အခြေခံဥပဒေပြင်ရေး သတ္တိရှိသည့် စစ်သားကောင်းများ လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော | ဧရာဝတီ
သတင်း

အခြေခံဥပဒေပြင်ရေး သတ္တိရှိသည့် စစ်သားကောင်းများ လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Hits:7,690
  | |

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယားရောက် မြန်မာများ တွေ့ဆုံပွဲ (ဓာတ်ပုံ – ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား ခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် မြန်မာ့တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ပြီး သတ္တိရှိသည့် တပ်မတော်သားများ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက တောင်ကိုရီယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲတွင် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကိုရီယားခရီးစဉ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ကိုရန်နိုင်ထွန်းက “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တယောက်က မေးတယ်။ ပြင်ဆင်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လို ပူးပေါင်း ပါဝင်ရမလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့အတွက် တပ်မတော်နဲ့ ပူးပေါင်းပြီး လုပ်သွားပါမယ်တဲ့။ အဲဒီလို လုပ်ဆောင်ဖို့ တပ်မတော်ထဲမှာ သတ္တိရှိတဲ့ စစ်သားကောင်းတွေ လိုအပ်ပါတယ်လို့ ဖြေသွားတာပါ” ဟု ပြောသည်။

တောင်ကိုရီယားနိုင်ငံ ဆိုးလ်မြို့ရှိ သမ္မတဟောင်း ကင်မ်ဒေးယုံ စာကြည့်တိုက်နှင့် ပြတိုက်၌ ကျင်းပသည့် မြန်မာများနှင့် တွေ့ဆုံပွဲတွင် သမ္မတဟောင်း ကင်မ်ဒေးယုံ၏ ဇနီး မစ္စ အီဟွဲဟိုလည်း တက်ရောက်ကာ တောင်ကိုရီယားနိုင်ငံသို့ ၅ ရက်တာ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဆိုးလ် အမျိုးသား တက္ကသိုလ်တွင် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကိုလည်း လက်ခံပြီး ကိုရီယား ကျောင်းသား၊ ကျောင်းသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အင်္ဂလိပ်အမည်ကို Burma ဟုသာ ခေါ်ဆိုကြရန် ကိုရီယားပြည်သူများကို တောင်ကိုရီယားခရီးစဉ်အတွင်း တိုက်တွန်းကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအဖွဲ့ဝင်များက တောင်ကိုရီယားနိုင်ငံ ဖျောင်ချန်းမြို့တွင် ကျင်းပသည့် မသန်စွမ်းသူများ၏ ၂၀၁၃ ခုနှစ် ဆောင်းရာသီ အထူး ကမ္ဘာ့အိုလံပစ်ပွဲတော်သို့ ပထမဆုံးအကြိမ် တက်ရောက်လာခဲ့စဉ် ယခုကဲ့သို့ Burma (ဘားမား) ဟု ခေါ်ဆိုကြပါရန် မေတ္တာရပ်ခံလိုက်ခြင်း ဖြစ်သည်ဟု ယမန်နေ့ထုတ် ကိုရီယား ယွန်ဟတ်ဘ် သတင်းတွင် ဖော်ပြထားသည်။

Burma ဟူသော အင်္ဂလိပ်စာလုံးပေါင်းကို ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာစစ်အာဏာရှင်များက ပြည်သူ့သဘောထား တောင်းခံခြင်း မပြုဘဲ Myanmar ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂွမ်ဂျူးမြို့ရှိ အာဇာနည် ဗိမ္မာန်သို့ ယမန်နေ့က သွားရောက် ဂါရ၀ ပြုခဲ့ပြီးနောက် ၂၀၀၄ ခုနှစ် နေအိမ်အကျယ်ချုပ် ကျခံရစဉ်က ရရှိခဲ့သည့် ဂွမ်ဂျူး လူ့အခွင့်အရေးဆုနှင့် ဂွမ်ဂျူးမြို့တော်သူ ဆုကိုလည်း လက်ခံရယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဆုလက်ခံပွဲတွင် ကိုရီယားပြည်သူများ၏ စိတ်ဆန္ဒကို လေးစားကြောင်း ပြောဆိုသွားသည်။

