ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော | ဧရာဝတီ

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Hits:8,868
  | |

မက်စ်မြန်မာကုမ္ပဏီက လှူဒါန်းထားသော ရန်ကင်းကလေးဆေးရုံတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုမ္ပဏီပိုင်ရှင်ဦးဇော်ဇော်။ (ဓာတ်ပုံ – မက်စ်မြန်မာ)

စစ်အစိုးရလက်ထက် ချမ်းသာကြွယ်ဝလာသော ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် ပြန်လည် အခွင့်အရေး ပေးရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

နေပြည်တော် တွင် ဇန်န၀ါရီလ ၉ ရက်နေ့က ပြန်လည် ကျင်းပသော လွှတ်တော် အစည်းအဝေးများ တက်ရောက်ရင်း သတင်းထောက်များ နှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်းပြောဆို လိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး လုပ်ဆောင်ကြရာတွင် အာဃာတကို အခြေခံသော လုပ်ဆောင်မှုမျိုးကို လက်မခံနိုင်ကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်တို့တွင် ချမ်းသာကြွယ်ဝလာသော သူဌေးများကို ခရိုနီဟု ခေါ်ဆိုနေကြပြီး ချမ်းသာလာပုံ ချမ်းသာလာနည်းများတွင် မတရားမှုများ ပါဝင်ခြင်းရှိ၊ မရှိ စိစစ်ရမည်ဖြစ်ကြောင်း၊ မည်သူမဆို ပြစ်မှု ကျူးလွန်ကြောင်း မတွေ့သမျှ အပြစ်မဲ့ဟု သတ်မှတ် ရမည်ဖြစ်ပြီး ပြစ်မှုရှိခဲ့သည်တိုင် ပြန်လည် ပြုပြင်ပိုင်ခွင့်ပေး ရမည်ဖြစ်ကြောင်း ပြောသည်။

“ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊ သူတို့ချမ်းသာပုံ ချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံချမ်းသာနည်းက မတရားမှုတွေ ပါလားမပါလား၊ အဲဒါတွေ စိစစ်ရမယ်။ အဲဒါက တခု။ အန်တီ အမြဲတမ်းပြောတဲ့အတိုင်းပဲ ဘယ်သူပဲဖြစ်ဖြစ် ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့လို့ သတ်မှတ်ရမယ်။ နောက်ပြီးတော့ ပြစ်မှုရှိတဲ့သူတွေကလည်း ကိုယ်ကိုယ့်ကိုယ် ပြုပြင်ပိုင်ခွင့်ရှိရမယ်။ ဒါ အန်တီရဲ့ ယုံကြည်ချက်ပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

တရားဥပဒေစိုးမိုးရေးဟုဆိုရာတွင် ဒဏ်ပေးခြင်းနှင့် ပညာပေးချင်သောစိတ်၊ ပြန်လည်ပြုပြင်ရေး နှင့်ပြန်လည်ထူထောင်ရေးလုပ်နိုင်သော အခွင့်အရေးများ တပါတည်းရှိရမည်ဖြစ်ပြီး နာစေလိုသော စိတ်ဖြင့် ဒဏ်ပေးခြင်းသည် လူရိုင်းဆန်ကြောင်း၊ အမှားများကျူးလွန်စေခဲ့စေကာမူ ပြုပြင်နိုင်သော အခြေအနေပေးရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

“ပြန်လည်ထူထောင်ရေး ပြန်လည်ပြုပြင်ရေးဆိုတာက တရားဥပဒေအရ ဒဏ်ပေးတဲ့စနစ်မှာတောင် ပါသင့်တယ်။မပါလို့ရှိရင် ဒီဟာက လူရိုင်းဆန်တယ်လို့ပဲပြောရမှာပဲ။ဒဏ်ပေးမှုသပ်သပ်ဆိုတာက လူရိုင်းဆန်တဲ့အမြင်ပဲ။ တကယ်လူ့ယာဉ်ကျေးတွေလုပ်ရမယ့်ဟာဆိုလို့ရှိရင် ဒဏ်ပေးတာဟာ ဒဏ်ပေးဖို့ မဟုတ်ဘူး၊ ပြုပြင်ဖို့ဆိုတဲ့ အမြင်ရှိရမယ်။အဲဒီတော့ ဒဏ်ပေးတာအပြင် ပြုပြင်ဖို့အစီအစဉ်တွေပါ တခါတည်းရှိရမယ်။ အဲဒါကြောင့် ဘယ်သူမဆို အန်တီအမြင်မှာတော့ ဘယ်လောက်ပဲမှားဖူးမှားဖူး၊ ကိုယ့်ကိုယ်ကိုယ်ပြုပြင်နိုင်တဲ့ အခွင့်အရေးတော့ပေးရမယ်” ဟု ၎င်းက ပြောသည်။

