ဒေသခံများ၏ လယ်ခင်းများကို စစ်တပ်ပိုင်မြေဟုဆိုကာ ဝင်ရိတ်သိမ်း | ဧရာဝတီ
သတင်း

ဒေသခံများ၏ လယ်ခင်းများကို စစ်တပ်ပိုင်မြေဟုဆိုကာ ဝင်ရိတ်သိမ်း

Hits:1
  | |

ကျောက်တော်မြို့ ဆိုင်းဘုတ် (ဓာတ်ပုံ – နိရဉ္စရာ)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း (၅၃၉) သည် ဒေသခံလယ်သမားများ၏ စပါးခင်းများကို ရိတ်သိမ်းယူနေကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာနှင့် အုတ်တပြင်ကျေးရွာမှ လယ်သမား ၂၈ ဦး ပိုင်ဆိုင်သော လယ်ဧက ၁၃၂ ဒသမ ၇၀ ဧကတွင် စိုက်ပျိုးထားသည့် စပါးခင်းများကို တပ်ရင်း (၅၃၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း ကိုယ်တိုင် ဦးဆောင်၍ ရိတ်သိမ်းခြင်း၊ လယ်သမားများ ရိတ်သိမ်းပြီး စပါးကောက်လှိုင်းစည်းများကို စစ်ကားများဖြင့် သယ်ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံ လယ်သမားများက ဧရာဝတီသို့ ပြောသည်။

ရိတ်သိမ်းပြီးစပါးများသယ်ဆောင်သွားသည့်အပြင် ဆက်လက် ရိတ်သိမ်း ခြင်းမပြုလုပ်ရန်နှင့် ရိတ်သိမ်းပါက ပစ်ခတ်မည်ဟု  နိုဝင်ဘာလ ၈ ရက်နေ့မှ စတင် ခြိမ်းခြောက်ထားကြောင်း သိရသည်။

“မှည့်နေတဲ့ စပါးတွေ ရိတ်သိမ်းတော့မှ စစ်တပ်က သူတို့ပိုင်တဲ့ လယ်မြေဆိုပြီး ရိတ်သိမ်းပြီးတဲ့ စပါးတွေ လုံးဝ မသယ်ဖို့ တပ်ရင်းမှူးနဲ့ စစ်သား ၇၀ လောက်က သေနတ်တွေကိုင်ပြီး ခြိမ်းခြောက်ပါတယ်။ ၁၀ မိနစ်အတွင်း လယ်ကွက်ထဲက ထွက်မသွားရင် ပစ်မယ်ပြောတော့ လယ်သမားတွေအားလုံး ရွာကို ပြန်လာကြရတယ်” ဟု ပြိန်းချောင်းရွာခံ လယ်သမားက ပြောသည်။

စပါးခင်းများအား စစ်တပ်က ရိတ်သိမ်းနေမှုကို မကျေနပ်သည့်အတွက် လယ်သမား ၂၈ ဦးသည်  ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးဌာနများ၊ နိုင်ငံတော်သမ္မတ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများထံ
တိုင်ကြားစာ ပေးပို့ထားကြောင်း လယ်သမားများက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လယ်ဆည်ဝန်ကြီး ဦးကျော်သိန်းက ပြောရာတွင် ထိုကိစ္စကို ၎င်းကိုယ်တိုင် ကွင်းဆင်းစစ်ဆေး နေကြောင်း၊ ယခု ရက်ပိုင်းတွင် ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“စစ်တပ်ဘက်က တာဝန်ခံ ဒု တပ်ရင်းမှူးရယ်၊ လယ်သမားတွေရယ် နှစ်ဖက်စလုံးကို စစ်ဆေးတော့၊ နှစ်ဖက်စလုံးက သူ့တို့ ပိုင်တဲ့လယ်မြေ ပြောနေကြတယ်။ နှစ်ဘက်စလုံး မနစ်နာရအောင် ကျနော်တို့ အစိုးအဖွဲ့က ဆုံးဖြတ်ပေးသွားဖို့ စီစဉ်နေတုန်းပါ” ဟု ၎င်းက ဆိုသည်။

