သတင်း

တော်ဝင် သစ်စက်အရေး ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ချပြီ

Hits:1
  | |
Print This Post

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၀ါးတရာရှိ တော်ဝင် သစ်အချောထည်စက်ရုံတွင် ဆန္ဒပြနေသည့် အလုပ်သမများ (ဓာတ်ပုံ – Mg Ygn / Facebook)

ရွှေပြည်သာမြို့နယ် ၀ါးတရာ စက်မှုဇုန်ရှိ တော်ဝင်သစ်စက် အရေးနှင့်ပတ်သက်ပြီး အလုပ်ရှင် ဦးကိုကိုထွေး၏ အယူခံအား ပယ်ချ၍ ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ခုံသမာဓိကောင်စီ က ယမန်နေ့တွင် ထပ်မံအတည်ပြု ချမှတ်လိုက်သည်။

ရန်ကုန်တိုင်းခုံသမာဓိအဖွဲ့က အလုပ်ဆင်းနိုင်ပြီဟု ဆုံးဖြတ်သည့် နိုဝင်ဘာ ၁၂ ရက်မှ နောက်ဆုံး ဆုံးဖြတ် ချက်ချသည့် ၂၆ ရက် နေ့အထိကို အလုပ်ဆင်းရက်အဖြစ် သတ်မှတ်ကာ ၀န်ထမ်းဦးရေ ၂၃၀ အတွက် လုပ်ခ ပေးရန် ထပ်တိုးဆုံးဖြတ်ချက် တရပ်လည်း ပါဝင်သည်။

အဆိုပါ ဆုံးဖြတ်ချက်များကို ရက်ပေါင်း ၃၀ အတွင်း ကုမ္ပဏီမှ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း သိရသည်။

“တကယ်လို့ လုပ်ခ ထုတ်မပေးဘူးဆိုရင် စက်ရုံကို အရေးယူလို့ ရတဲ့ လုပ်ထုံး လုပ်နည်းတွေ ရှိပါတယ်။ အလုပ်သမားတွေက ဥပဒေနဲ့ ညီညွတ်အောင် ကြိုးစားလို့ အခုလို အနိုင်ရတာပါ”ဟု အလုပ်သမားအရေး ဆောင်ရွက်ပေးသည့် Action Labour Right အဖွဲ့မှ ကိုဖြိုးဝေလင်းက ပြောသည်။

တော်ဝင်ကုမ္ပဏီ ဒါရိုက်တာ ဦးသိန်းညွန့်ကမူ အဆင့်ဆင့် ဆက်လက် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

နိုဝင်ဘာ ၂၂ ရက် က ခုံသမာဓိ အဖွဲ့နှင့် အလုပ်သမား ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ထိုသို့ အပြီးသတ် ဆုံးဖြတ်ချပေးမည့် အကြောင်း ခုံသမာဓိ အဖွဲ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခုဆုံးဖြတ်ချက် ချမှတ်ပေးသည့် ခုံသမာဓိကောင်စီသည် နိုင်ငံတော်အဆင့်ဖြစ်ပြီး အလုပ်သမားရေးရာနှင့် ပတ်သက်လျှင် အမြင့် ဆုံး ဆုံးဖြတ်ချက် ချနိုင်သည့်အဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ပါက နိုင်ငံသား အခွင့်အရေးနှင့် ဆိုင်သည့် တရား လွတ်တော်ချုပ်သို့ နောက်ဆုံးအဆင့်အနေနှင့် အယူခံဝင်နိုင်ကြောင်း သိရသည်။

တော်ဝင် သစ်အချောထည် စက်ရုံအလုပ်သမားများသည် လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေးများအတွက် အောက်တိုဘာ ၁၇ ရက်မှစကာ တောင်းဆိုဆန္ဒပြမှု ၄ ကြိမ်ပြုလုပ်ခဲ့သည်။

