မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အသိအမှတ်ပြုတဲ့ အနေနဲ့ အမေရိကန် စစ်တပ်က မြန်မာအရာရှိတွေကို သင်တန်းတွေ ပေးတော့မှာပါ။ သင်တန်းတွေကတော့ လူသေစေနိုင်တဲ့ စစ်ဘက် တိုက်ခိုက်ရေးဆိုင်ရာနဲ့ မပတ်သက်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနည်း၊ စစ်ဘက်ဆိုင်ရာ ဆေးဝါးကုသမှုနဲ့ ကာကွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံခရီးစဉ်နှင့် ဆက်စပ်ပြီး မြန့်မာ့ရေပိုင်နက်အနီးသို့ ရောက်ရှိခဲ့သည် အမေရိကန် ကမ်းတက် ရဟတ်ယဉ်တင်သင်္ဘော USS Bonhomme Richard (LHD-6) ပေါ်သို့ မြန်မာ့တပ်မတော် (ရေ) မှ အရာရှိကြီးများ သွားရောက်လည်ပတ်ခဲ့ကြစဉ် (ဓာတ်ပုံ – Myanmar Defence Weapons / Facebook)
ဒီလို စစ်ရေး အရ ပူးပေါင်းပြီး သင်တန်း ပေးဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ လကတည်းက သတင်းတွေ ထွက်ပေါ် ခဲ့တာပါ။ အောက်တိုဘာ လမှာတော့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အမေရိကန်-မြန်မာ လူ့အခွင့်အရေး စကားဝိုင်း (US-Burma Human Rights Dialogue) မှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပေါ့စနာ (Michael Posner) ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့မှာ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအဖွဲ့ ၊ ဒု သမ္မတရုံး၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန၊ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီတို့နဲ့ အတူ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အကြီးတန်း ကိုယ်စားလှယ်တွေလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။
ထိုစဉ်တုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ အာရှနဲ့ ပစိဖိတ်လုံခြုံရေး ကိစ္စရပ်များဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ကေသီ ဝေလ်ကင်ဆင်က “လူ့အခွင့်အရေးကို လေးစားတာ၊ အရပ်သားက စစ်တပ်ကို ကြီးကြပ်တာနဲ့ လုပ်ငန်းပွင့်လင်းမြင်သာမှု ဆိုတာတွေက စနစ်ကျတဲ့ ခေတ်မီ တပ်မတော်တွေရဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ အဲဒီအရာတွေဟာ တရားဝင်မှုအတွက် အရေးပါတဲ့ အရာတွေပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စတွေမှာ သိပ်ကို အလေးအနက်ထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်-မြန်မာ စစ်ဘက် ဆက်ဆံရေး ပြန်စမယ်လို့ သတင်းတွေ ထွက်ပေါ်ချိန်မှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရှေ့မတိုးနိုင်တာ၊ မြန်မာ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း တိုက်ရိုက် ခန့်အပ် နေရာယူထားတာတွေကြောင့် စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း စစ်ဘက်တိုက်ခိုက်ရေးဆိုင်ရာတွေနဲ့ မပတ်သက်ကြောင်း အတိအလင်း ပြောဆိုခဲ့တာ တွေ့ရပါတယ်။
တပ်မတော်ကို ပရော်ဖက်ရှင်နယ် စစ်တပ် စစ်စစ်ဖြစ်ရေးကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောဆိုခဲ့ဖူးပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မြန်မာ့တပ်မတော်ကို အဲလို ဖြစ်လာအောင် လမ်းကြောင်းပေးခြင်းဖြင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဆီ သွားနိုင်အောင် ကြိုးပမ်းတဲ့ ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။
မြန်မာ့တပ်မတော်ရဲ့ လက်ရှိ အခြေအနေ၊ အမေရိကန်-မြန်မာ စစ်ရေး ဆက်ဆံမှုတွေ ပြန်စတင်ဖို့ အချိန်ကောင်းလား၊ မြန်မာ စစ်ဘက်အရာရှိတွေကို သင်တန်းပို့ချမှု ထိရောက်နိုင်မလား၊ မြန်မာ့တပ်မတော်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေချင်ခဲ့တဲ့ တပ်မတော်မျိုး ပြန်ဖြစ်လာနိုင်မလား၊ မြန်မာစစ်တပ်ကို စစ်တန်းလျားကို ပြန်သွားစေမလား စတာတွေနဲ့ ပတ်သက်လို့ ထင်မြင်ယူဆချက်တွေကို ဒီနေရာမှာ ဆွေးနွေးနိုင်ပါတယ်။
တပ်မတော်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေချင်ခဲ့တဲ့ တပ်မတော်မျိုး ပြန်ဖြစ်လာစေချင်တယ်ဗျာ ။ လက်ရှိတပ်မတော်ရဲ့ရပ်တည်မှုအနေအထား ၊ ပြည်သူလူထုနဲ့သွေးခွဲခံထားရတဲ့အခြေအနေတွေကိုမြင်နေ ကြားနေရတာ ရင်နာရလွန်းလို့ ။ ဟိုးအရင်ကလို တပ်ယူနီဖောင်းဝတ်ထားသူတွေတွေ့ရင် ချစ်ခင် လေးစားတဲ့ခံစားမှု ၊ အားကျတဲ့အကြည့်တွေကို ပြန်ရစေချင်တယ် ။
သမတဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့တပြေးညီ စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိသင့်သလောက် မရှိသေးဘူးလို့ မြင်ပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ တပ်မတော်ပုံစံဖြစ်လာဖို့ဆိုရင် မြန်မာစစ်တပ်အနေနဲ့ အမေရိကန်စစ်တပ်နဲ့ နီးနီးကပ်ကပ်ဆက်ဆံခြင်းအားဖြင့် နိုင်ငံရေးအတွေးအမြင်၊ တပ်မတော်ရဲ့တာဝန်နဲ့ အခန်းကဏ္ဍ၊ လူ့အခွင့်အရေးဆိုင်ရာ စတာတွေမှာ အပြုသဘောတိုးတက်မှုတွေ ရှိလာမယ်လို့ ယုံကြည်ပါတယ်။
