ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မှောင်ခိုစက်သုံးဆီ တင်သွင်းမှု အရှုပ်တော်ပုံ | ဧရာဝတီ
ဆောင်းပါး

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မှောင်ခိုစက်သုံးဆီ တင်သွင်းမှု အရှုပ်တော်ပုံ

Hits:1
  | |

ပုံမှန်အားဖြင့် အဆိုတွေ၊ မေးခွန်းတွေ မြောက်မြားစွာကို မေးကြ၊ ဖြေကြနဲ့ နေ့စဉ် အလုပ်များနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမဆောင်ကြီးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ကတော့ အဆိုတခုတည်းနဲ့တင် လွှတ်တော်တခုလုံး အလုပ်ရှုပ် ဗြောင်းဆန် သွားခဲ့ပါတယ်။

စက်သုံးဆီတင် သင်္ဘောများ မစစ်ဆေးရဆိုသည့် အမိန့်ကို ၂၀၀၉ က ထုတ်ပြန်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သူ ဗိုလ်ချုပ်မောင်ဦးကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

အကြောင်းကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လှိုင်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ရဲ့  “တရားမ၀င် ကုန်စည်များ ၀င်ရောက်နေမှုနှင့် တရားမ၀င် ခိုးထုတ်နေမှု များအား ပြည်ထောင်စု အဆင့် ကော်မတီတရပ် ဖွဲ့စည်း၍ ဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးပါရန်” ဆိုတဲ့ အဆိုကို တင်သွင်းလိုက်လို့ ပါပဲ။

ဒီအဆိုကို တင်သွင်းတဲ့ နေရာမှာ ဒေါက်တာ ၀င်းမြင့်က သာမန် အဆိုတင်သွင်းတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ မှောင်ခို စက်သုံးဆီတွေ တရားမ၀င် တင်သွင်းနေတာကို ကိန်းဂဏန်းတွေ၊ အထောက် အထား ဓာတ်ပုံတွေနဲ့တကွ အတိအကျ ထောက်ပြ လိုက်တာဖြစ်လို့ အဆိုကို တာဝန်ယူ ရှင်းလင်းပေးရမယ့် အစိုးရ ၀န်ကြီးတွေ တော်တော် များများ အလုပ် ရှုပ်ကုန်ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ ပြည်တွင်း ထိပ်တန်းစီးပွားရေး ကုမ္ပဏီတွေ ဖြစ်တဲ့ ရွှေသံလွင်၊ ရာဇာမင်း၊ ကံလင်းသူ၊ မြေပြန့်သား၊ မြန်မာ့စည်းစိမ် ကုမ္ပဏီကြီးတွေက တန်ချိန်ထောင်ချီဆံ့တဲ့ ဆီတင်သင်္ဘောကြီးတွေနဲ့ တရားမ၀င်မှောင်ခို စက်သုံးဆီတွေ ပြည်တွင်းကို ခိုးသွင်းနေတာကို အထောက်အထားတွေနဲ့ ဒေါက်တာဝင်းမြင့်က လွှတ်တော်ကို တင်ပြလိုက်တာပါ။

လိုင်စင်အရ စက်သုံးဆီ တန် ၅၀၊ ၁၀၀ လောက်သာ တင်သွင်းခွင့်ပြုထားတာကို တန်ချိန်ထောင်နဲ့ချီပြီး အခေါက်ခေါက်အခါခါ မှောင်ခို တင်သွင်းခဲ့ကြတာကို သက်ဆိုင်ရာက အရေးယူမှု မရှိဘူးလို့ ဆိုပါတယ်။

အချက်အလက် အခိုင်အမာ၊ သက်သေ အထောက်အထား အစုံအလင်နဲ့ တင်ပြလေတော့ တာဝန်ရှိသူတွေကို မစစ်ဆေးကြဘူးလား၊ အရေးမယူကြဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဒီမေးခွန်း ထွက်လာတဲ့အချိန်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ရဲတွေအနေနဲ့ တရားမ၀င် စက်သုံးဆီ တင်သွင်းနေတဲ့ သင်္ဘောတွေကို စစ်ဆေးလို့မရပါဘူးလို့ ပြန်ဖြေတယ်။

ဘာကြောင့်လဲ ဆိုတော့ ၂၀၀၉ ခုနှစ်တုန်းက ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စက်သုံးဆီတင် သင်္ဘောတွေကို ရဲတွေအနေနဲ့ တားဆီးစစ်ဆေး ပိုင်ခွင့်မရှိဘူးဆိုတဲ့ အမိန့်ကြောင့်ပါတဲ့။

