ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရွှေ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းအတွက် မြေယာ သိမ်းယူခြင်း မခံရသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေ၊ စားကျက်မြေ များအတွက် နစ်နာကြေး မရသည့် လယ်သမားများ ရှိနေသေးကြောင်း သတင်းရရှိသည်။
စက်ရုံ တည်ဆောက်မှုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများအတွက် တစ်ဧကလျှင် ကျပ် ၃ သိန်းခွဲနှုန်းဖြင့် ၂ နှစ်စာ လျော်ကြေး သတ်မှတ်ပြီး တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပါက လယ်ယာမြေများကို ကုမ္ပဏီက ပြန်ဖော်ပေးမည်ဟု စာချုပ်တွင် ပါရှိကြောင်း သိရသည်။ ဓာတ်ငွေ့ သန့်စင် စက်ရုံတည်ဆောက်မှုကြောင့် လယ်မြေ ပျက်စီးခဲ့ရသည့် လယ်သမား ၉၀ ဦး ရှိသည့်အနက် ၅၈ ဦးသာ လျော်ကြေးရရှိပြီး ကျန်လယ်သမားများ လျော်ကြေး ရရှိရေးမှာ မသေမချာ ဖြစ်နေကြောင်း ကျောက်ဖြူ လူမှုကွန်ယက်က ဆိုသည်။
“စီမံကိန်း လုပ်နေတာပဲ သုံးလေးနှစ်ရှိနေပြီ။ အခုမှ လျော်ကြေး လာပေးတယ်။ လယ်သမားတွေက မခံနိုင်တော့လို့ မီဒီယာနဲ့ ဆက်သွယ်တော့မှ ပေးတဲ့ ပုံစံဖြစ်နေတယ်။ ပြီးတော့ ရတဲ့သူက ရ၊ မရတဲ့ သူက မရ ဖြစ်နေတယ်” ဟု ကျောက်ဖြူ လူမှုကွန်ယက်မှ ကိုထွန်းထွန်းနိုင်က ပြောသည်။
ကျောက်ဖြူမြို့နယ် လိပ်ခမော် ကျေးရွာအုပ်စုရှိ (MGC) ကုမ္ပဏီ၏ ဓာတ်ငွေ့သန့်စင် စက်ရုံတည်ဆောက်ရာတွင် မြေစာပုံခြင်းနှင့် တောင်ကုန်းများ ဖြိုဖျက်ခြင်းတို့ကြောင့် ပျက်စီးသွားသည့် လယ်ယာမြေနှင့် စားကျက်မြေများအတွက် ဇန်န၀ါရီလ ၅ ရက်နေ့က မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ တဆင့် နစ်နာကြေးများ ပေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့က ငွေကြေးအခြေအနေအပေါ် မူတည်ပြီးတော့ ရတဲ့အတိုင်းအတာနဲ့ ပေးထားတာပါ။ အကုန်လုံးပေးမှာပါ။ အမြဲသိမ်းတွေ (လယ်ယာမြေ လုံးဝ သိမ်းလိုက်ခြင်း) ကို အရင်ကတည်းက ပေးတယ်။ အခုက ဒီဆောက်လုပ်ရေးကြောင့် မြေစာကျတာတို့၊ ရွှံ့ရည်ကျတာတို့၊ အဲဒီလို ပျက်စီးမှုကြောင့် ဖြစ်လာတာတွေကို ကျနော်တို့က ထပ်ပေးတာပါ” ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ဖွဲ့စည်းထားသည့် မြေယာနှင့် သီးနှံ လျော်ကြေးပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် လယ်မြေများ ပျက်စီးသည့် အပြင် စားကျက်မြေများလည်း ပျက်စီးမှုရှိကြောင်း၊ သို့ရာတွင် စားကျက်မြေများအတွက် လျော်ကြေးမရရှိကြောင်း ဒေသခံ လယ်သမားတဦးက ဆိုသည်။
“စားကျက်ဆိုတော့ မြေလွတ်မြေရိုင်းထဲ ပါသွားတာနေမှာ။ လျော်ကြေးမရဘူး။ စုဆောင်းထားတဲ့ ကောက်ရိုးက မိုးမကုန်ခင် ကုန်မှာ။ ကောက်ရိုးအသစ် မထွက်နိုင်ခင်စပ်ကြား၊ ကြားထဲက တလလောက်မှာ နွားတွေ ဘာကျွေးရမလဲ မသိသေးဘူး” ဟု ကျောက်ဖြူမြို့နယ် ပြားတဲ ကျေးရွာမှ လယ်သမား ဦးစံသာကျော်က ပြောသည်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ကို ဖြတ်သန်းသွားမည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း အကောင်အထည် ဖော်ရာတွင် လယ်ယာမြေ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး နစ်နာကြေး၊ လျော်ကြေး ပေးမှုများမှာလည်း ညီမျှမှု မရှိဟု လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆို နေကြသည်။