သတင်း
ကချင် ငြိမ်းချမ်းရေး ၈၈ ကျောင်းသားများ ကြားဝင်စေ့စပ်မည်
Hits:3,974
  | |
Print This Post
 ပြင်းထန်လာနေသော စစ်ပွဲများကြောင့် ကချင်စစ်ပြေးဒုက္ခသည်များ ပိုမိုထိတ်လန့်နေကြသည် (ဓာတ်ပုံ- ဧရာဝတီ)
ပြင်းထန်လာနေသော စစ်ပွဲများကြောင့် ကချင်စစ်ပြေးဒုက္ခသည်များ ပိုမိုထိတ်လန့်နေကြသည် (ဓာတ်ပုံ- ဧရာဝတီ)
စစ်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိရေး ကေအိုင်အေနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ၀င်ရောက်စေ့စပ်ညှိုနှိုင်းပေးမည် ဖြစ်သည်။
ကေအိုင်အေ ဌာနချုပ်သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံမည့် ၈၈ မျိုးဆက်ကျောင်းသားများတွင် ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မစန်းစန်းမော်၊ မမီမီလွင်တို့ ပါဝင်မည်ဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် အခြားခေါင်းဆောင်များက အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံညှိုနှိုင်းရန် အစီအစဉ် ရှိသည်ဟု သိရှိရသည်။
ကေအိုင်အေနှင့် အစိုးရအကြား ၁၈ လကျော်ကြာသည်အထိ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် လူတသိန်းကျော် အိုးအိမ်များ စွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေးဒုက္ခသည်များမှာ ဆိုးရွားသော ရာသီဥတုဒဏ်၊ အငတ်ဘေး ဒုက္ခများကြုံတွေ့နေရကြောင်း၊ လက်ရှိအချိန်တွင် အစိုးရတပ်များက အပြင်းအထန်ထိုးစစ်ဆင်ပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့်
အမြောက်ကြီးများကို အသုံးပြုလာသဖြင့် စစ်ဘေးသင့်ပြည်သူများ များစွာကြောက်ရွံ့ထိတ်လန့်နေကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖြစ်ပွားသော အပြန်အလှန် ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ရွာသားတဦး သေဆုံးပြီး ၄ ဦးပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း၊ ထို့ကြောင့် စစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပြီး နှစ်ဦးနှစ်ဖက်စလုံးကို တောင်းဆိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်အပါအ၀င် လူမှုအခြေပြုအဖွဲ့အစည်းများက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဒီဇင်ဘာလ ၃၀
ရက်နေ့က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်တောင်းဆိုသည်။
ကေအိုင်အေနှင့်တွေ့ဆုံရန် ကိုမြအေးဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ကချင်ပြည်နယ် လိုင်ဇာသို့ ခရီးစတင်ထွက် မည်ဖြစ်သည်။
“စစ်ပွဲတွေကိုရပ်ချင်တယ်။ အစိုးရနဲ့ ကေအိုင်အို ကြားထဲမှာ ၀င်ရောက်ညှိုနှိုင်းပေးဖို့ အဓိကပဲ။ ဘယ်လိုညှိုနှိုင်းလို့ရမလဲ။ လမ်းစကို ရှာဖွေရမှာပဲ။ ကျနော်တို့ သွားလို့ စစ်ရပ်သွားမယ်လို့ အာမခံဘူး။ ထူးခြင်း မထူးခြင်းဆိုတာက သက်ဆိုင်ရာ ကာယကံရှင်များရဲ့အလုပ်။ ကျနော်တို့က ဆက်ပြီးကြိုးစားရမှာပဲ။ ကျနော်တို့က အတတ်နိုင်ဆုံး လမ်းစရှာမှာပဲ။ပစ်ထားလိုက်လို့မှမရတာ” ဟု ကိုမြအေးက ဧရာဝတီသို့ပြောသည်။
