လက်ပံတောင်းတောင်ကိစ္စ အစိုးရ အဓိက တာဝန်ယူရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို | ဧရာဝတီ

လက်ပံတောင်းတောင်ကိစ္စ အစိုးရ အဓိက တာဝန်ယူရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

Hits:1
  | |

လက်ပံတောင်းတောင်ကိစ္စ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ – ဇာနည်မာန်/ ဧရာဝတီ)

တရုတ်ကုမ္ပဏီများသည် မြန်မာ အစိုးရနှင့် စာချုပ်စာတမ်းများအရ သဘောတူညီချက်ကာ လာရောက် ရင်းနှီးမြှုပ်နှံနေခြင်း ဖြစ်သောကြောင့် အစိုးရကသာ အဓိက တာဝန်ယူရမည် ဖြစ်ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားသည်။

နောက်ပိုင်းတွင်လည်း တရုတ်ကုမ္ပဏီများနှင့် ပြဿနာ ဖြစ်ပွားမှု မရှိစေရန် မည်သို့လုပ်ဆောင်သင့်သည်ကို ထွက်ပေါ်လာမည့် အစီရင်ခံစာတွင် ထည့်သွင်းသွားမည်ဟု သူက ဆက်ပြောသည်။

“ဒီကိစ္စ ပထမဦးဆုံး စလာတာက ပွင့်လင်းမြင်သာမှုမရှိလို့။ အခု ဒီမိုကရေစီဘက် ဦးတည်မယ် ဆိုရင် ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ယူမှု ရှိရမယ်။ ဒီနှစ်ခုအပေါ်မှာ အခြေခံ လုပ်သွားမယ်ဆိုရင် ဒီပြဿနာတွေက ပေါ်လာမှာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ အကြံပြုချက်တွေထဲမှာ ဒီလိုပြဿနာတွေ နောက်မရှိအောင်လို့ ဘယ်လို လုပ်သင့်တယ် ဆိုတာပါရပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် စုံစမ်းစစ်ဆေးရေး ကော်မတီမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပက်သက်ပြီး ဒေသခံများ အပါအဝင် စီမံကိန်း တာဝန်ရှိ ကုမ္ပဏီ ဘက်ကပါ ညှိနှိုင်းဆွေးနွေးကာ အပေးအယူ လုပ်ရမည်ဖြစ်ကြောင်း၊ နှစ်ဘက်စလုံးမှ ပျော့ပြောင်းမှု၊ နားလည်မှု ရှိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အပေးအယူ မရှိဘဲ၊ မဆွေးနွေး မတိုင်ပင်ဘဲနှင့် မိမိတို့ လုပ်ချင်သည်ကို လုပ်ဆောင်နေမည် ဆိုလျှင် ဒီမိုကရေစီ စိတ်ဓာတ် မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ စိတ်ဓာတ်ရှင်သန်စေရန် ကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူက ဆက် ပြောသည်။

လက်ပံတောင်းတောင် သပိတ်ကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် မြန်မာနိုင်ငံ တ၀န်းတွင် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားနေသကဲ့သို့၊ ဖမ်းဆီးအရေးယူမှုများလည်း ရှိလာကြောင်း၊ ထို့ကြောင့် ၎င်းအနေဖြင့် ထိုသို့ ဆန္ဒ ပြမှုများသည် မည်သည့်အတွက် ပြနေသည်ကို သိလိုကြောင်း မေးခွန်းထုတ်သည်။

မည်သည့်အတွက် ဆန္ဒပြကြသည်ကိုသိလျှင် ၎င်းဆန္ဒပြကြ သူများ၏ လိုအပ်ချက်၊ သဘောထားကို နားလည်မှုရှိလျှင် အဆင်ပြေစေရန် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိအချိန်အထိ သပိတ်စခန်းများတွင် ဖမ်းဆီးထားသူများ မရှိသေးကြောင်း၊ ရန်ကုန်ဘက်တွင် ဖမ်းဆီးထားသူများ ရှိနေရာ ယင်းကိစ္စရပ်နှင့် ပက်သက်ပြီး စုံစမ်းထားသည်များ ရှိကြောင်း၊ ရဲတပ်ဖွဲ့နှင့်လည်း ဆက်သွယ်မှုများရှိကြောင်းနှင့် လုပ်သင့်လုပ်ထိုက်သည်ကို ဆက်လက် လုပ်သွားမည် ဖြစ်ကြောင်း သူက ဆိုသည်။

