လက်ပံတောင်း ဒဏ်ရာရသူများ ကုသရေး စိုးရိမ်နေရ | ဧရာဝတီ
သတင်း

လက်ပံတောင်း ဒဏ်ရာရသူများ ကုသရေး စိုးရိမ်နေရ

Hits:1
  | |

မုံရွာဆေးရုံကြီးပေါ်က ခန္ဓာကိုယ်အနှံ့ မီးလောင် ခံထားရသော ရဟန်းတပါး။ (ဓါတ်ပုံ – မန်းသားလေး / ဧရာဝတီ)

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းများဖြိုခွင်းခံရမှု၌ ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရသော သံဃာအများစုနှင့် လူပုဂ္ဂိုလ်များ၏ မီးလောင်ဒဏ်ရာများမှာ ကူးစက်ပိုးဝင်နိုင်သည်ဟု သက်ဆိုင်သူများက စိုးရိမ်နေရကြောင်း သိရသည်။

နောက်ဆုံးသိရသော သတင်းများအရ မုံရွာပြည်သူ့ ဆေးရုံကြီးတွင် သံဃာတော် ၂၇ ပါး၊ လူပုဂ္ဂိုလ် တစ်ဦးနှင့် မန္တလေး ပြည်သူ့ ဆေးရုံကြီးတွင် သံဃာတော် ၂ ပါး တို့မှာ မီးလောင်ဒဏ်ရာများကြောင့် အပေါ်ယံအရေပြားများကွာကျထားသည်။

ဒဏ်ရာရ သံဃာတော် ဦးသိက္ခဉာဏ ၏ သားဖြစ်သူ တိမွေးကု ဆရာဝန် ဒေါက်တာ နေသူရိန် က ဧရာဝတီသို့ ပြောရာတွင် “မီးလောင်ဒဏ်ရာတွေက မသေစေနိုင်ပေမယ့်၊ သူက ခန္ဓာကိုယ်ကို အကာအကွယ်ပေးတဲ့ အရေပြားတွေ ကွာကျထားတော့ အကာရံမရှိတော့ပဲ ပိုးတွေက အလွယ်တကူဝင်ရောက်နိုင်ပြီး ခန္ဓာကိုယ် တခုလုံး မလှုပ်ရှားနိုင်တော့တဲ့အနေအထားကနေ အသက်ဆုံးပါးသွားနိုင်တဲ့အနေအထားထိစိုးရိမ်ရပါတယ်” ဟု ပြောသည်။

မန္တလေးဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသော ဆရာတော် ဦးသိက္ခဉာဏ မှာ ခန္ဓာကိုယ် တခုလုံး၏ ၄၅ ရာခိုင်နှုန်းတွင် မီးလောင်ဒဏ်ရာများကြောင့် အရေပြားများကွာကျနေပြီး ၎င်းအား သီးသန့်ခန်းဖြင့် ထားရှိခွင့် ရသော်လည်း အဆိုပါအခန်းသည် ပိုးသတ်ဆေးများဖြန်းထားခြင်း မရှိသကဲ့သို့ သန့်ရှင်းမှုလည်းအားနည်းကြောင်း အကယ်၍ ခွင့်ပြုချက်ရရှိပါက နိုင်ငံခြားသို့ တင်ပို့ ကုသလိုကြောင်း ဆေးရုံအုပ်ထံတောင်းဆိုသွားမည်ဟုဆိုသည်။

အလားတူ ဆရာတော် ဦးသိက္ခဉာဏ နှင့် အတူ လက်ပတောင်းဖြိုခွင်းမှုတွင် ဒဏ်ရာအပြင်းထန် ရရှိခဲ့သူ ဆရာတော် ဦးဝိသုဒ္ဓ မန္တလေးဆေးရုံကြီးတွင် သီးသန့်ခန်းတွင်ထားရှိခွင့်မရဘဲ ပြင်ပလူနာများဖြင့် ပူးတွဲထားရှိသဖြင့် ပိုမိုစိုးရိမ်ရကြောင်း မုံရွာ ဆေးရုံ ကြီး တွင် ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအတွက်လည်း စိုးရိမ်ရကြောင်း ဒေါက်တာ နေသူရိန် က ဆက်ပြောသည်။

