သတင်း

အိမ်ကွင်းအဝေးကွင်း အပြာသီချင်းလား

Hits:1
  | |
Print This Post

အိမ်ကွင်းအဝေးကွင်း သီချင်းသရုပ်ဖော် ပြကွက်တခု

မစပ်စုတို့ တိုင်းပြည်ကြီးရဲ့ ဒီမိုကရေစီ ၀ိုးတိုးဝါးတား အခြေအနေမှာပဲ တချို့နေရာတွေမှာတော့ ဒီမိုကရေစီ အပြည့် ရနေတယ်လို့ ဆိုရမလို ဖြစ်နေပါပြီ။

မြန်မာပြည်ရဲ့ စာပေပိုင်းမှာ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်ကို ပွင့်ပွင့်လင်းလင်း အသားပေး ရေးသားဖော်ပြလာကြတဲ့ နည်းတူ ဗီစီဒီ ကာရာအိုကေတွေ မှာပါ ဒါရိုက်တာတွေ၊ ဖန်တီးသူတွေရဲ့ ပွင့်လင်းတဲ့ ရိုက်ချက်တွေ၊ သရုပ်ဆောင် စုံတွဲတွေရဲ့ သက်ဝင် လှုပ်ရှားမှုတွေဟာလည်း ပွင့်လင်းမှုနဲ့ ရင်းနှီးထိတွေ့မှု နည်းနေသေးတဲ့ မစပ်စုတို့ တိုင်းပြည်ကြီးအတွက် တော်တော်လေး မျက်စိ ဆံပင်မွှေး စူးစရာ ကိစ္စရပ်တွေလို ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ခေါ်ယူ သတိပေး တားမြစ် ကန့်သတ်လာရတဲ့ အထိ ဖြစ်ပေါ်နေတာပါ။

တချို့ တေးသီချင်းတွေ၊ အထူးသဖြင့် လူငယ်ကြိုက် ဟစ်ပ်ဟော့ပ်ဂီတ သီချင်းစားသားတွေမှာ ဆိုရင်လည်း သုံးနှုန်းလာတဲ့ အသုံးအနှုန်းတွေဟာ တော်တော်လေး ပွင့်လင်းစွာ သုံးနှုန်းလာတာပါ။ သိပ်မကြာသေးခင် ကာလလောက်ကတည်းက ပြည်တွင်း ပရိသတ်တွေအကြား နည်းနည်း လှုပ်ခတ်သွားခဲ့တဲ့ သီချင်း တပုဒ်ရှိပါတယ်။ အခုတော့ ပြည်တွင်းကနေ ပြည်ပကိုပါ ကူးစက်လာတယ်လို့ ဆိုရမှာပါ။

သီချင်း နာမည်က “အိမ်ကွင်းအဝေးကွင်း” ဖြစ်ပြီး သြရသနဲ့ စောသက်တို့ စုံတွဲသီဆိုထားပါတယ်။ တေးရေးကတော့ သြရသပါ။ ဒီသီချင်းကို “အပြာသီချင်း” လားလို့ ပရိသတ်က မေးရတဲ့အထိ ပြည်တွင်းထဲမှာ လှုပ်ခတ်သွားခဲ့လို့ တေးရေးတေးဆို သြရသ ကိုယ်တိုင် ပြည်တွင်းထုတ် 7day news ဂျာနယ်မှာ ပရိတ်သတ်ကို တောင်းပန်ခဲ့ရ ပါသေးတယ်။

ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက်တို့ အကြား စပွန်ဆာ ဦးဦး၊ ကိုကို၊ ဒေါ်ဒေါ်၊ မမ တို့ ခေတ်စားနေတဲ့ မစပ်စုတို့ တိုင်းပြည်မှာ ပရိသတ် အထင်မှားလည်း မှားချင်စရာလို့ ဆိုရမလိုပါပဲ။ သီချင်းစားသားတွေက “သုံးရက်ကြာမှ တခေါက်လာတယ်။ မင်းစိတ် ရှိရင်ပေါ့၊ အိမ်ကွင်းလေး ရိုးသွားရင် နင် အဝေးကွင်းပြောင်း၊ နင် အဝေးကွင်း ရိုးသွားရင် အိမ်ကွင်းလေးပြောင်း” ပါတဲ့။

