အတုဟု ယူဆရသော အမေရိကန် ဒေါ်လာ ၄ သိန်းခွဲ မြန်မာနိုင်ငံသားထံမှ ဖမ်းမိ | ဧရာဝတီ
သတင်း

အတုဟု ယူဆရသော အမေရိကန် ဒေါ်လာ ၄ သိန်းခွဲ မြန်မာနိုင်ငံသားထံမှ ဖမ်းမိ

Hits:14,003
  | |

ထိုင်းရဲက မြန်မာနိုင်ငံသားထံမှ သိမ်းဆည်းထားသည့် အတုဟု ယူဆရသော အမေရိကန် ဒေါ်လာများ (ဓာတ်ပုံ – ဧရာဝတီ)

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နယ်၌ မြန်မာနိုင်ငံသားနှင့် ထိုင်းအမျိုးသမီး တဦးထံမှ အတုဟု ယူဆရသော အမေရိကန် ဒေါ်လာ ၄ သိန်းခွဲခန့်တန်ဖိုးရှိ ၁၀၀ တန်များကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်သီတင်းပတ် စနေနေ့က မဲဆောက်မြို့ ထာ့အာရွာရှိ ဂျပန်နိုင်ငံထုတ် တပတ်ရစ်ကားများ ရောင်းချသည့်ဂိတ်တွင် လုံခြုံရေး ဝန်ထမ်းများနှင့် အချင်းများရာမှ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးရာ ထိုင်းနံပါတ်ပြား တပ်ဆင်ထားသည့် တရားမဝင် လိုင်စင်မဲ့ကားကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

လိုင်စင်မဲ့ကား ဖမ်းဆီးသည့်အမှုနှင့် ပတ်သက်၍ ယမန်နေ့ ညနေက မဲဆောက် ရဲစခန်းတွင် အသေးစိတ် ဆက်လက်စစ်ဆေးရာ ကားအတွင်း အမေရိကန် ဒေါ်လာ အတု ၄ သိန်းခွဲခန့်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မဲဆောက်မြို့နယ်ရဲစခန်းမှ ရဲမှူးကြီးတဦးက ဒေသခံသတင်းထောက်များကို ပြောသည်။

တရားမဝင် လိုင်စင်မဲ့ကားကို မသင်္ကာသဖြင့် စစ်ဆေးရာမှ ဒေါ်လာငွေအတုများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ၎င်း ရဲမှူးကြီးက ဆိုသည်။

အဖမ်းခံထားရသည့် ဦးမောင်ဦးလှိုင်သည် မြန်မာနိုင်ငံကူး လက်မှတ်နှင့် အာဆီယံ သတင်းထောက်များ အသင်းဝင် ကတ်ပြားတို့ကို ကိုင်ဆောင်ထားပြီး ၎င်းနှင့်အတူ လိုက်ပါလာသည့် ထိုင်းအမျိုးသမီး ဖွဲဖောဖန်း ခမ်ထာ့စီရီ ဆိုသူကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

နောက်ဆုံးသတင်းအရ အဖမ်းခံထားသူ ၂ ဦးကို ဘန်ကောက်မြို့ရှိ ထိုင်းမှုခင်းတပ်ဖွဲ့မှ ရဲအရာရှိများက စစ်ဆေးနေကြောင်း သိရသည်။

မဲဆောက်ကမ်းနား ထာ့အာရွာရှိ ဂျပန်တပတ်ရစ်ကားဝင်းမှ ကားပွဲစား ယူနွတ်က ဦးမောင်ဦးလှိုင်သည် ကားဝင်းသို့ မကြာခဏ ကားလာဝယ်လေ့ရှိပြီး ဘန်ကောက်သို့ သယ်ဆောင်ကာ တဆင့်ပြန်လည် ရောင်းချခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။

လတ်တလော သိမ်းဆည်းရမိထားသည့် ဒေါ်လာများကိုလည်း ထပ်မံ စစ်ဆေးမှု ပြုလုပ်သွားမည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

ထိုင်း အာဏာပိုင်များက ဒေါ်လာ အတု၊ အစစ် ထပ်မံသေချာစွာသိရှိရန် မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသည့်ဘဏ်မှ တာဝန်ရှိသူများအား အကူအညီတောင်း၍ စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ထိုင်းသတင်းတွင် ရေးသားထားသည်။

ဒေါ်လာအတု ဖမ်းဆီးမှုသတင်းကို နယ်စပ်ဒေသရှိ ထိုင်း စီးပွားရေးသမားများ အပါအ၀င် ရဲအာဏာပိုင်နှင့် ဒေသခံများက စိတ်ဝင်စားနေကြသည်။


One Response

Leave a Reply

  1. Well! Fake currency is everywhere. It is available even in the US. Even fake green cards are available. So, what? The world is full of corruption. Deal with it.