အမေရိကန်နိုင်ငံကဲ့သို့သော ဒီမိုကရေစီနိုင်ငံကြီးများတွင်ပင် ချမ်းသာကြွယ်ဝသော သူဌေးကြီးများသည် မတရားခေါင်းပုံဖြတ်မှုများအသုံးပြုချမ်းသာခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပရိဟိတအကျိုး၊ ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးသယ်ပိုးသော သူများဖြစ်လာကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ခရိုနီသူဌေးကြီးအချို့ နှင့်ကုမ္ပဏီများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး၊ ကျန်းမာရေး၊ ဒီမိုကရေစီပြောင်းလဲရေးအတွက် ငွေကြေးများလှူဒါန်းလာ ခြင်းအပေါ် ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အန်တီက လူတယောက်ကို ကြည့်တဲ့အခါ တခါဆိုးလို့ တသက်လုံးပဲ ဆိုးမယ်လို့ အင်မတန် အမြဲပဲ ပထားမယ်ဆိုတဲ့ စိတ်ဓာတ် လုံးဝမရှိဘူး။ အန်တီတို့ ဒီလို စိတ်ဓာတ်ရှိလို့ရှိရင် ဘာကိုမှပြုပြင်လို့ ရမှာမဟုတ်ဘူး။ အဲဒီတော့ အခု ခရိုနီလို့ အခေါ်ခံရတဲ့ သူတွေက NLD နဲ့ အခြားလူမှုရေးလုပ်နေတဲ့ လုပ်ငန်းတွေကို ပံ့ပိုးတယ်ဆိုလို့ရှိရင် ဘာဖြစ်လဲ၊ ပံ့ပိုးပစေပေါ့။ ပိုက်ဆံတွေကို တခြားနေရာမှာ အလဟဿဖြစ်အောင် ဖြုန်းမယ့်အစား ပံ့ပိုးသင့်တဲ့ နေရာအတွက် ပံ့ပိုးတယ်၊ သုံးတယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ။ NLD ကို ချဉ်းကပ်လာတာလား၊ ဘယ်အဖွဲ့ကို ချဉ်းကပ်တာလား၊ ဒါကို အန်တီမကြည့်ဘူး။ လုပ်တာက ဘာအတွက် လုပ်တာလဲ။ ဘာကိုထောက်ပံ့တာလဲ။ ဘယ်နေရာကို အကျိုးပြုသလဲ။ ပြည်သူကို အကျိုးပြုမယ်၊ ဒီမိုကရေစီပြောင်းလဲရေး အကျိုးပြုမယ်၊ လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ အကျိုးပြုတယ်ဆိုရင် ဒါက ကြိုဆိုရမယ့်ကိစ္စပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပညာရေး ကွန်ရက်၏ ၂ နှစ်ပြည့် ပညာရေး ရန်ပုံငွေပွဲတော်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး စစ်အစိုးရနှင့် နီးစပ်သော ခရိုနီသူဌေးကြီးများဟု သတ်မှတ်ခံထားရသည့် ဦးကျော်ဝင်းပိုင် ရွှေသံလွင်ကုမ္ပဏီ လက်အောက်မှ Sky Net ရုပ်သံလိုင်းက အလှူငွေကျပ်သိန်း ၁၃၅၀၊ ဦးတေဇပိုင် ထူးကုမ္ပဏီက အလှူငွေကျပ်သိန်း ၇၀၀ အသီးသီး လှူဒါန်းခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၃ ရက်နေ့ကလည်း ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ ကုမ္ပဏီက ဆောက်လုပ် လှူဒါန်းထားသည့် ရန်ကင်း ကလေးဆေးရုံသို့လည်း သွားရောက် လည်ပတ်ခဲ့သေးသည်။

အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံကြီးများက လူ့အခွင့်အရေး ချိုးဖောက်သည့် စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများကို စီးပွားရေးပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း အများစုကို စစ်အစိုးရနှင့် နီးစပ်သော ခရိုနီသူဌေးကြီးများ၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုးရေးရှင်းတို့က အဓိက ထိန်းချုပ်ထားကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများ၏ အဆိုအရ သိရှိရသည်။

ဇန်န၀ါရီလ ၉ ရက်နေ့က နေပြည်တော်တွင် လွှတ်တော် တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက လာရောက်တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း အနောက်နိုင်ငံ ခရီးစဉ်များတွင် မကြာခဏဆိုသလို ထောက်ပြပြောဆိုလေ့ရှိသည်။

သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်ကမူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် မြန်မာ့ခရိုနီ သူဌေးကြီးများကို ပစ်ပယ်မရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

စစ်အစိုးရလက်ထက် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်လာသည့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်ကမူ ၎င်းအနေဖြင့် တိုင်းပြည်၏ ဒီမိုကရေစီအရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အကျိုးပြုသည့် ခရိုနီ သူဌေးတဦးဖြစ်လိုသည်ဟု ထုတ်ဖော်ပြောဆိုသည်။

“ကျနော်က ဆိုးရွားတဲ့ ခရိုနီ မဖြစ်ချင်ဘူး။ ကောင်းမွန်တဲ့ ခရိုနီပဲ ဖြစ်ချင်ပါတယ်” ဟု ဦးဇော်ဇော်က ဧရာဝတီသို့ ပြောဆိုသည်။