ဒါနဲ့တင် မပြီးသေးပါဘူး။ မိန်းကလေး သီဆိုသူက “ကောင်းလား အစ်ကို” ဆိုတဲ့ အမေးကို ယောက်ျားလေး အဆိုရှင်က “ကောင်းတယ်” လို့ အမေးအဖြေတွေနဲ့ နောက်ဆုံး မိန်းကလေးက “ကောင်းရင် ကောင်းတယ်မှတ်” လို့ ဆိုထားလေတော့ ပရိသတ်နားထဲ ဘယ်လို ၀င်သွားသလဲ ဆိုတာ မစပ်စု ပြောနေဖို့ လိုမယ်မထင်ပါ။ သူ့ MTV ကိုတော့ ဘောလုံး ကစားကွင်း နောက်ခံနဲ့ ရိုက်ကူးထားတာပါ။

“အများကြီးတွေးလို့ရတဲ့ Message ကို ပေးလိုက်တာပါ။ ကျနော်က သီချင်းကို မျိုးစုံရေးတယ်။ နောက်နောင်ကိုလည်း ဆင်ခြင် ရေးပါ့မယ်။ ဝေဖန်တဲ့ ပရိသတ်ကြီးကိုလည်း အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး ပုံစံ နောက်နောင် မရေးတော့ပါဘူး။ အမှားပါရင် ခွင့်လွတ်ပါ” ဆိုပြီး တေးရေး တေးဆို သြရသက မစပ်စုတို့ ဧရာဝတီ သတင်းဌာနက တဆင့် တောင်းပန်လိုက် ပြန်ပါတယ်။

ဒီသီချင်းကို ဝေဖန်တဲ့သူတွေရှိသလို ကြိုက်နှစ်သက်လို့ တောင်းဆိုကြတဲ့ ပရိသတ်ကလည်း အများသားလို့ ဆိုပါတယ်။ အထူးသဖြင့် နယ်ရှိုးပွဲတွေမှာ ပရိသတ် တောင်းဆိုမှုများတယ်လို့လည်း သိရပါတယ်။

“ကျနော် နယ်တွေ ရောက်ရင် အဲဒီသီချင်း လုံးဝမဆိုဘူး။ ဒါပေမယ့် အခု ကျနော် ဒီ သီချင်းကို ဆိုရတာ ပွဲ ၃၀ ရှိပြီ။ နောက် ဒီသီချင်းလေးက အပိတ်သီချင်းလေး ဖြစ်နေပြီ။ ပွဲတွေမှာ ကျနော် ဒီသီချင်းလေး ဆိုချင်ပါတယ်၊ အစ်ကိုတွေ အစ်မတွေ ခွင့်ပြုပေးပါဆိုပြီး ခွင့်တောင်းပြီးမှ ဆိုပါတယ်။ သင်္ကြန်တုန်းက ဆိုရင် တနေ့ကို ၄ ခေါက်ဆိုရတယ်။ မဆိုရင် အောက်က ပြောတယ်။ အဆိုး အကောင်းပေါ့။ ယောက်ျားလေးတွေက အကုန်ကြိုက်တယ်။ မိန်းကလေးတွေ ဘက်ကတော့ မပြောတတ်ဘူး” လို့ သြရသက ပြောပါတယ်။

ဒီသီချင်းကို စုံတွဲ သီဆိုပေးတဲ့ အဆိုတော် စောသက်က ဒီသီချင်းနဲ့ပတ်သက်လို့ ဝေဖန်မှုတွေကို ဖြေခဲ့ရတာလည်း များခဲ့ပြီ ဖြစ်ပြီး ဒီသီချင်းကို သီဆိုစဉ်က စိတ်သန့်သန့်နဲ့ ဆိုဖြစ်ခဲ့တာပါလို့ ဆိုပါတယ်။

