သာပေါင်း စက္ကူစက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး | ဧရာဝတီ
သတင်း

သာပေါင်း စက္ကူစက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး

  | |

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် လှေကြီးတက် ကျေးရွာအုပ်စုတွင် တည်ဆောက်ထားသည့် စက္ကူနှင့် ပျော့ဖတ် စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်း ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

၂၀၀၇ ခုနှစ်တွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး သာပေါင်း စက္ကူနှင့် ပျော့ဖတ် စက်ရုံတွင် ကြည့်ရှု စစ်ဆေးနေစဉ် (ဓာတ်ပုံ – အမှတ် ၁ စက်မှုဝန်ကြီးဌာန)

သာပေါင်း စက္ကူနှင့် ပျော့ဖတ် စက်ရုံကြောင့် သစ်တောဝါးတောများ ပြုန်းတီးခြင်း၊ စက်ရုံမှ စွန့်ပစ်ရေများကြောင့် မြစ်ချောင်းများအတွင်း  ငါးများအဆိပ်သင့်ခြင်း၊ အနီး ၀န်းကျင်ဒေသရှိ ရေတွင်းများ အက်ဆစ် ဓာတ်သင့်ခြင်း စသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“စက်ရုံ စတည်တုန်းက ရေသန့်တဲ့စနစ်က ကန် ၃ ကန်။ အဲဒီအထဲမှာ ရေတွေထည့်။ ရေသန့်မသန့်ကို ဘဲတွေ၊ ငါးလေးတွေ မွေးမယ်။ ဒါတွေ မသေရင် ရေသန့်တယ်။ ဒါပေမယ့် စက်ရုံကြီး လည်တဲ့အခါ ကန် ၅ ကန်မကဘူး၊ ရေတွေက လျှံထွက်လာတော့ နိုင်အောင် မသန့်နိုင်တော့ဘဲ မြစ်ထဲချောင်းထဲကို စွန့်ထုတ်ပစ်တော့တာ” ဟု သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ဧရာဝတီသို့ ပြောသည်။

သာပေါင်း စက္ကူနှင့် ပျော့ဖတ် စက်ရုံကို မြန်မာနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း၍ ၂၀၀၀ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စက်ရုံဆောက်ရန် လှေကြီးတက် ကျေးရွာအုပ်စုရှိ မြေဧက ၂၀၀၀ ခန့် အသိမ်းခံခဲ့ရသည်။

တနေ့လျှင် တန် ၂၀၀ ကျ နှင့် တန် ၅၀ ကျ စက်ကြီး ၂ လုံးဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ၈ နှစ်နီးပါးလည်ပတ်ခဲ့ပြီး ဓာတ်ငွေ့ မလုံလောက်သည့်အတွက် ၂၀၁၁ နှစ်ကုန်ပိုင်းမှ ယနေ့အထိ စက်ရုံမလည်ဘဲ ရပ်နားထားကြောင်း သိရသည်။

စက်ရုံ၏ စွန့်ပစ်ရေများကြောင့် င၀န်မြစ်အတွင်း ငါးများ ရှားပါးသွားကြောင်းနှင့် ကုန်ကြမ်းအတွက် ၀ါးများခုတ်ပြီး စနစ်တကျ ပြန်လည် မစိုက်ပျိုးသည့်အတွက် ၀ါးတောများလည်း ပြုန်းတီးကုန်ကြောင်း သာပေါင်းအခြေစိုက် Beautiful Land (လှပသောမြေ) သဘာဝပတ်ဝန်းကျင် အဖွဲ့မှ ဦးမြင့်အောင်က ပြောသည်။

“င၀န်မြစ်မှာ ဟိုတုန်းကလို ငါးတွေ မတက်တော့ဘဲ ငါးရှားကုန်ပြီ။ ဒါဟာ စက်ရုံက အန္တရာယ်ရှိတဲ့ ရေဆိုးတွေကို အချိန်တော်တော်ကြာအောင် စွန့်ပစ်ခဲ့တဲ့ အကျိုးဆက်တွေပါပဲ။  ၀ါးတွေကို ကြိုက်သလိုခုတ်ပြီး အောင်မြင်အောင် ပြန်မစိုက်နိုင်တော့ ၀ါးတောတွေ အကုန် ပြုန်းတီးကုန်တယ်။ တောထဲမှာ ဓာတ်ခဲလုံးလောက်ဝါးတောင် ရှားနေပြီ” ဟု သူက ပြောသည်။