“မီးလောင်ဒဏ်ရာတွေကနေ ရောဂါပိုးတွေဝင်ခဲ့ရင် သွေးအဆိပ်သင့်ပြီးတော့ ခန္ဓာကိုယ်က အဆင်မပြေဖြစ်လာခဲ့မယ်၊ နောက်ပိုင်းမှာဆိုရင် အတွင်းထဲက ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက အလုပ်မလုပ်နိုင် မစားနိုင်မသောက်နိုင်ဖြစ်ပြီးတော့ အသက်အန္တရယ်ကို ထိခိုက်နိုင်ပါတယ်၊ ဒါကြောင့် ဒီလိုဒဏ်ရာရရှိသူတွေကို ရောဂါပိုးမွှားကင်းစင်တဲ့ သီးသန့် တစ်နေရာမှာ တလလောက်ထားပြီးကုသနိုင်တဲ့ နေရာတစ်နေရာဖန်တီးနိုင်ရင် ပိုကောင်းပါတယ်” ဟု သူက ဆက်ပြောသည်။

ဆရာတော် ဦးဝိသုဒ္ဓကို စောင့်ကြည့်ပေးနေသူ အရှင် စန္ဒဓန ကလည်း “ဦးဝိသုဒ္ဓက အောက်ပိုင်းတပိုင်းလုံး မီးလောင်ဒဏ်ရာနဲ့ အရေပြားတွေကွာကျထားတာပေါ့၊ မနေ့ကတည်းက သီးသန့်ခန်း ရဖို့ ဆေးရုံကိုပြောပါတယ်၊ အခန်းမရှိတော့ဘူးလို့ ဆေးရုံက ပြောလို့ ဒီအများထားတဲ့နေရာမှာပဲ ရောပြီး ကုထားပါတယ်၊ ဆေးရုံ ကတော့ ဒီဒဏ်ရာကို အရေးတကြီးရောဂါလို့ သတ်မှတ်ပုံ မရဘူး” ဟု ဧရာဝတီသို့ မိန့်ကြားသည်။

အလားတူ မုံရွာပြည်သူ့ဆေးရုံကြီးတွင်လည်း သံဃာ ၂၇ ပါးနှင့် ကိုကျော်စွာမိုးတို့ မှာ မီးလောင်ဒဏ်ရာများနှင့် ဆေးကုသမှု ခံယူနေလျက်ရှိပြီး သံဃာအချို့ကို ပြင်ပလူနာများဖြင့် အတူထားရှိပြီး ကုသနေသည်ကိုတွေ့ရကြောင်း မုံရွာဆေးရုံကြီးတွင် သံဃာတော်များကို သွားရောက် ကြည့်ရှုသူ NLD ပါတီဝင်တဦးက ပြောသည်။

“အသက်အန္တရာယ်ကတော့ အကုန်လုံးလို စိုးရိမ်စရာမရှိတော့ဘူးလို့ ပြောရမယ်၊ သံဃာအများစုကတော့ သီးသန့်ခန်းတွေမှာ ထားကုပေးထားတယ်၊ မျက်စိတဖက် ထိခိုက်ထားတဲ့ ကိုယ်တော်တပါးနဲ့ ၃ ပါးပဲ အပြင်လူနာတွေနဲ့ရောထားတာရှိတယ်၊ ဒီကအခန်းတွေကလည်း ပိုးသတ်ထားတာမရှိတော့ ပိုးဝင်မဝင်တော့မသိဘူး” ဟု သူက ဧရာဝတီသို့ပြောသည်။

မုံရွာပြည်သူ့ဆေးရုံကြီးတွင်ကုသနေသော သံဃာတော်များကို ယင်းဒေသကိုရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့မနက်တွင် သွားရောက်တွေ့ဆုံကာ အားပေးစကားပြောဆိုခဲ့ကြောင်း သိရသည်။

