သတင်း
အကောက်ခွန်ဝန်ထမ်း ၁၆ ဦး အငြိမ်းစား ပေးခံရ
Hits:16,225
  | |
Print This Post
ရန်ကုန် ကမ်းနားလမ်းရှိ အကောက်ခွန် ဦးစီးဌာန ရုံးချုပ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)
ရန်ကုန်ဆိပ်ကမ်းတွင် ရောက်ရှိသော  မော်တော်ကားများကို ထုတ်ယူရာတွင်  လာဘ်ပေးလာဘဘ်ယူမှုများ ပါဝင်ပတ်သက်သည်ဟု ဆုံးဖြတ်ပြစ်တင်ခံခဲ့ရသော အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်း ၁၆ ဦးမှ မယူမနေရ အငြိမ်းစားပေး အရေးယူလိုက်ကြောင်း သတင်းရရှိသည်။
အစိုးရက မော်တော်ကားများကို ထုတ်လုပ်သည့်ခုနှစ် မော်ဒယ်ကန့်သတ်ချက်ဖြင့် တင်သွင်းခွင့်ပြုလျက်ရှိရာတွင် ကန့်သတ်ချက်နှင့် ကိုက်ညီမှု မရှိသော ကားများကို အကောက်ခွန်ဝန်ထမ်းများက လာဘ်ပေးလာဘ်ယူ ပြု ထုတ်ပေးလျက်ရှိသည်ဆိုသော တိုင်ကြားစာတစောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနထံသို့ ရောက်ရှိရာမှ စတင်ပြီး အကောက်ခွန်ဝန်ထမ်းများကို ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ၂၀၁၂ခုနှစ် အောက်တိုဘာလမှ စတင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လေးလအကြာ ယခု ဖေဖော်ဝါရီလဆန်းပိုင်းတွင် အကောက်ခွန်ဝန်ထမ်းများကို မယူမနေရ အငြိမ်းစားပေး အရေးယူလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။
အကောက်ခွန်ဦးစီးဌာနက တရားဝင်ထုတ်ပြန်ရာတွင် အရေးယူခံရသော ၀န်ထမ်း ၁၆ ဦးတွင် လက်ထောက်ညွှန်ကြားရေးမှူး ၂ ဦး၊ ဦးစီးအရာရှိ ၂ ဦး၊ အခြားအဆင့်ဝန်ထမ်း ၁၂ ဦး စုစုပေါင်း ၁၆ ဦးဖြစ်ပြီး ၎င်းတို့ကို ၀န်ထမ်းစည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
” အရေးယူဖြစ်သွားတဲ့ အကြောင်းရင်းကတော့ တိုင်ကြားစာတွေကို စုံစမ်းစစ်ဆေးရာက တကယ်ကျူးလွန်နေ ကြောင်းတွေ့လို့အရေးယူတာပါ” ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းကလည်း တရားမ၀င် လိုင်စင်မဲ့ကားများကို ဆိပ်ကမ်းများမှ တရားမ၀င် ထုတ်ယူခွင့် ပြုခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း ၅ ဦး၊ အကောက်ခွန် ဦးစီးဌာနမှ ၃၃ ဦး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ ၀န်ထမ်း ၅ ဦး စုစုပေါင်း ၄၃ ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးချ ဌာနပြောင်း အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အလုပ်ထုတ် အရေးယူ ခံရသူများတွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ ပါဝင်ကြောင်း သိရှိရသည်။
အကောက်ခွန်ဦးစီးဌာနအတွင်းတွင် အဆင့်လိုက် အကျင့်ပျက် ခြစားမှုများရှိနေပြီး ထင်သာမြင်သာမှု အားနည်းကြောင်း၊ အစိုးရက လာဘ်ပေးလာဘ်ယူမှုများ အရေးယူသည်ဟုဆိုသော်လည်း အမှန်တကယ် အရေးယူရာတွင် ငွေကြေးပမာဏ အနည်းငယ်သာ ခြစားမိသော ၀န်ထမ်းအချို့ကိုသာ အရေးယူပြီး ငွေကြေးသိန်းရာထောင်ချီလာဘ်စားထားသော အရာရှိကြီးများ မှာ ယနေ့အချိန်အထိ အရေးယူခံရခြင်းမရှိဘဲ ဆက်လက် တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း အမည်မဖော်လိုသူ အကောက်ခွန်ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
