ပါတီစုံအစိုးရအဖွဲ့ပုံစံ အသွင်ပြောင်းတော့မလား | ဧရာဝတီ
သတင်း

ပါတီစုံအစိုးရအဖွဲ့ပုံစံ အသွင်ပြောင်းတော့မလား

Hits:12,097
  | |

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ဝန်ကြီးတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)

သမ္မတ ဦးသိန်းစိန်က အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်ရွှေကို ဟိုတယ်နှင့် ခရီးသွားလာရေး ဒုတိယ၀န်ကြီးအဖြစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ခန့်အပ်လိုက်ရာ ပါတီပေါင်းစုံပါဝင်သော အစိုးရအဖွဲ့ပုံစံဖြင့် ပြောင်းလဲဖွဲ့စည်းသွားမည်လားဟူသည့် ခန့်မှန်းချက်များ တဆက်တည်းလိုလို ထွက်ပေါ်လာသည်။

NDF ပါတီမှ ဒေါက်တာတင်ရွှေကို ဟိုတယ်နှင့်ခရီး ဒု ၀န်ကြီးအဖြစ် ခန့်အပ်မှုကြောင့် လွှတ်တော် နိုင်ငံရေး အသိုင်းအ၀ိုင်းအကြား ရိုက်ခတ်မှုကြီးမားခဲ့ပြီး ပါတီစုံ ပါဝင်သော အစိုးရအဖွဲ့ဖွဲ့စည်းမည်ဆိုသော သတင်းများ ကြားသိလာရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ပြောသည်။

ဒေါက်တာတင်ရွှေကို ဒုဝန်ကြီးအဖြစ် ခန့်အပ်မည်ဆိုသော သတင်းသည် ကြိုတင်ထွက်ရှိခဲ့ပြီး မူလက သာသနာရေး ၀န်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ်မည်ဟု သတင်းကြားသိခဲ့ရကြောင်း၊ ဒုဝန်ကြီးခန့်အပ်ရာတွင် သမ္မတ၏ အဆုံးအဖြတ်ကသာ အဓိကဖြစ်သော်လည်း လွှတ်တော်ဥက္ကဋ္ဌ များနှင့် ညှိနှိုင်းမှုတချို့ ရှိသည်ဟုလည်း သတင်း ထွက်ပေါ်ခဲ့ကြောင်း ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

“ကျနော်တို့ အခုကြားနေတာကတော့ ပါတီစုံက ပုဂ္ဂိုလ်တွေပါတဲ့ အစိုးရအဖွဲ့ဖွဲ့မယ်ဆိုပြီး ကြားတာပဲ။ အခု NDF က ဒေါက်တာတင်ရွှေကို ဟိုတယ်ခရီး ဒုဝန်ကြီးခန့်လိုက်တာကလည်း ဒီပါတီစုံ အစိုးရဖြစ်လာမယ့် ပထမခြေလှမ်းပေါ့။ လွှတ်တော်က ပါတီစုံနဲ့ အရောင်အသွေး စုံတယ်။ ဒီလိုပဲ အစိုးရအဖွဲ့ကိုလည်း ပါတီစုံနဲ့ နိုင်ငံတကာမှာ ပိုပြီးတော့ လက်ခံလာ အောင် လုပ်မယ်ဆိုတဲ့ အယူအဆတွေလည်း အစိုးရအဖွဲ့ထဲမှာရှိနေပြီ၊ အခြေတည် လာပြီလို့ ယူဆရမယ့် အနေအထားတွေ ရှိလာပါတယ်။ ပါတီစုံဖြစ်လာမယ့် အနေအထားလေး တခုပေါ့။ သမ္မတက အုပ်ချုပ်ရေးမှာ ခေါင်ဆိုတော့ သူကြိုက်တာ သူဖွဲ့လို့ရတယ်။ ပါတီစုံစနစ်မှာဆိုရင် တခြားပါတီက သူတွေကိုလည်း နေရာပေးလေ့ရှိတယ်။ သဘောထားကြီးမှုကို ပြဖို့လိုတယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