ကေအိုင်အေ ဌာနချုပ် လိုင်ဇာသို့ သွားရောက်မည့် ခရီးစဉ်ကို ငြိမ်းချမ်းရေးခရီးစဉ်ဟု အမည်တပ်ထားသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေနှင့် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ကေအိုင်အေဌာနချုပ်လိုင်ဇာသို့ တခေါက်သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။ ယင်းနောက် အစိုးရငြိမ်းချမ်းရေးခေါင်းဆောင် သမ္မတရုံး ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သော်လည်း အကျိုးမထူးခဲ့ကြောင်း၊ အဓိကအားဖြင့် နှစ်ဦးနှစ်ဖက်ကြားတွင် ယုံကြည်မှု တည်ဆောက်ရန် အရေးကြီးကြောင်း ကိုမြအေးက ဆက်လက်ရှင်းပြသည်။
“ငြိမ်းချမ်းရေးကိစ္စမှာ တဖက်ဖက်ကို အပြစ်မတင်ဖို့နဲ့ ယိုင်မသွားဖို့ဘဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ အလွတ်သဘောဆွေးနွေးလို့မရဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်ကို ကိုယ်စားပြုတဲ့ ဆွေးနွေးပွဲဖြစ်ရမယ်။ တိကျတဲ့ လမ်းစဉ်ရှိရမယ်။ အလွတ်သဘော ဆွေးနွေးတယ်ဆိုတာ ပုဂ္ဂိုလ်ရေးဆန်တယ်။ ငြိမ်းချမ်းရေး စင်တာဆိုတာ ရှိတယ်။ ငြိမ်းချမ်းရေး စင်တာဆိုတာ ပြည်ထောင်စုအစိုးရကို ဘယ်လောက် ကိုယ်စားပြုလဲ။ ကိုယ်စားပြုတယ်ဆိုရင် ဘာဖြစ်လို့ ဒီစစ်ပွဲဖြစ်နေတာလဲ” ဟု ကိုမြအေးက ဆိုသည်။
ကချင်ပြည်နယ်တွင် စစ်ပွဲများ ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ကျောင်းသားများ၊ ပြည်သူများပါဝင်သော လှုပ်ရှားမှုမျိုးစုံ ပြုလုပ်သွားရန်ရှိကြောင်းလည်း သတင်းရရှိသည်။ ၂၀၁၃ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ မဟာဗန္ဓုလ ပန်းခြံဘေးတွင် ကချင်စစ်ပွဲ ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲတခု ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဆုတောင်းပွဲကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း အဖြူရောင်တွဲလက်များအဖွဲ့မှ မဖြူအိသိမ်းက ဆိုသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကချင်ဒေသ ငြိမ်းချမ်းရေးကို ရည်ညွှန်းပြီး မြောက်ပိုင်း တောင်ပိုင်း မခွဲဘဲ နိုင်ငံသား အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း ဒီဇင်ဘာလနှောင်းပိုင်း သွားရောက်ခဲ့သော တနင်္သာရီတိုင်းခရီးစဉ်အတွင်း ပြောဆိုခဲ့သည်။
နောက်ဆုံးရ ရုပ်/သံများ
4 Responses
Leave a Reply
Your email address will not be published. Required fields are marked *
*
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>
  1. မြန်မာပြည်သား
    88 students are only the HOPE of Burmese Minorities……….