တောင်းဆိုချက်များမှာ စက်ရုံလုပ်သားများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မပို့ရန်၊ လူမူဖူလုံရေးကတ် ပြုလုပ်ပေးရန်၊ အလုပ် သမား စာချုပ် ချုပ်ဆိုရန်၊ တင်းကျပ်လွန်းသည့် လုပ်ငန်းခွင်နှင့် မလျော်ညီသော စည်းကမ်းချက်များ ထုတ်ပြန်ခြင်း မပြုရန်၊ သပိတ် ရက်ရှည်သဖြင့် သပိတ်မှောက်ထားသည့်ကာလကို အလုပ်တာဝန်ချိန် သတ်မှတ်ပေးရန် စသည့်အချက်များဖြစ်ပြီး ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့က နောက်ဆုံးတချက်မှအပ လေးချက်ကို လိုက်လျောဆောင်ရွက်ပေးရန် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ် သည်။

ရန်ကုန်တိုင်းခုံသမာဓိရုံးက ဆန္ဒပြလုပ်သားများကို အလုပ်ဆင်းခွင့်ပြုရန် နိုဝင်ဘာ ၁၁ ရက်နေ့က ဆုံးဖြတ်ချက်ချခဲ့သော်လည်း စက်ရုံပိုင်ရှင်က အယူခံဝင်ထားဆဲ ဖြစ်သောကြောင့်ဟု ဆိုကာ အလုပ်ဆင်းခွင့် မပြုခဲ့ပေ။

တော်ဝင်သစ်စက် အလုပ်သမားများသည် စက်ရုံရှေ့တွင် ၁၄ ရက်ကြာ၊ ၈ မိုင်ရှိ တော်ဝင် ကုမ္ပဏီရုံးချုပ်ရှေ့တွင် ၄ ရက်ကြာ ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး စက်ရုံရှေ့တွင် ဆန္ဒပြစဉ်ကာလများအတွင်း ကိုယ်ထိလက်ရောက် နှောင့်ယှက်မှုကြုံရခြင်း၊ ၁၂ ရက်နေ့ အလုပ်ဆင်းရန် သွားရောက်ရာတွင်လည်း စက်ရုံတွင်းမှ နှောက်ယှက်ခြင်းများကြုံရသည့်အပြင် စက်ရုံအ၀င် အများပိုင်လမ်းကို သံဆူးကြိုးများ ကာရံခြင်းတို့ ပြုလုပ်ထားသည်ကို ကြုံကြရကြောင်း ဆန္ဒပြ အလုပ်သမားတဦးက ပြောပြသည်။

စက်ရုံအတွင်း လုပ်ငန်းခွင်နှင့် မလျော်သည့် စည်းကမ်းချက်များကို ထုတ်ပြန်ခြင်းသည်လည်း ဆန္ဒပြရခြင်း အကြောင်းရင်း တရပ် ဖြစ်ကြောင်း၊ ယူနီဖောင်း ၀တ်ဆင်မှု ဆိုင်ရာတွင်လည်း လုပ်ငန်းခွင် လိုအပ်ချက်အရ ၀တ်ဆင်ခြင်းကို အရေးယူခံရခြင်းများရှိကြောင်း၊ ယူနီဖောင်းအဖြစ် သတ်မှတ်ထားသည့် တီရှပ် ၁ ထည်ကိုသာ စက်ရုံမှ ထုတ်ပေးပြီး ထပ်မံလိုအပ်လျှင် မတန်တဆ ဈေးဖြင့် ၀ယ်ယူရကြောင်း ဆန္ဒပြအလုပ်သမား ကိုနေလင်းဦးက ပြောသည်။

ကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့ဆုံးဖြတ်ချက်ကို မလိုက်နာရုံသာမက အစောပိုင်းက ချုပ်ဆိုခဲ့သည့် အလုပ်ရှင် အလုပ် သမား စာချုပ်ပါ အချက်များကိုလည်း ချိုးဖောက်ခဲ့ကြောင်း ဆန္ဒပြအလုပ်သမ တဦးဖြစ်သူ မအိဇာဖြူက ပြောသည်။

အဆိုပါ တော်ဝင်သစ်စက်ကို ၁၉၉၇ ခုနှစ်မှ စတင်ကာ တရားဝင်လည်ပတ်နေခြင်းဖြစ်ပြီး တော်ဝင်ကုမ္ပဏီအနေဖြင့် အခြား ဆောက်လုပ်ရေး လုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ ရုပ်/သံများ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>