ကချင် မိဘမဲ့ဂေဟာ ပေါက်ကွဲသည့်အမှု ကြန့်ကြာဆဲ | ဧရာဝတီ

ကချင် မိဘမဲ့ဂေဟာ ပေါက်ကွဲသည့်အမှု ကြန့်ကြာဆဲ

Hits:1
  | |

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က သီတာရပ်ကွက်ရှိ မိဘမဲ့ဂေဟာ၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ အိမ်ရှင် သားအဖ အပါအ၀င် စုစုပေါင်း ၆ ဦး၏ အမှုမှာ တရားလို စရဖ (စစ်ဖက်ရေးရာ လုံခြုံရေး) ဘက်မှ ရုံးချိန်းလာရောက်ရန် ပျက်ကွက်မူများ၊ ရွေ့ဆိုင်းမူများကြောင့် ကြန့်ကြာလျက်ရှိကြောင်း သတင်းရရှိသည်။

မိဘမဲ့ဂေဟာ ပေါက်ကွဲပြီးနောက် မီးလောင်နေသည့် မြင်ကွင်း (ဓာတ်ပုံ – Kachin Daily News)

“စရဖ တွေက ရုံးချိန်းတွေဆို မလာဘူး။ ဘာလို့ မလာဘူးလို့မေးရင် တရားရုံးက ဖုန်းဆက် ထားတယ်၊ စာပို့ထားတယ်ပဲ ပြောတယ် ဒီနေ့ရုံးချိန်းလည်း မလာဘူး” ဟု အဖမ်းခံထားရသူ ဦးဒရောင် တန်ဂွန်း၏ သမီး မဒရောင် ခေါ်န်ဘူက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။

မဒရောင် ခေါ်န်ဘူ၏ ခင်ပွန်းသည်လည်း အဖမ်း ခံထားရသည်။ ယင်းအမှုကို မြစ်ကြီးနား အမှတ် ၁ ရဲစခန်းက တရားလို အဖြစ် တရားစွဲဆိုခြင်း ဖြစ်သည်။

ယင်းအမူ အတွက် တရားလိုပြသက်သေ ၃၄ ဦး စစ်ဆေးမည်ဟု တင်ခဲ့သော်လည်း အမှု အစပိုင်းတွင် ရှေ့နေအဖြစ် ဆောင်ရွက်ပေးသူ ဒေါ်ဒွဲဘူက ၁၅ ဦးကိုသာ စစ်ဆေးရန် တင်ပြခဲ့သည်။ အစိုးရသက်သေများ သည်လည်း ပုံမှန် ရုံးချိန်းလာလေ့ မရှိဘဲ ၄င်းတို့လာသည့် အချိန်တွင်မှ အမူစစ်ဆေးနေရသည်။

ပေါက်ကွဲမူ ဖြစ်ပွားသည့်အချိန်တွင် နေအိမ်တွင်မရှိဘဲ ခရီးလွန်နေသည့် အိမ်ရှင် ဦးတန်ဂွန်းကို ပေါက်ကွဲစေမူ၊ သတင်းထိန်းချန်မူ၊ လူသတ်မူ၊ လူသေမူ၊ မီးလောင်မူတို့နှင့် တရားစွဲထားသည်။ ဦးတန်ဂွန်းနှင့် အမူတွဲ ၅ ဦးကိုလည်း မြစ်ကြီးနားထောင်ကြီးတွင် ချုပ်နှောင်ထားဆဲဖြစ်သည်။

အမှုစတင်ဖြစ်ပွားစဉ်က စရဖသည် ဦးတန်ဂွန်းကို ၂၄ နာရီကြာ ကျဉ်စက်တို့၍ နှိပ်စက်ခြင်း၊ တခြားသူ ၅ ဦးကို ရိုက်နှက်ခြင်းများ ပြုခဲ့သည်ဟု မခေါ်န်ဘူက ပြောသည်။

“ထောင်ကြီးကို ရောက်သွားတော့ နှိပ်စက်တာတွေ မရှိတော့ပါဘူး” ဟု မခေါ်န်ဘူက ဆိုသည်။

ပေါက်ကွဲမူဖြစ်ပြီး ပျက်စီးသွားသည့် ဂေဟာသည်လည်း ယနေ့အထိ ပြင်ဆင်ခွင့်မရဘဲ ရှိနေသည်။ မြေစာရင်း၊ စည်ပင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က အပြန်အလှန် လက်လွှဲနေမူကြောင့် ယင်းဂေဟာတွင်နေသည့် မိဘမဲ့ ကလေးများနှင့် အိမ်သားများမှာ ဘုရားကျောင်းတွင် သွားရောက်နေထိုင်နေရကြောင်း သိရသည်။