ထို့ပြင် စက်ရုံအနီးရှိ လှေကြီးတက် ကျေးရွာအုပ်စု နံနံပင်ကုန်း ကျေးရွာရှိ ရေတွင်းများအားလုံး အက်ဆစ်ဓာတ် သင့်ကုန်သဖြင့် ကျန်းမာရေးဌာနမှ မသောက်သုံးသင့်ဟု တားမြစ်ထားကြောင်း ဒေသခံတဦးဖြစ်သူ မနီလာက ပြောသည်။

“NGO အဖွဲ့တခု အကူအညီနဲ့ ရွာက ရေတွင်းတွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးတော့ ရေထဲမှာ အက်ဆစ်ဓာတ်တွေ များနေတယ်။ မသောက်သင့်ဘူးဆိုပြီး မှတ်ချက်ထွက်လာတယ်။ ဒါပေမယ့် ကျမတို့မှာ တခြား သောက်စရာမရှိတော့ နောင်ကို ဘာဖြစ်မယ်မှန်းမသိတဲ့ ဒီအဆိပ်ရေတွေပဲ တနေ့နည်းနည်း သောက်သုံးနေရတယ်” ဟု သူက ပြောသည်။

ဒိုဇန်းကုန်းကျေးရွာမှ ရွာသားတဦးကလည်း “စက်ရုံလည်တုန်းကဆိုရင် ၃ လလောက် လည်ပြီး တချက် အဆိပ်ရေ လွှတ်လိုက်တာနဲ့ နံနံပင်ကုန်းချောင်းရယ်၊ ပွဲညှက်ချောင်းရယ်၊ အဲဒီထဲကငါးတွေ အကုန်သေဆင်းသွားတယ်။ နွေဆိုရင် နံနံပင်ကုန်းချောင်းထဲမှာ ရေမမြင်ရဘူး။ စက်ရုံကစွန့်ပစ်တဲ့ ထုံးချေးတွေနဲ့ ပြည့်နေတာ” ဟု ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက သာပေါင်းစက်ရုံကြီးမှာ တရုတ်နိုင်ငံတွင် တည်ဆောက်ခွင့် မရသဖြင့် စွန့်ပစ်စုပုံထားသည့် စက်ရုံကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် စီမံကိန်းပြုလုပ်၍ လာဆောက်ခြင်းဖြစ်ကြောင်း၊ စက်ရုံဆောက်မည့် ကိစ္စအား ၎င်းတို့ ကန့်ကွက်ခဲ့သော်လည်း မရခဲ့ကြောင်း ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၃၀ ရက်နေ့က ပုသိမ်မြို့ရှိ တွေ့ဆုံပွဲတခုတွင် ပြောဆိုခဲ့သည်။

စီမံကိန်းတခု ပြုလုပ်ရန် EIA ခေါ် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုစစ်တမ်း၊ SIA ခေါ် လူမှုအဆင့်အတန်း ပျက်စီးဆုံးရှုံးမှုစစ်တမ်း၊ HIA ခေါ် ကျန်းမာရေး ပျက်စီးဆုံးရှုံးမှုစစ်တမ်းများ ကောက်ယူကာ သုတေသနပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

သာပေါင်း စက္ကူနှင့် ပျော့ဖတ် စက်ရုံစီမံကိန်းတွင် မည်သည့်စစ်တမ်းမှ မကောက်ယူဘဲ တည်ဆောက်ခဲ့သည့် အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးရသည့်အပြင် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးနှင့် လူနေမှုဘ၀များပါ ပျက်စီးဆုံးရှုံးရကြောင်း Beautiful Land အဖွဲ့က ဆိုသည်။

“ကျနော်တို့ သဘောကတော့ အရေးကြီးတဲ့ ဒီစစ်တမ်း ၃ ခုကို စနစ်တကျ ပြန်ကောက်စေချင်ပါတယ်။ ကောက်ပြီးလို့ ဒီစက္ကူစက်ရုံ စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေကို မထိခိုက်အောင် လည်ပတ်နိုင်တယ်ဆိုရင် ဆက်လုပ်ပါ။ အဲဒီလိုမဟုတ်ဘဲ ဆက်ထိခိုက်နေမယ် ဆိုရင်တော့ ရပ်ဆိုင်းထားစေချင်ပါတယ်” ဟု ဦးမြင့်အောင်က ပြောသည်။

ပြည်သူလူထုအတွက် အကျိုးမရှိပါက စက်ရုံကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်တို့က ပြီးခဲ့သည့် နှစ်လယ်ပိုင်းက ပုသိမ်တွင်ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောဆိုထားသည်။


WSJ LIVE VIDEO:

14 Responses

Leave a Reply

  1. What did Maung Aye know about Paper Mills? Inspection by a general who knew nothing about business? Oh! This is the Burmese way. Thein Sein knows nothing about running a nation too. That’s why the Union is going nowhere.

  2. အဲတာ တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့ ဦးအောင်သောင်း
    နဲ့ ဆွေမျိုး တစ်စုရဲ့ လက်ရာတစ်ခုပါဘဲ

    • pps၁၂၃၄၅

      မှန်ပါ့ဗျာ။ ဓါတ်ပုံမှ ရှေ့ဆုံးက ပါတဲ့ သူ့ဆွေမျိုးကြီးပါ ပါလိုက်သေး။ တရုတ် ပေါက်ဖေါ်ကြီး လက်ချက်ဗျာ။

    • Myo Nyunt and Aung Thaung. Sound familiar.