၁၉၆၀ နှင့် ၁၉၇၀ ပြည့်နှစ်တွေ တုံးက အင်ဒိုနီးရှားမှာ စစ်တပ်က လက်ဝဲယိမ်းသူတွေကို သတ်ပစ်ခဲ့တာတွေ၊ ဗီယက်နမ်မှာ အမေရိကန် တပ်တွေနှင့် တောင်ဗီယက်နမ် တပ်တွေ မီးလောင်ဗုန်းတွေ ကလပ်စတာ ဗုန်းတွေ နှင့် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေစဉ် တုံးက မြန်မာ စစ်တပ် က သူတို့ စစ်တပ်တွေ ထက်တော့ သာမယ်ထင်ပါတယ်။ အထူးသဖြင့် ချန်ကေရှိတ် အုပ်ချုပ်တဲ့ တိုင်ဝမ် တို့ ပက်ချုံဟီး အုပ်ချုပ်တဲ့ တောင်ကိုးရီးယား တို့ ထက်လဲ သာမှာပါ။ ဇိုင်ယာက မော်ဘူတို တို့ ထက်လည်းသာမှာပါ။ ဒါပေမည့် ၁၉၈၀ ကနေ ၂၀၁၀ အထိကတော့ ကမ္ဘာမှာ အဆိုးဆုံး၊ လာဒ် အစားဆုံး၊ လူအခွင့်အရေး ချိုးဖေါက်မှု အများဆုံး၊ ပြည်သူကို အဖိနှိပ်ဆုံး စစ်တပ် အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာစစ်တပ် က အပြောင်းအလဲ ကို မလိုလားလိုပါ။ ၁၉၆၀ ကနေ ၁၉၈၈ အထိ အုပ်ဆိုးခဲ့တဲ့ စစ် အစိုးရ တိုင်းရင်းသား တွေပေါ် ဖိနှိပ်ပေမယ့် အရမ်း ရိုင်းရိုင်း စိုင်းစိုင်း မဆက်ဆံခဲ့ပါဘူး။ ၁၉၈၈ မတိုင်မီက တိုင်းရင်းသား ဒေသတွေမှာ အရပ်ဝတ်လဲထားတဲ့ ဒေသခံ တိုင်းရင်းသား မျိုးနွယ်ဝင် တပ်မတော်သားတွေကို ခန့်အပ်ခဲ့သော်လည်း ၁၉၈၈ နောက်ပိုင်း ပြည်မမှ စစ်အရာရှိကြီးများ တိုက်ရိုက် ဝင်ရောက်အုပ်ချုပ်ခဲ့ကာ မြန်မာပြည် အုပ်ချုပ်ရေးကို ဗြိတိသျှ ကိုလိုနီခေတ်ဦး ကဲ့သို့ ပြည်လည် နောက်ကြောင်းပြန် အုပ်ချုပ်ခဲ့ သည်မှာ တိုင်းပြည် အတွက် လွန်စွာ ကြေကွဲဖွယ်ကောင်းပါသည်။ တပ်မတော် မှ ယခုဦးဆောင်ဖေါ်ဆောင်နေသော ဒီမိုကရေစီ စနစ်ဆိုသည်မှာလည်း အင်ဒိုနီးရှား ဆူအာတို လက်ထက်နှင့် သိပ်မကွာသေးပါ။ ထိုအခြေအနေတွင် အမေရိကန်ပြည်ထောင်စု အနေဖြင့် တပ်မတော်ကို စိတ်ဓာတ်ပိုင်း ဆိုင်ရာ ခေတ်မှီ တိုးတက် အောင် ဆောင်ရွက် ပေးခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက် နိုင်ပါကြောင်းတင်ပြအပ်ပါသည်။ ဧရာဝတီ ဆင်ဆာဖြတ်တောက်ခြင်း မပြုရန်လည်း တောင်းပန်အပ်ပါသည်။
အမေရိကန်နဲ့ဆက်စံရေးတော့မသိပါဒက်ခိနသီရိမြို့နယ်ကပြသူလွှတ်တော်ကိုယ်စားလယ်ရဲ့နောက်မှာကျန်တဲ့မိသားစုNGOမျော်လင့်မှုဘဝင်မှုတွေကိုအရင်ရှင်ပေးပါ။
အမေရိကန်စစ်တပ်နဲ့ဆက်ဆံရေးကို အားပေးပါတယ်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ဆိုတာလိုပေါ့ဗျာ။ အမေရိကန်စစ်တပ်ရဲ့ကောင်းတဲ့ စရိုက်လက္ခဏာတွေရယူနိုင်ပါစေ။ အဲ..ကောင်းတာတွေအများကြီးရှိတဲ့ကြားက မကောင်းတာတွေချည်းပဲလည်းရွေးယူမလာနဲ့ဦးနော်။ အကောင်းအဆိုးဆိုတာနေရာတိုင်းမှာရှိတယ်။ ယူမဲ့သူတွေရဲ့အပေါ်မှာ အဓိကတည်မှီနေပါတယ်။
