သမ္မတ အိုဘားမား ခရီးစဉ်အပေါ် ပြည်သူများ အမြင် | ဧရာဝတီ
အင်တာဗျူး

သမ္မတ အိုဘားမား ခရီးစဉ်အပေါ် ပြည်သူများ အမြင်

Hits:1
  | |

-

သမ္မတ အိုဘားမားကို ကြိုဆိုသည့် ဂရပ်ဖတီကို ရန်ကုန်မြို့လူစည်ကားရာ ရွှေဂုံတိုင်တွင် ဒုတိအကြိမ် ရေးဆွဲထားသည်ကို နိုဝင်ဘာ ၁၇ရက်နေ့ မနက်ပိုင်းကတွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အမေရိကန် သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ရန်ကုန်ကို လာရောက်မှာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ ရှိပြီး ရန်ကုန်တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားဖို့ အစီအစဉ်ရှိပါတယ်။ သမ္မတ အိုဘားမား ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထု အလွှာအသီးသီးက ဘယ်လိုတွေ တွေးမြင် သုံးသပ်ကြသလဲဆိုတာကို ဧရာဝတီက လူတန်းစား အလွှာစုံကို မေးမြန်းပြီး စုစည်းဖော်ပြလိုက်ပါတယ်။

ကိုစောနောင် (ဆာကူတာဝါ လုံခြုံရေးဝန်ထမ်း)

မြန်မာနိုင်ငံမှာ အရင်တုန်းနဲ့ မတူတော့ဘူး၊ တော်တော်လေး ပြောင်းလဲလာပြီလေဆိုတော့ အမေရိကန်သမ္မတက
လာတယ်ဆိုတော့ ပီတိဖြစ်တယ်။ ဒီနိုင်ငံတိုးတက်မှုအတွက် အထောက်အကူပြုမယ်ထင်ပါတယ်။

 

 

 

မသန္တာ (ပျံလွှား အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)

အိုးဘားမား လာမယ်ဆိုတော့ ကျမတို့နိုင်ငံအတွက် အများကြီးအကျိုးရှိမယ် ထင်ပါတယ်။ ၀မ်းသာတယ်။

 

 

 

 

မောင်ဝေလင်းအောင် (အဝေးသင်တက္ကသိုလ် ကျောင်းသား)

မြန်မာနိုင်ငံ အများကြီး ပိုတိုးတက်လာမယ် ထင်ပါတယ်။

ရဲအုပ်သိန်းနိုင် (ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး)

လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့သမ္မတ ခေါင်းဆောင်ပိုင်းအနေနဲ့ လာတာမျိုး မကြားဖူးသေးဘူး။ လာတဲ့အခါကျတော့ ဆက်ဆံရေး ပိုကောင်းလာတယ်လို့ သုံးသပ်ချင်ပါတယ်။ နိုင်ငံအတွက် ကောင်းလာမယ်။

ကိုလှမင်းနိုင် (ဆောက်လုပ်ရေးလုပ်သား)

အိုဘားမားကို တခါမှ မမြင်ဖူးသေးဘူး။ မတွေ့ဖူးတာကို တွေ့ရတာပေါ့။ ၀မ်းသာပါတယ်။

 

 

 

အရှင်သူရိန္န (သိမ်ဖြူဇရပ်)

သူများနိုင်ငံက ကိုယ့်နိုင်ငံကို ဘာလို့ စိတ်ဝင်စားတာလဲ။ ဘာလို့လာလဲ။ အဲဒီအကြောင်းတခုခုက ရှိရမယ်။ ဗုဒ္ဓဘာသာနိုင်ငံကို တန်ခိုးကြီးတဲ့ ဘုရားတွေ စိတ်ဝင်စားလို့ လာတာလည်း ဖြစ်နိုင်တယ်။ စုံစမ်းတာလည်း ဖြစ်နိုင်တယ်။ ဘာပဲပြောပြော ဟိုကလာတဲ့သမ္မတက ဒီက သမ္မတထက် အကျိုးအမြတ် ပိုများမယ်ထင်လို့ လာတာဖြစ်မယ်။ ပြည်သူတွေလည်း အကျိုးများမှာပေါ့။