  2. ဘာသာစကားများရဲ့ အဘိဓါန်တွေက သမတ ကို တူညီတဲ့အနက်ပေးနေလိမ့်မယ်၊ယေဘူယျကျကျပေါ့ ဒီနေ့ နိုင်ငံအတော်မျာျးများက တရုတ် အင်ဒိယ ရုရှားဖယ်ဒရေးရှင်း အမေရိကန် မြန်မာ သမတ အဓိပါယ်ကတော့အတော့်ကို ကွဲလွဲနေမယ်။ သက်ဆ်ုင်ရာရွေးကောက်ပွဲ အမျိုးမျိုး ပါတီ နိုင်ငံရေးအဖွဲ့ မဲ အမျိုးမျိုးနဲ့ တက်လာတာတွေပါဘဲ။ ပြည်သူရဲ့ နိုင်ငံရေးပါတီတွေရဲ့ ရည်ရွယ် လိုလားချက် ၊ သမတကိုယ်တိုင်ရဲ့ ပင်ကိုယ် လိုလားချက်ရည်ရွယ်ချက် တွေကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်နိုင်မယ်ဆိုရင် အံ့သြစရာတွေ တွေ့ရမယ်။
    ဒီလိုဘဲ ၂၀၀၈ အခြေခံ ဥပဒေ အရ မြန်မာသမတကြီးကို အပြည်ပြည်က အသိအမှတ်ပြု အလေးထားတာ ၊ နိုဗယ်ဆုရာထား တစ်ပေးတာ နိုင်ငံတကာ မီဒီယာ နဲ့အဖွဲ့ အစည်းတွေရဲ့ မှတ်တမ်းမော်ကွန်းတွေ ရှိနေ မြင်နေရပါပြီ။ ဒါကနိုင်ငံတကာ သမတ စံ နဲ့ အညီ လက်ခံတာပါဘဲ။
    နိုင်ငံတကာပြည်သူတွေက သတ်မှတ်တဲ့ သမတ နှူန်းစံတွေကို အတော်သိတဲံ့ မြန်မာပြည်သူတွေက သမတကြီး ဦးသိန်းစိန်အပေါ် နားလည်မှု ကွဲပြားချက်တွေပေါ်နေပြီဖြစ်တယ်။
    အရင်စစ်အစိုးရ ဗိုလ်ချုပ်ကြီး ၀န်ကြီးချုပ်ကနေ ၂၀၀၈ အခြေခံဥပဒေနဲ့ အရပ်ဖက်အစိုးရပြောင်းတဲ့ သမတ ဦးသိန်းစိန်ကို ပြည်ထောင်စု မြန်မာနိုင်ငံသား ပြည်သူတွေက မျော်လင့်ခဲ့တာ
    ၁။ နိုငံတော်ပြုပြင်ပြောင်းလည်းရေး
    ၂။အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး
    ၃။ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်နိုင်ဖို့ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဲ့ ဖယ်ဒရယ်အစိုးရများဖြစ်ပါတယ်။
    ပထမမျော်လင့်ချက် နိုင်ငံတော်ပြုပြင်ပြောင်းလည်းရေးမှာ
    ဒုတိယ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲံ ငြိမ်းချမ်းရေးတည်ဆောက်ရေးကြိုးစားနေတုန်း ရခိုင်ပြသနာ ကချင်ပြသနာ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တွေ သဘောထားတင်းမာနေသူတွေစတဲပ အကျပ်အတည်းထဲရောက်နေတာတေါ့ရပါတယ်။
    တတိယ ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ပေါက်လာနိုင်ဖို့ ၂၀၀၈ အခြေခံဥပဒေပြင်ရေးကိုတော့ လွှတိတော်ထဲကအမတ်နဲ့ တပ်ကိုယ်စားလှယ်တွေရဲ့ သဘောဘဲလို့ သမတကြီးက ခံယူထားပြီး ဒုတိယအကြိမ် သမတ အဖြစ် မျှော်လင့်တာ ကျေညာပြီးဖြစ်တယ်။
    ဒီမိုကရေစီ ယဉ်ကျေးမှု အလေ့အကျင့် အားနည်းတဲ့ အခြေအနေထဲမှာ သမတကြီးကို စိန်ခေါ်နေမှုတွေက အလွန်ကြီးမားပါတယ်။