“ကျမတို့ သီချင်းထက် ညစ်ညမ်းတဲ့ သီချင်းတွေ အများကြီးပါ။ ကျမ သီချင်းက ညစ်ညမ်းတဲ့ သီချင်းလည်း မဟုတ်ဘူး။ ဒါပေမယ့် အခုလိုမျိုး ဂရုစိုက် ခံရတဲ့အခါ စောသက်အတွက် ဒီအခွေလေးက ပရိသတ် နှစ်သက်လို့၊ စိတ်ဝင်စားလို့လို့ မြင်သွားတယ် ပေါ့နော်။ အဲဒီအတွက် ၀မ်းသာတယ် ကျေလည်း ကျေနပ်ပါတယ်။ ကျမ ဆိုတုန်းကတော့ ဒီသီချင်းလေးကို စိတ်ထဲက သန့်သန့် ရှင်းရှင်းလေးနဲ့ အပျော်လေးနဲ့ပဲ စိတ်ရှင်းရှင်းနဲ့ ဆိုလိုက်တာပါ။ ညစ်ညမ်းတယ်လို့ မခံစားရပါဘူး။ ဘာပဲဖြစ်ဖြစ် ပထမ အခွေတွေမှာ ဒီလောက် အားပေးမှု မရခဲ့ဘူး။ အခု ဒီ ၃ ခွေမြောက် အခွေလေးမှာမှ အားပေးတဲ့အတွက် ၀မ်းသာပါတယ်။ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဝေဖန်ပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

“အိမ်ကွင်း အဝေးကွင်း” ဆိုတဲ့  သီချင်းနာမည်အပြင် “ကောင်းလား အစ်ကို” ဆိုတဲ့ နာမည်နဲ့ပါ လူသိများတဲ့ ဒီသီချင်းဟာ ၂၀၁၂ သင်္ကြန်မတိုင်ခင်က ထွက်ရှိလာခဲ့တဲ့ အဆိုတော် စောသက်ရဲ့ တတိယမြောက် တေးစီးရီး ဖြစ်တဲ့ “ရင်ဘတ်ကြီးက
တောင်းဆိုလို့” ဆိုတဲ့ စီးရီးမှာ ပါဝင်တာပါ။

ဒီသီချင်းကို နားထောင်ရတဲ့ လူငယ်ပရိသတ်တဦးက “ဒီသီချင်းကို ဆိုတာ၊ ရေးတာ၊ နားထောင်ရတာတွေက ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီကို မယဉ်ပါးသေးတဲ့ သူတွေအတွက် ဒီဟာက အထူးသဖြင့် ယောက်ျားလေးတွေက မိန်းကလေးတွေအပေါ် သရော်တဲ့ စာသားတခုအနေနဲ့ သီဆိုပြီး မိန်းကလေးတွေကို အနေကျုံ့ စေတာမျိုး ဖြစ်လာမှာကိုပဲ စိုးရိမ်တာပါ” လို့ သုံးသပ်ပါတယ်။

မြန်မာပြည်သူ ပြည်သားတွေ လွတ်လပ်သင့်တဲ့ နေရာနဲ့ ပွင့်လင်းသင့်တဲ့ နေရာကို မှန်ကန်စွာ အသုံးချတတ်ပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ်။

အိမ်ကွင်း၊ အဝေးကွင်း သီချင်း link ပါ။


WSJ LIVE VIDEO:

12 Responses

Leave a Reply

  1. “အများကြီးတွေးလို့ရတဲ့ Message ကို ပေးလိုက်တာပါ။…. ဒီလိုမျိုး ပုံစံ နောက်နောင် မရေးတော့ပါဘူး။ အမှားပါရင် ခွင့်လွတ်ပါ” ဆိုပြီး တေးရေး တေးဆို သြရသက ဧရာဝတီ သတင်းဌာနက တဆင့် တောင်းပန်လိုက် ပြန်ပါတယ်။ ( ဒါ တမင်လုပ်လွှတ်လိုက်မှန်းသိပါတယ်။ ) “ကျမတို့ သီချင်းထက် ညစ်ညမ်းတဲ့ သီချင်းတွေ အများကြီးပါ။ …..” (သီချင်းက ညစ်ညမ်းမှန်း ၀န်ခံထားပါတယ်။)
    “စိတ်ထဲက သန့်သန့် ရှင်းရှင်းလေးနဲ့ အပျော်လေးနဲ့ပဲ စိတ်ရှင်းရှင်းနဲ့ ဆိုလိုက်တာပါ။ ညစ်ညမ်းတယ်လို့ မခံစားရပါဘူး။ (သီဆိုသူကိုယ်တိုင်က ကိုယ်နဲ့နှိုင်း မရိုင်း ဖြစ်လို့။) နောက်ခံက “ဘော” “ ကွင်း” ၊ “ဂိုးသွင်းပေါက်” ၊ “ဂိုးဝင်သွားတာကို ကောင်းသလား” လို့ ကြာပေးပြီး မေးနေတာကို XXX …