မအေးန္ဒနာချို (အထည်ဆိုင်ပိုင်ရှင်)

အိုးဘားမား လာတာလေ ကောင်းတယ်။ သူက သူ့နိုင်ငံမှာ လူကောင်းတယောက်ပဲ။ တိုင်းပြည်ကောင်းကျိုးအတွက် ကောင်းတာပေါ့။ ကြိုဆိုတယ်။ အရင်တုန်းက ဘယ်အမေရိကန်သမ္မတမှ အရေးတယူလုပ်ပြီး မလာဘူး။ သူလာတယ်။ ကောင်းတယ်။

မနန္ဒာလင်း (NLD လူငယ်)

ကောင်းတာပေါ့။ အမေရိကန်မှာရှိတဲ့ သမ္မတတွေထဲမှာ အိုးဘားမားလာတာက ဂုဏ်ယူစရာပဲ။ လာဖြစ်တဲ့ အကြောင်းအရာထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကြောင့်လည်း ပါမယ်ထင်တယ်။ သူရဲ့လာခြင်းက ဒီနိုင်ငံအတွက်
ကောင်းတဲ့လာခြင်းလို့ ပြောလို့ရပါတယ်။ သူလာပြီဆိုကတည်းက ဒီိမှာ လိုအပ်ချက်တွေ ကြည့်ပြီး သိသွားမှာပေါ့။ အစိုးရနဲ့
အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ပြီးရင် လိုအပ်တဲ့ကိစ္စတွေ လုပ်ဆောင်သွားလို့ရမယ် ထင်ပါတယ်။

ကိုလင်းထက် (ကျော်သိန်း စာပေဖြန့်ချိရေး လုပ်ငန်းရှင်)

ပြည်ပနိုင်ငံက ဒီဘက်ကိုလာတာပဲ အကြောင်းပါလို့ အရာထင်တာပဲ။ အိုဘားမားဒီကို လာတာက အမေစုနဲ့ ပတ်သက်မယ် ထင်တယ်။ အပြန်အလှန် တယောက်နဲ့တယောက် နားလည်မှု၊ အကြောင်းဖန်တီးမှု၊ ဖြစ်တည်မှုကို အရာထင်အောင် လုပ်ဆောင်ကြတာ ထင်ပါတယ်။ တကယ့် နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ ဦးနှောက်ချင်း ဖလှယ်ကြတာထင်ပါတယ်။

ဦးအောင်မျိုးမင်း HREIB (Human Rights Education Institute Of Burma)

အမေရိကန်သမ္မတက မြန်မာနိုင်ငံကို လာတယ်ဆိုတဲ့ ကိစ္စဟာ နှစ်ပေါင်းများစွာ ကြာပြီးမှ ဒီတခေါက်ပြန်လာတာလို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံကို မလာတာ တော်တော်ကိုကြာနေပြီလေ။ အခုလိုလာတာက ကျနော်တို့ တိုင်းပြည်အတွက် ထူးခြားတဲ့ အရာတခုဖြစ်တယ်။ နောက်တခုက အမေရိကန် Foreign Policy က မြန်မာနိုင်ငံမှာ ပိုပြီးအကျိုးပြုတဲ့ဘက်ကို ဆောင်နေတဲ့ သဘောဖြစ်တယ်။ အိုဘားမားကို ပြောချင်တာတခုက အခုလို မြန်မာနိုင်ငံကို လာတာဟာ မြန်မာအစိုးရနဲ့ ရွှေလမ်းငွေလမ်း ဖောက်တာမျိုးမဟုတ်ဘဲနဲ့ ပြည်သူလူထု လိုအပ်နေတဲ့ အချက်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ဆန္ဒတွေကို တွေ့နိုင်မယ့် အခွင့်အလမ်းတရပ်ကိုတော့ သူ့အနေနဲ့ မဆုံးရှုံးသွားစေချင်ဘူး။ ဘာလို့လဲဆိုတော့ အစိုးရက တဖက်မှာ ပွင့်လင်းမှုရှိပေမယ့် ပြည်သူလူထုရဲ့ ခံစားနေရတဲ့ အချက်တွေက အခုထိ ရှိနေတုန်းပဲ။ ပြည်သူတွေ ဖြစ်ချင်နေတဲ့ ဆန္ဒတွေ ၊ဖြစ်ပျက်နေတဲ့ ကြောင်းအရာတွေကို ထည့်သွင်း စဉ်းစားပေးမယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့
ခရီးစဉ်ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်။