“ကျမတို့အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေ စိုးမိုးရေးကို ဦးထိပ်ထားမယ်။ ဒါပေမယ့်လည်း နားလည်မှုနဲ့ အားလုံး အဆင်ပြေရေးကို ဦးတည်ပြီး လုပ်သွားမှာပါ” ဟု ဆိုသည်။

လက်ရှိ ဒဏ်ရာရနေသော သံဃာတော်များ၏ ဆေးရုံ မှတ်တမ်းစာအုပ်တွင် ရာဇ၀တ်မှုတံဆိပ် အတပ်ခံရမှုနှင့် ပက်သက်ပြီး သပိတ်စခန်းဖွင့်စဉ်က တရုတ်ကုမ္ပဏီဘက်က ၀န်ထမ်းတဦးကို ပြန်ပေးဆွဲသော အမှုဖြစ်ခဲ့ကြောင်း၊ ပစ္စည်းများ ပျက်စီးသည့် ကိစ္စများလည်း ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရဲအမှုဖွင့်ခဲ့သည်ကို သိရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဆက်လက်ဖမ်းဆီးမှုများမရှိရန် မုံရွာတွင်သဘောတူညီ ခဲ့သည့်အတိုင်း မုံရွာတွင် ဆက်လက် ဖမ်းဆီးမှုများ မရှိကြောင်း သိရသည်။

လက်ရှိ ကြေးနီစီမံကိန်းသည် ၁၉၈၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်ကတည်းက စီမံကိန်းဖြစ်သော ကြောင့် မိမိ၏အမြင်တွင် နိုင်ငံ၏ ကိစ္စရပ်များကို နိုင်ငံသူ နိုင်ငံသားအားလုံးက သက်ဆိုင်သည့် စိတ်ဓာတ်ထားစေချင် ကြောင်း၊ အခွင့်အရေးတခုတည်းကို ကြည့်၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မည်သည့်အစိုးရက လုပ်ခဲ့သည့်အတွက် မိမိနှင့်မသက်ဆိုင် ဆိုသော စိတ်ဓာတ်မထားသင့်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ၏ အခွင့်အရေးကို လိုချင်လျှင် နိုင်ငံသူ နိုင်ငံသားများ၏ တာဝန်ကို ထမ်းဆောင်ရန် ၀န်မလေးသင့်ကြောင်း ၎င်းက ဆက်ပြော သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အလုပ်များသည် မည်သည့် ပုံစံမျိုးဖြင့် လုပ်နေသည်၊ အသုံးပြုနေသော နည်းပညာများ သည် အကောင်းဆုံးပုံစံမျိုးဖြင့် လုပ်နေခြင်းရှိမရှိ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်များနှင့် ကိုက်ညီမှုရှိမရှိ၊ သပိတ်စခန်း များကို ဖြိုခွဲမှုများ စသည့်ကိစ္စရပ်များကို အစိုးဘက်နှင့် လုံးဝ ပါဝင်စိစစ်သွားမည် မဟုတ်ဘဲ ပြင်ပ ပညာရှင်များနှင့်သာ စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် စုံစမ်းစစ်ဆေးရေး ကော်မတီမှ ထွက်ပေါ်လာမည့် အဖြေသည် ပြည်သူအားလုံး ကျေနပ်သော အဖြေ ဖြစ်လာနိုင် မည် မဟုတ်ကြောင်း၊ ကော်မရှင်၏ ရည်ရွယ်ချက်သည် အမှန်တရားကို ဖော်ထုတ်ရန်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