“ဆုကြေး ဆိုတဲ့နောက်ကွယ်မှာလည်း လာဘ်ပေးလာဘ်ယူမှုတွေ မသမာမှုတွေ အများကြီး။ လာဘ်ပေးလာဘ်ယူမှုတွေက ပုံစံမျိုးစုံနဲ့ဖြစ်နေတာ။ အရင်ဘဏ္ဍာ/အခွန်ဝန်ကြီးဟောင်း ဦးလှထွန်း(ယခုသမ္မတရုံးဝန်ကြီး) လက်ထက်မှာလည်း တပည့်လက်သားကို နေရာပေး၊ တကယ်တန်း ခြစားမှုတွေဖော်ထုတ်မယ်ဆိုရင် အားလုံးမကင်းပါဘူး။ အရေးယူတယ်ဆိုရင် မျှမျှတတ အားလုံး အရေးယူသင့်တယ်။ ဟိုလူကို ထိုးချ၊ ဒီလူကို ကန်ထုတ်နဲ့ တကယ်ချမ်းသာနေတဲ့ အရာရှိတွေက ဘေးကင်းနေဆဲပါ။ အရေးယူတယ်ပြောပြီး တကယ်အရေးယူခံလိုက်ရတဲ့ဝန်ထမ်းတွေက သိပ်ကြီးမားတဲ့ လာဘ်ပေးလာဘ်ယူထားတဲ့သူတွေမဟုတ်ဘူး” ဟု အကောက်ခွန်ဝန်ထမ်းက ရှင်းပြသည်။
မကြာသေးမီကလည်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအ၀င် ဆက်သွယ်ရေးအရာရှိများကို အစိုးရက အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်း မပြုသဖြင့် ယခင်စစ်အစိုးရလက်ထက် ကျူးလွန်သော အကျင့်ပျက်ခြစားမှုများပါ မီးခိုးကြွက်လျှောက် ဖော်ထုတ်ရမည်ကြောင့် သတင်းမထုတ်ပြန်ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်သူများက သုံးသပ်ကြသည်။
ရန်ကုန်အခြေစိုက် စီးပွားရေး ပညာရှင်အချို့ကမူ အစိုးရ၏ ပွင့်လင်းမြင်သာမှု မရှိသော လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်မှု သည် အောင်မြင်မှုရှိမည် မဟုတ်ကြောင်း သုံးသပ်ပြောဆိုကြသည်။
WSJ LIVE VIDEO:
13 Responses
Leave a Reply
  1. Because they already have too much money and their lives have been secured for three generations. It is not called rule of law but encouraging bribery.
  2. ညောင်မြစ်တူးရင် ဘာတွေ့ မလဲ
  3. whatever small or big, you guys do it. all are same.
  4. အငြိမ်းစား
    ကောင်းတာပေါ့။ ၀န်ထမ်းဘ၀မှာ ရှာဖွေစုဆောင်းထားသမျှတွေကို အလုပ်လုပ်စရာကိုမလိုတော့ပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့စားရုံပဲ…ဟဲဟဲ…..(အဲဒါကိုအငြိမ်းစားလို့ပြောတာထင်ပါ့။)
  5. အိမ် ရယ် ကားရယ် ပြီးတော့ သိန်းထောင်ချီပြီး ဘဏ်ထဲမှာ ထဲ့ထား….အခုတော့ အငြိမ်းစား …အေးဆေးပါ…ထိုင်စားလို့ ရပြီ…ဘာလိုသေးလဲ အချစ်ရယ်….နောက်လာမဲ့ လူတွေ ဆက်စား…ဆက်လုပ်…ရတာအကုန်ယူ..အကုန်စား…မိရင် အငြိမ်းစား..ဒါဘဲ….ဒါနဲ့..အကောက်ခွန်ပြီးရင် ဘယ်ဋ္ဌာန လဲဟင်? မသိလို့နော်…
  6. သဘောက မတိုင်ရင် ဘာမှမလုပ်ကြဘူးပေါ့လေ။ တိုင်မှပဲနိုင်တဲ့သူကိုအဖြစ်သဘော ဖမ်းပြတဲ့ပုံဖြစ်နေတယ်။