ကိုရန်နိုင်ထွန်း “ကိုရီယား ပြည်သူတွေရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ စေတနာ၊ မြန်မာနိုင်ငံကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အပြည့်အ၀ ရစေချင်တဲ့ ကိုရီယားပြည်သူတွေရဲ့ စိတ်ဆန္ဒကို အရမ်းပဲ လေးစားတယ်ဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံကိုလည်း ကိုရီယားနိုင်ငံကဲ့သို့ လူ့အခွင့်အရေး ပြည့်ဝပြီးတော့ အစစ အရာရာ ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံဖြစ်ဖို့ သူ့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာ ဖြစ်တယ် အစရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်” ဟု ဆိုသည်။

ယမန်နေ့ ညပိုင်းတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဆိုးလ်မြို့တော်ရှိ Westin Chosun ဟိုတယ်၌ နာမည်ကြီး တောင်ကိုရီယား အနုပညာရှင်များဖြစ်ကြသော Ahn Jae-wook, Chae Jung An, Kim Hyo Jin, Lee Young Ae, Song Il-kook တို့နှင့် ညစာ အတူစားသုံးခဲ့သည်။

“အစောပိုင်းသတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလို့ ကိုရီးယား အနုပညာရှင်တွေနဲ့ တွေ့ဖို့လို့ ဖော်ပြတာတွေ တွေ့တယ်။ ကျနော်လည်း အန်တီ့ကို မေးလိုက်ပါတယ်။ အန်တီ ပြန်ဖြေတာက ကိုရီယားတွေက၊ အထူးသဖြင့် စီးပွားရေး လုပ်ငန်းရှင်တွေက ဒီလို စီစဉ်လိုက်လို့ ပြောတာကို ရပါတယ်လို့ ပြန်ဖြေလိုက်တာပါပဲတဲ့၊ သူက စပြီး မေတ္တာရပ်ခံခဲ့တာတော့ မဟုတ်ပါဘူးတဲ့။ သံတမန်သဘောအရ လာပြောတော့ လက်ခံလိုက်တာပါပဲ” ဟု ကိုရန်နိုင်ထွန်းက ဆိုသည်။

ယနေ့နံနက်ပိုင်း မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် မေးခွန်းများစွာအနက် ၁၃ ခုကို ရွေးချယ်မေးမြန်းခွင့် ပြုခဲ့ရာ မေးခွန်းတခုတွင် နိုင်ငံခြားရောက် မြန်မာ အလုပ်သမားများအား ကာကွယ်သည့် ဥပဒေ ပြဌာန်းရေးဆိုင်ရာ မေးခွန်းလည်း ပါဝင်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက် မြန်မာအလုပ်သမားများအတွက် ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ ပြဌာန်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာတွင် မိမိတို့ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေတရပ် လိုအပ်ကြောင်း၊ မြန်မာသံရုံးများကလည်း နိုင်ငံသားများကို အကာအကွယ်ပေးရန် လိုအပ်ကြောင်းနှင့် ဥပဒေအဖြစ် ပေါ်ပေါက်လာရေး သက်ဆိုင်ရာများနှင့် ဆွေးနွေး တင်ပြသွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီယားသို့ လာရောက်သည့်အတွက် တောင်ကိုရီယားရောက် မြန်မာများ အနေဖြင့် ၀မ်းမြောက် ဂုဏ်ယူကြောင်းလည်း သိရသည်။