“အကြံပြုချက်တွေ ပေးတဲ့အခါ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွား၊ ပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွားနဲ့ ဒီမိုကရေစီ ခိုင်မာရေးရဲ့ အကျိုး စီးပွားတွေကို ကြည့်ပြီးတော့ လုပ်ပါ့မယ်။ မြင်ရင်မြင်တဲ့အတိုင်း အဖြေကို တင်ပြပါ့မယ်။ အဖြစ်ကို အဖြစ် အတိုင်း ကျမတို့ တင်ပြမှာပဲ။ အဲဒါကို ကျေနပ်တဲ့လူကလည်း ရှိမယ်၊ မကျေနပ်တဲ့လူကလည်း ရှိမယ်” ဟု သူက ပြောသည်။

ကော်မရှင်၏တာဝန်က အမှန်တရားကိုဖော်ထုတ်ရန်နှင့် အဆိုပါအမှန်တရားကိုအခြေခံပြီး နိုင်ငံအကျိုး၊ တိုင်းသူပြည်သား များအကျိုးအတွက် အကောင်းဆုံးဖြစ်မည့် အကြံပြုချက်များကို မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ တင်ပြရန်သာ ဦးတည်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

သပိတ်စခန်းကို ဖြိုခွဲခဲ့မှုနှင့် ပက်သက်ပြီး ရဲများအနေဖြင့် အထက်မှ အမိန့် ပေးသောကြောင့်ဟု ပြောဆိုမှုများ ရှိနေကြောင်း၊ ယခုအချိန်တွင် မည်သူ့ကိုမျှ အပြစ်မဖို့ လိုကြောင်း၊ စုံစမ်းစစ်ဆေးရေးတွင် တိတိကျကျ အဖြေမပေါ်မခြင်း မည်သူ့တွင် တာဝန်ရှိသည်ကို မပြောချင်သေးကြောင်း ၎င်းက ဆိုသည်။

“ဟိုလူ့ကိုအပြစ်ဖို့သလို၊ ဒီလူ့ကို အပြစ်ဖို့သလို ဖြစ်နေမှာစိုးလို့ပါ။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ဘယ်သူ့မှ အပြစ်မရှိဘူးလို့ တရားဥပဒေရဲ့ သဘောတရားအရ သတ်မှတ်မယ်။ စုံစမ်းလို့ သက်သေစုံလင် ရင်တော့ ဘယ်သူ့မှာ အပြစ်ရှိတယ် ဆိုတာ မြင်ရင် မြင်သလို ဖော်ပြပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားသည်။

ယခုဖြစ်ပျက်ခဲ့သော အခြေအနေများသည် နောက်ကြောင်းပြန်လှည့်နိုင်သည်၊ မလှည့်နိုင်သည်က နိုင်ငံသူနိုင်ငံသားများ အားလုံး၏ လက်ထဲတွင်သာ ရှိကြောင်းလည်း သူက ပြောသည်။

ကော်မရှင်အနေဖြင့် မီးလောင်မှုများနှင့် ပက်သက်ပြီး သက်သေခံ ပစ္စည်းတချို့ကို ရထားကြောင်း၊ နောက်ထပ်ရရှိရန် စုဆောင်းနေဆဲ ဖြစ်ကြောင်းနှင့် တတ်နိုင်သမျှ ထပ်မံရရှိရန် ကြိုးစားနေသကဲ့သို့ ရရှိပြီးဖြစ်သော ပစ္စည်းများကို အခြေပြုကာ ပညာရှင်များနှင့် အဖြေထုတ်သွားမည်ဟု သိရသည်။

ထိုလက်နက်များသည် တရုတ်နိုင်ငံမှ ထုတ်လုပ်ခြင်း ဟုတ်မဟုတ်ကို စုံစမ်းဆဲကာလ ဖြစ်သောကြောင့် အဖြေမပေးနိုင် သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ကျွမ်းကျင်သူများသာ မည်သည့်ဒေသက လာသည်၊ မည်သည့် အခြေအနေ ရှိသည်ကို ပြောနိုင်မည် ဖြစ်ပြီး အဖြေထွက်လာလျှင် သိနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပက်သက်ပြီး ဗိုလ်ချုပ်ဟောင်းများ ပါဝင်သော ဦးပိုင်ကုမ္ပဏီက အဓိက ပါဝင်နေ သောကြောင့် စုံစမ်းစစ်ဆေးမှုများတွင် အခက်အခဲ ဖြစ်နိုင်မည်မဟုတ်ကြောင်း သူက ဆိုသည်။