    • မကောင်းမှန်းသိရင်မဆိုသင့်ပါဘူး
      ဒီမိုကရေစီနဲ့ဘာမှမသက်ဆိုင်ပါဘူး
      ဒီလိုစာသားတွေပါတဲ့သီချင်းမျိုးကိုနာမည်ကြီးတေးရေးဆရာတစ်ယောက်ကမရေးသင့်ပါဘူး

  2. နှိပ် / သင်း

    HIV / AIDS မပြန့်ပွားရေးစီမံကိန်းကို တိုက်ဖျက်ပေးတဲ့အတွက် အဆို့ရှင်(၂ယောက်)ကို “ …” တွေက ဂုဏ်ပြုကြမှာပါ။

  3. မြန်မာ တိုင်းရင်းသူ

    အင်္ဂလိပ်လို sex လို့ခေါ်တဲ့ ကာမနဲ့ ပတ်သက်တာ လူတိုင်းကြိုက်ပါတယ်။ ပျော်မွေ့ပါတယ်။ ကြီးကြီးငယ်ငယ် ရသလောက် ခံစားချင်ကြ၊ ပြုချင်ကြပါတယ်။ လူရော တိရစ္ဆာန်ပါ သဘာဝအရ လက်ခံပါတယ်။ ဒါပေမယ့် လူနဲ့ အခြားသတ္တ၀ါတွေ ကွာခြားတာက လူဆိုတာ ဟိရိသြတ္တပ တရား ရှိရပါမယ်။ ဘာသာတိုင်းမှာ ဒါကို ဆုံးမမှု ပြုထားပါတယ်။ လူရှေ့သူရှေ့မရှောင် အရှက်မဲ့ ပြုကျင့်တာနဲ့ ဒီမိုကရေစီနဲ့ တခြားစီပါ။ အရှက်တရားမဲ့ ပြုလို့ စည်းကမ်းသတ်မှတ်တာဟာ လူ့အခွင့်အရေး ချိုးဖေါက်တာ မဟုတ်ပါ။ ထိုသူများသာ ပတ်ဝန်းကျင်လူထုကို မလေးစားတဲ့ လူမဟုတ်တဲ့၊ လူလို မကျင့်တတ်သူတွေပါ။
    ကျွန်မ အနောက်တိုင်းနိုင်ငံမှာ ကြီးပြင်းနေထိုင်လာတာ အနှစ် သုံးဆယ် ရှိပါတော့မယ်။ အနောက်တိုင်းသား အဖြူတွေ လမ်းပေါ်မှာ လက်ချင်းတွဲ သွားတာ ရှိသလို၊ တခါတလေ လူရှေ့သူရှေ့ နမ်းတာ ရှိပေမယ့် တရှိုက်မက်မက် လူမြင်မကောင်းအောင် မလုပ်ပါဘူး။ မြတ်နိုးမှု အချစ်ကို ပြတဲ့ အနေနဲ့ လျစ်ကနဲ တချက် နမ်းလိုက်တာပဲ ရှိပါတယ်။ လူအကြား ဟိုကိုင်၊ သည်ပွတ်၊ အမြင်မတော်အောင် နမ်းနေ၊ ပြုနေကြရင် ဘေးလူတွေက ‘get a room’ လို့ ရှုံ့ချ ၀ိုင်းပြောကြသလို၊ ပုလိပ်ကလဲ ‘indecent public display’ ဆိုတာလို လူကြားသူကြားအမြင်မတော်အောင်နေမှုနဲ့ ဒဏ်တပ်လို့ ရပါတယ်။ နောက်ပြီး အဖြူတွေ လုပ်တယ်ဆိုပြီး ရုပ်ရှင်တွေထဲ မြင်တိုင်း အထင် မကြီးပါနဲ့။ ကျွန်မနေတဲ့ အမေရိကားမှာ အဖြူက ၂ စားရှိတယ်။ အောက်တန်းစား အဖြူတွေ (Red neck -ယောက်ျားကိုခေါ်တာ) နဲ့ (white trash – မိန်းမကို ခေါ်တာ) တွေက အနေအထိုင် ပက်စက်၊ အလွန်အဆင့် နိမ့်ကျတဲ့ အတွေးအခေါ်နဲ့ ဖြစ်ချင်သလို ဖြစ်၊ နေချင်သလို နေသူတွေပါ။ အဖေနဲ့ သမီး၊ အမေနဲ့ သား၊ မောင်နှမချင်း ဆက်ဆန်မှု ပြုကြတယ် ဆိုတာ၊ ကလေးသူငယ်တွေနဲ့ ဆက်ဆန်တယ် ဆိုတာ၊ ရက်စက်တဲ့ လုပ်ရပ်တွေနဲ့ ရာဇ၀တ်မှု၊ လူသတ်မှု ကျူးလွန်ကြတာ အဲသည် အစားက တစားရှိသလို ပညာတတ်ကြီးတွေ ပစ္စည်းဥစ္စာ မချမ်းသာပေမယ့် ရိုးရိုးသားသား တ၀မ်းတခါး ရှာစားပြီး ဘာသာရေး ကိုင်းရှိုင်း၊ ကြင်နာ ကူညီတတ်တဲ့ အဖြူတွေက တစားပါ။ အဲသည် အဖြူမျိုးတွေက မချမ်းသာတဲ့ လက်လုပ်လက်စား (Blue collar) တွေပေမယ့် နေတာ ထိုင်တာ အလွန် စနစ်ကျ သပ်ယပ်ကြပါတယ်။ သားသမီးကိုလဲ မိမိတို့ ကျွေးမွေးနိုင်မှ ယူကြ၊ မိမိတို့ တာဝန်ယူနိုင်သလောက်ပဲ ယူကြသလို ကလေးတွေကို အနီးကပ် ဆိုဆုံးမမှု ရှိပါတယ်။ အဖြူမလေးတွေ ခေတ်အလျောက် ကြိုးတချောင်းအင်္ကျီ နဲ့ ဘောင်းဘီတို ၀တ်မယ်။ ဘုရားကျောင်းလာရင် ၀တ်စားပုံက တမျိုး။ ရည်းစားနဲ့ ချိန်းတွေ့ပြီး လူကွယ်ရာမှာ အဆုံးစွန် ချစ်သူတို့ဘာဝ နေချင်နေမယ်၊ လူရှေ့မှာ လက်ကိုင်ရုံ၊ ပုခုန်းဖက်ရုံ၊ လျပ်တပြက် နမ်းရုံပဲ ပြုတတ်တယ်။ ကာလံဒေသံလိုက်ပြီး ၀တ်စား နေထိုင် ပြုမူတတ်ကြတာကို ပြောတာပါ။ ထောင်ထွက် အမဲတွေက စလာတဲ့ rap ဆိုတဲ့ ဂီတမှာ ဆဲသံတွေပါပေမယ့် အဲသည် rap ကို လက်မခံတဲ့ လူငယ်တွေ အများကြီးပါ။ သည်မှာက သီချင်း၊ ရုပ်ရှင်၊ တီဗီဇာတ်လမ်း၊ စာအုပ် အားလုံးမှာ ကလေးသူငယ် မဖတ်ရ၊ ၁၈ နှစ်အောက် မဖတ်ရ၊ sexual explicit ပါတယ် ဆိုတာ အတိအလင်း ကျေညာရတော့ စိတ်ဝင်စားသူ ကိုယ်ကြိုက်သလို ရွေးဖတ်ပေါ့။ သည်တော့ ဗမာပြည်မှာလဲ သီချင်းတွေမှာ ကွက်ကွင်းထိမိစွာ ရေးဖွဲ့ ဆိုထားသည်တို့၊ သီဆိုမည်တို့ ထည့်ကျေညာရင် ကြိုက်သူ၊ ကြည့်ချင်သူ လာကြ၊ မကြိုက်သူ မလာနဲ့ပေါ့။ ဒါပေမယ့် တချို့ကိစ္စတွေက မပြောပြ၊ မလုပ်ပြလဲ သိနေကြသလို ပြောပြ လုပ်ပြစရာ မလိုပါဘူး။ သည်မှာ နာမည်ကြီး ဒါရိုက်တာ တယောက် ပြောသလိုပေါ့။ လုံးဝ အကုန်ချွတ် ဖေါ်ပြတာထက် မလုံ့တလုံက ပို စွဲဆောင်မှု ရှိတယ် ဆိုတာ (partial nude is more atttracive than total nude).
    နောက်ပြီး တိုက်ရိုက်ကြီး သိသာအောင် ရေးတာထက် မသိမသာလေး ရေးတာက ပို အနုပညာ ဆန်တယ် မြင်ပါတယ်။

