည်ပမှာရှိနေတဲ့ အကဲဒမစ်နေရာကိုရောက်နေတဲ့ ကျနော်တို့နဲ့ သက်တူရွယ်တူ တန်းတူရည်တူ၊ ညီအကို မောင်နှမတွေရှိတယ်၊ အလားတူပဲ ဟော့ဒီရှေ့မှာရှိနေတဲ့ ကျနော်တို့ထက်အသက် ထက်ဝက်လောက် ငယ်တဲ့ ကျနော်တို့ ညီငယ်၊ ညီမငယ်တွေရှိတယ်၊ တိုင်းပြည်ကို အားကောင်းမောင်းသန်ဖြစ်အောင်၊ ဒီမိုကရက်တစ် နိုင်ငံဖြစ် အောင်  ကျနော်တို့ တွန်းတွန်းတိုက်တိုက် လုပ်ရမယ့်အပိုင်းက လုပ်ရမှာဖြစ်သလို တည်ဆောက်ရမယ့်အပိုင်းကလည်း တည်ဆောက်ရမယ့်အပိုင်းတွေရှိတယ်။
အဲလိုအခါမျိုးတွေမှာ ကျနော်ရိုးရိုးပဲဝန်ခံမယ်၊ ကျနော်ပစ္စည်းတခုကို ဖျက်တတ်တယ်၊ ပြန်ပြင်မတတ်ဘူး၊ ဒါကျနော့်သဘောထား၊ အဲဒီနေရာမှာ ကျနော်ဖျက်မယ်၊ တည်ဆောက်တဲ့ လူက ဒီထက်ကောင်းတဲ့ ပစ္စည်းနဲ့ အစားထိုးဖို့ ပြင်ဆင်ထားစေချင်ပါတယ်။
အဲဒါကြောင့်မလို့ ဒီကနေ့တိုင်းပြည်ကို ဒီမိုကရက်တစ်နိုင်ငံအဖြစ် အားကောင်းမောင်းသန် အသွင်ကူးပြောင်းပြီး သွားနိုင်ဖို့ ဆိုလို့ရှိရင် အပြင်မှာရှိနေတဲ့ အဖွဲ့အစည်းအသီးသီး သဘောထားတိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက်ဆိုင်သည်ဖြစ်စေ၊ တူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ မတူခြင်းကိုက ဒီမိုကရေစီရဲ့ အလှတရား၊ သဘောထားကွဲခြင်းကိုက ဒီမိုကရေစီရဲ့ အလှတရား ဖြစ်တယ်။ တစ်ခုပဲရှိတယ်၊ သဘောထားကွဲတယ်ဆိုပြီးတော့မှ ရန်ဘက်ပဋိပက္ခလို ဖြေရှင်းရင်တော့ မှားတာပေါ့ဗျာ။
လွတ်လပ်စွာကွဲလွဲပိုင်ခွင့်ဆိုတာကို ရင့်ကျက်တဲ့အမြင်တွေနဲ့ ကျနော်တို့ လက်ခံနိုင်အောင်ကျိုးစားရမယ်၊ အပြင်မှာရှိတဲ့လူတွေရဲ့ သဘောထားဟာ အလွန်အရေးကြီးတယ်လို့ ယူဆတဲ့အတွက် အဲဒီအဖွဲ့အစည်းတွေနဲ့ တွေ့ဖို့လာရခြင်းဖြစ်ပါတယ်။
WSJ LIVE VIDEO:
9 Responses
Leave a Reply
  1. ကျနော့သဘောထားကိုတင်ပြပါမည်။(၁)၂၀၀၈ဖွဲ့စည်းပုံဟာ-ပြင်ရမည်ဆိုတာကိုအလေးအနက်သိထား၇င်-ပုဂိုလ်တစ်ဦးတယောက်ခြင်းဆီ၏လွတ်လပ်စွာဆုံးဖြတ်ခွင့်အရ-လွတ်တော်ထဲကိုဝင်ပြီးပြင်သင့်ပါတယ်။(၂)။လာမည့်၂၀၁၅-ခုနှစ်ရွေးကောက်ပွဲသည်-၂၀၀၈ဖွဲ့စည်းပုံပါအချက်တွေထဲမှ-သမ္မတဖြစ်ပိုင်ခွင့်နှင့်စစ်တပ်၏လွတ်တော်ထဲတွင်၂၅ရာခိုင်နှုန်းပါဝင်နေမှု၊အရေးကြုံလျှင်စစ်တပ်ကတိုင်းပြည်ကိုစစ်တပ်အာဏာပြန်လည်သိမ်းယနိုင်သည်ဆိုသည့်အချက်တွေကိုပြင်ဆင်မှုမ၇ှိပဲ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကိုဝင်လျှင်မြန်မာ့နိုင်ငံရေးဟာ-ရှေ့မတိုးပဲရပ်တန့်နေမည်ဖြစ်သလိုထို၂၀၁၅ရွေးကောက်ပွဲသည်လည်းအချည်းအနှီးသာဖြစ်ပါလိမ့်မည်။(၃)။လွတ်တော်ပြင်ပလှုပ်ရှားမှုတွေထဲမှ-ကိုမြအေး(ရှစ်ဆယ်ဆယ့်ရှစ်မျိုးဆက်ကိုယ်စားပြု)နှင့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ကျောင်းသားတပ်မတော်တို့တွေ့ဆုံပြီးနောက်ပိုင်းဆွေးနွေးပွဲဆုံးဖြတ်ချက်မှထွက်ပေါ်လာသည်-ကျောင်းသားထုညီလာခံကြီးကျင်းပရေးသည်ယနေ့ကာလ-အမျိုးသားပြန်လည်သင့်မြတ်ရေး၊ပြည်တွင်းငြိမ်းချမ်းရေး၊ပြည်တွင်းစစ်ရပ်စဲရေးတို့အတွက်အထူးအရေးပါသောကိစ္စရပ်ဖြစ်သည်။ထို့ကြောင့်ကျောင်းသားထုညီညွတ်ရေးညီလာခံကိုယနေ့ကာလမှာ-အလျှင်အမြန်လိုအပ်သည်လိုအပ်ချက်ဖြစ်သည်။ထိုညီလာခံကြီးမှထွက်ပေါ်လာမည့်ညီလာခံဆုံးဖြတ်ချက်များသည်ကျောင်းသားထုညီညွတ်ရေးအမျိုးသားပြန်လည်သင့်မြတ်ရေး၊ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက်အထူးအရေးပါသည့်စုပေါင်းညီညွတ်သည့်နိုင်ငံရေးအသံလည်းဖြစ်သည်ဟုနားလည်ထားသည်။(၄)၂၀၁၃နှင့်၂၀၁၄ခုနှစ်အတွင်းဖွဲ့စည်းပုံဆိုင်ရာပြင်သင့်တာတွေကိုမပြင်ပဲဒီအတိုင်း၂၀၁၅ခုနှစ်ရွေးကောက်ပွဲကိုဝင်ကြမည်ဆိုထူးမခြားနားပါတ်ပျိုးသာဖြစ်လိမ့်မည်။ထို့ကြောင့်-ဦးသိန်းစိန်အစိုးရနှင့်လွှတ်တော်ထဲမှဦးရွှေမန်းတို့မှလည်းလွှတ်တော်ထဲတွင်အခြေခံဥပဒေဆိုင်ရာပြင်သင့်သည်များကိုပြင်လိုက်ခြင်းအားဖြင့်အားလုံးပါဝင်နိုင်သည့်(သို့)အားလုံးအတူတကွအလုပ်လုပ်နိုင်မည့်နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကိုလက်တွဲလုပ်ဆောင်နိုင်ကြလိမ့်မည်ဟုမျှော်လင့်သည်။(၅)ကြံ့ဖွတ်ပါတီသည်လည်း-ဒီမိုကရေစီနိုင်ငံတခုကိုတည်ဆောက်ရာတွင်-ဒီမိုကရေစီသဘောအရ-ပါတီများအားလုံးနှင့်ပူးပေါင်းနိုင်သလို-ဒီမိုကရေစီစနစ်သဘောအရ-နိုင်ငံရေးအရ-မှန်ကန်စွာယှဉ်းပြိုင်ခြင်းဆိုသည့်နိုင်ငံရေးယဉ်းကျေးမှုကိုလက်ခံရမည်ဖြစ်သည်။(၆)။အဆုံးမှာတော့-၂၀၀၈ဖွဲ့စည်းပုံကိုမပြင်ပေးပဲလုပ်နေသမျှကာလပါတ်လုံး-မည်သို့သောတိုးတက်ဖြစ်ထွန်းမှုကိုမှဖြစ်ပေါ်စေမည်မဟုတ်ကြောင်းသဘောထားပေးပါသည်။(သစ်ခက်)