20 Responses

Leave a Reply

  1. သိပ်အမျှော်အမြင်ကြီးသောစကားစုများဖြစ်ပါသည်။အမေစုကိုလေးစားပါသည်။
    သို့သော်ဒီမိုကရေစီခေတ်မှာတော့စီးပွားရေးသမားများအစစအရာရာပွင့်လင်းမြင်
    သာမှုရှိရှိနဲ့လုပ်ဆောင်သွားစေချင်ပါသည်။အရင်ကလိုအထက်ဖားအောက်ဖိစံနစ်
    ကိုတော့လုံးဝလုံးဝမလုပ်စေချင်ပါ။စားပွဲအောက်ကသွားတဲ့စံနစ်တို့ အိမ်နောက်ဖေး
    ပေါက်ကသွားတဲ့စံနစ်တို့အားလုံးကိုဖျက်သိမ်းစေချင်ပါတယ်။

  2. I hope DASSK is not just giving the reason why she has to be so much closely with cronies.
    How will she testify to know that those cronies have changed their behaviors or not?
    Anyway, we will patiently wait and see whether she can make the cronies change or those cronies can make her change.
    The Latpadaung issue will show the evidence very soon.

    • You are so clever.You know ur self.You have only one chance ( waiting).Nothing else.

      • Oh! June. You are right.
        I am an ordinary person that means I am not a public leader or democracy leader of our country.
        I have only one opportunity which is to wait and see what our leaders are doing and to point out very frankly if they go away from the right way.

  3. pps၁၂၃၄၅

    ခရိုနီများ ချမ်းသာလာခြင်းမဟုတ် ပါ။ စစ် အစိုးရ၏ အားနည်းချက် ကို အကျိုးရှိရှိ အကျိုးချ နိုင်သော စီးပွားရေး လုပ်သူများ ချမ်းသာလာခြင်း ဖြစ်ပါသည်။
    စစ်အစိုးရ ကို ဦးဆောင်ခဲ့သော သူများသာ အပြစ်ရှိကြပါသည်။

  4. သည်လို၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့၊ သည်းခံခွင့်လွှတ်ခြင်းအပြည့်နဲ့အတူ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက်၊ အလွန်မွန်မြတ်ပြီး၊ အမျှော်အမြင်ကြီးမားတဲ့၊ သဘောထားခံယူချက်ကို၊ ဦးစွာ မဖြစ်မနေ ( ၁ ) ခရိုနီကြီး / လတ် / ငယ် / လောင်း များကိုယ်တိုင်ကပင်၊ မကွယ်မ၀ှက်၊ လေးလေးစားစားခံယူတတ်ဘို့လိုအပ်မယ်ထင်မိ ပါတယ်၊ ( ၂ ) သည်နေ့၊ အရေးအရာအားလုံးနီးနီးမှာ၊ အဓိက၊ ချုပ်ကိုင်ဦးဆောင်နေဆဲဖြစ်တဲ့ အာဏာပိုင်ဟောင်း / သစ် / လောင်း များကလည်း ၊ သတ္တိရှိရှိနဲ့ ရိုးရိုးသားသား ခံယူတတ်ဘို့ လိုအပ်မယ်ထင်ပါတယ် ၊ ( ၃ ) တိုင်းပြည်နာလန်ပြန်ထူဘို့အရေးအတွက်၊ အလူးအလဲဒဏ်တွေကိုအသေအကြေ ကြံ့ကြံ့ခံရင်း၊ သည်နေ့ထိတိုင် လူထုရဲ့ရှေ့မှ မားမားမတ်မတ်ရပ်တည်နေကြဆဲဖြစ်သလို၊ လူထုရဲ့အားကိုးယုံကြည်ခြင်းကိုလဲ ရရှိနေကြဆဲဖြစ်တဲ့၊ နိုင်ငံရေးဦးဆောင်သူများ သဘောပေါက်လက်ခံနိုင်ကြဘို့လဲ လိုအပ်မယ်ထင်မိပါတယ် ။ အဆုံးတိုင်း အဆုံးတိုင်းမှာတော့ ၊ သတိတရားနဲ့ စိုးရိမ်ပူပန်မူ့တွေကိုသာ၊ မိုးလင်းမိုးချုပ်၊ နှစ်ပေါင်းများစွာ၊ ဖက်တွယ်လာခဲ့ကြရတဲ့၊ အမှန်တကယ်လဲ၊ တွေ့ကြုံခံစားလာခဲ့ကြရတဲ့ လူထုတွေအတွက်၊ အရာရာကို ချပြတယ်ဆိုတာထက် ပွင့်လင်းမြင်သာမူ့ရှိရှိနဲ့ အကျိုးသက်ရောက်မူ့တွေ အနှေးနဲ့အမြန်ရောက်ရှိလာဘို့ ကြိုးစားကြဘို့ လိုအပ်မယ်ထင်မိပါတယ်။