“အတိုင်းမသိ ၀မ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းကို ဘယ်အချိန်ပြန်ပြီး ဘယ်လို တွေ့ရမယ်ဆိုတာ မသိတဲ့အချိန်ပေါ့နော်။ အခုလိုမျိုး ပြည်ပမှာ အမေ့ကို ကျန်းကျန်းမာမာ တွေ့လိုက်ရတဲ့အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်၊ ဖော်မပြတတ်အောင် ၀မ်းသာပါတယ်” ဟု ကိုရီးယားရောက် မြန်မာနိုင်ငံသူ တဦးဖြစ်သည့် မတိုးလှိုင်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ကိုရီယား စံတော်ချိန် ညနေ ၆ နာရီ ၄၀ မိနစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။


WSJ LIVE VIDEO:

13 Responses

Leave a Reply

  1. အမေစုသုံးချင်တဲ့ဘားမားဆိုတဲ့အသုံးကိုကျနော်လဲဗမာတစ်ယောက်အနေနဲ့သဘောကျပါတယ် ဘားမားလို့သုံးခြင်းအားဖြင့် အင်္ဂလိပ်အက္ခရာအတိုင်းဖော်ပြရင် ဒုတိယနေရာမို့ ကုလသမဂ္ဂ မှာ နိုင်ငံအမည်စဉ်မယ်ဆိုရင် ရှေ့ကိုပြန်ရောက်သွားမှာပါ။ဒါဟာလွှတ်တော်အတွင်းမှာမဲခွဲ ဆုံးဖြတ်သင့်ပါတယ်။ဒါပေမယ့်တစ်ခုပြောစရာရှိတာ လက်နက်ကိုင်နေတဲ့တိုင်းရင်းသားတွေက ဗမာလူမျိုးကြီးဝါဒကျင့်သုံးနေလို့သူတို့လက်နက်ကိုင်နေရတာပါဆိုတာမျိုးပြောနေတာကိုလဲ သတိမူသင့်ပါတယ်။ဘားမားဆိုရင်ဗမာကိုကိုယ်စားပြုရာရောက်လို့အခြားတိုင်းရင်းသားတွေ ကျေနပ်ပါ့မလား.။ဗမာဖြစ်တဲ့ကျနော်ကတော့လုံးဝထောက်ခံတယ်။ဖွဲ့စည်းပုံကြီးထပ်ရေးဆွဲ ဖို့အတွက် နောက်ထပ်အချိန်တွေအများကြီးယူမယ်ဆိုရင် ရှေ့မတိုးပဲဖြစ်မှာကိုလဲ သတိပြု စေချင်ပါတယ်။ ကောင်းတာတွေလုပ်တာမှန်သမျှထောက်ခံပါတယ်။

  2. ဒါဆိုရင် တော့ အန်တီစု အိမ်ပြန်ပြီး စိတ်ချ လက်ချသာ အိပ်ပြီး အနားယူပေတော့ ဗျား….ဘာဖြစ်လို့လဲ ဆိုတော့ အခုစစ်သားတွေက တယောက်မှ သတ္တိ မရှိကြလို့ ဖြစ်ပါတယ်ခင်ဗျား…..ရှိတဲ့ သတ္တိကလဲ လက်နက်မရှိတဲ့ သူကို သေနပ်နဲ့ ပစ်ရဲတဲ့ သတ္တိ တခုဘဲ…..

    • ရာထူးကြီးလာလေသတ္တိမရှိလေပါပဲ။သေစ၇ာ၇ှိရဲဘော်တွေပဲပေးသေမှာပါ…..