အိုဘားမားလာတဲ့အတွက် အကျဉ်းသားတွေကို လွှတ်ပေးတယ်။ ဒါကတော့ တယောက်ယောက်လာမှာတို့၊ Policy တခုခုကို ပြောင်းချင်တာတို့ဆိုရင် ဒီလို အကျဉ်းသားတွေကို ပြန်လွှတ်ပေးတဲ့ ဒီလုပ်ငန်းကြီးက အခုချိန်အထိ တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေတုန်းပဲ။ နောက်ပြီး သူလာတဲ့အတွက် အားကောင်းချက်ကို ပြောရမယ်ဆိုရင် အားကောင်းဖို့က တဖက်ပဲဆိုရင် မကောင်းဘူး။ အစိုးရက ကူညီမှုတွေ၊ ခွင့်ပြုမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ
ဘယ်လိုပဲလုပ်မယ်ပြောပြော ပွင့်လင်းမြင်သာမှုက ပိုအားကောင်းနေမှ ကောင်းမှာပါ။ တဖက်တည်း ကောင်းနေလို့ မရဘူးဗျ။

ဒေါ်ရွှေရွှေစိန်လတ် ဒါရိုက်တာ

(ဖန်တီးအိမ် အမျိုးသမီးခေါင်းဆောင်မှုနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပေး၊ သုတေသနနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ဝန်ဆောင်မှုရေး)

အိုဘားမားက မြန်မာနိုင်ငံကို လာတယ်ဆိုတာကို အပြုသဘောဘက်ကပဲ ကြည့်မယ်ဆိုရင် သူတို့နိုင်ငံမှာလည်း အမျိုးသမီးတွေကို တန်းတူအခွင့်အရေး ပေးတယ်လို့ပြောပေမယ့် အမျိုးသမီးတွေက တန်းတူအခွင့်အရေးရဖို့ကို အခုထိ တိုက်ပွဲဝင်နေရတုန်းပဲ။ ဒါပေမယ့် ဘာပဲပြောပြော သူတို့က Law တွေ၊ Policy ပိုင်းဆိုင်ရာတွေမှာ အရမ်းကို
ရှေ့ရောက်နေပြီပေါ့လေ။ ဒါကြောင့် မြန်မာနိုင်ငံကိုလည်း အုပ်ချုပ်ရေးပိုင်း ဆိုင်ရာမှာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်ရည်ကို မြှင့်တင်ပေးနိုင်ဖို့၊ အဲလိုတွေ ကူညီပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပဲလို့ မျှော်လင့်ပါတယ်။

ဦးစိုင်းမောင်တင် (လဲချားမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)
တကယ့်ထိပ်သီး နိုင်ငံကြီးဖြစ်တဲ့ ဖက်ဒရယ်နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံးသမ္မတ လာမှာဖြစ်လို့
ကျနော်တို့ကတော့ ကြိုဆိုပါတယ်။ ကျနော့်တို့နိုင်ငံကိုလည်း ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်အောင် အစိုးရကို တွန်းအားပေး သင့်တယ်လို့ ထင်တယ်၊ မျှော်လည်း မျှော်လင့်တယ်။ မြန်မာနိုင်ငံအတွက် အကျိုးရလဒ်ရှိနိုင် မနိုင် ဆိုတာကတော့ အိုဘားမားလာတဲ့အခါ ကျနော်တို့ သွားတွေ့ပြီးမှ သူလာတဲ့ရည်ရွက်ချက်ကို သိရမှာပါ။ စီးပွားရေးပိတ်ဆို့မှုကို ဖွင့်ပေးပြီးလျှင်ပြီးချင်း ၀င်လာတယ်ဆိုတာရဲ့ နောက်မှ သူတို့ရဲ့အကျိုးအမြတ် ရလိုမှုတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ်မှာ အကောင်းဘက်က ကြည့်မယ်ဆိုရင် ကျနော်တို့နိုင်ငံက ဆင်းရဲတော့
သူတို့လို တိုးတက်တဲ့နိုင်ငံက ဆင်းရဲတွင်းထဲက ဆွဲထုတ်ချင်တယ်လို့ မြင်လို့ရပါတယ်။ အကျိုးရလဒ်ကတော့ သူတို့အတွက် ထုံးစံပဲလေ၊ ရင်းနှီးလိုက်ရပြီဆိုရင် အကျိုးအမြတ်ကတော့ လိုချင်တာပဲလေ။ အဲဒါနိုင်ငံတိုင်းရဲ့ သဘာဝပဲ။