  5. အန်တီပြောတာတွေအကုန်မှန်တယ်ဆိုရင်တောင်၊ပြည်သူတွေအနေနဲ့အာဏာရှင်နဲ့အပေါင်းအပါတစ်စုကိုစိစစ်ဖို့အခြေအနေမရှိဘူး၊အခြေခံဥပဒေနဲ့တောင်ကာကွယ်ထားတာ။ပြည်သူအများစုကတော့အပြစ်မရှိတဲ့သူတွေကိုလွတ်လပ်စေချင်ပြီး၊အပြစ်ရှိတဲ့သူတွေကိုစိစစ်အရးယူစေချင်တာပါ။ဘယ်သူကတော့တစ်သက်လုံးမကောင်းတော့ပါဘူးဒါမှမဟုတ်တစ်သက်လုံးကောင်းပါတယ်လို့ပြည်သူအများစုကမပြောမိမတွေးမိကြပါဘူးအမှန်တကယ်ပြုပြင်ချင်တယ်မပြုပြင်ဘူးဆိုတာသူတို့ကိုယ်တိုင်ရဲ့ကိစ္စပါ။အာဏာရှင်နဲ့အပေါင်းအပါတစ်စုကတော့တိုင်းပြည်အပေါ်မှာအလွန်အမင်းကိုမကောင်းခဲ့တာတစ်ကမ္ဘာလုံးအသိပါပဲ။လက်ရှိတိုင်းပြည်အခြေအနေကိုကြည့်ရင်သိနိုင်ပါတယ်၊အပြစ်မဲ့သူတွေကိုအမြန်ဆုံးလွတ်ဖို့ကြိုးစားသလို၊အပြစ်ရှိသူတွေကိုလည်းအမြန်ဆုံးစိစစ်အရေးယူဖို့အားလုံးကြိုးစားရမှာပါ။

  6. မြန်မာ တိုင်းရင်းသူ

    အများပြည်သူအတွက်၊ တိုင်းပြည်မှာ လိုအပ်သည်များအတွက် တပြားမကူ၊ မလှုပဲ၊ ကိုယ်ပိုင်ဆိုင်တာကို ကျစ်ကျစ်ပါအောင် သိမ်း၊ ကိုယ်နဲ့ ကိုယ့်မိသားစုပဲ နိုင်ငံရပ်ခြားမှာ ဖြစ်ဖြစ်၊ သီးသန့်နေရာ နေပြည်တော်မှာ စည်းစိမ်ခံစား၊ ပျော်မူးနေသူများထက်စာလျှင် ပြန်ပေးတာ လှုတာ တော်သေးတာပေါ့။

  7. Well! Our so-called Lady is no longer opposition leader but puppet of Thein Sein, no need to mention puppet of Than Shwe. Whether she is trying to become the next president or not, her belief is out of bound. I believe there are many people who agree with her but there are so many people who do not agree with her belief too. The real future leader needs to stand with the people’s wish and the stand they stand for democratic change which we do not see in the Thein Sein administration at all. Cronies from the former rule are not the issues but the ones who gave illegal opportunities to these cronies are the criminals illegally. If our Lady cannot lead Rule of Law Committee effectively, I would like her to quit doing the job. Because she is not serving the Union and her fellow citizens. She no longer stands for the oppressed anyway.