“ဗိုလ်ချုပ်ဟောင်းတွေရဲ့စီးပွားရေးပါနေလို့ ခက်ခဲတာမျိုး လုံးဝမရှိနိုင်ပါဘူး။ တွေ့ရှိချက်ကို တွေ့ရှိချက် အတိုင်းပဲ ဖော်ထုတ် မှာပါ။ ဘယ်သူ့ကိုမှ ကာကွယ်ဖို့လည်း မဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်းမြှောက်စားဖို့ မဟုတ်ဘူး” ဟု ၎င်းက ပြောသွားသည်။


13 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအကြမ်းဖက်မှုစုံစမ်းစစ်ဆေးရေးကော်မရှင်တွင်ဒေါ် အောင်ဆန်းစုကြည်၏မည်သည့်ပုံစံဖြင့်စစ်ဆေးမည်ကိုရှင်းလင်းပြချက်အရပြည်သူလူထုအနေ နှင့်ကြေနပ်နိုင်မည်ဟုထင်ပါသည်၊ရှင်းလင်းပြသည့်ပုံစံအတိုင်းစစ်ဆေးမည်ဆိုလျှင်အမှန်တရား ရရှိနိုင်ပါသည်၊လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင်ဗိုလ်ချုပ်ဟောင်းများပိုင်ဦးပိုင်ကုပွဏီ ဟုဆိုထားသဖြင့်ဦးပိုင်ကုပွဏီသည်ဗိုလ်ချုပ်ဟောင်းများသာပိုင်ဆိုင်ပါသလား?အငြိမ်းစား တပ်မတော်သားများအားလုံးပိုင်ဆိုင်ပါသလားသိခြင်ပါသည်၊ထို့အပြင်သတ္ထု.ရတနာနှင့် ဓါတ်ငွေ့ကုပွဏီများအားလုံကိုလဲပြည်သူလူထုအကျိုးပြုလုပ်ငန်းများအတွက်သာအသုံးပြု ရေးအတွက်ဦးပိုင်ကုပွဏီမှသည်ပြည်သူလူထုပိုင်သို့ပြောင်းလဲပေစေလိုပါသည်။

  2. လက်ပ့တောင်းတောင်ကြေးနီးစီမံကိန်းအကြမ်းဖက်မှုစစ်ဆေးရေးကော်မရှင်မှဒေါ်အောင်ဆန်း စုကြည်၏မည်သည့်ပုံစံနှင့်စစ်ဆေးမည်ကိုရှင်းလင်းပြခြင်းအားဖြင့်ပြည်သူလူထုအနေဖြင့်ကြေ နပ်နိုင်မည်ဟုထင်မြင်ပါသည်ရှင်းလင်ပြသည့်အတိုင်းစစ်ဆေးမည်ဆိုလျှင်အမှန်တရားပေါ်ထွက် လာပါလိမ့်မည်၊ဗိုလ်ချုပ်ဟောင်းများပိုင်ဦးပိုင်ကုပွဏီဟုဆိုထားသဖြင့်ဦးပိုင်ကုပွဏီသည်ဗိုလ် ချုပ်ဟောင်းများသာပိုင်ဆိုင်ပါသလား?အငြိမ်းစားတပ်မတော်သားများအားလုံးပိုင်ဆိုင်ပါ သလားသိခြင်ပါသည်၊Ex Military Welfair Furn ဟုဆိုသောတပ်မတော်သားများကိုကူ ညီသည့်ဦးပိုင်ကုပွဏီများနိုင်ငံတော်တော်များများတွင်ရှိကြပါသည်၊သို့သော်သတ္ထု.ရတနာ နှင့်ဓါတ်ငွေ့ကုပွဏီများကိုပြည်သူလူထုအားလုံးကိုအကျိုးပြုသောလုပ်ငန်းများတွင်သာအသုံး ပြုစေလိုပါသည်ထို့ကြောင့်ထိုကုပွဏီများအားလုံကိုဦးပိုင်မှသည်ပြည်သူလူထုပိုင်သို့ပြောင်း လဲပေးစေလိုပါသည်။

