စည်ပင် တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ် ရောင်းချမည် | ဧရာဝတီ
စီးပွားရေး
စည်ပင် တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ် ရောင်းချမည်
Hits:1
  | |
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် အောင်ဇေယျ တံတားအနီးမှ အိမ်ရာ တခု (ဓာတ်ပုံ – friendsmyanmar.org)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အလယ်အလတ်တန်းစား ပြည်သူများအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွက် တင်ဒါခေါ်ယူ၍ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးဦးက ပြောသည်။
ယင်း အိမ်ရာစီမံကိန်းများကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဗိုလ်ဗထူး အိမ်ရာစီမံကိန်း၊ ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်း၊ ပင်လုံ အိမ်ရာစီမံကိန်း စုစုပေါင်း အိမ်ရာစီမံကိန်း ၃ ခု၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဧရာဝတီ အိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်တွင် Housing Estate at University အမည်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်းအိမ်ရာများအား ၂၀၁၅ ခုနှစ်မှစ၍ အခန်းတခန်းလျှင် အနည်းဆုံး ကျပ် သိန်း ၁၄၀ ခန့် သတ်မှတ်ထားပြီး စရံငွေ ကျပ် သိန်း ၂၀၊ ၃၀ ဝန်းကျင် နှင့် လစဉ် ကျပ် ၅ သောင်းခန့်ကို နှစ်ရှည်ပေး အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ပြောသည်။
အဆိုပါ အိမ်ရာစီမံကိန်းအား လစဉ် အရစ်ကျငွေ ပေးသွင်းရုံဖြင့် နေအိမ်ပိုင်ဆိုင်နိုင်မည်ဖြစ်သောကြောင့်၊ အိမ်ပွဲစားများ၊ ဝယ် ရောင်း သမားများ၏ ဈေးကစားခြင်းကြောင့် မြေဈေးမြင့်မားမှုများကို အထိုက်အလျောက်ထိန်းနိုင်မည်ဖြစ်ကြောင်းလည်း ဦးကျော်စိုးဦးက ပြောဆိုသည်။
“ရန်ကုန်မှာက နေထိုင်သူ လူဦးရေ တိုးလာတာနဲ့ အမျှ အိမ်ရာလိုအပ်ချက်တွေ ပိုရှိလာတယ်။ ဒါကြောင့် အခုလို အိမ်ရာ စီမံကိန်း ကို ဖော်ဆောင်တာပါ။ ဒီ အိမ်ရာစီမံကိန်းကြောင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်မှာပါ”ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က“ဒီ အိမ်ရာတွေကို ၁၅ နှစ်၊ နှစ်၂၀ အရစ်ကျစနစ်နဲ့ ရောင်းချမှာ ဆိုတော့ တလကို ၅ သောင်း၊ ၆ သောင်းလောက်ပဲ ပေးပြီး နေနိုင် တော့မယ်။ ဒါက ပြဿနာမဟုတ်ဘူး။ ပြဿနာက ဘာလဲဆိုတော့ စရံငွေကို သိန်း၂၀၊ ၃၀ ပေးနိုင်ဖို့ပါ”ဟု ပြောဆိုသည်။
ထို့ကြောင့် စရံငွေပေးရမည့် ကျပ် သိန်း၂၀၊ ၃၀ အား ဘဏ်က ယုံကြည်စွာဖြင့် ငွေထုတ်ချေးရန် မိမိဘက်ကလည်း ယုံကြည်မှု ရှိစေရန် ကြိုတင်၍ ငွေစုဆောင်းထားသင့်ကြောင်း ၎င်းကအကြံပေး ပြောကြားသည်။
ထိုတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို မြေဧက ၁၉၀ ဒသမ ၂၉ တွင် အထပ်မြင့်တိုက် ၆ ထပ်မှ ၁၂ ထပ် အဆောက်အအုံ ပေါင်း ၃၅၄ လုံး၊ အခန်းပေါင်း ၉၅၂၈ ခန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်းက အခြေခံလူတန်းစားတွေအတွက် မဟုတ်ဘူး။ အလယ်အလတ်တန်းစားပြည်သူတွေအတွက် ဆောင်ရွက်မယ့် စီမံ ကိန်းပဲဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ စီမံကိန်းက ကောင်းမွန်တယ်လို့ မြင်ပါတယ်”ဟု ဒေါ်ညိုညိုသင်းက ဧရာဝတီသို့ ပြောသည်။
ထို့ပြင် နိုင်ငံတကာတွင်လည်း အိမ်တလုံး ပိုင်ဆိုင်လိုသူများသည် သိန်း၂၀၊ ၃၀ ခန့် စုဆောင်းပြီး ငွေပေးသွင်းကာ အရစ်ကျ ငွေချေ စနစ်ဖြင့် ၀ယ်ယူကြသကဲ့သို့ ယခု စည်ပင်မှ တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာ၏ နှုန်းထားသည် နိုင်ငံတကာမှ နှုန်းထားများ အတိုင်းပင် ဖြစ်သည် ဟု ၎င်းက ဆိုသည်။
တန်ဖိုးနည်းအိမ်ရာများသည် သာမန်အခြေခံလူတန်းစားများ ဝယ်ယူနိုင်သည့် ဈေးနှုန်းများမဟုတ်ဘဲ ဈေးနှုန်းမြင့်မားမှု ကြောင့် အလယ်အလတ်တန်းစား ပြည်သူများသာ ဝယ်ယူနိုင်သည်ကို အများဆုံးမြင်တွေ့နေရသည်။
တော်ဝင်မိသားစုဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးကိုကိုထွေးက“တန်ဖိုးနည်းအိမ်ရာတွေ ဈေးကြီးတာက မြေဖိုးတွေထည့်တွက် ထား ရလို့ပါ။ မြေဖိုးကို ဈေးသက်သက်သာသာရရင်၊ အစိုးရ က မြေဖိုးမယူရင်၊ ဆောက်လုပ်ရေးကုမ္ပဏီတွေကလည်း အရှုံးခံပြီး ဆောက် မယ် ဆိုရင် တန်ဖိုးနည်းအိမ်ရာ တွေက ဈေးသက်သာလာမှာပါ”ဟု ပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူအများစုကလည်း စည်ပင်မှ တင်ဒါပေး၍ တည်ဆောက်မည့်အိမ်ရာစီမံကိန်းသည် အခြေခံလူတန်းစားများအတွက် အဓိက ဖြစ်သင့်ပြီး ယခု တန်ဖိုးထက် နည်း သင့်ကြောင်း ပြောဆိုကြသည်။
WSJ LIVE VIDEO:
8 Responses
Leave a Reply
  1. မောင်မောင်
    ဘာ….. ဆောက်လုပ်ရေးကုမ္ပဏီတွေကလည်း အရှုံးခံပြီး ဆောက် မယ် ဆိုရင် .. ဟုတ်လား??
    ဦးကိုကိုထွေးတို့က လူကြားကောင်းအောင် အသံကုန်ဟစ်၊ ဗြောင်လိမ်ဗြောင်စား စိတ်ဓာတ်တွေ ခေါက်ရိုးကျိုးနေဆဲပဲကိုး…
    အခွင့်ထူးခံနေရနေပါလျက် ကိုယ့်ဝန်ထမ်းတွေ အပေါ်တောင် စိတ်စေတနာ ခေါင်းပါးလွန်းတဲ့ လုပ်ငန်းရှင်ကြီးတွေက ပြည်သူအတွက် အနစ်နာခံ၊ စေတနာဆိုတဲ့စကားတွေ ယုတ်တိမဲ့စွာ အရှက်မရှိ ပြောမနေပါနဲ့၊ နားခါးလွန်းလို့ပါ။ တော်တော်လဲ မျက်နှာပြောင်တိုက်နိုင်တဲ့ လူချီးတွေပါပဲ….။
  2. အခြေခံလူတန်းစားကိုကြည့် ပါအားနည်းသူတွေကိုငဲ့ငြာပါ သာမန်ပြည်သူတွေရတဲ့လစာနဲ့ တွတ်ကြည့်
    ပီးထမင်းဖိုးချန်ပီးတွတ်ကြည့်ပါ အမြတ်ကြီးစားတွေအတွက်လုပ်ငန်းတွေ ကအများကြီးပါကုသိုလ်ယူတတ်ဖို့ 