  8. ခရိုနီတွေရဲ့ Sponsor တွေက အန်တီလုပ်ချင်တဲ့ပညာရေးရန်ပုံငွေရှာဖွေရေးပွဲတွေမှာ အဓိကကျနေတော့လဲ သူတို့ကိုအသက်ရှုနိုင် ဆက်လက်ရှင်သန်နိုင်အောင် ပြန်စောင့်ရှောက်ပေးရမဲ့တာဝန်အန်တီမှာပိုလာရပြန်တာပေါ့နော်။
    ကမ္ဘာ့နိုင်ငံရေးသမိုင်းကြောင်းမှာရော မြန်မာပြည်နိုင်ငံရေးသမိုင်းကြောင်းမှာရော မြေရှင်ပဒေသရာဇ်ခေတ်စကထဲက ခရိုနီဆိုတဲ့လူတန်းစား တိုင်းပြည်ရဲ့ အဓိကစီးပွါးရေးသမားတွေဟာ အောင်မြင်မဲ့ အရာရောက်လာမဲ့နိုင်ငံရေးသမား (သို့)အာဏာရှိသူတွေကို အမြန်ဆုံးအပြေးအလွှား အပြိုင်အဆိုင် ချဉ်းကပ်ကြတာ “ဓမ္မတာ” တခုလိုပါပဲ အဲ အဲ နိုင်ငံရေးလုပ်မဲ့နိုင်ငံရေးသမားတွေကလဲ သူတို့အတွက်ခွန်အားက ခရိုနီတွေဆီကပဲရတာလေ။ဒါပေမဲ့ ခရိုနီလဲဖြစ် နိုင်ငံရေးသမား ၀န်ကြီးချုပ်လဲဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း “တက်ဆင်ရှင်နာဝပ်” လိုလူစားမျိုးကတော့ခြွင်းချက်ပေါ့နော်။
    There is no Laws which do not have an “Exception”.That “Exception” is en escape for criminals.
    ခြွင်းချက်မရှိတဲ့ “ဥပဒေ” ဆိုတာမရှိသလို အဲဒီခြွင်းချက် ဆိုတာလဲ တရားခံရဲ့ အဓိကပြေးပေါက်ပဲလေ။ အဲဒီပြေးပေါက်ကပြေးဖို့တရားခံကိုလမ်းပြပေးရတာလဲ ဥပဒေကြွမ်းကျင်တဲ့ ရှေ့နေတွေရဲ့ အလုပ်ပဲလေ။ ဒါကြောင့်လဲ အမှုနိုင်ခြင်ယင် အတော်ဆုံးရှေ့နေ ဥပဒေအကြွမ်းကျင်ဆုံးရှေ့နေတွေကို ဈေးကြီးပေးပြီး ငှားကြရတာပဲလေ။ဒါကြောင့် “ဥပဒေဆိုတာ သားရေကွင်းလိုပဲ ချုံ့လို့ရတယ် ချဲ့လို့လဲရတယ်” ဆိုတာတွေတော့ခနခနကြားဖူးပါတယ် “လူခင်မူပြင် လူမုန်း မူသုံး” ဆိုတဲ့စကားတွေလဲ အရပ်ထဲမှာခနခန ကြားဖူးနေကြရတာ ဟုပ်တယ်ဟုပ်။ “ဥပဒေ”ဆိုတာကြီးက အခြေခံလူတန်းစားအခွင့်အရေးတွေကာကွယ်ဖို့ဆိုပြီးတော့ ချမှတ်လာခဲ့ကြတာ ဟိုးကျောက်ခေတ် ကထဲကပဲ ဒါပေမဲ့ ဒီကနေ့ခေတ်အထိ အဲဒီအခြေခံလူတန်းစားတွေကြီးပဲ နစ်နာနေရတာဟာ အင်မတန် စဉ်းစားရမဲ့အချိန်ရောက်ပြီထင်ပါတယ်။
    နိုင်ငံအုပ်ချုပ်သူတွေက ဥပဒေကိုသုံးပြီး အခြေခံလူတန်းစားအပေါ်အမြတ်ထုတ်နေတဲ့ခရိုနီတွေရဲ့ရန်ကိုကာကွယ်ရမဲ့အစား ခရိုနီတွေကိုကာကွယ်ပြီး အကျိုးအမြတ်ရယူသွားကြတာကတော့ အာဏာရှင်က အာဏာစိုက် ခရိုနီက ငွေနဲ့ နာမယ်ရင်း ကောင်းလိုက်ကြတဲ့ စီးပွါးတွေ အဲဒါတွေကို ခေတ်ပြောင်းစံနစ်ပြောင်းတဲ့အခါလဲ ဆက်လက်ဆွဲခေါ်လာမယ်ဆိုယင် အသားစားတဲ့ကျား အသီးအရွှက်နဲ့အသက်ရှင်ပါ့မလား ရပ်ကွက်ထဲက နတ်ကနားပွဲတွေမှာတွေ့ဖူးသလို နှမတော်ကိုချစ်လို့ အသားမစားပဲ ဥပုတ်စောင့်နေရရှာတဲ့ ဘီလူး အခွင့်အရေးလဲရရော အသားတုံးပြေးဟပ်တော့တာပဲ “စဉ်းစားလိုက်ယင် ရင်လေးစရာကြီးပဲ”။ (ဒါပါပဲရှင်)

    • Do something what you can.Don’t write what you know.You can say ,the law is like your own nose hole,can put any of your fingers easily.dar bar bal shin..

  9. အနာဂတ်မှာ တိုင်းပြည်စီးပွားရေးအတွက် ခရိုနီတွေကို သုံးရမှာပါ
    ဒါပေမဲ့ နှစ်ပေါက်တစ်ပေါက် ပုံစံမျိုးတော့ မရတော့ဘူးပေါ့
    ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေကို ပြုပြင်ခွင့်ပေးမယ်ဆိုရင်တော့
    လက်ပတောင်း ကြေးနီစီမံကိန်းက အကောင်းဆုံး အခွင့်အရေးပါပဲ
    ကျွန်တော်တို့ စောင့်ကြည့်နေပါတယ် ဒေါ်အောင်ဆန်းစုကြည်

    • မြန်မာ တိုင်းရင်းသူ

      တခုတော့ မြင်တတ်ဘို့လိုတယ်။ အခု အန်တီစုပြောတဲ့၊ ပြောင်းလဲလာချင်တဲ့ ခရိုနီဆိုတာ မက်စ်ဇော်ဇော်တို့ တေဇတို့၊ ရွှေသံလွင်အုပ်စုတို့ပါ။ လက်ပတောင်းက ဦးပိုင်ဆိုတာကြီးထဲ ပါတဲ့ စီးပွားရေးသမားတွေ မဟုတ်ဘူး။
      သူတို့ ဘာသဘောနဲ့၊ ဘာ အတွက်နဲ့ လှု၊ လှု။ လိုအပ်တဲ့ ပြည်သူတွေ တကယ်ရရင် ပြီးတာပဲ။ အကျိုးလိုလို့ လာလှုတာဆိုရင် အန်တီစုက လက်မခံတာ အစောကြီးကတည်းက ပြတ်ပြတ် ပြောပြီးသား။ အခွင့်အရေးလိုလို့ အနားမကပ်နဲ့ ဆိုတာ။ လှုချင်သူတွေ လှုပါစေ။ ဘယ်သူ ဘာ ဆိုတာ ပြည်သူတွေ သိပါတယ်။ ကျွန်မတို့ မြန်မာပြည်က တိုင်းရင်းသားတွေရော၊ ပြည်သူအားလုံး ပညာ မတတ်၊ စားစရာ ရှားပါး၊ အနေအထိုင် ဆင်းရဲတာ တကဏ္ဍပါ။ အသိဥာဏ်ကတော့ သည်လောက် မနုံ့နည်းပါဘူး။ ပြောချင်တာက ပြည်သူတွေ အတုန်း အ အ တွေ မထင်ပါနဲ့။ မဟုတ်ပါဘူး။