    တစ်နိုင်ငံလုံးက အကောက်ခွန်တွေကိုကျတော့ဘေးမဲ့ပေးထားတယ်လေ။
    တိုင်တာကလည်း အချင်းချင်းအဝေမတည့်လို့တိုင်တာများတယ်။
    အားလုံးကိုသိစေချင်တာကတော့
    တစ်နိုင်ငံလုံးမှာ မင်းမဲ့စရိုက်တွေလွှမ်းမိုးစပြုနေတယ်။
    တရားဥပဒေစိုးမိုးဖို့ဆိုတာကလည်းအိပ်မက်တခုလိုပဲဖြစ်နေတယ်။
    အစိုးရ၀န်ထမ်းတွေကတော့အရင်အတိုင်းပါပဲ တိုင်မှသာတိုင် စားလို့ရသလောက်
    တော့အလုပ်မပြုတ်မချင်းတော့စားနေကြမှာပဲ။ ကြာလာလေပိုကြပ်လေဖြစ်တော့မဲ့အတူတူ
    အခုကတည်းကပိုတိုးစားထားမှတော်ကာကျမယ်လေ။
    တိုင်းတိုင်းလည်းအရေးယူတာမှမဟုတ်တာ ကိုယ်တိုင်တဲ့သူကအကောင်တစ်ကောင်
    ကောင်ရဲ့ပဏာတော်ဆက်ဖြစ်နေရင်ဘယ်သူဖမ်းရဲမှာလဲ။ ကွီ့ သွားမယ်လို့သိရတယ်။
    ကျွန်တော့သိသလောက်တော့ ဦးသိန်းစိန်အစိုးရအဖွဲ့ထဲမှာတစ်ခုခုတော့ တခုခုပဲ။
    ထင်သလောက်လဲမဟုတ်တာတွေ့ရတယ်။ virus နဲနဲထိနေတယ်နဲ့တူတယ်။
  7. ဟိုတလောက ငယ်သူငယ်ချင်းတွေ စကားဝိုင်းတခုမှာ မြန်မာပြည် ပြန်လည်တဲ့ သူက ပြောတယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းတယောက် အခု ဌာနဆိုင်ရာ လူကြီးတွေ အပြောင်းအပြုတ်မှာ သူက ဌာနကြီးတခုကို လက်ထောက်ညွှန်မှုးရာထူးနဲ့ ရောက်သွားသတဲ့။ မကြာခင် မိသားစုထဲမှာ နာမကျန်း ဖြစ်သတဲ့။ အဲသည်ရောဂါက နိုင်ငံခြား သွားကုရင် ပျောက်နိုင်သလို၊ အချို့ မြန်မာပြည်က လူနာ အတော်များများက ပြည်ပ သွား ကုသတဲ့။ အဲသည် အရာရှိလက်သစ်ကတော့ အရင်ကတည်းက ဖြောင့်မှန် လာဘ်ပေးလာဘ်ယူ ကင်းလို့ မိဘခြံဝင်းထဲ အိမ်ကလေး ဆောက်နေပြီး စားနိုင်ယုံ ဆိုပါတော့။ (ဒါကြောင့် လာဘ်မစားလို့ အဲသည် ဌာနကြီး ပြောင်းရတယ်လို့လဲ ပြောကြတယ်။ ထားပါတော့။) အဲသည်မှာ မြန်မာပြည် အလည်ပြန်ပြီး ပြန်လာတဲ့ ပြည်ပအခြေစိုက် မိတ်ဆွေက ဘာပြောသလဲ ဆိုတော့ သူတို့ ငယ်သူငယ်ချင်းတွေက အဲသည် အရာရှိလက်သစ် သူငယ်ချင်းကို ၀ိုင်းတိုက်တွန်း ပြောခဲ့သတဲ့။ လူတိုင်းစားနေတဲ့ နေရာ၊ မင်း ပြုတ်သွားရင် ခံသာအောင် နည်းနည်းပါးပါး စားဦး တဲ့။ မတရား မဟုတ်တောင် အခုပဲ လူမမာကုဘို့ ဆေးဘိုး မရှိဘူး မဟုတ်လား၊ စားထား လို့ ၀ိုင်းတိုက်တွန်းခဲ့ကြသတဲ့။ စကားဝိုင်းထဲ အခြားသူတွေတော့ မသိ၊ ကိုယ်ကတော့ အရမ်း အံ့သြ သွားတယ်။ နောက်ပြီး မတရား မဟုတ်တောင် နည်းနည်းပါးပါး စားထားလို့ တိုက်တွန်းခဲ့တယ် ဆိုတော့ နည်းနည်း လာဘ်ယူတာက အပြစ်ကင်းလို့လား။ ယူခွင့် ရှိလို့လား။ အဲဒါ ပြည်ပမှာ အနှစ် ၂၀ ကျော် နေနေသူက ပြောတာ။ အံ့သြတယ်၊ အတွေးအခေါ် ခံယူချက်တွေကို။
  8. This is good news for corrupt employees. They can suck as much blood as they can, then resign to live peacefully. I heard that the recent retirees are playing golf in Nay Pyi Taw with their stepfathers. What a life!