NDF ပါတီ တည်ထောင်သူ ဦးခင်မောင်ဆွေကမူ ဒေါက်တာတင်ရွှေကို ဟိုတယ်နှင့်ခရီးဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရမှုတွင် အစိုးရက ကြိုတင် အသိပေးခြင်း၊ ညှိနှိုင်းခြင်း မရှိခဲ့ဘဲ သမ္မတအမိန့် ထွက်ရှိလာမှသာ သိရှိရခြင်းဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်သည် ပါတီစုံပါသော အစိုးရအဖွဲ့ပုံစံဖြင့် ဒီမိုကရေစီ ရှင်သန်ရေး လုပ်ဆောင်မည့် လုပ်ရပ်ဖြစ်ကြောင်း၊ များမကြာမီ ပါတီစုံမှ သင့်တော်သော ပုဂ္ဂိုလ်များ ပါဝင်သော အစိုးရအဖွဲ့တခုအဖြစ် မြင်တွေ့ရဖွယ်ရှိကြောင်း ပြောသည်။

“ပါတီစုံအစိုးရပုံစံ ဖြစ်အောင်လုပ်မယ့် သဘောမျိုးဖြစ်နိုင်ချေ အတော်များပါတယ်။ ပါတီစုံ စနစ်နဲ့ သွားနေတဲ့ခေတ်မှာ ပါတီစုံကနေ သင့်တော်တဲ့ပုဂ္ဂိုလ်တွေကို ရွေးပြီးတော့ ခန့်မယ်ဆိုတဲ့သဘောမျိုး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အတူတကွ လိုက်ပါလာတဲ့ လူထုကို အကျိုးတကယ်ပြုတဲ့ လွှတ်တော်ထဲမှာရော၊ ပြင်ပမှာရော သင့်တော်တဲ့ပုဂ္ဂိုလ်တွေ ပါသင့်တဲ့ဆိုတဲ့ အယူအဆ မျိုးကြောင့် အစိုးရအဖွဲ့ထဲမှာ စထည့်လာတာလို့ ယူဆလို့ရပါတယ်။ ဒီလိုခန့်လိုက်တာက ပါတီစုံအစိုးရ စနစ်ကိုသွားမယ့် ပထမဆုံးသော ခြေလှမ်းတရပ်ပဲ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဦးခင်မောင်ဆွေ၏ အဆိုအရ ဟိုတယ်နှင့်ခရီး ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသော ဒေါက်တာတင်ရွှေသည် အသက် ၆၉ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ဘုရား၊ တရားကြည်ညိုကာ ဘာသာရေးကိစ္စ အလွန် လုပ်ဆောင်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် ပတ်သက်ပြီး အတွေ့အကြုံမရှိကြောင်း သိရှိရသည်။

သမ္မတ ဦးသိန်းစိန်၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ ငြိမ်းချမ်းရေး အကျိုးဆောင်လည်း ဖြစ်သူ ဦးလှမောင်ရွှေကမူ ပါတီပေါင်းစုံ ပါဝင်သော အစိုးရအဖွဲ့ပုံစံသည် အနှေးအမြန် ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းသည်။

“ကျနော် နားလည်တာကတော့ ပုံစံကတော့ တဖြည်းဖြည်း တရွေ့ရွေ့တော့ ပြောင်းနေပြီ။ တကယ်ပဲ ဒီမိုကရေစီနိုင်ငံ ဖြစ်အောင်သွားမယ် ဆိုရင်တော့ ဒီလိုမျိုးတွေက အနှေးနဲ့အမြန်တော့ သွားရမှာပေါ့။ အဲဒါကြောင့်ပဲ ဒီလိုပုံစံမျိုး စသွားတယ်လို့ ယူဆတယ်။ အခုမသွားလည်း နောက်တော့သွားရမှာပေါ့။ ပြည်သူလူထုယုံကြည်ဖို့ ထောက်ခံဖို့နဲ့ ဒီလိုပဲလုပ်ရမှာပဲ။ Reform Process ကို ပြည်သူလူထု ယုံကြည်မယ်၊ ထောက်ခံမယ်၊ ယုံကြည်ဖို့၊ ထောက်ခံဖို့ အလုပ်သဘာအရတော့ လုပ်ရမယ့် အလုပ်တွေအများကြီးပဲ။ ဒီအထဲက အလုပ်တချို့ကို လုပ်တယ်လို့ပဲ နားလည်ပါတယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။