  3. ပါကြီးဖိုး

    Burma ဆိုတာ နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့တဲ့ အမည်ဖြစ်တာကြောင့် အသားကျ အကျွမ်းဝင်ပြီးသား အမည်ဖြစ်ပါတယ်။ နိုင်ငံအတော်များများရဲ့ ဘာသာစကားအမည်၊ နိုင်ငံအမည်တွေမှာ သူတို့လူမျိုးတွေသုံးတဲ့ စာလုံးပေါင်းနဲ့အသံဟာ အင်္ဂလိပ်လိုရေးတဲ့ စာလုံးပေါင်း၊ အသံတွေနဲ့ ကွဲလွဲနေတာတွေ့ရပါတယ်။ ဥပမာအားဖြင့်….Sweden, Swedish(အင်္ဂလိပ်လိုအသုံးပြုတဲ့ နိုင်ငံအမည်နဲ့ဘာသာစကားအမည်)။
    Sverige, Svenska (ဆွီဒင်လိုအသုံးပြုတဲ့ နိုင်ငံအမည်နဲ့ ဘာသာစကားအမည်)။
    ဒါကြောင့် အင်္ဂလိပ်လိုသုံးရင် Burma၊ မြန်မာလိုအသုံးပြုရင် Myanmar ဆိုပြီးကွဲလွဲမှုရှိနေတာ သဘာဝကျတယ် ထင်ပါတယ်။
    တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခွင့်အရေးနဲ့ နိုင်ငံသားများရဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု စနစ် ပေါ်ပေါက်လာဖို့သာလျင် အရေးအကြီးဆုံး ဖြစ်မယ်လို့ ထင်မြင်မိပါတယ်။

  4. မင်းကြီးညို

    တပ်မတော်သားတွေကို စိတ်ဝမ်းကွဲအောင်၊ အုပ်စုကွဲအောင် ဆုံးဖြတ်ရခက်အောင် သတ္တိရှိ
    သည့် စစ်သားဟု မပြောသင့်ပါ။ စစ်သားအားလုံး သတ္တိရှိပါသည်။ သတ္တိရှိ၍လည်း အသက်
    သွေးချွေးတွေကို စတေးပြီး ပြည်တွင်းစစ်မြေပြင်များသို့ သွားရောက်တိုက်ခိုက်နေရပါသည်။
    အခြေခံဥပဒေကို မပြင်ချင်တာကို သတ္တိမရှိဘူးလို့ ဆိုလိုချင်တာလား။အဲဒီအပြောအဆိုအတွေး
    အခေါ်ဟာ မှားယွင်းပါတယ်။ အခြေခံဥပဒေကိုပြင်လိုက်ရင် တပ်မတော်သားတွေ ဘေးဖယ်ခံ
    ရမယ်။

    • အပြင်လူ

      အေးပါကွာ၊ မင်းမကြိုက်ဘူးဆိုရင်လည်း – အားနည်းချက်များရှိနေသည့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေးသတ္တိရှိသည့် စစ်သားကောင်းများ၊ အမှန်တရားနှင့် တရားမျှတမှုကို တောင့်တ၍ ပြောဆိုရဲ့သည့် သတ္တိရှိသာ စစ်သားကောင်းများ လိုအပ်သည်။ (သို့မဟုတ်) တပ်မတော်သားများ၏ အကူအညီ လိုအပ်သည် – လို့ ပြောပေးရင် ကြေနပ်မှာလား။

      သိပ်မရှင်းတာ အချို့ကတော့ – ‘စစ်သားအားလုံး သတ္တိရှိပါသည်’၊ ‘အသက်
      သွေးချွေးတွေကို စတေးပြီး ပြည်တွင်းစစ်မြေပြင်များသို့ သွားရောက်တိုက်ခိုက်နေရပါသည်’၊ ‘အဲဒီအပြောအဆိုအတွေး
      အခေါ်ဟာ မှားယွင်းပါတယ်။’ – ဆိုတာတွေပဲ။

      သတ္တိကို ဘယ်လို အဓိပ္ပါယ် ယူထားသလဲ။ မိုက်ရဲတာကိုလား၊ သတ်ရဲတာကိုလား။ စစ်သားမဟုတ်သူတွေက သူရဲဘောကြောင်သူတွေမို့လား။ စစ်သားမှ သတ္တိရှိမယ်ဆိုရင် အားလုံးက စစ်ထဲဝိုင်းဝင်ကြရင် အခြားအလုပ်တွေ ဘယ်သူလုပ်ကြတော့မလဲ။ ဘာဝင်ငွေမှမရှိပဲ ဘယ်လိုစားကြမလဲ။