  9. တိုင်တဲအခါမှလည်း နိုင်တဲ့သူ၊ ကိုယ့်ရဲ့တပည့်တွေနှင့် လွတ်တဲ့သူကို ဖမ်းပြတဲ့ပုံဖြစ်နေတယ်။
    MFTB ငွေတစ်ခါအပ်ရင် ccTV camera သာတပ်ထားတာ။ စာရေးမတွေက ခပ်တည်တည်နှင့် ဘယ်လောက်ပေးရမယ်ဆိုပြီး လာဘ်စားတယ်။ မြန်မာ့စီးပွားရေး ဘဏ်မှာ သိန်းတစ်ရာ အပ်ရင် မန်နေဂျာ လက်မှတ်ထိုးရတာရယ် စာရေးမကို ငါးထောင်လောက် မုန့် ဖိုးပေးရတာ
    အရင်ဝန်ကြီးလက်ထက်ကနေ အခုဝန်ကြီးထိ ရှိတုန်းပဲ ၊တိုင်လဲတိုင်ြကတာပဲ.၊
    ဒါပေမဲ့ အရင်ဝန်ကြီးက အခု ဦးသိန်းစိန်ဘေးမှာ ၊ အခုဝန်ကြီးက ၀န်ကြီးဦးစိုးသိန်းရဲ့ ရေတပ်က လက်ရင်းတပည်း ဆိုတော့ အောက်ကအဖျားအနားလူတွေသာပြုတ်သွားတာပေါ.
  10. လာဘ်စားလို့ဖြုတ်ထုတ်သတ်တွေလုပ်နေရင် ဌာနနစ်နာမယ်၊ ဌာနနစ်နာရင် နိုင်ငံတော်
    နစ်နာမယ် ၊ မဆိုင်ဘူးလို့တော့မပြောနဲ့ တကယ်နစ်နာမှာ ကြာလာရင် အခုလိုတိုးတက်စပြု
    နေတဲ့ နိုင်ငံတော်ကြီးမှာ သူများနိုင်ငံမှာမရှိတဲ့ အဖွဲ့အစည်းတွေရယ် သူများနိုင်ငံမှာမရှိတဲ့ အမှု
    အကျင့်တွေရယ် သူများနိုင်ငံမှာမရှိတော့တဲ့ ဥပဒေတွေရယ် အခုထက်ထိရှိနေတုန်းဘဲ။
    အကောက်ခွန်က၀န်ထမ်းတွေလာဘ်ဘဲစားကြတာလား၊ နိုင်ငံတော်အတွက် ကောင်းရာကောင်း
    ကြောင်းမလုပ်ခဲ့ကြလို့လား၊ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို မရှာပေးခဲ့ကြလို့လား အခုချိန်မှာမှ
    မကောင်းဘူးပြောကြတာနဲ့ ဆင်ခြင်သုံးသပ်မှုမရှိဘဲ ဝေဖန် အပုပ်ချစော်ကားချင်တိုင်းစော်ကားမှုတွေဟာတစ်ချိန်ချိန်မှာကိုယ့်ဖက်ကို ပြန်လှည့်တတ်ပါတယ်။ မြေနိမ့်ရာလှံစိုက်သဘောမျိုး မိမိအတွက်ရော သူတစ်ပါးအတွက်ပါမကောင်းတဲ့
    ဝေဖန်ပြောဆိုမှုမျိုးတွေလုပ်နေကြတာဟာကောင်းရောကောင်းကြသလား။ နိုင်တဲ့သူကိုဘဲ့
    ဖိပြီး နိုပ်ကွပ်နေတဲ့သဘောတရားတွေဟာရွံမုန်းစရာကောင်းပါတယ်။ ၀န်ထမ်းတိုင်းဝန်ထမ်း
    တိုင်းဟာ လစ်ရင်လစ်သလို လာဘ်စားခဲ့ကြပြီးပါပြီ။အခုမှအကောက်ခွန်တစ်ခုတည်းကိုဘဲ