ပါတီစုံပေါင်းစုံ ပါဝင်သော အစိုးရ တရပ်ဖြစ်ပေါ်ရေးတွင် သမ္မတ ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်သည် အဓိက ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတတွင် အုပ်ချုပ်ရေးအဖွဲ့ပုံစံကို မိမိစိတ်ကြိုက်ပုံဖော်နိုင်သော အခွင့်အရေးရှိနေကြောင်း သိရှိရသည်။

သံစုံတီးဝိုင်းကဲ့သို့ ပါတီစုံပါဝင်သော အစိုးရတရပ်ဖြစ်ပေါ်လာလျှင် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ပိုမိုမြင့်မားနိုင်ပြီး ဒီမိုကရေစီ အခြေခံအုတ်မြစ် ခိုင်မာမှုကို မြင့်မားစေမည်ဟု ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာအေးမောင်က ဆိုသည်။

“ပြည်ထောင်စုအစိုးရပုံစံ ပေါ်အောင် သူကြိုးစားနေသလားဆိုတာ သမ္မတကြီးပေါ်မှာပဲ မူတည်တယ်။ ၀န်ကြီးတွေဆိုတာ နိုင်ငံရေး ရာထူးတွေဗျ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရာထူးတွေကို တာဝန်ခံ၊ တာဝန်ယူရဲတဲ့ပုဂ္ဂိုလ်တွေကို ပေးဖို့လိုတယ်။ ကိုယ်တာဝန်ခံရဲရမယ်၊ ကိုယ်တာဝန်ယူတဲ့ ၀န်ကြီးဌာနတခုက မှားရင်ဖြစ်ဖြစ်၊ လက်အောက်ငယ်သားတွေ ဖောက်ပြန်ရင် ဖြစ်ဖြစ်၊ စီမံကိန်းတခုခု မအောင်မြင်ရင် ဖြစ်ဖြစ် နုတ်ထွက်ရဲရမယ်။ သနားလို့ ပေးပြီးပါကာမှ၊ မေတ္တာကြောင့်ရတဲ့ ရာထူး မဖြစ်ရဘူး။ မိမိအစိုးရရဲ့ ပုံစံကို သံစုံတီးဝိုင်းလို မတူကွဲပြားတာတွေနဲ့ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားပေါင်းစုံပါတဲ့ ဂုဏ်ယူနိုင်အောင် ဖြစ်ရင်တော့ သိပ်ကောင်းမှာပဲ” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်ကမူ သမ္မတသည် အားလုံးပါဝင်သော နိုင်ငံရေးစနစ် အကောင်အထည်ဖော်နေပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ အရည်အချင်းရှိသူမှန်သမျှကို တာဝန်ပေးလိုစိတ်ရှိသူဟု ပြောသည်။

“All inclusive ဆိုတာက သမ္မတကြီး အမြဲတမ်းပြောနေတဲ့ စကားပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအနေနဲ့က သူက အရည်အချင်း သင့်တော်သူမှန်သမျှကို ခန့်လို့ရတယ်။ ခန့်ခွင့်ရှိတဲ့အတွက်ကြောင့် ဒေါက်တာတင်ရွှေကို ခန့်လိုက်တာ။ သမ္မတကြီးက ပြင်ပက အတတ်ပညာရှင်တွေကို ၀န်ကြီးအဖွဲ့မှာ ပါဝင်စေတာပါပဲ။ သမ္မတကြီးအနေနဲ့က ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားဘဲ မိမိနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်မီတဲ့သူ မှန်သမျှကို တာဝန်ပေးဖို့ စိတ်ရှိတယ်၊ အသင့်ရှိတယ် ဆိုတာကို ပြလိုက်တာပါ” ဟု ဦးရဲထွဋ်က ဆိုသည်။

