ကချင်ထိုးစစ်အရေး UNFC က ဦးအောင်မင်းနှင့် ဆွေးနွေးမည် | ဧရာဝတီ
သတင်း

ကချင်ထိုးစစ်အရေး UNFC က ဦးအောင်မင်းနှင့် ဆွေးနွေးမည်

Hits:2,586
  | |

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တနေရာတွင် ယခုလ ၇ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ ကျင်းပသည့် UNFC ၂ နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးအပြီး ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ – သန်းထိုက်ဦး / ဧရာဝတီ)

ကချင်ပြည်နယ်အတွင်း အစိုးရတပ်က ထိုးစစ်ဆင်နေမှုများအား ရပ်ဆိုင်းရန် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခြေကုပ်စခန်းများကို အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အပေါ် အဓိကထား၍ ဆွေးနွေးရန် စီစဉ်ထားကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တနေရာတွင် ယခုလ ၇ ရက်နေ့မှ စတင်၍ ၄ ရက်ကြာ ကျင်းပသည့် UNFC ၂ နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးအပြီး ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ဟံသာက သတင်းထောက်များကို ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ကျနော်တို့ရဲ့ အဖွဲ့အ၀င်ဖြစ်တဲ့ KIA ကို အကူအညီပေးဖို့ တာဝန်အပြည့်အ၀ ရှိတယ်။ ဒီကိစ္စအတွက် ကျနော်တို့နဲ့ ဦးအောင်မင်းတို့ မကြာခင် တွေ့ဖို့ရှိတယ်။ ဒီကိစ္စကို ခိုင်ခိုင်မာမာနဲ့ ပြည့်ပြည့်၀၀ တဖက်က ဖိပြီး ဆွေးနွေးပါမယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဦးအောင်မင်းနှင့် UNFC ခေါင်းဆောင်များ နောက်ဆုံး အလွတ်သဘော တွေ့ဆုံခဲ့စဉ် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် စီစဉ်ခဲ့သည်။

“နောက်ထပ် ကျနော်တို့ ဦးအောင်မင်းနဲ့ တွေ့ရင် ဒီကိစ္စတွေကို ခဏရပ်ဆိုင်းထားပြီးတော့ ကချင်တွေကို ထိုးစစ်ဆင်နေတဲ့ အပေါ်မှာ ရပ်တန့်ပေးဖို့ အဓိကထားပြီး ပြောသွားဖို့ရှိတယ်။ တကယ်လို့ ကချင်အပေါ်မှာ ထိုးစစ်ဆင်နေတာကို ရပ်မပေးဘူးဆိုရင် နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ကတော့ ဆက်လက် ညှိနှိုင်းပြီး လုပ်ငန်းစဉ်တွေကို အဖြေရှာသွားဖို့ ရှိပါတယ်” နိုင်ဟံသာက ပြောသည်။

သို့သော် မည်သည့် နည်းလမ်းများဖြင့် လုပ်ဆောင်သွားမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ယခုလအတွင်း တွေ့ဆုံဆွေးနွေးမည့် နေရာနှင့် နေ့ရက်ကို မကြာခင် အစိုးရထံ အကြောင်း ပြန်ကြားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစာ ရှင်းလင်းပွဲ တက်ရောက်လာသည့် နိုင်ငံခြား သတင်းထောက်တဦးက ကချင်ပြည်နယ်တွင် အစိုးရက ထိုးစစ်ဆင်နေမှုကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် မပြောကြားခြင်းနှင့် ပတ်သက်၍ သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ဟံသာက “မြန်မာ့ တပ်မတော်နဲ့ အစိုးရကြား ပြဿနာ မဖြစ်စေချင်လို့ မပြောတာ ဖြစ်နိုင်သလို တဖက်က ကျနော်တို့ တိုင်းရင်းသားဘက်က ပုဂ္ဂိုလ်တယောက် မဟုတ်တော့ ကျနော်တို့ရဲ့ နစ်နာမှု၊ ခံစားမှုတွေကို သူက သိပ်မခံစားမိဘဲနဲ့ လျစ်လျူရှုထားတဲ့ သဘောလဲ ဖြစ်နိုင်တယ်” ဟု ၎င်းက ဖြေသည်။

KIA ကို ထိုးစစ်ဆင်နေမှုအား ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးအတွက် ၄ ရက်ကြာ UNFC အစည်းအဝေးတွင် တိုင်းရင်းသား ကိုယ်စားလှယ် ၃၀ နီးပါး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

UNFC အစည်းအဝေးသို့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ‘၀’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ကြသည်။ ချင်းအမျိုးသား တပ်ဦး (CNF) မှ ယခု ဆေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်း မရှိပေ။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် KNU, KIO အစရှိသည့် လက်နက်ကိုင် ၆ ဖွဲ့ဖြင့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ (CEFU) ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ဖြစ်လာကာ UNFC အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။


WSJ LIVE VIDEO:

4 Responses

Leave a Reply

  1. Well! The SSA was promised by Aung Min that the government troops would not attack them but it was empty promise. As long as Burmese military is not under the president’s power, what can Aung Min do with the UNFC? Another empty promise again?

