သတင်း

ကချင် ကလေးငယ်များ စစ်ပွဲကြောင့် စိတ်ဒဏ်ရာရနေ

Hits:4,342
  | |
Print This Post

ကြယ်ရန်းဒုက္ခသည်စခန်းမှ ကချင်ကလေးငယ်များ စစ်တိုက်တမ်းကစားနေကြစဉ် (ဓာတ်ပုံ – မရှင်ဒေ၀ီ)

အစိုးရတပ်များနှင့် KIA တပ်များအကြား စစ်ပွဲများ အရှိန်မြင့် တက်လာချိန်တွင် ကချင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်များနှင့် ၎င်းတို့၏ ကလေးငယ်များသည် ကြောက်ရွံ့မှု၊ မလုံခြုံမှု၊ လူမျိုးရေး မုန်းတီးမှုနှင့် တိုက်ခိုက်လိုစိတ် ကဲ့သို့သော မူမမှန်သည့် စိတ်ဒဏ်ရာများ ပိုမို ခံစားလာရကြောင်း သတင်း ရရှိသည်။

အစိုးရ တပ်များက လေကြောင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာချိန်တွင် စစ်ဘေးရှောင် ဒုက္ခသည် စခန်းများ၌ ပြောင်းရွှေ့ နေထိုင် ကြရသည့် ဒုက္ခသည်များမှာ မလုံခြုံမှုနှင့် စိုးရိမ်မှုများကို ခံစားလာရကြောင်း၊ အထူးသဖြင့် ဒုက္ခသည်များ ၏ သားသမီး ကလေးငယ်များမှာ စိတ်ဒဏ်ရာကို ပိုမို နက်နက်ရှိုင်းရှိုင်း ခံစားနေကြရကြောင်း ကချင် ဒုက္ခသည်များအား ကူညီစောင့်ရှောက် ပေးနေသူ ကချင်ဒေသခံ ဦးဒွဲပီဆာက ဧရာဝတီသို့ပြောသည်။

၁၈ လ ကျော်ကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်ဒေသတွင် ဒုက္ခသည်များမှာ စားဝတ်နေရေး အပါအ၀င် ဒုက္ခအမျိုးမျိုး တွေ့ကြုံ ခံစားနေရကြောင်း၊ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး အခြေအနေ မှာလည်း နိမ့်ကျဆိုးဝါး နေသည့် အပြင် အချိန်တိုင်း ကြောက်ရွံ့ ထိတ်လန့်စိတ်များ ခံစားနေရကြောင်း၊ အစိုးရ စစ်တပ်များက အမြောက်ကြီးများ၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များနှင့် နေ့စဉ် ပစ်ခတ်နေသည့် အတွက် ဒုက္ခသည်များမှာ ကတုတ်ကျင်းများ ထဲတွင် နေထိုင်ရပြီး အပြင်မထွက်ကြရန် သတိပေး ထားကြောင်း ဆက်လက်ပြော ဆိုသည်။

“ကချင် တနယ်လုံးမှာ ဒုက္ခသည်က ခြောက်သောင်းခွဲ ကျော်လောက် ရှိမယ်။ အဲဒီထဲမှာ ကလေးငယ်အရေ အတွက်က တသောင်းကျော် လောက်ရှိတယ်။ ကလေးတွေက စစ်ဒဏ်ကို ပိုပြီး ဆိုးဆိုးဝါးဝါး ခံစားနေရ တာပေါ့။ အရင်တုန်း ကတော့ လူကြီး မိဘတွေ ဆီကနေ စစ်အကြောင်း သိရတာ။ အခုက သူတို့ကိုယ်တိုင် ကိုယ်တွေ့ ခံစားနေရတာ။ ကလေးတွေက ပိုကြောက်နေ ကြတယ်” ဟု ဦးဒွဲပီဆာက ရှင်းပြသည်။

ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ မမေစပယ်ဖြူ ကလည်း ဒုက္ခသည် စခန်းများရှိ ကချင် ကလေးငယ်များ စိတ်တွင် လူမျိုးရေး အခြေခံသော မုန်းတီးမှုများ ပေါက်ဖွားလာနေကြောင်း၊ ဗမာမုန်းတီးရေး စိတ်အခြေခံများ တွေ့လာရကြောင်း ပြောသည်။

“နေ့စဉ်နဲ့အမျှ ပစ်တာ၊ ခတ်တာ တိုက်တာ၊ ခိုက်တာတွေချည့်ပဲ ကလေးတွေ ကြားနေရတယ်လေ။ ဒီကလေး တွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာ တွေရလာတယ်။ သူတို့ ဒီလို ဖြစ်နေရတာက စစ်ကြောင့်၊ စစ်ဆိုတာ ကလည်း ဗမာစစ်တပ် တွေနဲ့ ဖြစ်နေတာလို့ သူတို့က နားလည်တယ်။ ဗမာတွေက ကချင်တွေကို လာပြီးတော့ ပစ်ခတ်တိုက်ခိုက်နေလို့ ပြေးနေရတာ၊ စာမသင်ရတာဆိုပြီး နုနယ်တဲ့ ကလေးတွေရဲ့ နှလုံးသားထဲမှာ နှစ်ရှည်ကြာ လာတာနဲ့အမျှ အမြစ်စွဲလာတယ်။ လူမျိုးရေး ကို အခြေခံတဲ့ မုန်းတီးစိတ်၊ စိတ်ဒဏ်ရာ တွေစွဲလာတယ်။ စစ်တိုက်တမ်း ကစားရင်တောင် ဗမာတွေနဲ့ ပစ်ကြမယ်၊ ခတ်ကြ မယ်ဆိုတဲ့ ကစားနည်းမျိုးတွေ ကစားကြတယ်။ ရေရှည်မှာ ဒါက နိုင်ငံ့ အနာဂတ် အတွက် မကောင်းနိုင်ဘူး” ဟု မမေစပယ်ဖြူက ဆိုသည်။

KIA စစ်ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီးရှိ ကြယ်ရန်း ကချင် စစ်ဘေး ဒုက္ခသည် စခန်းသို့ မှတ်တမ်း ဗီဒီယိုသွားရောက် ရိုက်ကူးခဲ့သော မရှင်းဒေ၀ီကမူ ကချင်ကလေးငယ်များတွင် လူမျိုးရေး အခြေခံသော မုန်းတီးစိတ်များ မြင်တွေ့ ရသည့် အပြင် ကလေးငယ်များသည် သေနတ်ဖြင့် တိုက်ခိုက်ရသည့် စစ်တိုက်ကစားနည်းကို အလွန် နှစ်သက်ကြ သည်ကို တွေ့ရ ကြောင်း ပြောသည်။

“ကချင် ကလေးတွေက သေနတ်ကိုပဲ စိတ်ဝင်စားကြ တယ်။ သူတို့ အချင်းချင်း ကချင်လိုပြောပြီး ပစ်ကြတာ။ အချို့ကလေးတွေက ကစားစရာ သေနတ်မရှိတော့ ၀ါးတွေ၊ သစ်သားတွေကို သေနတ်လုပ်ပြီး ကစားကြတယ်။ ကျမ ကချင် ဒုက္ခသည် စခန်းမှာ မှတ်တမ်း ဗီဒီယိုသွား ရိုက်ဖြစ်တော့ စစ်တိုက်တမ်း ဆော့နေတဲ့ ကလေးလေးတွေက
ကျမက ဗမာဆိုပြီး သေနတ်နဲ့ ပစ်တဲ့ ပုံစံမျိုးလေးတွေ လုပ်ကြတယ်”ဟု မရှင်းဒေ၀ီက ပြောသည်။