စပါးစိုက်ဧက ၁၃၀ ၀န်းကျင်အနက် အများစုမှာ မှည့်နေပြီဖြစ်ကြောင်း၊ ယခုအခါ ဧက ၄၀ ခန့်ကို စစ်တပ်က ရိတ်သိမ်းထားပြီ ဖြစ်ကြောင်း၊ လယ်သမား ရိတ်သိမ်းပြီးဖြစ်သည့် ၇ ဧကခန့်မှ စပါးများကိုလည်း စစ်ကားများဖြင့် တပ်ရင်း ၅၃၉ အခြေစိုက်ရာ ကန်စောက်တောင် အရပ်သို့ သယ်ဆောင်သွားသည်ဟု သိရသည်။

“ဧက ၁၃၀ လောက်မှာ နှစ်ဘက်စလုံးက ရိတ်ထားကြတာ ဧက ၇၀ ၀န်းကျင် ပြီးစီးနေပြီ။ ဒီတော့ ကျန်တဲ့ စပါးတွေကို စစ်တပ်ကရော လယ်သမားတွေကပါ ဆက်မရိတ်ဖို့ ပြောထားတယ်။ ၅ ရက်အတွင်း  အဆင်ပြေအောင် လုပ်ပေးမယ်လို့လည်း ပြောထားပါတယ်” ဟု လယ်ဆည်ဝန်ကြီး ဦးကျော်သိန်းက ဆိုသည်။

ထိုလယ်မြေများသည် ဒေသခံများ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်နေသည့် လယ်မြေများဖြစ်ကြောင်း၊ ယခုနှစ်တွင်မှ ၎င်းတို့ ပိုင်ဆိုင်သည့် လယ်မြေဟု စစ်တပ်က ပြောဆိုကြောင်း အုတ်တရ ကျေးရွာသား တဦးကလည်း ဧရာဝတီကို ပြောသည်။

“စပါးစိုက်ဖို့ လယ်စထွန်တော့ စစ်တပ်က လာတားသေးတယ်။ လယ်သမားတွေက ဟိုတိုင်၊ ဒီတိုင်လုပ်တော့ နောက်ဆုတ်သွားခဲ့ပါတယ်။ အခုစပါးခင်းတွေ မှည့်တော့မှ စစ်တပ်က သူတို့ပိုင်တာဆိုပြီး ပြဿနာ လာရှာပြန်တယ်” ဟု ၎င်းက ဆိုသည်။

စပါးစိုက်ပျိုးရန် ထွန်ယက်စဉ်က စစ်တပ်မှလာရောက် ဟန့်တား ခြိမ်းခြောက်သည့်အတွက် လယ်သမားများ စုပေါင်း၍ အာဏာပိုင်များထံ တိုင်ကြားရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ အဖွဲ့များလာရောက်ပြီး လယ်သမားပိုင်ဆိုင်ကြောင်း ဖြေရှင်းပေးခဲ့သည့်အတွက် စပါးစိုက်ပျိုးထားခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။

ထိုလယ်မြေများသည် ဒေသခံလယ်သမားများ ဘိုးဘွားပိုင် လယ်မြေမှန်ကန်သော်လည်း သက်ဆိုင်ရာ မြေစာရင်းဌာန၏ ယခုနှစ် အမည်ပေါက်စာရင်း၌ စစ်တပ်ပိုင် လယ်မြေများဟု ဖော်ပြထားကြောင်း၊ ထိုကိစ္စကိုလည်း နှစ်ဦးနှစ်ဘက် ပြေလည်မှု ရရှိအောင် ဆက်လက် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ၀န်ကြီး ဦးကျော်သိန်းက ပြောသည်။

၎င်းက “မြေစာရင်းဌာနရဲ့ လန ၃၉ မှာတော့ စစ်တပ်ပိုင်မြေဆိုပြီး ဖော်ပြထားတယ်။ ဒီကိစ္စကို လယ်သမားတွေက ဘာမှ မသိကြသေးတော့ သူတို့ပိုင်တယ်လို့ပဲ ထင်နေကြတယ်။ အဲဒီလို နှစ်ဘက်စလုံးက သူတို့ပိုင်တယ်ပဲ ထင်နေကြတော့ အငြင်းပွားမှု ဖြစ်တာပေါ့” ဟု ဆိုသည်။