  3. We believe in you, Daw Su. You can carry justice for the country.

  4. ဒေါ်စုကို တကယ်လေးစားပါတယ် ၈၈ တွေနဲ့ ကွာတာက မှန်ရာကို လူအများစု မကြိုက် လဲ ပြောရဲ တယ်
    အခု ကိစ္စမှာ အမှန်အတိုင်းဖေါ်ထုပ် နိုင်ဖို့ ဆန္ဒပြုပါတယ်
    ဗိုလ်ချုပ်အောင်ဆန်းလည်း ဘယ်တုံးကမှလူ့အကြိုက် လိုက် မပြောခဲ့ဘူး
    ၈၈ တွေအတုယူ ဖို့ လိုတယ်
    ထောင်ကျခံရဲယုံနဲ့တော့ တိုင်းပြည်ကောင်းအောင် မလုပ်နိုင် ဘူးဆိုတာ သိဖို့လိုတယ်

  5. ပါကြီးဖိုး

    အကြမ်းဖက်သတ်ဖြတ်တာတွေနဲ့ လက်ယဉ်လာခဲ့ကြတဲ့ ဗိုလ်ချုပ်ဟောင်း ဗိုလ်ချုပ်သစ်တွေထဲက ခေါင်းမာဂိုဏ်းဝင်တွေရဲ့လက်ချက် ဖြစ်နိုင်ပါတယ်။ ဦးနေဝင်းဆိုရင် အိုကြီးအိုမအရွယ်တိုင်အောင် တည့်တည့်ပစ်မယ်လို့ တစ်နိုင်ငံလုံးကို ကြေငြာပြီး ကြိမ်းဝါးခဲ့တာပဲ။ တိုင်းပြည်ကောင်းအောင်ထူထောင်တော့မယ်ဆိုကာမှ အတွေးအခေါ်ဟောင်းအတိုင်း ခြိမ်းခြောက်သတ်ဖြတ် အကြမ်းဖတ်တဲ့နည်းနဲ့ ပြဿနာကို ဖြေရှင်းမယ့် ခေါင်းမာဂိုဏ်းသားတွေ ရှိနေသေးတဲ့အတွက် လက်သည်တရားခံအစစ်ကို ရှာဖွေဖေါ်ထုတ်ဖို့ လိုနေပါပြီ။

