သတင်း

ကချင်စစ်ပြေး ဒုက္ခသည်များကို လူမှုအဖွဲ့များ ကူညီ

Hits:292
  | |
Print This Post

အရေးပေါ် အကူအညီ လိုအပ်နေသည့် ကချင်စစ်ပြေး ဒုက္ခသည်များကို ပြည်တွင်း အခြေစိုက် လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့အစည်းများကယခုရက်ပိုင်း သွားရောက် ကူညီနေကြသည်။

ဇွန်လ ၃၀ ရက်နေ့တွင် သေဆုံးသွားသော စစ်ပြေးဒုက္ခသည် ကလေးတဦးကို သဂြိုင်္ဟ်ရန် ဇူလိုင် ၁ ရက်နေ့က လိုင်ဇာဒေသတွင် ပြင်ဆင်နေသော မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

ဦးကျော်သူ ဦးဆောင်သော နာရေးကူညီမှု အသင်း (ရန်ကုန်)၊ မန္တလေး အခြေစိုက်“ဘ၀အလင်း”ပရဟိတ လူမှုရေးအဖွဲ့နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့နယ် အတွင်းရှိ စစ်ပြေး ဒုက္ခသည်များကို ငွေကြေး များ သွားရောက် ထောက်ပံ့ခြင်း ဖြစ်သည်။

တခြားသော လူမှုရေးအဖွဲ့ အစည်း တချို့ကလည်း ဖိနပ်၊ ပုဝါ၊ ဆပ်ပြာ စသည့် လူသုံး ပစ္စည်းများကို လာရောက် လှူဒါန်း ကြောင်း သိရသည်။

ဒုက္ခသည် အများစုသည် ဘာသာရေး အဆောက် အအုံများတွင် ခိုလှုံနေကြပြီး ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုအများစု ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြတ်သူက ဧရာဝတီသို့ ပြောသည်။

“အများစုက ကလေးသူငယ်နဲ့ မိန်းကလေးကတော့ အများစုပဲ၊ အသက်ကြီးတဲ့ လူတွေလည်း ပါတယ်”ဟု ၎င်းက ဆိုသည်။

၈၈ ကျောင်းသားများ အဖွဲ့အနေနှင့် ဒုက္ခသည် တဦးလျှင် ကျပ်ငွေ ၃၀၀၀ နှုန်းဖြင့်သိန်း ၂၀ ခန့် ထောက်ပံ့ပေးထားပြီး ဖြစ်ကြောင်း ကိုမြတ်သူက ဆက်ပြောသည်။

ဒုက္ခသည်များကို ငွေကြေး သွားရောက်ထောက်ပံ့မှုနှင့် ပတ်သက်၍ အစိုးရ အာဏာပိုင်များက အနှောက်အယှက်ပေးခြင်း မရှိ ကြောင်း ၎င်းက ဆိုသည်။

ကိုမြတ်သူ၏ အဆိုအရ အနာရေးကူညီမှု အသင်းနှင့် ဘ၀အလင်း ပရဟိတ အသင်းတို့ကလည်း ဒုက္ခသည်များကို ငွေကြေး အဓိက ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ နှစ်ဖွဲ့ပေါင်း ကျပ်ငွေ သိန်း ၁၀၀၀ခန့် ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း သိရသည်။

မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်တို့တွင် ယာယီ ဒုက္ခသည် စခန်း၂၀ ကျော်ရှိပြီး လူဦးရေ ၇၀၀၀ ခန့်ရှိကြောင်း ထိုဒေသသို့ ရောက် ရှိနေသော လူမှုရေး အဖွဲ့အစည်းများက ခန့်မှန်းကြသည်။

ပြီးခဲ့သည့်လကလည်း တခြားလူမှုရေးအဖွဲ့ တခုဖြစ်သည့် မြင့်မြတ် ဧရာဝတီ လူမှုရေးအဖွဲ့က မြစ်ကြီးနားဒေသရှိ စစ်ပြေးဒုက္ခသည် များကို အလှူငွေနှင့် အစားအသောက်၊ အ၀တ်အထည်များအား ယင်းဒေသရှိ ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်းများမှတဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်း ထောက်ပံ့ပေးရေး အစီအစဉ်နှင့် ပတ်သက်၍ စစ်ပြေး ဒုက္ခသည်များကို လူသားချင်း စာနာသည့် အနေဖြင့် သွားရောက် ကူညီရန် ဆုံးဖြတ်ခဲ့ကြောင်း မန္တလေးမြို့ရှိ “ဘ၀အလင်း” ပရဟိတ လူမှုရေး အဖွဲ့၏ ဦးစီးပဓာန နာယက ဆရာတော် ဦးဥတ္တ မသာရက ဧရာဝတီသို့ မိန့်ကြားခဲ့ဖူးသည်။

ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း လတ်တလော လူဦးရေ ၃၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

တချို့သော ဒုက္ခသည်များကမူ တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ်ဒေသများတွင် သွားရောက် ခိုလှုံနေကြသည်။

မကြာသေးခင်ကအထိ အစိုးရ ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် တွေဆုံ ဆွေးနွေးခဲ့ကြသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

ယမန်နေ့က KIA တပ်မဟာ ၃ ထိန်းချုပ်ရာ မိုးမောက်မြို့နယ်တွင် အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KIA တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ၂၉ ရက်နေ့က အစိုးရနှင့် KIO နှစ်ဘက် ကိုယ်စားလှယ်များ တရုတ် နိုင်ငံ ရွှေလီမြို့တွင် အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ဆုံဆွေး နွေးခဲ့သည်။

KIO အဖွဲ့ ကိုယ်စားလှယ်များက အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းပေါ် ရောက်ရေးကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။

KIO ၏ စစ်တပ် KIA သည် ၁၉၆၁ ခုနှစ်မှစ၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးအတွက် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ၁၉၉၄ ခုနှစ် တွင် အပစ်ခတ်ရပ်စဲရေး စာချုပ်ကို သဘောတူခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ အတွင်း နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွာခဲ့ပြီးနောက် အဆိုပါ သဘောတူစာချုပ် ပျက်ပြယ်သွားခဲ့သည်။


WSJ LIVE VIDEO:

3 Responses

Leave a Reply

  1. I am pretty sure if they want to help inside KIA area, KIO would be more obliged. But, KIO/KIA cannot gurantee their safety once they are back in Military Government control. They might be in risk after they come back helping IDPs in KIO area.

  2. အော် တော်တော်ရီရတာပဲ။ စစ်ဖြစ်တာနဲ့ပဲ သူတို့နယ်မြေ သွားခိုလှုံတယ်လား။ KIO ကြောင့် အောက်ပြည်အောက်ရွာ ဆင်းလာရတဲ့ ဒုက္ခသည်တွေ အကြောင်းလဲ ပြောကြဦးလေ တစ်ဖက်စောင်းနင်း မရေးကြပါနဲ့။

  3. KIA…All of you never ever think autonomy.
    Union Government will never give you.
    Because Kachin state is not only for Kachin ethnic but also for all Myanmar ethnic.