၂၀၀၉ ခုနှစ်ဆိုတာက စစ်အာဏာရှင် အစိုးရ အုပ်စိုးနေချိန်ဖြစ်လို့ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်ဦးက ဒီအမိန့်ကို ဘာကြောင့်ထုတ်တာလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အဲဒီအမိန့်က ဘာကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရသစ် အုပ်ချုပ်နေတဲ့ ၂၀၁၂ ခုနှစ်အထိ အသက်ဝင်နေ ရပါသလဲ၊ လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့လည်း ဘာကြောင့် ၂၀၀၉ ခုနှစ်က အမိန့်ကို ဆက်လက်လိုက်နာ ကျင့်သုံးနေရပါသလဲ ဆိုတာတွေက လွှတ်တော် ကိုယ်စားလှယ်တွေ တော်တော်များများ သိချင်နေခဲ့ကြတဲ့ အချက်တွေ ဖြစ်ပါတယ်။

ရဲချုပ် ကျော်ကျော်ထွန်းကတော့ အရင် ပြည်ထဲရေးဝန်ကြီးဌာနက ဒီအမိန့်ကို ထုတ်ခဲ့ရတာ အကြောင်းရင်းရှိတယ် ဆိုပြီး အချက်တချို့ကို ရှင်းလင်းပါတယ်။

၂၀၀၉ ခုနှစ် ခေတ်အခြေအနေ အချိန်အခါအရ လမ်းဘေးဆီဆိုင်တွေ ပပျောက်ရေးအတွက်၊ နောက်တချက်က ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဆိုတာတွေကြောင့်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီအချက် ၂ ချက်ကို လွှတ်တော်မှာ ရဲချုပ် ကျော်ကျော်ထွန်းက ရှင်းပြလိုက်ချိန်မှာ လွှတ်တော်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်လို့ သိရပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ ပြောသံ၊ ဆိုသံ၊ ဝေဖန်သံနဲ့ ရယ်သံတွေကြောင့် လွှတ်တော်က သက်ဝင်လှုပ်ရှားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

“ရဲချုပ် ကျော်ကျော်ထွန်း ဖြေရှင်းတဲ့အချက်က ကျိုးကြောင်းဆီလျော်မှု မရှိတော့ လွှတ်တော်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာ၊ အသံတွေ ထွက်လာတာပေါ့” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောပါတယ်။

၂၀၀၉ ခုနှစ်တုန်းက ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဦးက အခုအချိန်မှာ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦးအဖြစ်နဲ့ လွှတ်တော်ထဲမှာ ရှိနေပေမယ့် မှောင်ခို တရားမ၀င် စက်သုံးဆီ အရှုပ်တော်ပုံကို တစုံတရာ ဖြေရှင်းခြင်း မရှိပါဘူး။

ဘာကြောင့်များ ပြည်ထဲရေးဝန်ကြီးဌာနက စက်သုံးဆီသင်္ဘောတွေ မဖမ်းရဆိုတဲ့ အမိန့်ထုတ်ခဲ့တာလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်သလို၊ ပြည်ထဲရေး ၀န်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဦးရဲ့ ဘ၀ကောက်ကြောင်း ကလည်း စိတ်ဝင်စားစရာပဲလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြတယ်။

၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဦးဆောင်တဲ့ ထောက်လှမ်းရေးအဖွဲ့ ဖြုတ်ချခံလိုက်ရတဲ့အတွက် အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်လည်း ရာထူးက ဖယ်ရှားခံလိုက်ရပါတယ်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ဗိုလ်ချုပ်မောင်ဦးက စတင် တာဝန် ထမ်းဆောင်ပါတယ်။

ဗိုလ်ချုပ်မောင်ဦးက ဗိုလ်သင်တန်း အပတ်စဉ် ၁၃ ဆင်းဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီးမဖြစ်ခင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူပါ။

စစ်တပ် အသိုင်းအ၀န်းရဲ့ အဆိုအရ သူက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ နီးစပ်သူဖြစ်ပြီး  ဦးသန်းရွှေရဲ့အားကိုးရတဲ့ တပည့်တဦးလည်း ဖြစ်ခဲ့ဖူးတယ်လို့ သိရတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ပြုတ်သွားပြီးတဲ့နောက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်ထဲရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ် မောင်ဦးကို ယုံကြည် စိတ်ချစွာ ခန့်ထားခဲ့တာ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝန်းက ဆိုပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပခင်မှာ ဗိုလ်ချုပ်မောင်ဦးက လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခွင့် ရရှိခဲ့ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ကို ဖျက်သိမ်းခဲ့ပြီး ဗိုလ်ချုပ်မောင်ဦးလည်း ၀န်ကြီး တာဝန်တွေကနေ အလိုအလျောက် အနားယူခဲ့ရပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာချိန်မှာတော့ ၀န်ကြီး ပြန်မဖြစ်တော့ဘဲ လွှတ်တော်ထဲမှာ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ဦးမောင်ဦး အဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