  6. ပြည်သူတွေဟာဘယ်သူမှနောက်ကြောင်းပြန်မလှဲ့ခြင်ပါဘူး နောက်ကြောင်းပြန်န်မလှဲ့ချင်လို့လဲ အာဏာရှင်အစိုးရခေတ်က ပွင့်လင်းမြင်သာမှူမရှိတဲ့ ပြည်သူတွေအကျိုးခံစားခွင့်မရှိယုံမက စီမံကိန်းကြောင့် ပြည်သူတွေဖက်ကဆုံးရှုံးမှုတွေကို လက်တွေ့ခံလာကြရတဲ့ အခါ မကြောက်မရွံ့သတ္တိရှိရှိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ကြတာကို အခု ရက်စက်စွာ ဖြိုခွင်းခဲ့လို့ အခုလိုပြဿနာ ပိုကြီးလာရတာပဲ။
    စစ်အစိုးရလက်ထက်ထဲက အခုလိုပြဿနာတွေကြီးကြီးကျယ်ကျယ်ဖြစ်လာယင် သူတို့ထဲကတယောက်ယောက် သေချာပေါက်ကျုးလွန်ခဲ့တာကြီးပဲ ဒါပေမဲ့ဘယ်တော့မှ မှားပါတယ်လို့ဝန်မခံခဲ့တဲ့အပြင် ဆက်ပြီးတော့ အကြမ်းဖက်ပြီး တဖက်သတ် အမိန့်နဲ့ ဖြေရှင်းခဲ့တာချည်းပဲ။
    စစ်တပ်ထဲက စစ်သားတွေ ရွာထဲကမိန်းကလေးတဦးဦးကို မဒိမ်းကျင့်လို့ တပ်ရင်းမှုးကိုသွားတိုင်ယင် တပ်ရင်းမှုးက ညတွင်းခြင်း တပ်သားတွေတန်းစီခိုင်း ဖေါ်ထုပ်ခိုင်းပြီး ပေါ်လာတဲ့အခါ နားယင်း ၂ ချက် ၃ ချက်လောက်တီး ညတွင်းချင်း တပ်ထဲကနေ ထွက်သွားခိုင်းပြီးတပ်ပြောင်းပြစ် နောက်တနေ့ မဒိန်းကျင့်ခံရတဲ့ မိန်းကလေးကို စစ်သားတွေတန်းစီပြခိုင်းပြီးဖေါ်ထုပ်ခိုင်းတော့ မဒိန်းကျင့်တဲ့ရဲဘော်မတွေ့တော့တဲ့အခါ (မဒိန်းကျင့်တာ ဒီတပ်ထဲကရဲဘော်မဟုပ်ပါဖူး ဆိုပြီးဗြောင် လိမ်တတ်တဲ့ စစ်တပ်)ရဲ့ လုပ်ရပ်တွေက ရာစုပေါင်းများစွာ နော် ။
    လက်ပတောင်းတောင်ရက်စက်မှူက အမှန်တကယ်ပေါ်ပါ့မလား သေချာတာတခုကတော့ ကာယကံရှင်ကျူးလွန်သူတွေကတော့ အသိဆုံးဖြစ်ပြီး ပြင်ဆင်ဖို့ အချိန်တွေအများကြီးရတဲ့အပြင် သူတို့ဖက်တော်သားတွေကလဲ လုံခြုံအောင် ကာကွယ်ပေးနေကြလို့ (ကာလုံ ဟာ လုံကာ ကြီးလို့တောင်ပြောလိုက်ချင်သေးတယ်)

  7. “မည်သည့်အတွက် ဆန္ဒပြကြသည်ကိုသိလျှင် ၎င်းဆန္ဒပြကြ သူများ၏ လိုအပ်ချက်၊ သဘောထားကို နားလည်မှုရှိလျှင် အဆင်ပြေစေရန် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။”
    We understood the present condition & situation but We want to punish who is ordered to cruel break & used fired bomb for peaceful monks & people.

  8. ခုလောက်ဆို သက်သေအထောက်အထားတွေ ဖျောက်ဖျက်ပြီးလောက်ပါပြီ။ ဦးသိန်းစိန်ရဲ့ပါးနပ်မှုပါ။ ကော်မရှင်ဖွဲ့လိုက်၊ ဖျက်လိုက်၊ ပြန်ဖွဲ့လိုက်နဲ့ အာရုံပြောင်းလိုက်ပါတယ်။ အဲဒီအတောအတွင်း မီးလောင်ဗုံးကို သယ်ယူပြောင်းရွှေ့၊ ဖျောက်ဖျက်လို့ရပါတယ်။ ဒါတွေကို ၀င်စစ်ဖို့က ကော်မရှင်ဖွဲ့စရာ မလိုပါဘူး။ အစိုးရပဲ။ ချက်ချင်းခေါ်စစ်လိုက်ရင် ပေါ်ပါတယ်။ ဒါမျိုး ဗိုလ်သန်းရွှေမြေးရဲ့ Day Club မှာ ဖြစ်ကြည့်ပါလား။ နာရီပိုင်းအတွင်း အဖြေမပေါ်တော့ ပြော။
    ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဦးနေ၀င်းက မဆလပါတီညီလာခံမှာ “မြန်ပြည်မှာ ကြေးနီထွက်နိုင်တဲ့နေရာ (၃၉)နေရာတွေ့ထားပါတယ်” လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့ပါတယ်။ ပြန်ရှာကြည့်ကြပါ။ တကယ်တော့ အောက်ခြေက တင်ပြတာကို အဆင့်ဆင့် ကားကားပြီး လိမ်လိုက်တာကို ဦးနေ၀င်း မသိရှာပါဘူး။
    တရုတ်မတိုင်ခင် ကြေးနီစီမံကိန်းလုပ်ခဲ့တဲ့သူများ ဘာဖြစ်လို့ လက်လျှော့သွားကြတာလဲ။ တကယ်ပဲ “လူ့အခွင့်အရေး” ကြောင့်ပဲလား။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်လို့ပဲလား။