    တတ်သိပညာရှင်တွေ ၊ နိုင်ငံရေး စီးပွားရေး ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကြီးတွေ အကြံပေးအဖွဲ့တွေ ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လွှတ်တော် အရပ်ရပ်နဲ့ ပြဌာန်းပြီး ပြဌာန်းဆဲ ဥပဒေ နည်းဥပဒေတွေ အမိန်ံ ကြော်ငြာချက်တွေကလည်း ဦးသိန်းစိန် အားကိုးနိုင်တဲ့ အခြေအနေမရှိပါဘူး။
    ၂၀၁၂ ဒီဇင်ဘာ ၃၁ က်ဒီနေ့ အထိ ဦးသိန်းစိန်ရဲ့ နိုင်ငံတော်ပြုပြင်ပြောင်းလည်းရေး အစီအစဉ်ကို စိုးရိမ်နေရပါတယ်။
    ဒါကြောင့် ၂၀၁၃ နှစ်သစ်ကစတင်ပြီး သမတကြီး ဦးသိန်းစိန်သည်
    ၁။ ပြည်ထောင်စု အစိုးရ အကြီးအကဲမှ ပြည်ထောင်စုသားများရဲ့ တာဝန်အရှိဆုံး ခေါင်းဆေါင်အဖြစ်သို့ ပြောင်းလည်းနိုင်ပါစေ
    ၂။ငြိမ်းချမ်းရေး နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းမှာ
    ပြည်သူက တစ်ဖက်
    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့+ နိုင်ငံရေးပါတီအဖွဲ့အစည်း+ စစ်တပ် တို့က တစ်ဖက်
    နှစ်ဘက်သာ ထားရှိ ဆွေးနွေး ညှိနှိုင်း ငြိမ်းချမ်းရေးရယူရေး ကို အလယ်လူသမာဓိခုံရုံးအဖြစ်ဆောင်ရွက်နိုင်ပါစေ
    ၃။ဒီမိုကရေစီ နိုင်ငံတော်ကြီးတည်ထောင်နိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေများပြဌာန်းနိုင်ရေး မလိုသော ဥပဒေများပယ်ဖျက်နိုင်ေ၇း ၂၀၀၈ ဥပဒေ ပြင်ဆင်နိုင်ရေးသည် ပြည်ထောင်စုသားပြည်သူအားလုံးရဲ့ တညီတညွတ်တည်းလိုလားချက်လို့ ခံယူပြီး ပြည်သူကိုယ်စား တာဝန်ခံဆောင်ရွက်နိုင်ပါလေို့နှစ်သစ်ဆုတောင်း လိုက်ပါတယ်။
    Like · · Share · about a minute ago ·
  3. ၈၈အကိုတို့ရဲ့အရည်အချင်းကိုယုံပါတယ်..နှစ်ဖက်စလုံးကိုချွင်းချက်မရှိအပစ်ရပ်ဖို့ဆောင်ရွက်ပေးပါ..နိုင်ငံရေးဆွေးနွေးပွဲတွေဆက်လုပ်ပါ..KIO/KIA နဲ့အစိုးရတပ်မတော်နှစ်စလုံးUnconditionally အပစ်ရပ်ပေးဖို့ အရင်ဆုံးလုပ်ပေးပါ..သမီးတို့ဘ၀ကကျီးလန့်စာစားပါ..KIAလူကြီးတွေကိုလည်းတိုက်ရိုက်မပြောရဲဖူး..အစိုးရနဲ့ကလည်းအဝေးကြီး..သမီးတို့ဗုံးခိုကျင်းထဲကထွက်ချင်ပါပြီး..တပည့်တွေကိုလည်းအေးအေးချမ်းချမ်းစာသင်ပေးချင်လှပါပြီ..ဒီဖက်မှာအင်တာနက်ရတုံးပြောရတာ.ဧရာဝတီကလည်းသမီးCommentကို၈၈အဖွဲ့ကိုရောက်အောင်ပို့ပေးပါ..တပ်တွေရှေ့တိုးနောက်ဆုတ်လုပ်ဖို့ညှိတာနဲ့ သမီးတို့ဗုံးခိုကျင်းထဲရောက်ရတာပါပဲ..ဒါကြောင့်နှစ်ဖက်စလုံးချွင်းချက်မရှိလို့ပြောရတာပါ..သာမန်ပြည်သူတွေကို အားလုံးကသနားကြပါ..ရာသီဥတုကလည်းအရမ်းအေးလှပါတယ်ရှင်..