      အသက်သွေးချွေးတွေ စတေးတယ်ဆိုတာက ဘာဖြစ်လို့လဲ။ နိုင်ငံကို ကာကွယ်ဖို့လား၊ ငတ်လို့ တပ်ထဲဝင်မိရာက အမိန့်မလွန်ဆန်နိုင်လို့လား၊ လိုကော လိုအပ်သလား။ နိုင်ငံကို ကာကွယ်ရမယ့်စစ်တပ်က ဘယ်သူ့ကိုမှမတိုက်ရပဲ အချင်းချင်းပဲ ပြန်တိုက်နေရတာကကော ဘာဖြစ်လို့လဲ။ အနိုင်ကျင့်ဖို့လောက်ဆိုရင် အသက်သွေးချွေးတွေ စတေးနေစရာ လိုမလား၊ လုပ်သင့်သလား၊ ဘာလို့ လုပ်ချင်နေရတာလဲ။

      ‘အခြေခံဥပဒေကိုပြင်လိုက်ရင် တပ်မတော်သားတွေ ဘေးဖယ်ခံ
      ရမှာ’မို့ အဲဒီ အပြောအဆို အတွေးအခေါ်ဟာ မှားယွင်းနေတာလား။ အဲဒါဆိုရင်တော့ အတော်လေး ပြဿနာ ရှိလာပြီ။

      မေးရတော့မယ့် မေးခွန်းတချို့က – စစ်သားတွေ အနေနဲ့ -
      - လောကမှာ ကိုယ်တစ်ယောက်ထဲ အမြဲမှန်မနေဘူးလို့ လက်ခံရဲတဲ့ သတ္တိရှိလား၊
      - အမှန်ကို ပြင်ရဲတဲ့သတ္တိ ရှိသလား၊
      - လောကမှာ စစ်ပညာဆိုတာဟာ မရေတွက်နိုင်တဲ့ ပညာရပ်တွေထဲက တစ်ခုသာပဲဆိုတာ လက်ခံရဲတဲ့သတ္တိ ရှိပြီလား၊
      - နောက်ထပ် ‘လား’ ပေါင်းများစွာရှိသေးတဲ့ သူတစ်ပါးတွေရဲ့ ထင်မြင်ချက်တွေကို နားထောင်နိုင်တဲ့၊ နားထောင်ပြီး ဆင်ခြင်ဖို့ သတ္တိကော ရှိပြီလား။

  5. Everyone who is in the Hlutdaws must have the right mindset to rebuild our Union. Making a beautiful history is everyone’s duty including all the citizens. All of us from inside and outside the country need to contribute whatever we can to participate is essential. Lets do it.

  6. ကောင်းစေချင်

    ကုလမှာ နံမည်ရှေ့ပိုင်းရောက်တော့ဘာလုပ်ရမှာလဲ။ရှေ့ရောက်မှကောင်းမယ်ဆို နံမည်ကို
    burma မလုပ်နဲ့။ Aarma လို့လုပ်လိုက်အဲဒါဆို ရှေ့ရောက်ရော။ မြန်မာကိုမြန်မာလို့ပြောင်း
    တာများပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရမလိုပဲ။ေ**က်ရူးတွေ အဲဒါ အစိုးရဘာလုပ်လုပ်ဆန့်ကျင်လို့ လှုံ့ဆော်နေတုံးကစရိုက်တွေ မကုန်သေးတာ။ကောင်းတာတော့ကောင်းတယ်လက်ခံပါ။

  7. I wish I can turn the clock backward and restart again from January 1, 1947. If I were able to do that, the first thing I would do might be to stop Aung San from inviting the ethnic leaders for Panglong Conference which brought too much troubles to the ethnics. Without Panglong Agreement, we would need to do nothing with the cheaters. Galone U Saw assassinated Aung San a little too late. If he killed him before 1947, there would not be Panglong Agreement, and we would not need to deal with these deceitful foxes.