  9. စစ်တပ်ကို တပ်မတော်လို တန်ဘိုးရှိ အားထားနိုင်ဘို့ အခွင့်အလမ်းက ဒီနေရာကစရနိုင်ပြီ

    မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို သမ၀န်ကြီးဌာနကိုပေး စီးပွားရေးကော်ပိုရေးရှင်းကို နိုင့်ငံခြားနဲံ့အစိုးရ ပုဂလိက သမ၀ါယမနဲ့ ဖက်စပ်လုပ်

    စစ်သားလည်းဝန်ထမ်းပြည်သူလိုဘဲ ခံစားခွင့် ညီတူယူ ပိုမယူနဲ့

    စစ်ရေး ဘတ်ဂျက် နဲ့ စစ်တပ်ဘတ်ဂျက်ကို သပ်သပ်ဆွဲ

    စစ်ရေး အတွက် လုံခြုံရေးကောင်စီနဲ့ လွှတ်တော်က တာဝန်ခံ

    စစ်တပ်အတွက် ကာကွယ်ရေးဝန်ကြီးက ကိုင်

    ဘယ်တုန်းကမှမစဉ်းစားခဲ့ မလုပ်ခဲ့ကြတဲ့ ပြည်သူအားလုံး ညီညီမျှမျှ ရှိရမယ်

    ပြည်သူနဲ့စစ်တပ် ပြန်ပေါင်းသင့်ပြီ

    စစ်တပ်က စီးပွားရေးစွန့် ကိုယ်ကျိုးရှာတာကနေ ပြည်သူ့တပ်မတော် ဖြစ်အောင်ကျင့်ရမယ်၊

    နောက်ဆို ကိုယ့်အရိပ် ကိုယ်ပြန်ကြောက်စရာမလိုတော့ဘူးပေါ့

  10. အဲဒီမှာထွက်နေတဲ့ သတ္တုတွေမှာ ရွှေ (သို့ မဟုတ် ) ယူရေနီယံ တွေပါရှိနေတယ်ဆိုတဲ့သတင်း
    မှန်/မမှန် ကို အမေရိကန်၊ဂျာမနီ၊စပိန်၊အင်္ဂလန်၊ဂျပန် နိုင်ငံတွေပါဝင်တဲ့ ဘူမိဗေဒပညာရှင်တွေ
    ပါဝင်တဲ့ အဖွဲ့ အစည်းကို ၀င်ရောက်စစ်ဆေးစေချင်ပါတယ်။

