အစိုးရတပ် ထိုးစစ်ဆင်မှုများ ရှိကြောင်း SSA-N ပြော | ဧရာဝတီ

အစိုးရတပ် ထိုးစစ်ဆင်မှုများ ရှိကြောင်း SSA-N ပြော

Hits:1
  | |

SSA မြောက်ပိုင်းနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ လားရှိုးမြို့ ရွှေလီခန်းမတွင် တွေ့ဆုံနေစဉ် (ဓာတ်ပုံ – ဦးလှမောင်ရွှေ Facebook မှ)

အပစ်အခတ် ရပ်စဲထားသည့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်စခန်း တနေရာကို ယခုလဆန်းပိုင်းမှ စတင်၍ အစိုးရစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ ခရိုင် မိုင်းငေါ့မြို့နယ်ခွဲတွင် လှုပ်ရှားနေသည့် SSA မြောက်ပိုင်း တပ်မဟာ ၆၁၂ စခန်းကို အစိုးရတပ်က ၀င်ရောက် တိုက်ခိုက်နေသည်ဟု SSA မြောက်ပိုင်းတပ်ဖွဲ့မှ ဒု အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းထူးက ပြောကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနတွင် ယမန်နေ့က ဖော်ပြထားသည်။

SSA မြောက်ပိုင်း တပ်စခန်းကို ကျောက်မဲမြို့နယ် အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း (ခမရ) ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခြေလျင်တပ်ရင်း (ခလရ) ၂၃၊ ၇၁၊ ၉၅ တပ်ဖွဲ့တို့က တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲ ၄ ကြိမ်ထက် မနည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၅၀ ခန့် ရှိပြီးဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ စားပွဲပေါ်မှာ အေးအေးဆေးဆေး ဆွေးနွေးတဲ့မူဝါဒကို ကျင့်သုံးပါတယ်။ စတင် တိုက်ခိုက်တာ လုံးဝ မရှိပါဘူး၊ လုံးဝ အာမခံ ပြောနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းထူးက ပြောသည်။

ယင်း တိုက်ပွဲ ဖြစ်ပွားမှုများတွင် နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အကျအဆုံး စာရင်းများကို မသိရှိသေးပေ။

SSA မြောက်ပိုင်း တပ်စခန်းကို အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အကြောင်းအရင်းကို မသိရသော်လည်း နယ်မြေစိုးမိုးရေးနှင့် စစ်ရေးလှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ဧရာဝတီသို့ ပြောသည်။

“မြန်မာ့တပ်မတော် အလုပ်က နယ်မြေ ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးရေးတို့ကို ဆက်လုပ်နေတာပေါ့ဗျာ။ အဲဒီလိုမျိုး လုပ်နေတဲ့ ကာလပတ်လုံး တိုက်နေမှာပဲ” ဟု ၎င်းက ဆိုသည်။

စစ်ရေးအရ နှစ်ဖက်တင်းမာမှုများ ရှိနေသော်လည်း ယနေ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။

SSA မြောက်ပိုင်း တာဝန်ရှိသူများနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ လားရှိုးမြို့တွင် အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသေးကြောင်း၊ ယင်းတွေ့ဆုံမှုတွင် နယ်မြေဖွံ့ဖြိုးရေးကို ဇောင်းပေး ဆွေးနွေးခဲ့ပြီး စစ်ရေးတင်းမာမှုအခြေအနေကို မဖြေရှင်းဘဲ ချန်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့တွင် အစိုးရနှင့် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ကိုယ်စားလှယ်များ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း အစိုးရတပ်များသည် SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို တပတ်ခန့် ထိုးစစ်ဆင်ခဲ့ပြီး ၇ မိုင်နှင့် လွိုင်ဖာဖု တပ်စခန်းများကို အစိုးရတပ်က နေရာယူခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွင်ပါရှိသည့် နှစ်ဖက်တပ်များ နေရာသတ်မှတ်ခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံး မဖွင့်လှစ်နိုင်သေး ခြင်းတို့ကြောင့်ဖြစ်ကြောင်း လွှတ်တော်တွင် သြဂုတ်လအတွင်းက ဖြေကြားခဲ့ဖူးသည်။

မိုင်းရယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကို သိလိုကြောင်း မေးခွန်းနှင့် စပ်ဆက်၍ ဦးအောင်မင်းက ထိုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

SSA မြောက်ပိုင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်၍ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် ဒေသများတွင် လှုပ်ရှားသည့်အဖွဲ့ ဖြစ်သည်။


3 Responses

Leave a Reply

  1. SSA- N should know myanmar army well regarding about trust and history. Reaction is the way to response myanmar army who like to behave like a big child. SSA-N will be wrong if they really believed in caesefire agreement.