  3. သာပေါင်းစက်ရုံဝန်ထမ်းတစ်ဦး

    သာပေါင်းစက်ရုံ ကို ဦးနေ၀င်း အဖမ်းခံရပြီး ဦးမောင်အေး အာဏာ တက် နေချိန်၊၀န်ကြီး ဦးအောင်သောင်းနှင့် ဦးမောင်အေး နှင့် ဆွေမျိုးစပ်နေချိန်တွင် တည်ဆောက်ခဲ့သည်။ ပွဲစားမှာ မန္တလေးမြို့နေ ဦးရစ်ချတ် ဆိုသူဖြစ်သည်။ ကန်ထရိုက်မှာ China metallurgical Construction Company ဖြစ်ပြီး စက္ကူ လုပ်ငန်းတွင် အတွေ့အကြုံ မရှိသော လုပ်ငန်း ဖြစ်သည်။ ထပ်ဆင့် ကန်ထရိုက်တာမှာ ဆွီဒင် အခြေစိုက် Akzo nobel နှင့် ဂျပန် အခြေစိုက် Asahi Kasei Company တို့ဖြစ်ကြသည်။ ထိုစီမံကိန်း၏ ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ သန်း ၁၃၀ ၀န်း ကျင်ဖြစ်သည်။ ထိုစီမံကိန်းနှင့် အတူ တပ်မတော် ဗိုလ်ချုပ် အဆင့် အရာရှိကြီးများ စီးရန် Toyota landcruiser (brand new) အစီး ၆၅ စီး ပါဝင်လာပြီး အစီး ၆၀ ကို တပ်မတော်သို့လွှဲအပ်ခဲ့သည်။ ထိုစီမံကိန်း တည်ဆောက်ရေး ၏ စစ်အစိုးရ ၏ အဓိက ရည်ရွယ်ချက်မှာ အနောက်တိုင်း နိုင်ငံများမှ ပစ္စည်းများဝယ်ယူ ခြင်းဖြင့် အနောက်တိုင်းနှင့် ယုံကြည်မှုပြန်လည် တည်ဆောက်ရန်ဖြစ်ပါသည်။ Chloine ဖြင့် ပျော့ဖတ် ချွတ်သော စနစ်ကို ကျင့်သုံးသည်။ တရုတ်ပြည်တွင် အသုံးပြုသော စနစ်မှာ H2O2 ဖြင့် ချွတ်သော စနစ်ဖြစ်သည်။ ထိုစနစ်ကို မကျွမ်းကျင်မှု နှင့် ၂၀၀၃နောက်ပိုင်း အနောက်တိုင်း ပိတ်ဆို့မှု များကြောင့် နည်းပညာပိုင်း တွင် ပြဿနာ ဖြစ်နေသော စက်ရုံဖြစ်ပါသည်။
    စက်ရုံ တည်ဆောက်ပြီး တရုတ်မှ FO များကို ဈေးကြီးပေး၍ ၀ယ်ယူခဲ့ကြရ၍ စက်ရုံ ရပ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ဖြင့် စမ်းသပ်လည်ခဲ့ပြီး ၂၀၁၀ ပုသိမ် ဓာတ်မြေသြဇာ စက်ရုံ အတွက်ဓာတ် ငွေ့ကို ဝေမျှပေးခဲ့ရသဖြင့် စက်မလည် တစ်ချက်လည် တစ်ချက် ဖြစ်ပါသည်။ ၂၀၁၂ ၆ လပိုင်းတွင်ပြည်လည်ခဲ့သော်လည်း စက်ရုံတည်ခါစက ရခိုင်ရိုးမတွင် ရှိသော သစ်ဝါးတောများ ကုန်သွားသဖြင့် စက်ထပ်ရပ်ခဲ့ရပါသည်။ ယခု အခါ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း နှင့် ရင်းနှီးသော အန္ဒိယ အခြေစိုက် JK လုပ်ငန်းစု က တစ်ဦး တည်းလုပ်ကိုင်ရန် ဆွေးနွေးနေပါသည်။
    စက်ရုံ အလုပ်သမားများက JK လုပ်ငန်းစု တစ်ဦးထည်း ကို သာ ပြည်ထောင်စု အစိုးရ က ရင်းနှီးမြှပ်နှံရန် ဆွေးနွေးမှု ပြုခြင်းသည် ပြည်ထောင်စု အစိုးရ၏ မရိုးသားသော လုပ်ရပ်ဖြစ်ကြောင်းပြောနေကြပါသည်။
    စက်ရုံ လုပ်သားအများစု က စက်ပစ္စည်းများ အများဆုံး ထုတ်လုပ်ထားသော ဂျပန် နှင့် ဆွီဒင် တို့ လာရောက် ရင်းနှီးမြှပ်နှံပါက လက်ခံကြိုဆိုကြမည်ဖြစ်သည်။ သို့သော် ရခိုင်ရိုးမရှိသစ်တောကြီးကို ၀န်ကြီး ဦးသိန်းအောင် လက်ထက်တွင် အပြောင် ခုတ်ထားသဖြင့် မည်သည့် အပင်မျှ မရှိတော့သည့် အချိန်တွင် ဂျပန် တို့မလာ နိုင်တော့ကြောင်း ခန့်မှန်းမိကြပါသည်။
    စက်ရုံဝန်ထမ်းတစ်ဦး

    • Oh! What a story. Wolves and foxes always cheat and steal. As long as these wolves and foxes are holding on to power, Burma is going nowhere but still full with hardship.

  4. စွန်. ပစ် အ မိုက် ပုံ့ စက် ရုံ လား ဒေါ် လာ သန်း ၉၀ ကျော် ပေး ရ တာ.ဘယ် သူ အ ကျိုး ရှိ တဲ့ စက် ရုံ လဲ.

    • pps၁၂၃၄၅

      သန်း ၉၀ + လန်ခရုဇာ အစီး ၁၀၀(ဗိုလ်ချုပ်တွေဖို့)

  5. တချို့စက်အဟောင်း တွေက ရန်ကုန်ရောက်မှ ဆေးသုတ်ပြီး
    ကောင်းကောင်းကြီး ပေါင်းစားသွားတာ ပြည်သူလူထုက
    ကျောကော့အောင် ခံရပြီး အကြွေးတင် က္ဈန်ဖြစ် သွားတာပေါ့

  6. မောင်အေး သာပေါင်း စက္ကူနှင့် ပျော့ဖတ် စက်ရုံတွင် ကြည့်ရှု စစ်ဆေးနေစဉ် ။တဲ့ နေပါဦး ဒီ လူကဘာနားလည်လို့ ကြည့်ရှု စစ်ဆေးရတာလဲ လူမိုက်ကောင်းစားတဲ့ခေတ်ဆိုတော့ မသေနိုင်ဘူး