  2. ၂၀၀၈တွေ၂၀၁၅တွေ ကျနော်မသိ၊ဗမာနိုင်ငံမတိုးတက်တာ လေသမား၊အာသမားများလို့ ပါ။
    လူတစ်ယောက်ကိုတစ်ခုခုဝေဖန်တော့မယ်ဆိုရင်သူ့ ထက်ငါဘာပိုလုပ်ခဲ့လဲဆိုတာကိုအရင်တွေး
    တတ်ဖို့ လို။ဒါလေးလူတိုင်းသိရင်တိုင်းပြည်တိုးတက်မယ်-
    (၁) ခင်ဗျားတိုနိုင်ငံကခင်ဗျားတို့ အတွက်ဘာတွေလုပ်ပေးနိုင်သလဲဆိုတာမေးမနေပါနှင့်။
    (၂) ခင်ဗျားတိုနိုင်ငံအတွက် ခင်ဗျားတို့ ဘာတွေလုပ်ပေးနိုင်သလဲဆိုတာကိုပဲမေးကြပါ။
    စစ်မင်း
  3. မြန်မာ့နိုင်ငံရေးလုပ်စားသူများသို့ /
    (၈၈)ကျောင်းသားအမည်ခံလုပ်စားတဲ့အဖွဲဝင်များနိုင်ငံတော်ကထောင်ထဲမှာကျွေးတဲ့ထမင်း
    အနှစ်(၂၀)လောက်စားခဲ့ပြီး(၈၈)ကနေ(၂၀၁၂)ထိကာလ(၄)နှစ်လောက်ပဲအပြင်မှာ
    နိုင်ငံရေးလုပ်စား၊တောအော်၊တောင်အော်၊တောပြောတောင်ပြောနဲ့ နံမည်ကြီးလာပြီး
    တစ်ဦးလျင်ကျပ်သိန်း(၂၀၀၀)ကျော်လောက်ချမ်းသာနေကြပြီ။အော်ခ ပြောခရထားတာ။
    ၂၀၁၅ မှာ လေသမား၊အာသမားအလိုမရှိ။နိုင်ငံရေးလုပ်စားဖို့ မကြိုးစားကြပါနှင်။တိုင်းပြည်
    မျက်နှာကြည်ကြပါ။
    နိုင်ငံရေးသမားဟောင်း တစ်ဦး(sm)
    • မောင်မောင်ကျော်ဝင်း
      ခင်ဗျားပြောတဲ့ နိုင်ငံတော်ဆိုတာ စစ်ဘီလူးတွေက၆၂ကစပြီးယနေ့တိုင်မုဒိမ်းကျင့်အာဏာ
      ရယူထားတဲ့ဗမာပြည်ပါ။ကျောင်းသားတွေကိုနှစ်ပေါင်း၂၀ထောင်ထဲမှာညှင်းပမ်းနိပ်စက်ပြီး
      မသေစာကျွေးခဲ့တာကိုကျုပ်တို့ကျောင်းသားတွေကကျေးဇူးတင်နေရဉီးမှာလား။
      ကိုစစ်မင်းခင်ဗျား၊ ခင်ဗျားပြောတဲ့တိုင်းပြည်
      မျက်နှာကြည့်ပါဆိုတာဘယ်မျက်နှာကိုပြောတာလဲ။ ခင်ဗျားတို့အဘသန်းရွှေမျက်နှာကို
      ပြောတာလား၊ သိန်းစိန်မျက်နှာလား၊ ရွှေမန်းမျက်နှာလား။ ဘေးထိုင်၊ဘုပြောပြီးဝန်တို
      စိတ်တွေပွားများနေလို့ကတော့ခင်ဗျားအတွက်ကျပ်သိန်း၂၀၀ကျော်မပြောနဲ့ ၂ပြားတောင်
      ၆၉မျိုးဆက်
      အကျဉ်းကျကျောင်းသား
      (မောင်မောင်ကျော်ဝင်း)
    • 88ကိုမင်းကိုနိုင်တို့အဖွဲ့ကကိုယ်ကျိုးစွန့်ပြီးလုပ်သလလားမလုပ်သလားကလေးတောင်
      သိတယ်။ရှင်ကရှင့်အဖေတွေလိုအလကားရတိုင်းစားနေတယ်လို့ထင်နေသလား။