၂၀၀၉ ခုနှစ်က ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီသင်္ဘောတွေ မဖမ်းရ၊ မစစ်ဆေးရ ဆိုတဲ့ အမိန့်အတွက် တာဝန်အရှိဆုံးသူက အဲဒီအချိန်က ပြည်ထဲရေးဝန်ကြီးလို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ဆိုပါတယ်။ လွှတ်တော်ထဲမှာ ရှိနေတဲ့ ဦးမောင်ဦးအနေနဲ့ သူတာဝန်ယူချိန်က ဖြစ်ပျက်ခဲ့တာကို ရှင်းလင်းပြသသင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောနေကြပါတယ်။

“ရဲချုပ် ကျော်ကျော်ထွန်းက မှောင်ခိုစက်သုံးဆီ သင်္ဘောတွေ မဖမ်းရဆိုတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့တဲ့အကြောင်း ပြောတုန်းက ဦးမောင်ဦး မျက်နှာမကောင်းဘူး” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောပါတယ်။

ဦးမောင်ဦးအနေနဲ့ ကိုယ်ထုတ်ထားတဲ့အမိန့် ဘယ်လိုကြောင့် ထုတ်ခဲ့ရတယ်၊ ဘယ်သူက ထုတ်ခိုင်းတယ် ဆိုတာကို ရှင်းလင်း တင်ပြခဲ့ရင် သူ့အတွက် အများကြီး ဂုဏ်သိက္ခာ တက်နိုင်မယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

တရားမ၀င် မှောင်ခိုစက်သုံး ဆီတင်သွင်းကြတဲ့ ကုမ္ပဏီကြီးတွေမှာ ရွှေသံလွင်လို ထိပ်တန်း ထိပ်ထိပ်ကြဲ ကုမ္ပဏီကြီးတွေ ပါဝင်နေတာက အားလုံးကို အံ့အားသင့် စိတ်လှုပ်ရှားစေတယ်လို့ ဆိုပါတယ်။

“ရွှေသံလွင်လို ကုမ္ပဏီကြီးတောင် ပါတယ်ဆိုတော့ အားလုံးလည်း အံ့သြမင်သက်ကုန်တယ်။ ဟိုအရင် စစ်အစိုးရ ခေတ်တုန်းက ဆိုရင်တော့ အံ့သြချင်မှ အံ့သြမယ်။ အခု အစိုးရသစ် လက်ထက် ဒီမိုကရေစီခေတ်ကို သွားနေတဲ့အချိန်မှာ ဒါမျိုးဖြစ်တာလေ” လို့ နိုင်ငံရေး အကဲခတ်သူတဦးက သုံးသပ်တယ်။

ဒေါက်တာဝင်းမြင့်ရဲ့ အဆိုအရ တရားမ၀င် မှောင်ခို စက်သုံးဆီသင်္ဘောတွေ မဖမ်းဆီးတဲ့အတွက်ကြောင့် တနှစ်ကို ကျပ်ငွေ ဘီလီယံ ၆၀ လောက် နစ်နာတယ်လို့ လွှတ်တော်ကို တင်ပြပါတယ်။ ဒါပေမယ့် နိုင်ငံတော်အနေနဲ့ အခွန်နစ်နာမှုက ဒေါက်တာ ၀င်းမြင့် တင်ပြတဲ့ ကိန်းဂဏန်းထက် အများကြီး ပိုနိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

“မသိလိုက်တဲ့ တရားမ၀င် မှောင်ခိုစက်သုံးဆီ တင်သွင်းမှုတွေ ဘယ်လောက်များ ရှိလိုက်မလဲ။ ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြောင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ဘယ်လောက် မှောင်ခို စက်သုံးဆီတွေ ၀င်ခဲ့သလဲ။ အခု ဒေါက်တာဝင်းမြင့် ပြောတဲ့ တနှစ် အခွန်ဘီလီယံ ၆၀ ဆိုတာ အနည်းဆုံး ဆုံးရှုံးတဲ့ ပမာဏပဲဖြစ်မှာပါ” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုပါတယ်။

ဒေါက်တာဝင်းမြင့်ရဲ့ အဆိုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ကိုင်တွယ်ပုံကို လွှတ်တော် ကိုယ်စားလှယ် အများစုက သဘောကျကြတယ်လို့ သိရပါတယ်။