ယင်းသို့ ပြောဆိုသုံးသပ်ချက်များကြောင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်ထောင်စုဝန်ကြီး တနေရာ ခန့်ထားနိုင်သည်ဆိုသော ခန့်မှန်းချက်များလည်း ပေါ်ထွက်နေပြီး ၎င်းကိစ္စနှင့်ပတ်သက်၍ ဧရာဝတီက သဘောထားတောင်းခံရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြေကြားရန် ငြင်းဆိုသည်။


9 Responses

Leave a Reply

  1. အခြားအတိုက်အခံပါတီက ၁ ယောက်တည်း၊ ၁ဦးတည်းသော ဒုဝန်ကြီး ပဲရှိပါတယ်၊
    အရင်က ၁ ယောက်တောင်မရှိတာ အခု ၁ ယောက်ကြီးများတောင် ဒုဝန်ကြီး ဖြစ်သွားပြီပြောလို့ အကောင်းမမြင်တတ်ဘူးလို့ ဝေဖန်ရင်လဲ ခံပါ့မယ်။ အခုဟာက ဖန်ခွက်ထဲက ရေတ၀က် မဟုတ်ဘူးဘူး ဖန်ခွက်ထဲက ရေတစက်ပါ။ အဲဒါကို အစိုးရအဖွဲ့ တခုလုံး ပါတီစုံကပါဝင်တော့မလိုလို ပြောတာ ထက် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဦးဆုံးအကြိမ် အတိုက်အခံပါတီမှ ဒုဝန်ကြီးဖြစ်လို့ သတင်းခေါင်းစဉ်တပ်သင့်ပါတယ်

  2. နောက်ကွယ်က ဘာအကြံအစီ ရှိသလဲ-တကယ့်ကို ဒီမိုကရေစီ စနစ်ဖြစ်ထွန်းစေချင်တဲ့စေတနာလား ဆိုတာ စဉ်းစားဖို့ တော့လိုတယ်- ၂၀၁၅ မှာ ကြံ့ ဖွတ် ကို အပြင်းအထန် မကန့် ကွက်အောင် ကြိုတင်ပြီး မဟာမိတ်သဘောမျိုး လုပ်ဆောင်ခြင်းလား- တိုင်းပြည်အပေါ်တကယ့်ကို ရိုးရိုးသားသား စေတနာထားရင် အားလုံးလက်ခံနိုင်တဲ့ အခြေခံဥပဒေ ကို ပြုပြင်ဘို့  သို့မဟုတ် အသစ်ရေးဆွဲဘို့ လုပ်ဆောင်ရမယ်ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အားလုံးသိတဲ့အတိုင်းဘဲ ၂၀၀၈ အခြေခံဥပဒေ ဟာ တဖက်သတ် စိတ်ကြိုက် ရေးဆွဲခဲ့တာကြောင့်ဖြစ်ပါတယ်။

  3. အခြားအတိုက်အခံပါတီက ၁ ယောက်တည်း၊ ကို ဒုဝန်ကြီးပေးပြီး၊
    ကာချုပ်ရဲ့ လူကို အရေးကြီးဝန်ကြီး နေရာကိုပေးလိုက်တာပါ။
    စစ်တပ်နှင့် ZTE company ပေါင်းပြီးလုပ်ထားတဲ ဂိုတာဖုန်းတွေကို အော်ပရေတာမယူပဲ ခပ်တည်တည်နှင့် ဈေးကွက်ထဲမှာ စစ်တပ်ပိုင် ဦးပိုင်က ၈သောင်းနှင့် ရောင်းမလို့ လုပ်နေပါတယ်။
    အရင်က စစ်တပ်က အော်ပရေတာမယူပဲ ၈ိုတာဖုန်းရောင်းမှာကို ကန့် ကွက်ခဲ့တဲ့ ဆက်သွယ်ရေးကလူတွေတော်တော်များများ လည်း ပြုတ်ကုန်ပြီ၊
    ဂိုတာဖုန်းတွေ အမြန်ရောင်းချခြင်းသည် ဦးပိုင်အတွက် အရေးကြီးဆုံးလုပ်ငန်းဖြစ်နေပါပြီ။
    အော်ပရေတာမယူပဲ စစ်တပ်ပိုင် (MEC) ကဂိုတာဖုန်းရောင်းမဲ့ အကြောင်းကိုတော့ သမ္မ တကြီး ကလည်း သိလျက်နှင့် ကာချုပ်တို့ ကျေနပ်အောင် မသိချင်ယောင်ဆောင်ပြီး နေနေပါတယ်။