“အိမ်ပြင်မယ်ပြောတော့ ရပ်ကွက်လူကြီးက မပြင်ခိုင်းဘူး။ ဂရန်ပြတဲ့၊ ဂရန်က မရှိတော့ဘူးလေ။ ဒါဆိုမြေစာရင်းသွားတဲ့၊ မြေစာရင်းကို သွားတော့ စည်ပင်ထောက်ခံချက် လိုတယ်တဲ့၊ စည်ပင်က မြေစာရင်းကို ပြန်သွားဖို့ပြောတယ်။ မြေစာရင်းက ရပ်ကွက်ထောက်ခံစာ လိုတယ်၊ ဒါပေမယ့် ရပ်ကွက်လူကြီးက ထောက်ခံစာ မပေးဘူး” မဒရောင် ခေါ်န်ဘူက ပြောသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ် မူတည်ကာ အမှုအခြေအနေ ကောင်းလာနိုင်သော်လည်း လက်ရှိအခြေအနများက ရှေ့နေများပင် မှန်းဆ မရနိုင် ဖြစ်နေကြောင်း မခေါ်န်ဘူက ပြောသည်။

အမူကြန့်ကြာနေခြင်း၊ အိမ်ပြန်ပြင်ဆောက်ခွင့် မရခြင်းတို့နှင့် ပတ်သက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ စာတင်ထားသည်ဟု မခေါ်န်ဘူက ဆိုသည်။

ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမူကြောင့် မိဘမဲ့ကလေး ၁၀ ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ မှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ခဲ့ရသည်။


3 Responses

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

  1. ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆိုတဲ့သူဘာလုပ်နေလဲ။ ကိုယ့်ပြည်နယ်သားကိုကိုယ်မစောင့်
    ရှောက်နိုင်လို့ KIAကိုမျှော်ချင်ကြတာပေါ့။ တရားလိုတွေကဘာကိစ္စကြောင့်မလာတာလဲ။
    တရားဥပဒေရဲ့အထက်မှာသူတို့ရှိနေသေးတယ်ပေါ့။ပြောင်းဘဲမပြောင်းနိုင်ကြသေးဘူး.
    မင်းအောင်လှိုင်လည်းပါဝါလွတ်မှာကြောက်တာနဲ့လက်နက်ကိုင်ပြီးpower game ကစား
    နေတယ်။၈၈တုံးကလိုပြည်သူတွေမဟုတ်တော့သလို I.Tနည်းပညာတွေကလည်းမဟုတ်
    တော့ဘူးဆိုတာတော့မင်းအောင်လှိုင်သိစေချင်တယ်။သန်းရွှေကြီးကိုအကာကောင်းကောင်း
    နဲ့မင်းဂဒါဖီလိုဒုက္ခရောက်မယ်နော်။

  2. ကချင်ပြည်နယ် ဝန်ကြီးချုပ်ရေ သတ္တိရှိဖို့တော့လို မယ်နော်။ အရင်က စစ်တပ်က ခင်ဗျား အပါအဝင်အားလုံးကို ဘာလုပ်ခဲ့လဲ ဆိုတာသိဖို့ကောင်းတယ်။ စရဖ ဆိုတာဘာတွေလဲဗျာ။ စစ်ဘက်ထောက်လှမ်းရေး ဆိုတာ အခြားတိုင်းပြည်တွေကို ကိုယ့်တိုင်းပြည် အကျိုးစီးပွားရေး အတွက်စုံစမ်းတာ အခုတော့ဗျာ တရားဥပဒေစိုးမိုးရေးကို ကျော်ပြီး တိုင်းသူပြည်သားတွေကို ပါဝင်ဖမ်းနေကြတယ်။ ကောင်းကော။ ဝန်ကြီးချုပ်ရေ ကိုစောလွင်တိုင်းမှူးလုပ်တုန်းက ကချင်ပြည်နယ်သားတွေ ဘယ်လိုလုပ်ခဲ့လို့ ရွှေ့သွားခဲ့တယ်ဆိုတာ ကို ပြန်ပြီးလေ့လာပါဦးဗျာ။ အိုဘားမား ပြည်သူတွေကို ဘယ်လို အားပေးခဲ့တယ် ဆိုတာလည်း မမေ့နဲ့ဦးနော်။ တိုင်းပြည် အတွက် လုပ်ပေးပါ။ ခင်ဗျား အခုလို ဝန်ကြီးချုပ်ဖြစ် နေတယ်ဆိုတာ ကလည်း ပြည်သူတွေ အနစ်နာခံ တော်လှန်ပေးခဲ့ လို့ဆိုတာလည်း မမေ့ပါနဲ့ဦးကွာ။ ပြည်သူတွေသာ အစိုးရကို အာမခံခဲ့ရင် ယနေ့ကချင်ပြည် ဆိုတာ စစ်တိုင်းမှူး က လားရားလားရားနှင့် TV မင်းသား လုပ်နေတဲ့ခေတ်ပဲ ရှိနေအုံးမယ်ဆိုတာ မှတ် ထားပါ။ ပြည်နယ်သားတွေကို ကူညီပေးပါ။

  3. ကိုကိုကြီး

    စစ်ဘက်ရေးရာအဖွဲ့နဲ့မဆိုင်ဘူးထင်တယ်–ပြည်ထဲးရေးဝန်ကြီးဌာနနဲ့ပဲဆိုင်တယ်ထင်တယ်။