မိုးသွေး (Generation Wave)

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ အဆက်သွယ်ပြတ်နေခဲ့တာ အလွန်ကြာခဲ့ပါပြီ။ အခုလိုမျိုး သမ္မတကိုယ်တိုင်က လာမယ်ဆိုတော့ကောင်းတဲ့ရလဒ်ပါ။ တခုရှိတာက အမေရိကန်မှာ လက်ကိုင်ထားတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေအတိုင်း ဒီနိုင်ငံကို ဆက်ဆံဖို့လိုပါတယ်။ ပြီးတော့ လက်ရှိမြန်မာပြည်မှာ အဖြစ်များနေတဲ့ လယ်ယာမြေပြဿနာတွေ၊ ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်သူတွေ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေကို မတရားပုဒ်မတွေနဲ့ တရားစွဲဆိုနေတဲ့ ကိစ္စတွေအတွက်လည်း အစိုးရကို တိုက်တွန်းသွားစေချင်တယ်။ ကျနော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆက်ဆံရေးမျိုး မရှိသေးပါဘူး။

မသန်းသန်းစုဝင်း (နိုင်ငံရေးအကျဉ်းသူဟောင်း)


အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည် လာတဲ့အတွက် မြန်မာပြည်သူပြည်သားတွေ မျက်စိဖွင့် နားဖွင့်လာမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတခုဖြစ်တဲ့အတွက် တနိုင်ငံနဲ့တနိုင်ငံ ရေရှည်ဆက်ဆံရေးကလည်း ရှိသေးတယ်လေ။

ကိုသက်ဦး (နိုင်ငံရေး အကျဉ်းသားဟောင်း)

သမ္မတ အိုဘားမား မြန်မာပြည်လာတဲ့အတွက် ၀မ်းမြောက်ပါတယ်။ ဒီခရီး စဉ်က ကြားဖြတ်လာတဲ့ အတွက် ဘာအကျိုးအမြတ် မှ တော့ နိုင်ငံရေးသမားအနေနဲ့ မမျှော်လင့်ပါဘူး။

အမေရိကန် သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ရန်ကုန်ကို လာရောက်မှာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ ရှိပြီး ရန်ကုန်တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားဖို့ အစီအစဉ်ရှိပါတယ်။ သမ္မတ အိုဘားမား ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထု အလွှာအသီးသီးက ဘယ်လိုတွေ တွေးမြင် သုံးသပ်ကြသလဲဆိုတာကို ဧရာဝတီက လူတန်းစား အလွှာစုံကို မေးမြန်းပြီး စုစည်းဖော်ပြလိုက်ပါတယ်။

ကိုမင်းဟန် (နိုင်ငံရေးအကျဉ်းသားဟောင်း)

သမ္မတ အိုဘားမား မြန်မာပြည်လာတဲ့အပေါ်ကတော့ လာပြီးလေ့လာတယ်လို့ ထင်တာပဲ။ သိပ် သံတမန်ဆက်ဆံရေး ကြီးကြီးမားမား ပြောင်းလဲဖို့အတွက် အစပျိုးလေ့လာတာပဲလို့ ထင်ပါတယ်။ အဲဒီအပေါ်မှာ ကျနော့်အမြင်ကတော့ ခုလောလောဆယ်ကိုက အမေရိကန်နိုင်ငံနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရ အဓိကပြောနေတာကတော့ လူ့အခွင့်အရေးကိစ္စနဲ့ နိုင်ငံရေးကိစ္စတွေပါပဲ။ အဲဒါကိုက အခုအထိ အဆင်မပြေသေးဘူး။
ရေရှည် ဆက်အဆင်ပြေဖို့က မြန်မာအစိုးရအနေနဲ့က ရိုးသားဖို့လိုမယ်။ ဒီလိုနိုင်ငံကြီးမျိုးတွေ လိမ်တာ မကောင်းဘူး။