ကျောက်တော်မြို့နယ်၌ ခြေမြန်တပ်ရင်းများအပြင် အမြောက်တပ်တချို့လည်း အခြေစိုက်ထားပြီး ဒေသတ၀ိုက်ရှိ လယ်သမားများ၏ လယ်မြေဧက ထောင်ချီသိမ်းယူထားခြင်းကို  နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌများထံ တိုင်ကြားထားသည့်တိုင် ဖြေရှင်းပေးမှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။


WSJ LIVE VIDEO:

6 Responses

Leave a Reply

  1. ရခိုင်တွေစစ်တပ်ကိုအများကြီးရှိစေချင်တော့တွေ့ပြီပေါ့ဒုက္ခလှလှလေ။ကျုပ်တို့တိုင်းပြည်ကစစ်တပ်ဆိုတာသူများတိုင်းပြည်ကစစ်တပ်တွေလိုမဟုတ်ဘူးအကြီးစားဓါးပြတွေ။
    စစ်သားလေးတွေကိုမဆိုလိုပါဘူး။စစ်ဗိုလ်တို့၊တိုင်းမှူးတို့ဆိုတဲ့ကောင်တွေကိုပြောတာ။
    သူတို့မိန်းမတွေစိန်တစ်ဝင်းဝင်းဖြစ်အောင်၇ယ်၇ာထူးတိုးပြီးသန်းရွှေတိုလိုအကြွင်းမဲ့အာဏာ
    ၇ဖို့အထက်ကိုဖားဖို့ရန်ပုံငွေရအောင်လို့ဆင်းရဲသားတွေကိုဓါးပြတိုက်ုရတာပေါ့။
    စပါးစိုက်တဲ့လူဘဲစပါးပိုင်ခွင့်ရှိ၇မှာပေါ့သူတို့ပိုင်ချင်ရင်သူတို့ကိုယ်တိုင်သားသမီးမိန်းမတွေ
    ကိုခေါ်ပြီးစိုက်ခိုင်းပေါ့။တစ်ခြားလူကိုအငှားချပြီးငွေတော့မယူနဲ့လေ.။ဒါမတရားမှူဘဲ။
    ဒေါက်တာအေးမောင်ဆိုတဲ့လူကြီးရေ၇ှင့်လူမျိုးတွေကိုစစ်တပ်ရန်ကာကွယ်ဖို့လည်းလုပ်
    အုံး စစ်တပ်မနိုင် ဘင်္ဂါလီမဲတော့မလုပ်နဲ့လေ။ရှင်တို့ပြည်နယ်တစ်ခုဘဲဒီမိုကရေစီမရဘဲ
    ကျန်ခဲ့မယ်နော်ကြည့်လုပ်။လူမျိုးရေးစိတ်ဓါတ်သိပ်overဖြစ်သွားရင်ဒုက္ခရောက်လိမ့်မယ်
    သတိထား။

  2. မြေစာရင်းကိုလိမ်ချင်တိုင်းလိမ်ပြီး လူပါးဝတာ။ မြေပိုင်တယ်ဆိုတိုင်း မြေပေါ်စိုက်ထားတာကို ပေါက်တူးတစ်ချက်မှဝင်မပေါက်ဘဲ သိမ်းစရာလား။ တပ်ရင်းမှူးမဟုတ်ဘူး ဓားပြဗိုလ်။

  3. စစ်တပ်ပိုင်မြေလို့ပြောနိုင်ဘို့လွတ်တေါ်ထဲကအစိမ်းရောင်များရှေ့နေလုပ်ပေးဖို့လိုပါတယ်။
    အိုဘားမားလါရင်ဒီအကြောင်းတွေပါအေါင်တိုးတိုးလေးပြောပေးကြပါ၊