  2. ဦးအောင်မင်း ပါးစပ်ကတော့ အပစ်အခပ်ရပ်ပါ့မယ် ပြောနေတယ်။

    ခင်ဗျားရဲ့ သွေးသောက်ကြီး ၀မ်းအန်ဟက် (one and half) သမ္မတကြီး ဦးစိုးသိန်း ကတော့ တစ်ဖက်လှဲ့ နဲ့ တိုက်ဖို့ ခိုင်းနေတယ်။

    ခင်ဗျားတို့ အကွက်တွေကို မသိဘူးထင်နေလား။

    နိုင်ငံတကာက ထောက်ပံ့ကြေးတွေကို ခင်ဗျားတို့  ဝေစားမျှစားလုပ်ဖို့ ကြိုးစားနေတယ်မဟုတ်လား။ ဦးအောင်မင်း လက်ထဲမှာ လောလောဆယ် ကို ဒေါ်လာ သန်း ၃၀ လောက်ရောက်နေပြီ။ ဘာတွေ လုပ်ပေးပြီးပြီလဲ ပြောစမ်းပါအုံး…

    ပတ်စပို့ အတု ကိုင်ပြီးတော့ ဒီပိုက်ဆံတွေကို လက်ခံဖို့ ကြံရွယ်ပြီးတော့ သမ္မတကြီးနဲ့ ပြည်သူလူထုကို ခင်ဗျားနဲ့ ဦးစိုးသိန်းပေါင်းပြီးတော့ လိမ်ဖို့ ကြိုးစားနေတာ မသိဘူးမထင်နဲ့ ။

  3. သို့
    ပန်လုံ သတင်းထောက်နှင့် လေးစားအပ်သော လူကြီးမင်းခင်ဗျား၊

ီအကြောင်းအရာ။ ။သတင်းဖြည့်စွက်တင်ပြခြင်း-
    (ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း အစိုးရတပ်များသည် SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို တပတ်ခန့် ထိုးစစ်ဆင်ခဲ့ပြီး ၇ မိုင်နှင့် လွိုင်ဖာဖု တပ်စခန်းများကို အစိုးရတပ်က နေရာယူခဲ့ကြောင်း သိရသည်။)ဆိုသည့်အပိုဒ်မှာ-
    လွယ်ဖါဖိုန်တိုက်ပွဲသည် (၁၈)ရက်ကြာ စစ်အင်အား တစ်ဘက်(၁၅၀၀)ကျော်ကျော် စုပေါင်းနှစ်ဘက် စစ်အင်အား(၃၀၀၀)ကျော် အပြန်အလှန်တိုက်ခိုက်သည့် တိုက်ပွဲကြီးတစ်ခုဖြစ်ပါသည်။
    ဗမာ့တပ်မတော်ဘက်မှ ၁၂၀မမလက်နက်ကြီးသုံးပြီးပစ်ခတ်တိုက်ခိုက်ခဲ့သည်၊ မိမိရှမ်း ပြည်တပ်မတော်ဘက်ကလည်း ( ၀ . ၅၀)လက်နက်ကြီးများသုံးပြီး၊ ရှေ့တန်းမှ သယ်ဆောင်လှုပ်ရှားသွားနိုင်သော လက်နက်ကြီးများလည်း အသုံးပြု တုံ့ပြန်တိုက်ခိုက် လာခဲ့ပါသည်။ သတင်းများဖြန့်ချီတင်ဆက်ပေးသည့်အတွက် အထူးကျေးဇူးတင်လျှက်ရှိ ပါသည်။

    ရိုသေလေးစားစွာဖြင့်-

    (စိုင်းနမ့်ပန်)
    သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်
    ဗဟိုဌာနချုပ်(သျှမ်းပြည်)