သူရဦးရွှေမန်းက တရားသူကြီး တယောက်လို ၀န်ကြီးတွေကို မေးခွန်းထုတ်တယ်၊ အဖြေတောင်းတယ်၊ ရှင်းခိုင်းတယ်၊ ဒါပေမယ့် ဘာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၉ အမိန့်ကို ထုတ်ခဲ့သလဲဆိုတဲ့ နောက်ကြောင်း ပြန်လှည့် မေးခွန်းမျိုးတော့ မမေးခဲ့ပါဘူး။

သူရဦးရွှေမန်း ကိုယ်တိုင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး ဦးဆောင် အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ စစ်အစိုးရ ခေတ်တုန်းက အမိန့်တခုမို့ ပြန်ပြီး မေးခွန်း မထုတ်ချင်တော့တာလား၊ မြားဦး ကိုယ့်ဘက်ပြန်လှည့် လာမှာစိုးလို့ စိုးရိမ်လို့လား ဆိုတာ ကွဲကွဲပြားပြား မသိနိုင်ပေမယ့် သူရဦးရွှေမန်းရဲ့ ပုံစံက တရားဥပဒေ စိုးမိုးရေးကို စိတ်ပါလက်ပါ လုပ်ချင် ကိုင်ချင်စိတ် ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြတယ်။

“သူရဦးရွှေမန်းကတော့ ဒေါက်တာဝင်းမြင့်အဆိုနဲ့ သက်သေ အချက်အလက်တွေကို ကြည့်ပြီး ၀န်ကြီးတွေ ရှင်းပါလို့ ပြတ်ပြတ်သားသား ပြောတယ်။ ၀န်ကြီးတွေ အားလုံးလည်း ငြိမ်ပြီး အမှားကို မတတ်သာတဲ့အဆုံး ၀န်ခံရသလိုမျိုး  မျက်နှာငယ်တွေနဲ့။ သူရဦးရွှေမန်း ကိုင်တွယ်ပုံကိုတော့ အားလုံးက သဘောကျတယ်” လို့ လွှတ်တော် ကိုယ်စားလှယ်က ပြောတယ်။

တချို့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ လက်ထက်အတွင်းက အရှုပ်တော်ပုံတခုကို လွှတ်တော်တွင်းမှာ တင်ပြလာတာမို့ ဒါက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ ပွင့်လင်း ကောင်းမွန်တဲ့  အလားအလာတခုလို့ မြင်ကြတယ်။

ဥပဒေ ပညာရှင်တွေကတော့ စစ်အစိုးရ လက်ထက်အတွင်းက အရှုပ်တော်ပုံကို ဥပဒေနဲ့ အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ အဓိကက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နောက်ကြောင်းပြန် တရားစွဲဆိုတာမျိုး၊ အရေးယူတာမျိုး မလုပ်ရဘူးဆိုတဲ့ ပြဋ္ဌာန်းချက် တိတိကျကျ ပါရှိနေတာကြောင့်လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၁၄၊ ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်၊ ပုဒ်မ ၄၄၅ မှာ အစိုးရသစ်အနေနဲ့ ယခင်အစိုးရ ထုတ်ပြန်ထားတဲ့ မူဝါဒ၊ လမ်းညွှန်မှု၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ပြန်တမ်း၊ ကြေညာချက်၊ ဆောင်ရွက်ချက်၊ တာဝန်တွေ၊ ရပိုင်ခွင့်တွေကို ဆက်ခံရမယ်။ ယခင် အစိုးရအဖွဲ့၊ အဖွဲ့ဝင်တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်တွေအပေါ် အကြောင်းပြုပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ ဆိုတဲ့ အချက် ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၄၄၅ ကြောင့် တိုင်းပြည် မွဲပြာကျစေခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း မသမာမှု၊ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေကို ကျူးလွန်ကြတဲ့ အာဏာရှိ၊ အာဏာမဲ့ လူတန်းစားအားလုံး တရားရုံးမရောက်ဘဲ အေးချမ်းစွာ နေထိုင်နိုင်ကြမှာ ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။

စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ အတွင်းမှာ ဗိုလ်ချုပ်မောင်ဦးနဲ့ မှောင်ခိုစက်သုံးဆီ အရှုပ်တော်ပုံလို အမိန့်တွေထုတ်၊ ညွှန်ကြားချက်တွေထုတ် လုပ်ကိုင်ခဲ့တဲ့ တရားမ၀င်စီးပွားရေးတွေကြောင့် နိုင်ငံတော်အတွက်အတွက် ဆုံးရှုံးခဲ့ရတာတွေ၊ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးခဲ့ရတာတွေ ဘယ်လောက်များ ရှိလိုက်မလဲဆိုတာ စဉ်းစားစရာပဲလို့ နိုင်ငံရေး လေ့လာသူတွေက ဆိုကြတယ်။