    မည်းမည်းမြင်ရာ နိုပ်ကွပ်နေလို့ကတော့ သင်တို့လည်းတစ်နေ့နေ့မှာ အလှည့်ကျလာပါလိမ့်
    မယ်။ ဆိုလိုတာက မကောင်းတာကို ကောင်းတာလေးတွေနဲ့ဖြည့်စွက်ပေးချင်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ၀န်ထမ်းတွေကို လုံလောက်တဲ့လုပ်ခ လစာတွေကိုတိုးမြှင့်ပေးဖို့ကိုမတတ်နိုင်သေးဘူး။ နိုင်ငံ
    ဒီဝန်ထမ်းတွေ လာဘ်စားကြပါတော့မလား။ ကောင်းမွန်တဲ့အရာတွေကိုတော့စမ်းသပ်ကာလ
    ဆိုပြီးတော့လုပ်ပေးခဲ့ကြသလား။ ဥပမာ တစ်ခြားနိုင်ငံတွေမှာမရှိတဲ့ mobile team လိုအဖွဲ့
    အစည်းတွေရှိကောရှိသင့်သလား၊ ၀န်ထမ်းတွေခရီးသွားရင် ပြန်ရတဲ့ခရီးစရိတ်တွေ၊ ဒါတွေကိုပြင်ဆင်ပေးဖို့ကောင်းပါပြီ။ ပြောလိုက်ရင်တော့ ၀န်ထမ်းတွေလာဘ်စားတယ်။
    အကောက်ခွန်ဆိုတာလည်းနိုင်ငံဝန်ထမ်းတွေပါဘဲ။ ကျန်တဲ့ဝန်ထမ်းတွေဟာလည်း နိုင်ငံဝန်
    ထမ်းတွေပါဘဲ။ ၀န်ထမ်းတွေကိုနိုပ်ကွပ်ပြီး ဖြုတ်ထုတ်သတ်တွေလုပ်နေတာဟာ ဖြုတ်ထုတ်
    သတ်လုပ်ခံရတဲ့ ၀န်ထမ်းတွေနေရာမှာ လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ ဆွေမျိုးသားချင်း တွေကို
    ထည့်သွင်းချင်လို့လား ဒါဆိုရင်တော့မှာမယ်နော် အစားထိုးခံရတဲ့ဝန်ထမ်းတွေဟာလည်း
    တစ်နေ့ကျရင်ဖြုတ်ထုတ်သတ်ခံရဦးမှာပါ။ အဲဒီအခါကျရင် လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ ဆွေမျိုး
    သားချင်းတွေလည်း ဖြုတ်ထုတ်သတ်ခံရအုံးမှာပါ။ တစ်ကယ်တမ်းမှန်မှန်ကန်ကန်နဲ့ဖြစ်သင့်
    တာကတော့ နိုင်ငံတော်အတွက် ၀န်ကိုထမ်းနေကြရတဲ့ဝန်ထမ်းတိုင်းဝန်ထမ်းတိုင်းဟာ
    သင့်တင့်မျှတ မိသားစုလုံလောက်တဲ့ စရိတ်လစာကိုခံစားစေသင့်ပါတယ်။ ဒီလိုလုပ်လို့မှ
    လာဘ်စားနေရင်တော့ကဲ သေဒဏ်ပေးမလား၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီးနိုင်ငံပိုင်သိမ်း
    မလားဆက်လုပ်တာကောင်းပါတယ်။ ၀န်ထမ်းတွေလာဘ်စားလို့အရေးယူတာတော့ဟုတ်ပါပြီ
    လာဘ်စားတာမျိုးမဟုတ်ဘဲနဲ့ ဒီ့ထက်ဆိုးဝါးတဲ့ အလွဲသုံးစားလုပ်ခဲ့ကြတဲ့ မည်သူမည်ဝါရယ်