  7. မှန်မှန်ပြောလိုသူ

    စီးပွားရေးတွက်ချေကိုက်မကိုက်စီမံသူကအစကတဲကသိရမယ်၊တိုင်းပြည်မှာနိုင်ငံခြား
    ကြွေးမီဆပ်ဖို့အများကြီးရှိနေတယ်၊ဒါတွေလဲပါတယ်၊ရှေ့တိုးလုပ်ဆောင်ဖို့အရေးအကြွေးထုပ်ကြီးလေးနေလို့၊အကြွေးဆပ်ချိန်မဆပ်နိုင်လို့အခက်အခဲဖြစ်နေတယ်ဆိုတာယနေ့လွှတ်တော်တက်နေသေးရင်သိတယ်။ဒုဝန်ကြီးဦးဝင်းရှိန်ရှင်းပြတုံးကလွှတ်
    တော်မှာအားလုံးငိုင်ကျသွားတာတီဗွီမှာပြသွာတယ်။လုပ်ရဲ့လေရက်တယ်……….။

    • ပြည် သူ့ ငွေ တွေ ပြန် ပေး ပါ.အကြွေး ဆပ် ချင် လို့ ပါ

  8. မျိုးချစ်သူ

    နောက်ဆုံးတော့ ကျောက်ဆည်သား အောင်သောင်းကြီးတို့ ကျက်သရေ မရှိတဲ့ မျက်နှာနဲ့ ဝန်ကြီး မောင်သောင်းတို့က ဒီလိုပဲ တိုင်းပြည်ကို ဖျက်ဆီးခဲ့တာလေ။ အရေးအခင်း ဖြစ်ရတာ စက်မှုတက္ကသိုလ် ကျောင်းသားတွေကြောင့် ဆိုတဲ့အငြိုးနဲ့ ဝန်ကြီးမောင်သောင်းက GTI တွေကို တက္ကသိုလ်ဆိုပြီး ဆိုင်းဘုတ်တပ်ပြီး BE ဘွဲ့တွေကို ရိုက်ထုတ်သလို ပေါပေါလောလော လုပ်ခဲ့တာလေ။ ရှက်တတ်ရင် သေလိုက်ဖို့ ကောင်းတယ်။
    နောက်ဆုံး အခုဘာဖြစ်နေပြီလဲ။

  9. စစ်ခေါင်းဆောင် မှူးကြီးသန်းရွှေ ရဲ့စီမံကိန်းကြီးပါ(သူတာဝန်ကျခဲ့ဘူးသည်နေရာ)
    ဒေသဖွံ့ဖြိုးရေးဆိုပြီး မြေတွေသိမ်း ပြည်သူတွေကိုဒုက္ခပေး တိုင်းပြည်ဘဏ္ဍာဖြုန်းတီး၊
    သူအပေါင်းအဖေါ်တွေသာအမြတ်ထုတ်နိုင်ရန်မဟာစီမံကိန်းများကိုသာလုပ်ဆောင်ခဲ့သည်။
    ကုန်ကြမ်းများဖြစ်သည့်ထုံးကျောက်ကို ကရင်ပြည်နယ်က တင်သွင်း ၀ါးကို ရခိုင်ပြည်နယ်
    တင်သွင်းဘယ်လောက်ကုန်မလဲဆိုတာတွက်သာကြည့်ကြပါ။
    တင်သွင်းရာတွင်လည်းသာမန်စီးပွါးရေးသမားများတင်သွငိးခွင့်မရ၊
    တရုပ် ကြိုးဆွဲရာကကြရသော စစ်အစိုးရ၊အကြိုးမရှိသောစီမံကိန်းများသာလုပ်ဆောင် ခဲ့ပါသည်။
ြ့ပသနာဖြစ်လာလျှင် ယ္ခင်အစိုးရ ယ္ခင်အစိုးရ တာဝန်မယူရဲသောယ္ခုအစိုးရအားအလိုမရှိပါ။