    တရားပြလို့ ရနိုင်ပါသည် ၀ိုင်းပီးကူညီကြပါ မရှိတဲ့လူတွေနေကြပါစေ လောဘမကြီးဖို့ အမျိုးသားလုပ်ငန်း
    ရှင်ကန်ထရိုက်တွေကို ဉီးစားပေးလုပ်စေလိုပါသည် အလှုလုပ်သလိုမျိုးဖြစ်စေလိုပါသည်
    သာဓုခေါ်လိုပါသည် လူအများကြားလိုကြမှာပါ
  3. နိုင်ငံ တကာတွင် တန်ဖိုးနည်း တိုက်ခန်းများကို သာမန် ဝန်ထမ်းမိသားစု များ၏ ဝင်ငွေကို တိုင်းတာကာ လူတိုင်း ဝယ်နိုင်ရန် ဆောက်လုပ်ပေးလေ့ရှိပါသည်။ ရန်ကုန်မြို့မှာက သာမန်ရတဲ့လစာက တစ်သိန်းကျော်၊ လင်မယား နှစ်ယောက်ပေါင်းရင် နှစ်သိန်းကျော် ဆိုတော့ တိုက်ခန်း ၁ခန်းတန်ကြေးက လင်မယားနှစ်ယောက်ပေါင်း ၁၀နှစ် လစာ စုစုပေါင်းထက် နည်းမှပဲကောင်းမှာ။ သိန်း ၂၄၀ အောက်မှ ကောင်းမှာပါ။ ၁၄၀ သိန်းက စတယ် ဆိုတော့ နိုင်ငံတော် အစိုးရ ကိုတော့ ကျေးဇူးတင်သင့်ပါတယ်။
    တန်ဖိုးနည်း တိုက်ခန်းတွေ ဈေးကစား သူများ လက်ထဲသို့ မရောက်သွားရန် အရေးကြီးပါသည်။ အထူးသဖြင့် သူဌေးများ နှင့် တိုင်ပိုင်မြေပိုင်များ လက်ထဲသို့ မရောက်သွားရန် အစိုးရပိုင်းမှ မည်သို့ ဆောင်ရွက်မည်ကို ကြိုတင် ပြောထားသင့်ပါသည်။ မည်ကဲ့သို့ အရည်အသွေးမှီသော သူများကိုသာ ရောင်းမည်ကို လည်း ကြိုတင်ပြောထားသင့်ပါသည်။
    Mortgage security များ ရောင်းချခြင်းအားဖြင့် အစိုးရမှ ရန်ပုံငွေ ရှာသင့်ပါသည်။ သူဌေးများကိ အရှုံးခံ ဆောက်မည်ဟု လည်းကြားသိရပါသည်။ အရှုံးခံ ဆောက်သော အဆောက်အဦများ မည်သို့ မျှ မကောင်းနိုင်ပါ။ အစိုးရပိုင်းမှ စံချိန်စံညွှန်းများကို သတ်မှတ်သေချာ စစ်ဆေး နိုင်မှသာ ခိုင်ခန့်၍ လှပသော အိမ်ယာ စီမံကိန်းများ ပေါ် ထွက်လာပါလိမ့်မည်။ ကျေးဇူးတင်ပါသည်။
  4. ဒဂုံသား
    အော် ပြည်သူတွေအတွက် တန်ဘိုးနည်း အိမ်ယာဆိုတာ သိန်း ၁၄၀ ဆိုပါလား ကြည့်လည်း လုပ်ပါအုံး စည်ပင်ရယ် တစ်လ ၅ သောင်းသာ ဖြတ်ရင် လစာနည်း ၀န်ထမ်းတွေ ရေတောင် သောက်နိုင်ပါ့မလား
  5. အလွန်ကောင်းမွနသောသတင်းပါ။
    ကောင်း သော စီမံကိန်းဖြစ်အောင်လုပ်ဆောင်ပေးပါ။
    အနာဂတ်နှစ်ပေါင်း(၉၉)အထိတိုင်အောင် တွက်ချက်ပါ။
    နောင်(၁၀)နှစ်အတွင်း မပြိုလဲပါစေနှင့်။
  6. It should cost maximum US 10000 .
  7. နေပြည်တော် ၀န်ထမ်းအိမ်ယာစီမံကိန်းအတွက်ဆောက်ထားတဲ့အိမ်မှာ ၀ရံတာရောလူပါ ပြုတ်ကျသွားတာ ဖြစ်ဖူးပါတယ်။ ထုံးစံအတိုင်း ကန်ထရိုက်တာနဲ့ စည်ပင် လက်ခုပ်လက်ဝါးရိုက်စားကြရင် ..(ဆက်စဉ်းစားကြည့်ကြပါ။)
  8. အခုဖြစ်နေတာက တန်ဖိုးမျှတဆိုပြီး သိန်း(300)ကျော်သွင်းရမှာဖြစ်နေတယ်. အရစ်ကျစနစ်မဟုတ်ဘဲ လက်ငင်း ငွေချေစနစ်နဲ့ တစ်ပတ်အတွင်းပေးရမယ်လို့ ပြောနေတယ်။ မဲပေါက်တာက ၀န်ထမ်းတွေ ဆိုတော့ ဘယ်လိုပိုက်ဆံသွင်းရမှာလည်း ကြည့်လုပ်ကြပါအုံးနော်