    လို့မဆိုလိုပါ သိကြပါလိမ့်မယ်။ သူတို့တွေကိုကောဘယ်လိုအပြစ်ဒဏ်တွေပေးခဲ့ပြီးပြီလဲ။
    အပြစ်ဒဏ်မပေးတဲ့အပြင် ဘယ်လိုနေရာတွေမှာ ဘယ်လိုရာထူးတွေနဲ့ တာဝန်ထမ်းဆေင်
    နေကြတယ်ဆိုတာကို ထမင်းစားပြီးကြီးတဲ့လူတိုင်းလူတိုင်းသိကြပါတယ်။ မသိချင်ယောင်
    ဆောင်ပြီး ငါတကောကောနေကြတာ ယုတ်ညံလွန်းပါတယ်ဗျာ။ မျက်လုံးဖွင့်ပြီး အိပ်မနေကြပါ
    နဲ့တော့၊ နိုင်ငံတော်အတွက်လူမျိုးအတွက်တကယ်ကောင်းစားစေချင်တယ် တိုးတက်စေချင်
    တယ်ဆိုရင် ကောင်းမွန်သင့်မြတ်မှုတွေကိုအရင်လုပ် စမ်းသပ်ပြီးမှ အပြစ်ပေးဒဏ်ပေးတွေ
    လုပ်သင့်ပါတယ်။ ဆုတောင်းပါတယ် မျက်လုံးဖွင့်ပြီးအိပ်နေကြသောနိုင်ငံအကြီးအကဲများ
    အိပ်နေရာမှနိုးထနိုင်ကြပါစေဗျား
  11. NOK AIRက မဲဆောက် ၊ ဘန်ကောက် လေကြောင်းခရီ စဉ် ကို တရားဝင် ပါတိစပို့ ကိုင် နဲ့-ထိုင် သွါးသူတွေ ကိုပါ မြ၀တီ က နေ border pass နဲ့ ၀င်သူတွေ ကိုပါ ထိုင်း လ ၀ က၊ ကခွင့်ပြုမယ်ဆို ပိုကောင်းပါမယ်။
  12. အကောက်ခွန်ဆိုတာလည်းနိုင်ငံဝန်ထမ်းတွေပါဘဲ။ ကျန်တဲ့ဝန်ထမ်းတွေဟာလည်း နိုင်ငံဝန်
    ထမ်းတွေပါဘဲ။ နိုင်တဲ့ ၀န်ထမ်းတွေ၊ ကိုယ်တပည့်တွေနှင့် ကင်းတဲ့ ၀န်ထမ်းတွေကိုနိုပ်ကွပ်ပြီး ဖြုတ်ထုတ်သတ်တွေလုပ်နေတာဟာ လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ ၊ တစ်နည်းအားဖြင့် (super) ၀န်ကြီးတွေရဲ့ တပည့်တွေကို ထည့်သွင်းချင်လို့ ဖြစ်နေပါတယ်။
    အခုခေတ်က (super) ၀န်ကြီးတွေရဲ့ တပည့်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သမ္မတကြီး နှင့်နီးစပ်သူသာလျင် နေရာမြဲမှာ ဖြစ်ပါတယ်။ အဒီလူတွေနှင့် တစ်ယောက်မှ ရင်းနှီးမှုမရှိရင် ၀န်ထမ်းငယ်လေးမပြောနှင့်၊ ၀န်ကြီးတောင်ပြုတ်တဲ့ အချိန်ဖြစ်နေပါတယ်။
    နီးစပ်မှုရှိရင်တော့ ဘာမှကျွမ်းကျင်စရာမလိုလဲ၇တယ်၊၀န်ကြီးတောင်ဖြစ်နေတဲ့ခေတ်ပါ။ အရှင်မွေးတော့ နေ့ ချင်းကြီးပေါ.။