နှစ်ပေါင်း ၂၀ အတွင်းမှာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံက ဒေါ်လာ ဘီလီယံချီအကြွေး ပေးဆပ်စရာ ရှိတဲ့အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ နိမ့်ကျပြီး အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် တဦးကတော့ စစ်အစိုးရ လက်ထက် အတိတ်က အဖြစ်အပျက်တွေကို အရေးမယူနိုင်ရင်တောင် အနာဂတ် မျိုးဆက်သစ်တွေအတွက် လေ့လာနိုင်တဲ့ သမိုင်းတခုဖြစ်အောင် မှတ်တမ်းတင်နိုင်ဖို့ ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ်တွေ အားလုံး ကြိုးပမ်းသင့်တယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်မှသာ အာဏာရှင်စနစ်ကြောင့် ဘယ်လောက် တိုင်းပြည်အဖြစ်ဆိုး၊ အထိနာရတယ်ဆိုတဲ့ သင်ခန်းစာကို နောင်မျိုးဆက်သစ်တွေ သိရှိနားလည်နိုင်မယ်လို့ သူက ပြောပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအပေါ် မသမာမှု၊ ခြစားမှုတွေ လုပ်ခဲ့တဲ့ သူတွေအနေနဲ့လည်း ကိုယ့်အမှားကိုယ်သိပြီး ၀န်ခံမှုတွေ လုပ်ခြင်းဖြင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးကို ပူးပေါင်းပါဝင် ဆောင်ရွက်သင့်တယ်လို့ သူက သုံးသပ်တယ်။

တရားမ၀င် မှောင်ခိုစက်သုံးဆီ အရှုပ်တော်ပုံလို သဘာဝဓာတ်ငွေ့နဲ့ ရေနံအရှုပ်တော်ပုံ၊ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ အရှုပ်တော်ပုံ၊ လယ်မြေယာမြေ မတရားသိမ်းမှု အရှုပ်တော်ပုံ၊ ကားပါမစ်၊ ဆီပါမစ် အရှုပ်တော်ပုံ စတဲ့ စစ်အစိုးရလက်ထက် မသမာတဲ့ အရှုပ်တော်ပုံ မြောက်မြားစွာကို ဖော်ထုတ်နိုင်ခြင်း၊ မဖော်ထုတ်နိုင်ခြင်းက ဒီမိုကရေစီခရီးလမ်း ဘယ်လောက် ပေါက်ပြီလဲ ဆိုတာကို ပြသနိုင်မယ့် သက်သေတွေဖြစ်လာမှာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

ဒေါက်တာဝင်းမြင့်ရဲ့ အဆိုကတော့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အောင်အောင်မြင်မြင် အတည်ပြုနိုင်ခဲ့ပြီး တရားမ၀င် မှောင်ခို စက်သုံးဆီတွေ ၀င်ရောက်မှုကို တားဆီးနိုင်မယ့် အရိပ်အရောင်များစွာ ဖြစ်ထွန်းစေခဲ့ပါပြီ။


WSJ LIVE VIDEO:

22 Responses

Leave a Reply

  1. စက်သုံးဆီကိုပြည်သူတိုင်းတင်သွင်းခွင့်ရယငအခွန်ရပြီးဈေးနှုန်းတည်ငြိမ်ယခုကဲ့သို့ပြသနာမကြုံပါလက်ဝဲကြီးအုပ်တာကင်းရှင်းသွားမယ်

  2. အခြေခံဥပဒေနဲ့အကာအကွယ်ယူထားလိုက်ရင်လုပ်ချင်တာလုပ်ခဲ့တာတွေပြီးသွားပြီ၊လွတ်သွားပြီလို့ထင်နေကြပုံပဲ။တကဲ့ကောင်တွေ။အခုဒီကောင်တွေပဲအုပ်ချုပ်နေတယ်ဆိုတော့တိုင်းပြည်အတွက်တွေးသာကြည့်ကြပါတော့။