    • pps၁၂၃၄၅

      ကိုရွှေလင်းယုန်
      အကယ်၍ ဦးစော က ဦးအောင်ဆန်းကို အရင်သတ်လိုက်ပါက လွတ်လပ်ရေး ရချင်သော ပြည်နယ်ခေါင်းဆောင်များ ပြည်မ မှ ဖဆပလ အဖွဲ့ချုပ်ကြီး နှင့် ဆွေးနွေးပါလိမ့်မည်။
      စဝ်ရွှေသိုက်ပြောသလို အကယ်၍ ဦးစောကဲ့သို့ သဘောထားတင်းမာ သူများ ပြည်မကြီးတွင် အာဏာရပြီး တန်းတူမရ ရင်တော့ လှည်းလောက်ပဲ လုပ်တတ်တဲ့ လူမျိုးနှင့် မပေါင်းဘူး။ မော်တော်ကား တို့ သဘောင်္ တို့ ထုတ်နိုင်တဲ့ နိုင်ငံနဲ့ပဲ ပေါင်းရမယ်” ဆိုတဲ့ အတိုင်း လွပ်လပ်ရေး မယူပဲ အင်္ဂလိပ် နှင့် နေခဲ့ရင် တော့ ရှမ်းပြည်တို့ ကချင်ပြည်တို့ ဟာ ယနေ့ ဟောင်ကောင် လောက် တစ်ဦးချင်းဝင်ငွေ ရှိနေတဲ့ တိုင်းပြည် ဖြစ်ချင်ဖြစ်နေမှာ ပါလို့ တောင်ပေါ်သားတို့ ကိုယ်စားပြောပါရစေ။

  8. စစ်သားတွေထဲမှာ အမေရိကရောက်နေတဲ့ ကိုမျိုးမြင့်ကိုလေးစားသလို၊ စစ်ဗိုလ်တွေထဲမှာ ဗိုလ်ကြီးဟောင်းကိုနေမျိုးဇင်ကိုလေးစားမိပါတယ်။ အဲဒီလိုစစ်သား၊ စစ်ဗိုလ်တွေ ကျုပ်တို့မြန်မာပြည်ထဲမှာ ထက်ဝက်လောက်ပဲရှိနေပါစေ မြန်မာပြည်တိုးတက်တာကြာလှပေါ့ဗျာ။

  9. နတ်ဆိုး (Russia )

    တပ်မတော်သား အားလုံးသည် သတ္တိ ရှိပြီးသားပါဗျာ၊
    တပ်မတော်ကသာလျှင် မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီလမ်းကြောင်းချပြပေးခဲ့သည်မှာထင်ရှာငးခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ကြီးကို တပ်မတော်ကသာလျှင်ကယ်တင်ခဲ့တာပါ ။
    တပ်မတော်သာလျှင် အမိ၊
    တပ်မတော်သာလျှင် အဖ၊

    • ကိုယ့်ကိုကိုယ် လူတိုင်းရဲ့ ဖအေ၊ မအေလို့ အထင်ရောက်နေတဲ့ အရူးတွေရဲ့ဒုက္ခကလည်း မသေးပါလား… :(
      အဲ့ဒီ အထင်တွေ၊ ဘ၀င်တွေနဲ့ကယ်တင်ခဲ့လို့ တိုင်းပြည်လည်း လက်နှီးစုပ်ဘ၀ဖြစ်နေပြီ မောင်ရင်တို့….
      တိုင်းပြည်ရဲ့အာဏာဟာ တိုင်းရင်းသားပြည်သူအားလုံးနဲ့ဆိုင်တယ်..
      မောင်ရင်တို့ချည်းပဲ လက်ဝါးကြီးအုပ်ထားလို့ မရဘူး..။
      ကိုယ်နဲ့မဆိုင်တဲ့အာဏာကို စွန့်လွှတ်ရဲတဲ့သတ္တိလေးသာရှိရင် မောင်ရင်တို့ကို ပြည်သူတွေအားလုံးက ကြည်ညိုကြမှာပါ..