ဦးမောင်မောင်တင် (အငှားယာဉ်မောင်း)

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို လာမယ်ဆိုတော့ အရမ်းဝမ်းသာတာပေါ့။ သူလာရင်တော့ မြန်မာပြည်ကြီး တော်တော်တိုးတက်လာပြီး အားလုံးကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အမေရိကန်နဲ့ ပူးပေါင်းပြီး လုပ်ဆောင်ရမယ် ဆိုရင်တော့ ပညာရေးပိုင်းမှာ ဟိုအရင်တုန်းကလို ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

ဦးကြည်စိုး (အငြိမ်းစား အစိုးရ၀န်ထမ်း)

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို လာတဲ့အတွက် ကျနော်ကတော့ ကြိုဆိုပါတယ်။ အစစအရာရာ
ပြောင်းလဲလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အထွေအထူးတော့ ပြောစရာမရှိပါဘူး။

ကိုမျိုးမင်းသူ (ကွန်ပျူတာ စင်တာ အရောင်းဆိုင်ဝန်ထမ်း)

ကျနော့်အနေနဲ့တော့ ပညာရေးကို ပိုပြီး လုပ်ဆောင်ပေးစေချင်တယ်။ ပညာရေးကို ပိုကောင်းစေချင်တယ်။ အမေရိကန်နဲ့ မြန်မာပူးပေါင်းပြီး ပညာရေးကိုမြှင့်တင်မယ်၊ ပြီးတော့ မြန်မာလူမျိုးတွေ အမေရိကန်သွားပြီး ပညာသွားသင်ခွင့် အလွယ်တကူ ရမယ်ဆိုရင် အရမ်းဝမ်းသာပါတယ်။ အခုလို အမေရိကန် သမ္မတ အိုဘားမား မြန်မာပြည်ကို လာမယ်ဆိုတော့ ကျနော် အရမ်းဝမ်းသာပါတယ်ဗျာ။

 

 

ကိုရဲမင်းသွေး (ကွန်ပျူတာဂိမ်းဆိုင်ဝန်ထမ်း)

မြန်မာပြည်ကို တခါမှ အမေရိကန်သမ္မတက ရောက်ဖူးတယ်ဆိုတာ ရှိမှမရှိတာ။ အခု ပထမဦးဆုံး ရောက်လာမယ်ဆိုတော့ ဆိုးတော့မဆိုးပါဘူး။ အိုဘားမား လာမယ်ဆိုတော့ မြန်မာနိုင်ငံအတွက်ကတော့ ဂုဏ်ယူစရာပဲပေါ့။

 

 

 

ဦးဆာဂါး (Nero MD စတိုးဆိုင်ပိုင်ရှင်)

အိုဘားမားလာတာ ကောင်းတယ်။ မြန်မာပြည်အတွက် အကျိုးအမြတ် အများကြီးရှိမယ်။ အင်အားကြီးနိုင်ငံတနိုင်ငံက
အကြီးအကဲက ကျနော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံကို တကူးတက လာပေးတဲ့အတွက် သူ့ကိုကျေးဇူးလည်း တင်ရမယ်။သူလာရင် စီးပွားရေးသမားတွေ အများကြီးလာမယ်။ ပိုပြီးတိုးတက်မယ်လို့ ထင်တာပေါ့။

 

 

ဦးအောင်ကြီး (ကွမ်းယာဆိုင်ပိုင်ရှင်)