တပ်မတော်က DSA ကျောင်းသား ကအစ Colonel, General
တွေအထိ သူတို့ မိန်းမရှိက မိန်းမတွေ အပါအ၀င် အခွင့်အလမ်း
တွက်ချက်မူ တွေက အရန်းများ နေတဲ့ အတွက် ပျက်စီး တာ
မျိုး အရည်အချင်းတွေ ကျကုန် တာမျိုးဖြစ် သွားတာပါ။
အမေရိကန်နဲ့ ပူးပေါင်းမူ ကိုကြိုဆိုပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ကမ္ဘာ့ခေတ်အမီဆုံး အမေရိကန်စစ်တပ်ကို အားကျနေတာကတော့ သေချာပါတယ် ။ အမေရိကန်စစ်တပ်ရဲ့ ခေတ်မီဆန်းပြားတဲ့စစ်လက်နက်တွေ ၊ ခေတ်မီစစ်ရေးနည်းဗျူဟာတွေ ၊ အခြားအခြားသော သူတို့နားလည်တတ်ကျွမ်းမှုမရှိသေးတဲ့ ခေတ်မီပညာရပ်တွေကို အမေရိကန်စစ်တပ်ဆီကနေ သင်ယူချင်နေပါတယ် ။ ဒါပေမဲ့ မြန်မာပြည်သူတွေအပေါ်ထားတဲ့ သူတို့ရဲ့ဖိနှိပ်ချုပ်ချယ်ချင်တဲ့စိတ်ဓါတ်ကိုတော့ ပြင်ဖို့စိတ်ကူးမထားပါဘူး ။ အမေရိကန်စစ်တပ်အနေနဲ့ အဲဒါကို ဘယ်လိုပြောင်းမလဲ ။ မြန်မာစစ်တပ်ရဲ့ထိပ်ပိုင်းအရာရှိကြီး တော်တော်များများဟာ အရမ်းချမ်းသာနေကြပါပြီ ။ သာမာန်ပြည်သူတွေကို သူတို့ရဲ့ပွင့်လင်းမှုမရှိခဲ့တဲ့ဘဝတွေကို ချမပြချင်ကြပါဘူး ။ သမိုင်းမှာ အမည်းစက်ထင်မှာ အရမ်းကြောက်ကြပါတယ် ။ ပြည်သူတွေကိုဖိနှိပ်ချုပ်ချယ်မထားဘဲ လွတ်လပ်ခွင့်အပြည့်အဝပေးလိုက်တာနဲ့ သူတို့ရဲ့ဘဝနောင်ရေးဟာ ရင်လေးစရာတွေနဲ့ ပြည့်နှက်နေတော့မှာပါ ။ နောက်ကြောင်းပြန်အကျိုးသက်ရောက်မှုတွေမရှိစေရဘူးလို့ ဘယ်လိုဘဲပြောနေပါစေ ၊ လက်ပန်းတောင်ကိစ္စမျိုးလို ဦးပိုင်ရဲ့အရှုပ်တွေဟာ ပေါ်လာတော့မှာပါဘဲ ။ အမေရိကန်စစ်တပ်အနေနဲ့ ဘယ်လိုဆက်ဆံမှာလဲ ။
မြန်မာစစ်တပ် အနေနှင့် အလွန်တရာ ရှုတ်ထွေးလှသော
နိုင်ငံရေး အရပ်ဘက် အုပ်ချုပ်ရေး တို့၌ ၀င်မစွတ်ဘဲ
အနေမှန်မှန် နေခြင်းဖြင့် မူလရှိခဲ့သော သိက္ခာ ရိုးသားသော
ဂုဏ်ရည်များ ပြန်လည် ရရှိ နိုင်ပါသည်။ ထို့အပြင် တပ်မတော်
အတွင်း စိတ်ဝမ်းကွဲ စေနိုင်သော စီးပွားရေး လုပ်ငန်းများ
လုပ်ကိုင်ခြင်းကို ရပ်တန့်သင့် ပြီဖြစ်ပါသည် ။
စစ်ရေးစွမ်းရည် တိုးတက်စေရန် မောင်းသူမဲ့ လေယဉ်များ
တီထွင် ထုတလုပ်ခြင်းကို အရပ်ဘက် ပညာရှင်များနှင့်
ပူးပေါင်းခြင်း ၀ါရင့် ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သော အမေရိကန်
နိုင်ငံထံမှ နိုင်ငံရေး စစ်ရေး အသိပညာ များကို ရယူခြင်းဖြင့်
နိုင်ငံတကာမှ လေးစားသော ဒီမိုကရေစီ တပ်မတော် ပေါထွန်း
လာနိုင်ပါသည် ။
လှေသူကြီး လှေမှောက် နဲ့ သူတောင်းစား ခွက်ပျောက် တို့ တွေ့ကြတာမျိုး မဟုတ်လျှင်ပြီးတာပဲ….