  4. that is good news anyway. i hope there will be many good news for us.

  5. ပါကြီးဖိုး

    ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုဝန်ကြီးတစ်နေရာ ခန့်အပ်ပါက ကြိုဆိုသင့်ပါတယ်။ သို့သော် သမ္မတဖြစ်ခွင့်မရအောင် ဟန့်တားထားတဲ့ အခြေခံဥပဒေကို မပြင်ဘဲထားကာ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးရာထူးဖြင့် နှစ်သိမ့်တာမျိုးဆိုရင်တော့ မဖြစ်သင့်ပါ။

  6. Forbidden people from forbidden jungle palace. The way the are walking makes me sick. I am throwing up. They just look crooks and witch-crafts about to consume human bodies.

  7. တရုတ် ကို မှီရန် နည်းနည်း နီးစပ်လာပြီ။ တရုတ်ပြည်မှာ မော်စီတုံး လက်ထက် က ဒုသမ္မတ တစ်ယောက်ကို အခြားပါတီက ပုဂ္ဂိုလ်တွေကို ပေးခဲ့ပါတယ်။ အခုတော့ အခြားပါတီက ပုဂ္ဂိုလ်တွေ ကို ဝန်ကြီး အဆင့် ပဲ ပေးတော့တာ တွေ့ရပါတယ်။
    မြန်မာပြည်မှာ လည်း တရုတ်ပြည်လို လုပ်နိုင်ပါစေလို့ ဆုတောင်းရင်း ပြောင်းလဲမှု ကို ထောက်ခံလျှက်..

  8. မင်းကြီးညို

    ဒါဟာ အတိုက်အခံပါတီတွေကို ကျေနပ်အောင် ချွေးသိပ်ပေးတဲ့သဘောပါ။ အဲဒါလဲကောင်းပါ
    တယ်။တကယ်လို့ အတိုက်အခံပါတီမှဝန်ကြီးတွေ မဟုတ်တာလုပ်ခဲ့ရင် (ဟောဒီမှာ တွေ့ပြီလား
    ခင်ဗျားတို့ပါတီမှ ၀န်ကြီးလဲ မဟုတ်တာလုပ်နေတာပဲ ဘယ့်နှယ်ရှိစ) ဆိုပြီး အာဏာရပါတီကို
    အပြစ်မပြောသာအောင် နိုင်ငံရေးပရိယာယ် သုံးပြီး ရာထူးမျှဝေပေးလိုက်တာပါ။

  9. ပါတီစုံအစိုးရအဖွဲ့ပုံစံ အသွင်ပြောင့်းခြင်းမပာုတ်ပါ.
    သမ္မတကြီး ဦးသိန်းစိန်၏ငယ်ကရင်းနှီးခဲ့သောတပည့်များ၊ သမ္မတ ရုးံဝန်ကြီး ဦးစိုးသိန်းနှင့်ဦးအောင်မင်းတို့ ၏ ထားရာနေစေရာသွားရသော ငယ်တပည့်များ၊ ကာချုပ်တပည့်များနှင့် အစိုးရ အဖွဲ့  ကိုအောင်မြင်စွာဖွဲ့ စည်းထားခြင်းဖြစ်သည်။ တိုင်းရင်းသားဝန်ကြီးများက ရုပ်ပြကောင်းစေရန်ဖြစ်သည်။ သေချာစွာ ကြည့်သူတိုင်းမြင်နိုင်သည်။