အစိုးရတပ်များနှင့် KIA အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့က ကချင်ဒေသခံ ပြည်သူတဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး လေးဦး ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သည်။ ကချင် ငြိမ်းချမ်းရေး ကွန်ရက်၊ ၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် လူမှု အခြေပြု အဖွဲ့အစည်းများက ကချင် ဒေသတွင် ငြိမ်းချမ်းရေး ရရှိရန်နှင့် စစ်ပွဲများ ရပ်ဆိုင်းရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က မေတ္တာရပ်ခံလွှာ ထုတ်ပြန် တောင်းဆိုခဲ့ကြသည်။


WSJ LIVE VIDEO:

16 Responses

Leave a Reply

  1. I really want everyone to read this article,especially leaders from the both sides of government and opposition . It made me feel so sad.

  2. I like Irrawaddy.

  3. စစ်ပွဲတွေ ဖြစ်တော့ ဗမာက ကချင်ကိုမုန်း ကချင်က ဗမာ
    ကိုမုန်း ပြည်နယ်လည်း ပျက်စီး ကြားက အချောင် တရုတ်
    က တရုတ်က ပွရော စတာလင်သာ ရှိရင် နှစ်ဘက်စလုံး
    ကို ဆိုက်ဘေးရီးယား ပို့မယ်ထင် တယ်

  4. ကေအိုင်အေက အပြစ်မဲ့ပြည်သူတွေကို နှိပ်စက်တာတွေကိုကျတော့ ဘယ်သူမှ သတင်းအမှန်မတင်ကြဘူးလား။ ပြည်သူတွေကို လူသစ်စုဆောင်းရေးဆွဲတယ်၊ ပြည်သူတွေသွားတဲ့လမ်းတွေမှာ မိုင်းထောင်တယ်၊ ဆက်ကြေးကောက် တယ်၊ မိန်းကလေးတွေကို ဖျက်ဆီးတယ် ။ ကျွန်တော်တို့ နယ်စပ်မှာနေ တဲ့ ပြည်သူတွေက ကေအိုင်အို ကို လူတိုင်း မုန်းတယ် ။ စစ်တပ်က သူ့စခန်းမှာ နေရင် ကေအိုင်အေက လာလာပြီးမှ ချောင်းပစ်တယ် ဒါတွေကို သတင်း ဌာနတွေက သိပါသလား။ သေချာလေ့လာပြီးမှ သတင်းအမှန်ကို ပြည်သူလူထုသိအောင် တင်ပေးသင့်ပါတယ်။ အရမ်းတဖက်သတ်မရေးသင့်ပါဘူးလို့ အကြံပေးချင်ပါတယ်ဗျာ။

    • နိုင် အားကောင်း

      ကောင်းတယ် မှန်တယ် မျှတမှုရှိတယ်။

  5. အောင်တင်

    တောခိုတုန်းက တောထဲက ကရင်ခလေးငယ်တွေကို မင်းတို့ကြီးလာရင် ဘာလုပ်မလဲမေးတဲ့အခါ ခလေးတွေက ကြီးလာရင် စစ်သားလုပ်ပြီး ဗမာကို သတ်မယ်လို့ ဖြေတတ်ကြတယ်။ သူတို့အသိမှာ သူတို့ ရွာတွေ မီးရှို့ခံရလို့ ပြေးရတာတွေ၊ အရိုက်ခံရ အသတ်ခံရတာတွေ၊ မုဒိန်းမှုတွေက ဗမာတွေကြောင့်လို့ဘဲ ရိုးရိုးလေးသိထားတယ်။ စနစ်ကြောင့်ဆိုတာ မသိကြပါဘူး။ ပညာသင်ဖို့ အခွင့်အလမ်းတွေလဲ မရှိကြတော့ ပိုဆိုးပါတယ်။ ဒါကို တိုင်းရင်းသားဒေသတွေမှာ တောခိုဘူးတဲ့ မြန်မာတိုင်း သိကြမယ်ထင်ပါတယ်။

    ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ပိုင်ရှင် ခလေးငယ်မှန်သမျှကို အသိဆိုး၊ အမြင်ဆိုးတွေ၊ နာကျည်းမှု ဆူးတောင်အသစ် အမွေဆိုးတွေ မပေးကြပါစို့လို့ နှစ်သစ်ကူးမှာ ဆုတောင်းလိုက်ပါတယ်။

  6. ကြားရတာ စိတ်ကောင်းပါဘူး- ဒီလို အပြစ်မဲ့ ပြည်သူတွေ ဒုက္ခရောက်ကြရတဲ့ စစ်ပွဲတွေ အမြန်ဆုံးရပ်ကြပါ။ အဲဒီဒေသမှာ ရှိကြတဲ့  လူထု နဲ့ ကလေးတွေ ပြန်လည်နေရာချပေးပါ- စစ်တိုက်လို့ တိုင်းပြည်ငြိမ်းချမ်းရေး လုံးဝ မရနိုင်ပါဘူး။ နိုင်ငံရေးပါတီတွေ ဒီကိစ္စမှာ နှာစေးမနေပါနဲ့ -ပြောသင့်ပြောထိုက်တာ ပြောကြပါ။ ရွေးကောက်ပွဲနားနီးမှ လူထုနဲ့ ထိတွေ့ ပြီး မျက်နှာချိုသွေးတဲ့ မူမမှန်တဲ့ လုပ်ရပ်တွေ မလုပ်ကြပါနဲ့ -

  7. How can majority Bamar lumyo understand the complexities of inequalities and injustice suffered under the so called Union of Burma or Myanmar whatsoever. As long as the ruling government refuses to acknowledge the treaty of Panglong signed by the respected leaders including Bogyoke Aung Sann and ethnics leaders. As of today, the Panglong Treaty is still as valid as the day it was signed. Failed to honor it will be the biggest mistake for the majority Bamar government and it will be the most unfortunate scenario for the future of Burma/ Myanmar.

    • မြန်မာ တိုင်းရင်းသူ

      Sai Suriya ဆိုတဲ့သူ၊ ဗမာ/မြန်မာ ပြည်အကြောင်း အပေါ်ယံ လျှပ် လျှောက်မပြောနဲ့။ ခင်ဗျားရေးတဲ့ ‘How can majority Bamar lumyo understand the complexities of inequalities and injustice suffered under the so called Union of Burma or Myanmar whatsoever’ ဆိုတာ အဓိပ္ပါယ် မရှိဘူး။ ဗမာ/မြန်မာ တွေလဲ သည် မကောင်းတဲ့ အစိုးရ ဆိုးဒါဏ် ခံနေရသူ အများကြီးပဲ။ ခင်ဗျားတို့ ရှမ်း၊ ကချင်အစ တိုင်းရင်းသားတွေ အားလုံးထဲမှာလဲ အစိုးရနဲ့ ပူးပေါင်း အနေနီးစပ်ပြီး ဇိမ်ကျနေသူ၊ သည်လို ဒုက္ခဒါဏ် မခံရသူတွေ အပြည့်။ အခု စစ်တိုက်တာ မရပ်ချင်တဲ့ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဆိုရင် ဗမာ မဟုတ်ဘူး။ မွန်လူမျိုးတဲ့။ လူတစုရဲ့ ခံယူချက်၊ လုပ်ဆောင်ချက်ကို လူမျိုးတမျိုးလုံးကို အပြစ်ပြောလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်နဲ့ နိုင်ငံအနှံ့သွားတော့ တိုင်းရင်းသားတွေ အားကိုးတကြီးနဲ့ လှိုက်လှဲစွာ ကြိုကြတယ်။ ခင်ဗျား အမြင်ကျဉ်းလွန်းတယ်။

      • That’s right. I agree to you,taiyintu.