  4. ငွေရှိတိုင်းထင်တိုင်း ကြဲတာပါနောက်တော့ ငွေလည်းကုန် ဘာမှဖြစ်မလာတဲ့လူတွေမြန်မာပြည်မှာအများးကြီးဘဲ။ဝမ်းနှုတ်ဆေးကို အပူ့ငြိမ်းဆေး ဆိုပြီး လုပ်ရောင်းတဲ့ ငွေကြေးခဝါချမှု့ ပါ၊ခိုးကူးခွေ ဒီလောက်များတဲ့ခေတ် ကြီးမှာ တကယ့် အဆိုတော် တွေတောင် လစ်ကုန်ပြီ။ဧကံန္တတော့  နေရဲမာန် ရဲ့ ညီမ မေရဲမာန်ထင်တယ်၊သိပ့် မပောာ့ နဲ့  နေရဲမာန်တောင် ငြိမ် သွားပြီ။ဒီတစ်ခါ စုံတွဲဆိုရင် လူရွှင်တော် ကင်းကောင် နဲ့ ဆို ပါလား

  5. မကောင်းမှန်းသိရင် stage show မှာလည်း မဆိုပါနဲ့ညီလေးရေ မကောင်းတာကို ပိုတောင်းဆို ချင်တာ လူ့သဘာဝပါ

  6. မကောင်းမှန်း သိရင် မဆိုပါနဲ့ သြရသရေ လူ့သဘောက မကောင်းတာကို ပိုတောင်းဆို တတ်ပါ တယ်

  7. ပြည့်တန်ဆာလုပ်ငန်းတွေကို ပေါ်ပေါ်တင်တင် လုပ်ကိုင်နေကြတဲ့ ကျွန်တော် တို့ ပြည်နယ်
    တွေမှာတော့ ဒီသီချင်းအပြင် အေသင်ချိုဆွေရဲ့ တင်းတယ် တင်းတယ် ကိုလည်း လမ်းဘေး
    တွေမှာ ကောင်းမလေးတွေ အော်နေတာကြားဖူးတယ်။
    ခေတ်စနစ်ပြောင်းခါစ ရွေးကောက်ပွဲ အပြီးတုန်းက ပြည်သူတွေဟာ တရားဥပဒေ စိုးမိုးလာ
    မှာကို လက်ခံနိုင်ဖို့ပြင်ဆင်လာကြတယ်။ ဒါပေမယ့် သမ္မတ အသစ်နဲ့ အစိုးရအဖွဲ့တွေဟာ
    တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်ခြင်း မရှိတဲ့အတွက် ပြည်သူတွေဟာ ပိုမိုလွတ်လပ်သွား
    ပြီးဒီမိုကရေစီကို အတိုင်းအတာမရှိ စည်းပျက်ကမ်းပျက် ပြုလုပ်လာတာ ယနေ့ထိ တွေ့နေ
    ရတာ စိတ်မကောင်းစရာပါ။