ဆောင်းကာလ ရာသီဥတုကြောင့် မီးလောင်ဒဏ်ရာများမှာ နာကျင်ကိုက်ခဲကြောင်း မျက်နှာနှင့် ခန္ဓာကိုယ် ဘယ်ဘက်တစ်ခြမ်း မီးလောင်ဒဏ်ရာ ရရှိခဲ့သူ လက်ပံတောင်းဒေသခံ မဖြူဖြူဝင်း က ဧရာဝတီသို့ပြောသည်။ ၎င်းအနေဖြင့် ဆေးပညာဗဟုသုတ မရှိသဖြင့် ဒဏ်ရာများကို အပြင်ဆေးခန်းတွင်ပင် ကုသမှုခံယူနေကြောင်း ထပ်လောင်းပြောဆိုသည်။

ယခုလ၂၉ ရက်နေ့မနက် ၃ နာရီခန့်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြနေသည့် သပိတ်စခန်းများကို အစိုးရ အာဏာပိုင်များက မီးသတ်ပိုတ်၊ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးနှင့် ရဲတပ်ဖွဲ့အင်အားများဖြင့် အသုံးပြုဖြိုခွဲရာတွင် သံဃာတော် အပါး ၇၀ ကျော်နှင့် လူပုဂ္ဂိုလ် ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် အင်အားသုံးဝင်ရောက် စီးနင်းခဲ့သော ရဲတပ်ဖွဲ့ဝင်များက သံဃာ ၇ ပါးအပါအဝင်လူပုဂ္ဂိုလ် အချို့ကို ရိုက်နက် ဖမ်းဆီးကာ ထိုသံဃာတော်များကို ယမန်နေ့ညနေပိုင်းက ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။


WSJ LIVE VIDEO:

7 Responses

Leave a Reply

  1. မြန်ရကြားရတာ ရင်ထဲမှာ တကယ့်ကို မကောင်းပါဘူး။ ဒဏ်ရာရသူ ရဟန်းသံဃာနဲ့ ပြည်သူတွေအားလုံး အမြန်ပျောက်ကင်းပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ရည်ရွယ်ချက်များ အောင်မြင်ပါစေ။

  2. စိတ်မကောင်းဘူးဗျာ ။ရဟန်းသံဃာတွေ အတွက်ေ၇ာ် ပြည်သူ တွေ အတွက် ပါ ထပ်တူ ခံစား ၀မ်းနည်းမိတယ်ဗျာ……..

  3. မင်းတို့နဲ့တရုတ်တွေအမျိုးတော်တာလား

  4. တရုတ်ကိုကြေက်လို့
    ဘသာ သာသနာကိုစော်ကားတာလား

  5. ဒီမိုကရေစီနိုင်ငံဆိုရင် တာဝန်ယူသင့်သူတွေ တာဝန်ယူရမယ်။ပထမဆုံး ပြည်နယ်ဝန်ကြီးချုပ်ဦး
    သာအေးကို စစ်ဆေးရမယ်၊ ပြီးရင်ပြည်ထဲရေးဝန်ကြီးကို စစ်ဆေးရမယ်။ ပစ်မှုကျူးလွန်တဲ့ ရဲသားတွေကို ဖမ်းဆီးထားရမယ်။ အားလုံးစစ်ဆေးပြီးမှ ပစ်မှုကျူးလွန်သူအားလုံးကို ဥပဒေအရ
    အရေးယူအပစ်ပေးရမယ်။ဒါမှယုံကြည်လောက်တဲ့ ဒီမိုကရေစီ အစိုးရဖြစ်မှာပါ။
    သံဃာတော်အရှင်မြတ်များနှင့်လူများအားလုံး အမြန်ဆုံးသက်သာပျောက်ကင်းကြပါစေ……….

  6. စိတ်မကောင်းဘူးဆိုတာက ရင်ထဲကစကားပါ။
    ဖြစ်နိုင်ရင် သံဃာတွေကိုယ်စား ပြည်သူတွေပဲ ခံလိုက်ချင်ပါတယ်။
    ဘာလို့လဲဆိုတော့ ရတနာသုံးပါးဝင်ဖြစ်နေလို့ပါ။