      • It is true from Burmese point of view who does not understand the real suffering of ethnics people. After the independence of Burma, our treaty was cheated in various forms. It is true under the military regime Burmese are suffering too as a first class citizen but we, ethnics are treated like second class citizen. Our language cannot be taught openly. Our cultural monuments were destroyed. History was eradicated. How many of Bamar understand this. We are facing war in two fronts. To get genuine unity or Union, we have to honor the treaty signed by our leaders. As long as majority Bamar places ethnics suffering on par with Bamar , then we cannot achieve genuine unity. BTW, why is Bamar language , culture and history should be the language , culture and history of the Union? If Bamar lumyo sincerely wants genuine unity, we have to work harder than this. Bamar lumyo , majority of the population has to proof that it is the best solution to co-exist as a Union. We have to openly discuss from the point of minority. But please note, we do not need your sympathy for all the suffering. But we need the understanding so that this kind of second class issue will never happen again. So far, Bamar are proving that they are not the culprit of this situation.

  8. ကျနော်က ကချင်ပါ။
    ကျနော့်သူလေးတွေလည်း ဒီလိုပဲ တနေကုန်သေနတ်တွေနဲ့ပြစ်ကစားလာကြတယ်၊ ပြီးတော့ဗမာမုန်းတဲ့အကြောင်းအရမ်းပြောလာကြပါတယ်။ ဘာလို့ဆိုတော့ လာတိုက်တာကို မျက်စိနဲ့တပ်အပ်မြင်ကြတာကိုး၊ သူတို့အတွေးက ရိုးရိုးလေးပါ၊ ကချင်ကိုချစ်တယ်ဆိုရင် အဲလိုလုပ်ကြမှာမဟုတ်ဘူးပေါ့၊ ခုတော့သူတို့ကျနော်တို့ကိုမုန်းလို့ လာတိုက်တယ်ဆိုတဲ့ စိတ်ပဲစွဲကုန်သွားကြတယ်လေ၊ ဒါပေမယ့် ကျနော်ကြိုးစားပြီူးရှင်းပြခဲ့ပါတယ်။ အဲဒီဗမာက လူတစုပဲပါ ကချင်တွေကိုချစ်တဲ့ဗမာတွေအများကြီးပဲလို့ သူတို့က ဦးတို့ဖက်မှာရှိပါတယ် အဲဒါကြောင့် ဗမာလူမျိုးတွေကိုမုန်းတယ်ဆိုတာမှားတယ်လို့ပြောဖြစ်ခဲ့ပါတယ်။ ပြီတော့ သူ့ကိုပြောပြလိုက်ပါသေးတယ် နင်မနက်တိုင်း လက်ဖက်ရည်ဆိုင်မှာ နင့်ကို မုန်လုပ်ပေးတဲ့ အကိုက ဗမာလေ အဲဒါမမေ့နဲ့လို့….မုန်းတီးတဲ့စကားတွေမပြောကြပါစို့ ပြီးတော့ ကလေးတွေကို လက်ဆင့်မကမ်းကြပါနဲ့ ဗမာကိုပဲပြောတာမဟုတ်ပါဘူး ကချင်တွေကိုလည်း ကျနော်ကချင်တွေကိုလည်း ပြောပါတယ် မုန်းတီးတဲ့မျိုးစေ့တွေ ဆက်မကြဲကြရအောင်လို့ပါ။ ဒါပေမယ့် ကျနော် ကျနော့်သူလေးနှစ်ယောက်ကိုပဲပြောနိုင်ခဲ့ပါတယ်။

  9. Children are always innocent but they are colored by the irresponsible leaders from all sides.
    Please do whatever should be done, once and for all, for the future of children.

    Best wishes for the children in 2013 and future!

  10. I’m a nurse.I don’t want to hurt anyone physically or mentally.So both army ,please think of human beings.