သူကတော့ သူ့ကိစ္စရှိလို့ သူလာတာဖြစ်မှာပေါ့။ သူ့မှာတော့ ရည်ရွယ်ချက်ရှိတယ်ကွာ။ အိုဘားမားလာမယ်ဆိုတဲ့သတင်း
ကြားလိုက်ကတည်းကိုက ကြိုတင်ပြင်ဆင်ပြီး ရဲကင်းတွေ ချထားတာတော့ ရှိတာပေါ့။ အခုပေါ်လစီအတိုင်းဆိုရင် အိုဘားမား လာတော့လည်း ဘာမှထူးခြားမှုရှိမှာ မဟုတ်သေးဘူး။ သူဘာမှ လုပ်ပေးနိုင်မှာမှ မဟုတ်တာ။ သူကလာတာက ဒါလေ့လာရုံ ခရီးသက်သက်သာ ရှိသေးတာ။

ဦးမြင့်အောင် (အငြိမ်းစား ဒု ဗိုလ်မှူးကြီး၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်)

အိုဘားမားခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးတို့ကတော့ ကောင်းတဲ့ဘက်က မြင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး
အပေါ်မှာ ဖြစ်နေတဲ့အကြောင်းအရာတွေက မြန်မာနိုင်ငံသာတွေနဲ့သာ ဆိုင်လိမ့်မယ်။ သူလာမှ သိရမယ်။

ကိုအောင်လင်းထွန်း (အနှေးယာဉ်လုပ်သား)

ကိုယ့်နိုင်ငံကို ကမ္ဘာ့အကြီးအကဲတွေ လာမယ်ဆိုတော့ ၀မ်းသာတာပေါ့။ ကိုယ့်နိုင်ငံလည်း အဆင့်အတန်းရှိလို့ လာတာ။ အိုဘားမား လာမယ်ဆိုတော့ စီးပွားရေးတွေ ပွင့်လန်းသွားမယ်။ ဘယ်လိုမျိုး အခွင့်အရေးတွေပေးမလဲ ကျနော်တို့ စောင့်မျှော်တယ်။ ပျော်တယ်။ ဆင်းရဲသားတွေအတွက် အခွင့်အရေးတွေ ပေါ်လာမှာပဲ မျှော်လင့်တယ်။

 

 

ကိုရိုမီ (အငှားယာဉ်မောင်း)

အရမ်းပျော်ပါတယ်။ အမေရိကန် သမ္မတတယောက် မြန်မာပြည်ကို လာတယ်ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။ တိုးတက်ပြောင်းလဲမှုတွေ၊ ရှေ့ဆက်ဖြစ်လာမယ့် အကျိုးဆက်တွေမှာ အများကြီး ကောင်းကျိုးပေးနိုင်မယ်လို့တော့ ထင်ပါတယ်။ အများကြီးကြိုဆိုပါတယ်၊ လက်ခံပါတယ်။

 

 

ဦးကိုကိုထွေး (တော်ဝင်မိသားစုကုမ္ပဏီ ဥက္ကဋ္ဌ)

ကမ္ဘာ့နိုင်ငံကြီး Super Power ရှိတဲ့ နိုင်ငံကလာတဲ့အတွက် ကောင်းတဲ့လက္ခဏာပေါ့။ အမေရိကန်ရဲ့ ထောက်ခံအားပေးမှု ရှိတယ်ဆိုရင် တခြားနိုင်ငံတွေရဲ့ ထောက်ခံအားပေးမှု၊ စိတ်ဝင်စားမှုတွေ ပိုများလာပြီး နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုတွေလည်း ပိုကောင်းလာနိုင်တယ်။ အိုဘားမား လာတယ်ဟေ့ဆိုရင် မြန်မာနိုင်ငံက ကမ္ဘာပေါ်ကလူတွေ တော်တော်များများ စိတ်ဝင်တစား သိသွားတာပေါ့။ ဒါကကျနော်တို့နိုင်ငံရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး။ အိုဘားမား လာတဲ့အတွက်ကတော့ ကျနော်တို့နိုင်ငံရဲ့ အထောက်အကူပြုနိုင်တဲ့ စီးပွားရေးတွေကို တွန်းအားပေးတဲ့ အနေအထားမျိုးတော့ ဖြစ်လာနိုင်တယ်။

ဦးဝဏ္ဏရွှေ (အစ္စလမ် ဘာသာရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ်)