  8. ဒီကိစ္စ ပိတ်လို့ရမယ်များထင်နေကြလား။
    ပြည့်တန်ဆာလုပ်ငန်း တရာဝင်လုပ်မရတော့ အနှိပ်ခန်း ၊KTV ဆိုပြီး ပေါ်လာရော။
    ပြသနာက ကြိုက်တဲ့သူရှိနေလို့ လုပ်တဲ့သူရှိတာပါ။
    ကျနော် တို့ open mind ရမယ်ထင်ပါတယ်
    မကြိုက်တဲ့သူက ရှောင်ကွင်းသွားမှာပဲ။
    ကျနော် နိုင်ငံခြားမှာနေတာ ၁၀နှစ်ရှိပြီး မြန်မာ ယဉ်ကျေးမှုကို လက်ခံနိုင်သလို အနောက်တိုင်း ယဉ်ကျေးမှုကိုလဲ နာလည်လို့ရတယ်။
    လူတွေ မှာ ရွေးချယ်ခွင့်ရှိတယ်။
    ကျနော်ဆို အဲ လို rap , hip-hop မကြိုက်ပါဘူး။
    ဒီသီချင်းမှ မဟုတ်ဘူး
    နာမယ်ကြီး မင်းသား လူရွှင်တော်တွေလဲ အောက်လုံးပါအောင် ပြောနေကြတာပဲ
    ဆန်းလား။
    မကြိုက်ရင် မကြည့်နဲ့ နားမထောင်နဲ့ မဖတ်နဲ့ပေါ့
    ကျနော်ကတော့ ရာဇဝတ်မှုမဟုတ်ရင် ဘယ်သူဘာလုပ်လုပ် ကျနော်နဲ့ မဆိုင်ဘူး။
    ကျနော် မကြိုက်တာ ကျနော် လိုက်မလုပ်ရုံပေါ့
    တလောက လုံးပျက်စီးနေပြီးလို့ အဆိုးမဆိုချင်ပါ။
    ရေစီးကျောင်းမှာ ရွှေငါလေးတွေ ကူးခွင့်ရှိသလို အမှိုက်တွေ ဒိုက်တွေ ဗေဒါတွေ လဲ မျှောခွင့်ရှိသင့်ပါတယ်။
    ဒါမှလက်မခံရင် မော်စီတုန်းလို ယဉ်ကျေးမှုတော်လှန်ရေးလုပ်ပြီး သတ်ပစ်လိုက်ကြပါတော့။

  9. ဒီသီချင်းတင်မဟုတ်ဘူး မေခလာနဲ့ ကကော့တောင်ပြလိုက်သေးတယ်

  10. မောင်ပျာလောင်

    ကောင်းလား အကို၊ ကောင်းလား အကို ဆိုပြီး ကျနော့ကားပေါ်တက်လာတဲ့ အာပုံသယ် ကုလားမလေးကဆိုတာကြောင့်၊ ကျနော်လည်း ဟဲ့ နင့်အာပုံ တူးနေတာကြောင့် မကောင်းဘူလို့ ပြောလိုက်တော့။ မကောင်းဘဲနဲ့  အကိုက အကုန်စားသွားတော့၊ တူးလဲ ကောင်းတယ်မှတ်၊ မတူးလဲ ကောင်းတယ်မှတ် ဆိုပြီး ကားပေါ်က ဆင်းသွားတော့၊ ကားတကားလုံး ၀ိုင်းရယ်ကြ တာ ၀ါးလုံးကွဲမတပ်ဘဲ။ မမကြီး မစပ်စုရဲ့ ရှင်းလင်းချက်ဖတ်မှ ကျနော် စပယ်ရာ မောင်ပျာလောင် နားလယ်ပါတော့တယ် – - -

  11. အဆိုတော် စောသက်ခင်များ..စိတ်သန့်သန့်လေးနဲ့ သီချင်းဆိုတယ် ညစ်ညမ်းတယ်လို့ မခံစားရဘုးဆိုရင် ဘယ်စာသား ကိုခံစားမှာလဲ……