  11. (((လက်ရှိ ကြေးနီစီမံကိန်းသည် ၁၉၈၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်ကတည်းက စီမံကိန်းဖြစ်သော ကြောင့် မိမိ၏အမြင်တွင် နိုင်ငံ၏ ကိစ္စရပ်များကို နိုင်ငံသူ နိုင်ငံသားအားလုံးက သက်ဆိုင်သည့် စိတ်ဓာတ်ထားစေချင် ကြောင်း၊ အခွင့်အရေးတခုတည်းကို ကြည့်၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။)))
    1984 မဆလ ခေတ်ကတည်းက စခဲ့တဲ့ စီမံကိန်းဆိုတာ ဒီလက်ပံတောင်းတောင် မဟုတ်ပါဘူး။ လမ်းမကြီးရဲ့ မြောက်ဖက်မှာရှိတဲ့ ကြေးစင်တောင်နဲ့ စပယ်တောင်ပါ။ အဲဒီတောင်တွေက တောင်အလုံးလိုက် ပျောက်သွားယုံတင်မကဘူး ငရဲပြည်ထိရောက်လောက်အောင်နက်တဲ့ အေရာမ ချိုင့်ခွက်ကျင်းကြီး ဖြစ်သွားပါပြီ။
    လမ်းရဲ့ တောင်ဖက် ဆားလင်းကြီးဖက်အခြမ်းမှာရှိတဲ့ လက်ပံတောင်းတောင်က လက်တွေ့အကောင်အထည်ဖော်တာ ဘာမှ မကြာသေးပါဘူး။
    ဒေါ်စုပြောသွားတာ နိုင်ငံရဲ့အရေးကိစ္စကို ပြောတာပါ။ အခုဟာက ဦးပိုင်နဲ့ စစ်တပ်ရဲ့ အရေးကိစ္စပါ။ တိုင်းသားပြည်သူတွေရဲ့ အကျိုးစီးပွား အရေးကိစ္စမဟုတ်ပါဘူး။ ကောင်းကျိုးကို ဦးပိုင်ကခံစားပြီး ဆိုးပြစ်ကို ပြည်သူကပေးဆပ်ရမှာက ဘယ်လိုမှ တရားမျှတမှု မရှိပါဘူး။ ဦးပိုင်အနေနဲ့ အခြားစီးပွားရေး လုပ်ငန်းတွေ အများကြီးပါ။ တိုင်းပြည်ရဲ့ အဆီအနှစ်ရပိုင်ခွင့် အားလုံးကို လက်ဝါးကြီးအုပ် အမြတ်ထုတ်နေတာပါ။ ဒါကြောင့် ဦးသိန်းစိန် အစိုးရအနေနဲ့ တရုတ်နဲ့ မျက်နှာမပျက်ချင်ရင် ဒီလုပ်ငန်းရဲ့ အကျိုးအမြတ် အားလုံးကို တိုင်းပြည်နဲ့ လူမျိုးအတွက် အစိုးရက ပွင့်လင်းမြင်သာရှင်းလင်းစွာ ဦးပိုင်ထံမှ လက်လွှဲယူလိုက်ပါ။ ဒီဘက်လက်ကယူ ဟိုဖက်လက်က လက်သိပ်ထိုးပေးဆိုတာမျိုး မရှိအောင်လည်း ရိုးသားမှု အပြည့်အ၀ရှိဖို့ လိုပါတယ်။ တိုင်းပြည်အပေါ် သစ္စာရှိဖို့လိုပါတယ်။
    ဘ၀နဲ့ချီပြီး ပေးဆပ်လိုက်ရတဲ့ ဒေသခံပြည်သူတွေအတွက်လည်း ထိုက်တန်တဲ့ ပေးလျှော်မှုကို ပွင်းလင်းမြင်သာစွာ ပြုလုပ်ခဲ့မယ်ဆိုရင် ဒီပြဿနာဟာ ဖြေရှင်းလို့ ရနိုင်စရာ ရှိပါတယ်။
    ဦးအောင်မင်းက သူ အရှက်ကွဲတာကို ရန်ညှိုးထား သမ္မတအနားမှာ ရှိနေတဲ့ အရှိန်အ၀ါကို အသုံးချပြီး ဒီလိုအကြမ်းဖက်မှုတွေ ပေါ်ပေါက်စေခဲ့သလားလို့ ကလေးဆန်ဆန် ပေါက်တတ်ကရ အဖြေရှာမိပါသေးတယ်။ သူသမ္မတဆီ တင်ပြပေးပါမယ်၊ တစ်ပတ်ဆယ်ရက်အတွင်း အကြောင်းပြန်ပါမယ်ဆိုပြီး ဒီလို ဖြစ်ရတာဆိုတော့လေ။

    ပြည်သူ့အသံကို နားထောင်နေပါတယ်ဆိုတဲ့ လွှတ်တော်ကြီးဟာ ဒီမိုကရေစီ အလေ့အထနဲ့ လုံးဝ ဆန့်ကျင်နေတဲ့ ဒီလိုအကြမ်းဖက်မှုကိစ္စမှာ ဘယ်လို တုံ့ပြန်မှုတွေရှိမလဲလို့ အားလုံးက အသည်းအသန် စိတ်ဝင်တစား စောင့်စားနေကြတာပါ။