ဝမ်းသာတယ်။ နိုင်ငံအတွက်လည်း ဂုဏ်ယူတယ်။ ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်
ကျနော်တို့ မြန်မာနိုင်ငံကို လာတယ်ဆိုတာ ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို သူ့အနေနဲ့ အသိမှတ် ပြုလို့လာတဲ့ သဘောလို့ ယူဆတယ်။ အမေရိကန်နိုင်ငံဆိုတာ နည်းပညာတိုးတက်သလို လူ့အခွင့်အရေးတို့ ဘာသာရေး လွတ်လပ်ခွင့်တို့ မှာလည်း ထိပ်ဆုံးကရှိတဲ့ နိုင်ငံတခုဖြစ်တယ်။ ကျနော်တို့နိုင်ငံအနေနဲ့ သူတို့နိုင်ငံက နမှုနာယူစရာ ကောင်းတဲ့အချက်တွေ ယူနိုင်ဖို့အတွက် ဟန်ပြုနိုင်တဲ့အနေအထားမျိုးဖြစ်တယ်။ နည်းပညာ အကူအညီတွေလည်း ရနိုင်တယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ နိုင်ငံသားတွေအားလုံးအတွက် ၀မ်းသာစရာပေါ့နော်။

ဦးဇင်ဝိုင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)

အိုဘားမား ဒီခရီးဟာ မြန်မာနိုင်ငံအတွက် ကောင်းတဲ့အလားလာပါ။ ကမ္ဘာထဲမှာနေပြီး တသီးပုဂ္ဂလိက အနေနဲ့ ရပ်တည်တဲ့ခေတ် ကုန်ဆုံးသွားပါပြီ။ အခုမြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိပြီး အင်အားကြီးဆုံး၊ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တဦးက အခုလို မြန်မာပြည်ကို လာရောက်တယ်ဆိုတာ မြန်မာပြည်အတွက် ဂုဏ်ယူစရာပါ။ ဒီလိုလာတဲ့အတွက်လည်း လူ့အခွင့်ရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီအရေး ကောင်းမွန်ဖို့ ကတိက၀တ် ပြုလိုက်သလိုပါပဲ။

ရသ (အဆိုတော်)

ဒီသတင်း မြန်မာနိုင်ငံအတွက် မင်္ဂလာရှိသော သတင်းပါဘဲ။ နှစ်ပေါင်းများစွာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေတောက်နေရာကနေ ခုတော့ ကမ္ဘာကြီးနဲ့ ချိတ်ဆက်မိသွားသလိုပါပဲ။ အိုဘားမား ကိုယ်တိုင်ကလည်း သမ္မတမဖြစ်ခင် ကတိပေးထားတဲ့အတိုင်း လာဖြစ်အောင်လာတယ်။ တဖက်နဲ့တဖက် ကျဉ်ထားရာကနေ ကြားထဲက အမြတ်ထုတ်တဲ့ နိုင်ငံတွေရဲ့ သဘောကိုလည်း ပေါက်သွားပြီ ထင်ပါတယ်။ အခုချိန်မှာ ဒီလိုလာတာ စောတယ်၊ နောက်ကျတယ် ဆိုတာမျိုးတွေ အရေးမကြီးတော့ပါဘူး။ တကယ့်တကယ် ကျနော့်အမြင်မှာ မစောတဲ့အပြင်
အရမ်း လိုအပ်နေပါသေးတယ်။ အခုဆို တရုတ်၊ EU, အိန္ဒိယတို့နဲ့အတူ မျှမျှတတ ပွင့်လင်း ဖြစ်ကုန်ပါပြီ။ ဒီလို လုပ်တဲ့အတွက်လည်း ဒီမိုကရေစီအရေးမှာ နောက်ပြန်မလှည့်နိုင်တော့ပါဘူး။

ထွန်းအိန္ဒြာဗို (ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်)