  3. Hluttaw is doing the right thing.

  4. (၁)အရင် အစိုးရ လက်ထက်က ညွှန်ကြားချက်တွေ ဖြစ်တဲ့ စတစ်ကာ မကပ်ရ၊ ဆိုင်ကယ်မစီးရ စသော ဥပဒေတွေကို ပြဌာန်းခဲ့ပါတယ်။ ချွင်းချက် အနေဖြင့် ဥပဒေ အပေါ်တွင် ရရှိသောဝန်ကြီးနှင့် ဗိုလ်ချုပ်သားသမီးများ လုံခြုံရေး အကြောင်းပြကာ စတစ်ကာ ကပ်ခွင့်ရရှိပါတယ်။ ထိုကားများတွင် သက်ဆိုင်ရာဌာနများမှ ထုတ်ပေးထားသော ထောက်ခံစာ ပါပါသည်။ ထို ထောက်ခံ လက်မှတ်များကြောင့် အောက်ခြေရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနိုင်ခြင်းမရှိပဲ ပြန်လွှတ်ပေးလိုက်ရကြောင်း သိရှိရပါသည်။ ထို အခွင့် အရေးကို အသုံးချကာ လူကြီး သားသမီး ဆိုသူများက စတစ်ကာ ကပ်ကားများဖြင့် ဥပဒေ ပြင်ပရှိ ပစ္စည်းများ တင်ဆောင် ရောင်းဝယ်ကြကြောင်း ကြားဖူးပါသည်။ ကျွန်တော်သိချင်သည်မှာ ထိုဗိုလ်ချုပ်များ တိုင်းပြည် ကို မည်ကဲ့သို့ အကျိုးပြုထားသဖြင့် ထိုအခွင့်အရေး များ ရရှိနေသနည်း ဆိုတာဖြစ်ပါသည်။ ဆောင်းပါးရှင်ဖြေကြားပေးပါ။
    (၂)ဆီများ မှောင်ခိုတင်သွင်း ရာတွင် တပ်မတော်ရေမှ အရာရှိများပါဝင်ပက်သက်လေ့ရှိပါသည်။ တပ်မတော်ရေမှ အထက်ပါကိစ္စနှင့် ပက်သက်၍ မည်သို့တုံ့ပြန်သည်ကိုလည်း စုံစမ်းပေးပါ။ ရွှေသံလွင် လုပ်ငန်းစုသည် ရေတပ်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ယခု ရင်းနှီးမြှပ်နှံမှု ကော်မရှင်ဥက္ကဌ နှင့် တော်တော်ရင်းနီးသည်ဟု ဆိုပါသည်။ မြန်မာပြည် privatization process ၏ ရှေ့ဆောင် အဖြစ် ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဥက္ကဌ ၏ တိုက်တွန်းချက်ကြောင့် စစ်တောင်းစက္ကူစက်ကို အရှုံးခံကာ ယူထားကြောင်းသိရှိရပါသည်။ ထိုအတွက်ကြောင့် အခြားနေရာတွင် အခွင့်ထူးများရရှိကြောင်းသိရပါသည်။ မည်သို့ အခွင့်အရေးများ ရရှိသည်ကို ကျွန်တော်တို့ မသိရပါ။ ရွှေသံလွင် ကို ကော်မရှင်ဥက္ကဌမှ စက်ကို ရပ်ပြီး အလည်ပြရန်ညွှန်ကြားခဲ့ သဖြင့် တိုင်းပြည်အတွက် အရေးကြီးသော ပညာရှင်များ စက်ရုံတွင် အလုပ်မရှိ အကိုင်မရှိ ဖြစ်သွားကြပါသည်။ ထုတ်လုပ်မှု မရှိပဲ အလည်ပြသဖြင့် တိုင်းပြည် အတွက် ဆုံးရှုံးခြင်းဖြစ်ပါသည်။ သမ္မတ ကြီးကို အကွက်စေ့စေ့ လိမ်တတ်သော ရေတပ် အရာရှိဟောင်းကြီး ဆီကိစ္စများနှင့်ပါ ပါဝင်ပက်သက်နေမည်လား ဆိုတာကို သံသယ ဝင်မိသောကြောင့် ဆက်စပ်တွေးမိစေရန် တင်ပြခြင်းဖြစ်ပါသည်။

  5. ဖိုးခွါး

    မြ၀တ်ီနယ်စပ်မှာလည်း ရွှေသံလွင် ကုမ္ပဏီက ပတ္တမြား ဓာတ်ဆီဆိုင်၊ နောင်ရိုးဓာတ်ဆီ ဆိုင်တွေကနေ သောင်ရင်းမြစ်တဖက်ကမ်းမှ ဆီများ တရားမ၀င်နေစဉ်တင်သွင်းနေပါတယ်။
    ထို့ အပြင် ဆက်သွယ်ရေး စက်ပစ္စည်းများကိုလည်း တရားမ၀င် တင်သွင်းနေသည့်အပြင် skynet စလောင်းများ။ စက်များကိုလည်း ထိုင်းနိုင်ငံမှ တဆင့်  ခိုးသွင်းနေပါတယ်။