  10. စစ်အစိုးရလက်ထက် ချမ်းသာကြွယ်ဝလာသော ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် ပြန်လည် အခွင့်အရေး ပေးရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

    အလွန်တရာတန်ဖိုးရှိသောစကားဖြစ်လို့ထောက်ခံပါသည်။ ယခင်ကစစ်အာဏာရှင်တွေနဲ့ပေါင်းစားပြီးချမ်းသာလာသည့် သူတွေပင်ဖြစ်လင့်ကစား ယခုအချိန်မှာ စိတ်ထားပြောင်းပြီး တိုင်းပြည်နဲ့ပြည်သူ ကောင်းကျိုးအတွက် ပူးပေါင်းပါဝင်မယ်။ ခေါင်းဆောင်ကောင်းတွေကို ကူညီမယ်။ ထောက်ခံလာမယ်။ မိမိပိုင်ခဲ့တဲ့ ဥစ္စာတွေကို ပြည်သူတွေအတွက် ကောင်းသောဘက်မှာ မှန်ကန်တဲ့နည်းနဲ့ရင်းနှီးမြှုပ်နှံလာမယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေအားလုံးက ကြိုဆိုသင့်တယ်လို့ထင်ပါတယ်။ ယခင်က မကောင်းခဲ့ပေမဲ့ အခုကောင်းလာတဲ့သူတွေဟာ ယခင်ကလည်းမကောင်းခဲ့ အခုလည်းမကောင်းသေးတဲ့သူတွေထက်စာရင် အပုံကြီးသာပါတယ်။ ဒါကို ပြည်သူတွေက ဝေဖန်အပြစ်တင်နေဦးမယ်ဆိုရင် ဟိုမြန်မာစကားလိုပဲ..ဖွတ်မရ ဓားမဆုံး ဆိုသလိုဖြစ်ပါလိမ့်မယ်။
    အနုပညာသည်၊အနုပညာရှင်များထိုနည်းလည်းကောင်းပါ။ မှန်ကန်တဲ့ဘက်က ရပ်ပေးကြပါ။ ခင်ဗျားတို့ရဲ့ ပြည်သူ့အချစ်တော်ဖြစ်ရတဲ့ဂုဏ်ကို ပြည်သူတွေအတွက်ပြန်ပြီးကောင်းကောင်းအသုံးချပေးကြပါလို့ ဆော်သြချင်ပါတယ်။ လူ့အသက်တိုတိုလေး အတွင်းမှာ ကောင်းသောနာမည်ကျန်အောင် ကြိုးစားနိုင်ကြပါစေ။

  11. Yes,, that good for to furture. But , U pai ( Army ) and ALL BUSINESS PEOPLE SHOULD TO BE PAID FOR INCOME TAX OVER 30 %

  12.ုkyawkyawlwin

    အန်တီစုခင်ဗျား

    လော်စစ်ဟန် ဖုန်ကြားရှင် ရွှေတောင် အေးရှားဝေါ ယုဇန ဧရာရွှေဝါ ဦးပိုင် M E C ဗိုလ်ချုပ်တင်အေး သူရ ရွှေမန်း ဦးခင်ရွှေတို့ နဲ့ ခေတ်ပျက် ခရိုနီများလည်း နောက်ဒီမိုကရေစီ ခရိုနီလုပ်ရန် အခွင့်အရေးရမည်ဟုမျော်လင့်နိုင်ပါကြောင်း

    ဗမာပြည်ကို အန်တီစု နားမလည်တာ ပြသနာစလာပြီထင်ပါတယ်

    အန်တီစု ကိုပြည်သူတွေ ယုံကြည်ထားတာ ဒါတွေမပါဘူး ခင်ဗျား။

    ဗမာတွေ အနှိမ်ခံရတဲ့ ကျွန်တော့်တို့ အင်မတန် နာကျည်းရတဲ့ စကားတစ်ခွန်းရှိပါတယ်။

    ဗမာလိုပြော ၇င် အရိုင်းဆုံး တောင်မှ ဘ နဖူး သိုက်တူးတဲ့ ဗမာတွေ လို့ပါ

    ကျွန်တော် တို့တိုင်းပြည်မှာ ပြည်သူပိုင်သိမ်းပြီး ဦးနေ၀င်း လက်ထက်က စလို့ ချမ်းသာ လာတဲ့ လူမျိုးခြားတွေက ကျွန်တော် တို့ဗမာတွေ ကို ပြောတာ က မင်းတို့ဗမာတွေ ငွေမြင်ရင် ဖင်ပြုံးတယ်တဲ့။ ဒါကြောင့် ဒီလိုအောက်ကျခံရလို့ မခံချင်ရင်စစ်ထဲဝင်ကြရတယ်။ တချို့တောခိုတယ် မ ဆ လ ထဲလည်းမယုံဘူးလေ။ အန်တီစု မျက်ချေပြတ်တဲ့ ဗမာ့နိုင်ငံရေး ဖြစ်ပါတယ်။