  2. နိုင်ဟံသာ သို့ -
    ကြမ်းကျွံရင် နုတ်လို့ရတယ်။ စကားကျွံရင် နုတ်လို့မရဘူးဆိုတာကို သတိရှိစေချင်ပါတယ်။
    အနိုင် (ဦး)ပြောသလိုဆို ဒေါ်စုက တိုင်းရင်းသားအရေးဘက်မှာ အားနည်းနေတဲ့ သဘောရှိ တာပေါ့။ ဒါဆိုရင် ကျနော်တခုပြောပါ့မယ်။ ၁၉၈၉ခုနှစ် အနိုင်တို့နယ်မြေကို ရန်သူ(စစ်အုပ် စု) ထိုးစစ်ဆင်တုန်းက မဟာမိတ်လို့သတ်မှတ်ထားတဲ့ ကျောင်းသားတပ်မတော်ကို ရဲဘော် (၂)ယောက်ကို သေနတ် (၁)လက်၊ ကျည်ဘောက် (၁)ခုနဲ့ ကျည်ဆံ အနည်းငယ်ပေးပြီး ခံ တိုက်ခိုင်းတာကို သိထားဘူးခဲ့လား။ ပြီးတော့ ဖန်ခါးကုန်းရွာ (ကလိန်းဂျပန် အနီး)မှာ ပြော ထားတာကလည်း သူတို့ကို (ကျောင်းသားတွေ) မယုံရဘူး။ သူတို့က ဗမာစစ်တပ် နဲ့ပေါင်း ပြီး ငါတို့ကို ပြန်တိုက်လိမ့်မယ်။ (စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ကို နေစ ရာ၊ စားစရာပေးခဲ့တဲ့ ကျေးဇူးကိုတော့ ဘယ်တော့မှ မမေ့ပါဘူး။)

  3. ပါကြီးဖိုး

    တိုင်းရင်းသားများရဲ့ ဘာသာစကား၊ စာပေယဉ်ကျေးမှု မပျောက်ပျက်သွားစေဖို့၊ ဖွံ့ဖြိုးစည်ပင်လာစေဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များအတွက် တိုက်ပွဲဝင်နေကြတဲ့ နိုင်ဟံသာတို့လို တိုင်းရင်းသားခေါင်းဆောင်များကို လေးစားလျက်ပါ။ ဘယ်စာပေယဉ်ကျေးမှုမဆို ပျောက်ပျက်မသွားထိုက်ပါ။ ပိုပြီးတိုးတက်စည်ပင်လာဖို့ကိုသာ အားပေးကူညီရမှာပါ။ တိုင်းရင်းသားအခွင့်အရေးများကို အစိုးရအနေနဲ့ တရားဝင် အသိအမှတ်ပြုပေးရမှာပါ။ တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့လည်း ညီညွတ်မှုကို အဟန့်အတားဖြစ်စေမယ့် အယူအဆ၊ အမြင်သဘောထားတွေနဲ့ အပြောအဆိုတွေကို သတိထားကာ ရှောင်ရှားသင့်တယ်လို့ ထင်ပါတယ်။ နိုင်ဟံသာရဲ့ စကားဟာ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ယုံကြည်မှုမရှိတဲ့သဘော သက်ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် မယုံကြည်နိုင်ရင် ဘယ်သူ့ကို ယုံကြည်တော့မှာလဲဆိုတာ မေးစရာဖြစ်စေပါတယ်။ သေချာစွာ စဉ်းစားသုံးသပ်မှုမရှိဘဲ အခြားလူမျိုးများကို သိမ်းကြုံးကာ မယုံကြည်ခြင်း၊ သံသယကြီးခြင်း၊ မုန်းတီးခြင်းဟာ မိမိအမျိုးကို ချစ်တယ်လို့ ယူဆတဲ့ သူတွေကို တွေ့ဖူးပါတယ်။ ထိုကဲ့သို့ သဘောထားရှိကြောင်းကိုလည်း ကိုယ့်လူမျိုးအချင်းချင်းကြားမှာ လွဲမှားစွာ ဂုဏ်ယူဝင့်ကြွားကာ အာပေါင်အာရင်းသန်သန် ပြောတတ်ကြပါသေးတယ်။ ထိုကဲ့သို့ စိတ်ဓါတ်မျိုးနဲ့ ပြည်ထောင်စုမတည်ဆောက်နိုင်ပါ။ စစ်အာဏာရှင်စနစ်ကြောင့် မြန်မာပြည်ဟာ ပြည်တွင်းစစ်ရှည်ကြာပြီး ဆင်းရဲတွင်းနက်နေရတာကို ငြင်းပယ်ရန်မရှိပါ။ သို့သော် အနာဂတ် စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ပေါက်လာစေရေးမှာ သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးရဲ့ အမြင်ကျဉ်းမှု၊ ဥာဏ်အမြှော်အမြင်နဲမှု၊ မာနအတ္တကို ရှေ့တန်းတင်မှုတွေကြောင့် မအောင်မမြင်ဖြစ်ရမှု၊ အဟန့်အတားဖြစ်ရမှုတွေ မပေါ်ပေါက်စေလိုတာ အမှန်ပါ။ တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်အခွင့်အရေးကို မျက်ကွယ်ပြု၍ မရတာဟာလည်း အမှန်ပဲဖြစ်ပါတယ်။ သို့သော် လူမျိုးတွေ ဘယ်လိုကွဲကွဲ တစ်နေ့မှာ သေကြရမယ့် လူသားတွေအဖြစ်နဲ့တော့ အတူတူသာဖြစ်ပါတယ်။ ဒီအချက်ကို မမေ့ကြဘူးဆိုရင် မိမိတို့ရဲ့ မာနအတ္တကို အတန်အသင့် လျှော့ချနိုင်မယ်ထင်ပါတယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ စစ်မှန်တဲ့ပြည်ထောင်စု အမြန်ပေါ်ပေါက်ကာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဆင်းရဲတွင်းမှ လွတ်ကင်းကာ အေးချမ်းစွာ ရှင်သန်ရပ်တည်နိုင်ကြပါစေ။

  4. People are dying and also most all gone but consultations are not started yet. So funny politic system and governors.