  6. ဖိုးဇော်

    လွှတ်တော်ထဲရောက်နေတဲ့ ရွှေဘ။

  7. ဖိုးဇော်

    ရွှေဘလို့ဆိုလိုက်ရင် စကခ(၈)က သူတွေအားလုံးသိပါတယ်။

  8. မောင်မောင်

    သူရဦးရွှေမန်း အနေနဲ့ ဒီကိစ္စကို ထိရောက်ပြတ်သားစွာ ကိုင်တွယ်နိုင်မှသာ ၂၀၁၅အတွက် ပြည်သူတွေရဲ့ ကိုးစားယုံကြည်မှုကို တည်ဆောက်နိုင်မှာပါ။
    မိမိလုပ်ရပ်ကို တာဝန်ယူ ဖြေရှင်းနိုင်တဲ့ သတ္တိနဲ့ အရည်အချင်းမရှိတဲ့ ဦးမောင်ဦးလို လွှတ်တော်အမတ်ကတော့ အနာဂါတ်မဲ့နေပါပြီ။

  9. ကိုကိုကြီး

    အထှုးဖွဲ့ဖွဲ့စစ်သင့်တယ်။အဖွဲ့ကတိုက်ရိုက် သမ္မတနှင့်mediaကိုတိုက်ရိုက်အစီရင်ခံသင့်တယ်။

    • ကိုကိုကြီးရေ ။ သမ္မတ ဆီကို အစီရင်ခံရင်တော့ သမ္မတရုံး ဝန်ကြီး တစ်ယောက်က fabricate လုပ်လိုက် လို့ တရားလို ကတရားခံ ပြန်ဖြစ်သွားလိမ့်မယ်။ သမ္မတရုံး မှာ မြွေပွေးတွေ ရှိတယ်ဗျ။

  10. အဲဒီ အချိန်တုန်းက မှောင်ခိုဆီသဘောတစ်စီး ဖမ်းဆီးခံရမှု အတွက်ပြန်လွတ်ပေးနိုင်ရန် အတွက် အဲဒီအမိန်.ကိုထုတ်ခဲ.တယ်လို.သိရတယ် ဒီအမိန်.ရဲ. နောက်ကွယ်မှာ အဂတိလိုက်စားမှု လဒ်ငွေ အမြောက်အများ ယူခဲ.တာတွေ အားလုံးသိကြပါတယ်

  11. Other case is post on moemaka web-page by case of kyawsan co ltd.

  12. Dr. Win Myint right.

  13. ဒေါက်တာဝင်းမြင့်ဆိုတာစက်သုံးဆီလောကမှကျားကြီးထင်တယ် ဒါဆိုသူ့ တင်သွင်းတဲအဆိုကို ကန့် ကွက်သင့်တာလွတ်တော်ကအမတ်တွေမသိကြတာနေမှာပါ စက်သုံးဆီလောကသားများဘယ်သူမှမယုံရဘူး ပြည်သူနဲ့ နိုင်ငံအတွက်မဟုတ်တာသေခြာတယ် ဒါသူ့ အကြိုးအတွက်ပါရမယ်သေ. သူမြို့ နယ်ကပြည်သူတွေကံဆိုသဟေ့ အင်းစက်သုံးဆီလောကသားများသတိထားကြဟေ့ သိပ်ကြောက်ဖို့ ကောင်းတဲ့ကြောင်သူတော်နော်. ခေါင်းပေါင်းကြီးနဲ့ နော်