      ဘယ်သူကရှင့်အဖေတွေကိုထောင်ထဲထည့်ပြီးအနှစ်၂၀ထမင်းကျွေးပါလို့ပြောလို့လဲ။
      အာဏာရူးပြီးအတင်းထည့်ထားတာကိုများကျေးဇူးတင်နေရအုံးမယ်။အရူးကဘဲရှင့်
      အဖေတွေကိုကျေးဇူးတင်မှာ။ရှင့်ကိုရောအဲ့ဒီလိုထည့်ပြီးထမင်းကျွေးထားရင်ကျေး
      ဇူးတင်ပြီးရှစ်ခိုးမှာလား။ကျွန်မလည်းသူတို့လိုစိတ်မျိုးဆိုတော့သူတို့ပြောတာနား
      လည်နိုင်တယ်။တိုင်းပြည်တိုးတက်ကောင်းစားတာကိုဘဲလိုချင်တာဘုရင်တက်မလုပ်
      ချင်ဘူး။အာဏာရူးတွေနဲံဖက်ကိုက်နေရမှာစိတ်ရှုပ်လွန်းလို့။ကျုပ်တို့လုပ်မယ့်အလုပ်
      ကတိုင်းသူပြည်သားတွေကိုတစ်ကယ်ချစ်ပြီးခေါင်းဆောင်တဲ့လူတွေကိုအားပေးမယ်။
      တိုင်းသူပြည်သားတွေကိုဒုက္ခပေးတဲ့လူတွေကိုဖယ်ရှားတဲ့နေရာမှာပါဝင်မယ်ဒါဘဲ။
ိုကိုမင်းကိုနိုင်တို့အဖွဲ့ကိုအမြဲအားပေးလျက်ပါ။
  4. Myint Aung or Kaung Zan
    ၈၈ ရဲ့ သဘောကျေငြာချက်မူကို ကျနော်အလွန်ကြိုက်ပါတယ်၊ ဒါကြောင့်လည်း ၈၈အင်အားစုကို အမြဲတန်ဘိုးထားပြီးနေထိုင်တယ်၊ရဲဘေရက်ဘက်ကောင်းတွေ ခရီးစဉ်အကြောင်းကိုသံခဲ လာစဉ်က ဆွေးနွေးဖြစ်ပါတယ်၊ အောက်လမ်းနည်းနဲ့ ၅၀င်ပါဘူး ကိုယ့်အိမ်ကိုယ်ပြန်မှာပဲ အိမ်ရှေ့ ကလှမ်းသြော်လိုက်မယ် ကျနော်ပြန်လာပြီအမေ၊ဒါပေမယ့်အမေမရှိတော့ အမပေါ့ဗျာ၊ ဘောထားအမြင်ဖတ်ရတော့ ကျေနပ်တယ်။အားလုံးကိုတန်ဘိုးထားတယ်။
    လေးစားစွာဖြင့်။
    ကောင်းဇံ
  5. We admire 88 students and respect them…Because they are innocent,,,..
  6. တခြားခေါင်းစဉ်ပေးစရာ မရှိဘူးလား- ဒီ -ဘာလဲ-ဘယ်လဲ-ဆိုတဲ့ ခေါင်းစဉ်က စစ်အစိုးရ လက်ထက် မြန်မာ့ အလင်းသတင်းစာမှာ နေ့ စဉ်လိုတွေ့ နေရတဲ့ ခေါင်းစဉ်မို့  ဘာလဲ-ဘယ်လဲ -ဆိုတဲ့ ခေါင်းစဉ်ဆိုလျှင် ဘာအကြောင်းအရာဘဲ ရေးထား-ရေးထား-ဖတ်ကို မဖတ်ချင်ဘူးဗျာ- တခြားခေါင်းစဉ် ပြောင်းလဲ ရေးပါ- စစ်အစိုးရ သုံးခဲ့တဲ့ ခေါင်းစဉ် မသုံးပါနဲ့ လို့  အကြံပြုလိုသဗျ-
  7. ကိုနိုင်မြန်မာ
    စဉ်စားပါကွာ မင်းကဘာမို့လဲ မိတ်ဆွေ ၈၈လား မှန်တာလုပ်ခဲ့တာ အားလုံးသိတယ် ဒါပေမဲ့ ခုချိန်မင်းစဉ်စားသင့်တယ်ကွာ စင်တွေ့တိုင်းတက်လို့၇၇ဲ့လား