    အခု ပါတီနိုင်ငံရေးလုပ်နိုင်တဲ့အခါ ပါတီထဲဝင်နိုင်ငံ့အရေးလုပ်လို့ရပြီ လို့အားတက်နေသူတွေကတော့ အန်တီစုရဲ့ ခရိုနီနဲ့ ပတ်သက်တဲ့စကားကို မထောက်ခံနိုင်ပါ။

    ပြောပုံမှားသည်။ အချိန်အခါ မသင့်သေးပါ။ ပါတီခေါင်းဆေါင်ရဲ့စကားမဖြစ်သင့်ပါ။

    ဥပမာ ပြောပါရစေ ထီ တစ်စောင် ၃၀၀ ၃၅၀ လတိုင်း အမြဲတင်ရောင်းတယ် လစဉ် ကျပ် ဘီလျှံ နဲ့ ချီ တဲ့ inflation and corruption ဖြစ်နေတယ်။

    ရန်ကုန် မြို့တော်မှာ ပြည်သူစီးတဲ့ လိုင်းကားတွေ မတရား အခွင့်အရေး ၂ ဆကျော် နေ့တိုင်းယူ မတရားယူတယ်။ တိုင်းပြည်ရဲ့ ၀န်ဆောင်မှု တအားတက်နေတယ်။ လုပ်အားခ ၀င်ငွေနိမ့်ကျ လွန်းတယ်။

    အဲဒီ ထီသမား ကားပိုင် လိုင်းပိုင် သက်ဆိုင်ရာအစိုးရ အရာရှိ ၀န်ကြီး မ ထ သ သမတ အထိ လုံးဝတာဝန်ရှိတယ်။ သူတို့လည်း ခရိုနီဘဲဗျ

    ဘယ်သူတာဝန်ယူလည်း။ အန်တီစုတာဝန်ယူမလား။
    ကျွန်တော်တို့ နိုင်ငံရေး လုပ်ကြရအောင်ခင်ဗျား ။ ခွင့်လွှတ်ရန် ဒါဏ်ခတ်ရန် ရန် ငါခွဲရန်များ ကာယကံရှင်များ public opinion ဖြစ်ပါစေ။

    ဗမာတွေ ခရိုနီ့ ခရိုနီလုပ်တတ်ကြပါတယ် ဒါကိုမလုပ်တဲ့သူတွေကို အန်တီစု အားနာရန် လိုပါသည်။

  13. လယ်သမားတွေ လယ်သိမ်းခံနေရတာတော့ မပြောဘူး ခရိုနီတော့ အခွင့်အရေးပေးရမယ်တဲ့
    ဒါလဲ ငတုံးတွေ ထောက်ခံတာပဲ။
    ခရိုနီကိုအခွင့်အရေးပေးရင် ဆင်းရဲသားလယ်သမားကျတော့ ဦးနေမျိုးဝေ ကလွဲလို့ ဘယ်သို့သော မျိုးချစ် နိုင်ငံရေးသမားက လုပ်ပေးနေလဲ။
    မသိချင်ယောင်ဆောင်နေကြတယ်။ အံ့ရော အံ့ရော။
    မျက်နှာကြီးရာ ဟင်းဖတ်ပါပဲ။
    ခေတ်ပြောင်းစနစ်ပြောင်းမှာ နောက်ဆုံးတော့ ဆင်းရဲသား ငနင်းပြာတွေပဲ ခံရတာပဲလေ။
    ဘုရားပြီး ဥာဉ်းဖျက် သိပ်မှန်တဲ့စကားပါ။