  14. လူမှန်

    စက်သုံးဆီမှောင်ခိုအကြောင်းဖက်ရတာများနေပြီ ကျောက် သစ် စတဲ့သတင်းကိုဖက်ချင်တာဘယ်သူမှမတင်ပြကြပါလား တကယ်တော့စက်သုံးဆီတင်သွင်းမူ့ ပမာဏလျော့ကျတာမှောင်ခိုနဲ့ တိုက်ရိုက်မသက်ဆိုင်တာဦးဝင်းမြင့်မသိတာလုံးဝမရိုးသားဘူးလို့ ထင်တယ် ဂျာနယ်တခုကသူ့ ကိုမေးထားတာဖက်လိုက်ရတာတလွဲဖြေထားတာတွေ့ လိုက်တယ် တကယ်တော့စက်သုံးဆီတင်သွင်းမူ့ လျော့ကျတာဖါးကန့်ဒေသပိတ်လိုက်လို့ ဆိုတာသူသိပါတယ်မြန်မာနိုင်ငံရဲ့ ဆီသုံးစွဲ့ပမာဏရဲ့ ၇၀%ဟာဖားကန့် ဖြစ်နေတာမသိချင်ရောင်ဆောင်နေတဲ့ လွတ်တော်မှာတင်ပြပေးရမှာကိုက မရိုးသားတာ ၎င်းဒေသကိုတင်ပို့ ဖြန့် ဖြူးရောင်းချကြတဲ့ တလကိုတန် ၃/၄သောင်းသွင်းတဲ့ ကုပမဏီကြီး၃/၄ခုကလျော့ ကျသွားတဲ့ တန်ဟာ တလကိုအနည်းဆုံး(၅၀၀၀၀)ရှိတယ် ဘာ့ ကြောင့်အဲဒီလောက်သုံးစွဲတာလဲသိရင်ရူပ်ကုန်တော့မယ် နဲနဲတော့ပြောပြမယ်. ၎င်းဒေသရဲ့ တရားဝင်လုပ်ကိုင်ခွင့်က စက်ကြီးများမပါ လက်ဖြင့်သာတူးပါ. တကယ်တူးတော့ စက်ယနနယားကြီးများနဲ့ (၂၄ )နာရီ ဒုတိယဟောင်ကောင်လို့ တောင်တင်စားခံရတဲ့ ဒေသ ၇၀%သုံးအားတွက်တာကြည့်. ၎င်းကုပဏီကြီး၃/၄ခုရသွားတဲ့ ကျောက် ၁ တုံး ပမာဏက ၆၀ ဘီလီယန် ရဲ့ အစွန်းထွက်လောက်ရှိမယ် သစ်လုပ်ကွက်တွေလဲ%တော်တော်လျော့ချထားတာနော်. ဆင် နဲ့ လား. စက်နဲ့ လား စဉ်းစားကြည့်ပေါ့  $ ဘီလီယန်ဆုံးရူံးနေတာဦးဝင်းမြင့်သိသင့်တာပေါ့ဗျာ. အချက်အလက်စုဆောင်ဆဲမို့ ဒီလောက်ပါပဲ. နောက်ဆောင်းပါးရေးတော့မှပြည့်စုံစွာဖော်ပြပါမည်။. လူမှန်

  15. New Day ဆီဆိုင်တွေမှာလဲ လူအကြီးကြီးတွေရဲ့ရှယ်ယာတွေပါတယ်ဆိုပဲ။

  16. နေမင်း

    ဘယ်လိုလဲ လူမိုက်မောင်ဦး၊ အပြောသမား ရွှေမန်းက ကိုယ့်ဘက်မလှည့်အောင် ကိုင်တွယ်သွားမှာပါ။ စိတ်ချရတဲ့လူမဟုတ်ပါ။

    အခြေခံဥပဒေနဲ့ နောက်ကျောလုံအောက်လုပ်ထားပြီး၊ ပြင်မရအောင် ဆားတမတ်သားထည့်တာ ပြည်သူက မသိဘဲနေရအောင် ငတုံးတွေမှမဟုတ်တာ။

    ပြစ်ဒါဏ်တွေရှိလာရင် ဌာနတွင်းဥပဒေတွေနဲ့ဘဲ အရေးမယူပါနဲ့၊ ပြည့်သူပိုက်ဆံကို ခိုးယူသုံးစွဲသူတွေဖြစ်လို့ ပြစ်ဒါဏ်ပြင်းထန်စွာပေးလိုက်ပါ၊ ပိုင်ဆိုင်မှုတွေသိမ်းလိုက်ပါ။ ဒီလိုရွှေမန်းလုပ်ရဲလား။ မထင်ပါ။

  17. Every military government destroy the country on the world.This is universal truth. Than Shwe destroy the justice.Khin Nyunt destroy the Education and all army general done lead to poor country for Myanmar (Burma) by administration.

  18. Congratulation Dr.Win Myint.

  19. Ask Moe Hay Ko’s so-called Ex- Nyi Nyi Tun.
    He is the bigget Diesel t***f in Singapore shipped to Myanmar.
    How he got the money to buy Moe Hay Ko’s house?

  20. ဦးဝင်းမြင့် နောက်ထပ် အောက်ဖဲတွေလဲများများလှန်ဗျာ….ရွှေမန်း၊တေဇ၊အောင်သက်မန်း၊တိုးနိုင်မန်း၊ခင်ရွေ တို့ အပေါင်းအပါလူတစ်စု ရဲ့ အောက်ဖဲတွေလဲလှန်ပြအုံး၊