အိုဘားမား မြန်မာပြည်ကို အခုလို လာတာ သမိုင်းဝင် ဖြစ်ရပ်တခုပါ။ အရမ်းဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံကို အခုလို လာတာ စောတယ်လို့ မမြင်ပါဘူး။ တက္ကသိုလ်ဝင်းအတွင်းမှာ ဟောပြောပွဲ လုပ်တာကလည်း သူနိုင်သလောက်ဝန်ကို သူကူညီပေးသွားတာပါ။ ကျမတို့ တိုင်းပြည်အနေနဲ့လည်း ကျမတို့ကပဲ ကြိုးစားအားထုတ်သွားရမှာပါ။ ပြည်ပအကူညီ ပေးတယ်ဆိုဦးတော့ ဘယ်နိုင်ငံက ဘယ်လိုဆိုတာ ကိုယ်တိုင်ပဲ ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။ အိုဘားမားဆိုတာ နိုင်ငံကြီးရဲ့ ခေါင်းဆောင်တဦးဖြစ်သလို ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်စာရင်းလည်း ၀င်နေပါတယ်။ သူ့ရဲ့ အကူညီတွေ ရတာ ကျမတို့အတွက်တော့ ၀မ်းသာစရာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည် အရင်ထက်စာရင် လမ်းစပွင့်လာပြီလို့ ကျမတော့ အဲလို မြင်ပါတယ်။     ။


9 Responses

Leave a Reply

  1. Warmly welcomed President Obama trip to visit Burma next week. For our Burmese people really great hopes and dreams are coming true! But 50 millions of our Burmese people must know and understand, only President Obama can support and direct the great way creating more business and jobs for our Burmese people living poverty more than couple decades. His excellent and precious trip may be insured improving Human Rights and living without fear in Burma.
    To our country faster developments and riches, our people must stand on our feet and ever hard working. Ever fight for going forward improving Democracy and Human Rights to be insured in our people living fearless.
    Great Hopes >>> No Tricks and Treats Policy to our people.

  2. It is interesting to hear the comments from various works of life. Thank you Irrawadday.
    No doubt about that President Obhama’s intention is to help our people for way to freedom and democracy, giving support to us and a strong warning for those who are pro-dictator.
    However he will not come to us just for charity. Even though he wishes his people will not allow him. He may has top priority for himself and his own people. Nothing is free in this world. If we are intelligent, watchful, educated, united and open and honest between us, every one will give respect to us, who ever may be.

  3. It is really very interesting and a turning point of the History of Myanmar. However, President Obama will definitely provide only full support for rapid progress of the country with the backbone of democratic system. No doubt, country will progress faster in line with the rate of democracy fulfillment. So our Government as well as the people must realize this basic concept and try as possible to move sincerely and quickly along the track of democratic system. In fact, we have a lot to change our mind set including the Government.

  4. ဂုဏ္ဍ်ယူစရာပါ မြန်မာကိုကမ္ဘာကသိသွား တာမြန်မာကရိုးသားကြိုး
    စားဖို့ လိုပါတယ်ဒါမှသာလျှင် အကျိုးများစွာ ရရှိမှာဖြစ်ပါတယ်

  5. ဖြိုးသဉ္ဖာကို

    အရမ်းကိုဝမ်းသာမိပါတယ် ….. ဘာတွေဘဲဖြစ်ဖြစ် သင့်သင့်မြတ်မြတ်နဲ့ စည်းလုံးမှုရှိရှိနေနိုင်တာက အကောင်းဆုံးပါဘဲ ….. အားလုံးက လူသားတွေပါဘဲလေ ….

  6. အိုဘားမား ကအမေရိကန်သမတ အနေနဲ့ မြန်မာပြည်လာတယ်ဆိုတာကောင်းတာပေါ့၊ အမေရိကန်သမတပေါင်း သမိုင်းမှာ ရာနဲ့ချီရှိနေပြီးသားလေ၊ ဘယ်သူက တစ်ခုတ်တစ်ရ မြန်မာပြည်လာဘူးလို့လဲ၊ ခေတ်ကောင်းလှပါတယ်ဆိုတဲ့အချိန်တွေတုန်းက တောင်မလာခဲ့ပါဘူး။ အခု US သမတ တစ်ယောက်လာတယ်ဆိုတော့ ကောင်းတာပေါ့

  7. Warmly welcome Mr Obama.

  8. အိုဘားမားမြန်မာပြည်လာတာလက်တွေ့အကျိုးကတော့မြန်မာပြည်ကိုလူတွေပိုသိလာ
    တာပါဘဲ။ကျေးဇူးပါအို….ဘားမား။ ကျန်ရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေ
    အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။

  9. Very nice for our country.