  14. ကောင်းစေချင်

    ခရိုနီ၊ခရိုနီနဲ့မကောင်းပြောနေကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုလူတွေကြီးပွားအောင်ကြိုးစားနိုင်ခဲ့ကြတာကိုတော့ အထင်ကြီးလေးစားဖို့ကောင်းပါတယ်။ကိုယ်လဲအဲလိုမလုပ်နိုင်ဘူးလေ။ တချို့တော်တော်များများကမုဒိတာမပွားနိုင်ကြဖြစ်နေကြတယ်။ကျနော်အဲဒီလူတွေနဲ့တစ်ယောက်မှမသိပါ။ ဒါပေမယ့် သူကြီးပွားသလို သူ့ကြောင့်အလုပ်အကိုင်အခွင့်အရေးတွေရရှိ၊ စောင့်မကြည့်ရှုထားတာတွေ လှူဒါန်းထားတာတွေ မနည်းပါ။ မကောင်းပြောနေကြတဲ့သူတွေ သူတို့လောက် ကောင်းကျိုးပြုကြဖူးပါသလား။ သူတို့ကိုအရေးယူ၊ဆင်းရဲအောင်လုပ်ချင်ကြတာလား၊ သစ်တစ်ပင်ကောင်းဆိုတာကြားဖူးပါသလား။ သူတို့ချမ်းသာလို့လူများစု ဘာအကျိုးမဲ့သွားလဲ။ သူတို့စီးပွားချုပ်ကိုင်လို့ ကျန်သူတွေအခွင့်အရေးနစ်နာတယ်ပြောမှာလား။ဒါက သူတို့လိုပြိုင်ဘက် စီးပွားရေးသမားကြီးတွေကိစ္စဖြစ်မှာပါ။ သူတို့လိုအခွင့်အရေးမရခဲ့တဲ့ ၊ရအောင်မယူနိုင်ခဲ့တဲ့သူတွေ အရေးပဲဖြစ်မှာပါ။ သူတို့တည်ထောင်ထားတဲ့ လုပ်ငန်းပေါင်းများစွာမှာ အလုပ်အကိုင်အခွင့်အရေးတွေများစွာ ရရှိခံစားလုပ်ပိုင်နေကြရတဲ့သူတွေနဲ့တော့ဆိုင်မည်မထင်ပါ။ အကောင်းမြင်တဲ့စိတ်နဲ့လည်းကြည့်ကြစေချင်ပါသည်။

    • အကောင်းသိပ်မမြင်နဲ့ကို့လူ ခင်းဗျားလယ်မသိမ်းခံရတော့ ပြောအားရှိတာပေါ့
      သူတို့ချမ်းသာတာ ဘာအရေးလဲ လယ်သိမ်းပြီး သောက်ရှက်မရှိ လက်ညိုးထိုးရောင်းတာ ရှက်စရာ
      လောကမှာ ဘယ်သူပဲ ချမ်းသာနေနေ ကျုပ်တို့နဲ့မဆိုင်ပေမယ့် အဆိပ်ပင်ရေ လောင်းတာတော့ မဖြစ်သင့်ပါ။
      ဒေါ်စုပြောသမျှ အမှန်တရားမဖြစ်နိုင်ပါ။ သူလဲ လူပဲ မှားနိုင်ပါတယ်။
      အမေရိကန်မှာ သမ္မတကို ပြည်သူကရွေးတယ် မှန်ပေမယ့် သူဌေးကြီးတွေ ချုပ်ကိုင်ထားတာ သိကြပါသလား
      ဆင်းရဲသားတွေ ကုဖို့ medicare လုပ်ဖို့ ဘယ်လောက်ခက်သလဲ ခင်ဗျားတို့သိလား။ သမ္မတလောင်း တစ်ယောက် မယ်ဆွဲဖို့ ၁.၂၅ ဘီလျံကုန်တယ်ဗျ။ မသိရင်လဲ နဲနဲတော့လေ့လာဗျ။သမ္မတအဆက်ဆက် ဆင်းရဲသားတွေ အနေချောင်အောင် လုပ်လို့မရပါ။ မယ်ဆွယ်တုန်းတော့ လူကြိုက်အောင် စကားကြွယ်ကြတယ်။ ပြီးတော့ ဘာမှ မလုပ်ပေးဘူး။ မလုပ်ပေးဘူးဆိုပေမယ့် နှစ် ၂၀၀ ၇ှိပြီးဆိုတော့ မြန်မာ ထက်တော့သာတာပေါ့။ အမေရိကန်စီးပွားရေးကလဲ ၁% သူဌေးတွေ ချုပ်ကိုင်ထားတာ လူတိုင်းသိနေပြီးထင်ပါတယ်။
      မယ်ဆွယ်ပွဲမှာ ရက်ရက်ရောရော လှူပြီး စစ်တိုက်ခိုင်းနေတာ သိကြလား။
      လက်နက်ကုမ္ပဏီတွေ ရေနံကော်ပိုးရေးရှင်းတွေ နိုင်ငံရေးကို ချုပ်ထားတာ။
      မြန်မာပြည်မှာလဲ ခ၇ိုနီတွေ အလားလာကောင်းတဲ့ နိုင်ငံရေးအဖွဲ့စည်းတွေရဲ့ ပရဟိတကို မက်လောက်အောင်လှူရင် သူတို့အကျိုးစီးပွားကာကွယ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။
      သာမန်အားဖြင့် ကို့လူမျိုးချမ်းသာတာ ဂုဏ်ယူစရာပါ လယ်သမားသားတစ်ယောက်အနေနဲ့ လယ်သိမ်းတဲ့ ကုဋေကြွယ်သူဌေးကိုတော့ မုဒိတာ မပွားပါရစေနဲ့။ ဒေါ်စုအနေနဲ့ ခရိုနီ ချီးမွန်း ကာကွယ်မယ့်အစား လယ်သမားတွေကို လျော်ကြေးဖို့ ခရိုနီတွေကို တိုက်တွန်းနိုင်ရင်တော့ ကျနော် သာဓုအရင်ခေါ်ပါရစေ။