  4. မင်းကြီးညို

    စစ်ဘက်နှင့်အရပ်ဘက် ဆက်ဆံရေး ပြေလည်အောင် ဆောင်ရွက်ကြပါဗျာ။ ယခုလိုပဋ္ဋိပက္ခ
    ဖြစ်နေချိန်တွင် စိတ်ဝမ်းမကွဲကြပါနှင့်။ စုစည်းညီညွတ်မှုမရှိလျှင် ဘင်္ဂါလီများမှ အခွင့်အရေး
    တစ်ရပ်အဖြစ်မြင်လာပြီး ရခိုင်လူမျိုးများကို ထပ်မံ ပြဿနာရှာလာနှိုင်သည်။ ထို့ကြောင့်
    စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ကြပါ။

  5. စစ်သားဆိုတာ စစ်တိုက်ဖို့ဘဲတာဝန်ရှိတယ် နိုင်ငံတော်ကလစာရိက္ခာလုံလောက်အောင်ပေးထားရင်တပ်ပိုင်လယ်ဆိုတာမရှိစေရဘူး အခုတော့စစ်သားက လယ်စိုက်ရ မိန်မတွေလည်းလယ်စိုက်ရနဲ့ တခြားနိုင်ငံတပ်မတော်တွေမှာလုပ်စရာမလိုပါဘူး ဘာတဲ့ တပ်များစွမ်းရည်တိုးတက်ရေး ပေါင်းစည်းလယ်ယာတို့ လစာတစ်လစာနဲ့လူနှစ်ယောက်ကိုအလုပ်ခိုင်းတယ် ပြီတော့လူမွှေးပြောင်းအောင်လည်းမထားနိုင်ဘူး မလုပ်ချင်တော့လိုထွက်ချင်လည်းပေးမထွက်ဘူးစစ်သားတွေကို နားလည်းပေးကြပါ သူတို့မှာဒုက္ခနဲ့ပါ

  6. ဒီဖြစ်စဉ်သည် သဘော၇ိုးဖြစ်စဉ်တော့ မဖြစ်နိုင်ပါ. တမင်၇ည်၇ွယ်ချက်၇ှိ၇ှိ လုပ်ကိုင်ခြင်းဖြစ်နိုင်ပါသည်.မိမိကိုယ်တိုင် စိုစ်က်ပျိုးထားခြင်းမ၇ှိသော စပါးခင်းကို ၇ိတ်သိမ်းယူငှင်ခြင်းမှာ အင်အတန် ၇ုပ်ဆိုး ပြီး အင်မတန်မှ အောက်တန်း ကျ တဲ့ လုပ်၇ပ်တစ်ုခုဖြစ်နေပါသည်.ဒီလို ပြသနာတွေ တက်နေတဲ့ ၇ခိုင်ဒေသမှာ စစ်တပ်အနေနဲ့ ပိုမို ဆင်ခြင်၇မှာ ဖြစ်ပါသည်. တမင် ပြသနာကို ဖြစ်အေင် ခွင် ဖန်တီးနေပုံ၇ပါသည်. စစ်တပ်သည် အထက် ကအမိန့် ပေးတာ ကို လုပ်၇သည့် အတွက် ဒီကိစ္စ တွင်လည်း အထက်က အမိန့်ပေး စေခိုင်းသည်ဟု ထင်မြင်ယူဆ၇ပါသည်.ဆိုတော့ ကာ စစ်တပ် အနေနဲ့ လူထုကို ကာကွယ်ပေးခြင်း မ၇ှိသည့်အပြင် ၀မ်းစာ စပါးကိုပါ လုယက် ယူငှင် ပြီး ဒုက္ခ ပေးနေသည် ကို ကြည့်ခြင်းအား ဖြ့င့် စစ်တပ်အနေဖြ့င့် ၇ခိုင်ပြသာနတွင် ဘယ်လို ကိုင်တွယ်နေသည် ဘယ်လို ဖြေ၇ှင်းနေသည် ကို မျက်ဝါးထင်ထင် မြင်တွေ့ နေ၇ပါသည်.