မြန်မာ့တပ်မတော်ကို ပထမ အဆင့်အနေနဲ့အနည်းဆုံး ၁၉၈၈ ဟိုဘက်ပိုင်းလောက်က အခြေအနေ စိတ်ပိုင်းဆိုင်ရာ အရပြန်ရောက် စေချင်ပါတယ်။ နောက်တဆင့်ဆိုရင်တော့ ၁၉၆၂ဟိုဘက်ပိုင်းပေါ့၊ တကယ်တော့ ၁၉၈၈ နောက်ပိုင်း မှ တပ်ကပျက်တာပါ။ ခြေလျင်တပ်ရင်းတစ်ရင်းကို C O (Commending Officer) က မအုပ်ချုပ်တော့ဘဲ “မမ ” (တပ်ရင်းမှုးမိန်းမ) က အုပ်ချုပ် တဲ့ ဘ၀ ကိုရောက်ရတာ ၁၉၈၈ နောက်ပိုင်းမှာ စဖြစ်လာတာလေ။ မောင်ခင်ညွန့် တပ်မတော် မှာ အဆင့်မြင့်အာဏာကို ပိုင်စိုးလာတဲ့ အချိန်က စပြီး အဘလေး တို့ အဘတို့ ဘဘတို့ ဘဘကြီးတို့ ဆိုတာပေါ်လာတာဘဲ။ ဒို့ခေတ်တုန်းက CO ကြီး၊ ဗျူဟာမှုးကြီး၊ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီး ဒီလိုဘဲခေါ်ခဲ့ကြတာပါ။ ဒါဟာ ဘာမှမဟုတ်ဘူးလို့ထင်လောက်ပေမဲ့ တပ်အသွင်တော့ပေါ်တာပေါ့။ တပ်ဟာ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့မှ မဟုတ်တာ၊ လူမှုရေး အခေါ်၊ နိုင်ငံရေး အခေါ် တွေ ခေါ်ခြင်းအားဖြင့် တပ်ဆိုတဲ့စိတ်ပျောက်တာပေါ့၊ ဥပမာ အားဖြင့် နိုင်ငံရေး အခေါ်အဝေါ်တွေသုံးစွဲ့တဲ့တပ် တွေ (ကွန်မြူနစ်တပ် တွေ) ဟာ ပြည်သူနဲ့ ကင်းကွာပြီး သူတို့သာလျှင်နိုင်ငံ့သားကောင်းတွေ၊ သူတို့သာလျှင် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်သူတွေ၊သူတို့သာအမြင့်မြတ်ဆုံးသူတွေ လို့ထင်မြင်လာကြတာပေါ့။ လူမှုရေး အခေါ်အဝေါ်သုံးစွဲတဲ့ တပ်တွေကြတော့ ခုနကအတွေးတွေအပြင် သူတို့အဖွဲ့အစည်းရဲ့အကျိုးစီးပွားသာလျှင် ပဓာနဆိုတဲ့ စိတ်ဓါတ်တွေဝင်တာပေါ့ (ဥပမာ- လက်နက်ကိုင်ဓားပြအဖွဲ့တွေ) အဲ့ဒီတော့ ပြောခြင်တာက မြန်မာ့ တပ်မတော် ဟာ ၁၉၆၂ နောက်ပိုင်းမှာ နိုင်ငံရေးတပ် (ကွန်မြူနစ်တပ်ကဲ့သို့) စိတ်ဓါတ်ရေးရာပုံသွင်းခံခဲ့ရတယ်၊ ၁၉၈၈နောက်ပိုင်းမှာ လူမှုရေးတပ်(ဓားပြတပ်) ကဲ့သို့ပုံသွင်းခံရပါတယ်။ ဒီတော့ ဒီတပ်မှမပျက်ရင် ဘယ်တပ်ပျက်မှာလဲ။ စာရှုသူများခင်ဗျား ကျွန်တော်ဟာလဲ ဒီတပ်က အငြိမ်းစားအရာရှိတစ်ယောက်ပါ၊ ကိုယ့်ပေါင် ကိုယ်ထောင်းတော့ နဲနဲသက်သာလို့ပါ။