လမ်းဆုံ | ဧရာဝတီ
သူ့အတွေး သူ့အမြင်

လမ်းဆုံ

Hits:3,867
  | |

စက်တင်ဘာလ ၁ ရက်နေ့က ကျင်းပသော စေတနာဝသန် ဂီတရန်ပုံငွေပွဲတွင် တွေ့ရသည့် ပြည်ထောင်စုဝန်ကြီးများ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ (ဓာတ်ပုံ – အံ့ဖွယ်ကျော်/Facebook)

လူတယောက်ရဲ့ ဘ၀ခရီးလမ်းမှာ လမ်းဆုံတွေ အများအပြားကို ကြုံတွေ့ဖြတ်သန်းရလေ့ ရှိပါတယ်။ တချို့လူတွေအတွက် ဘ၀ခရီးဆိုတာ အဝေးပြေးလမ်းမကြီးလိုပဲ ဖြောင့်ဖြူးချောမွေ့ နေတတ်ပေမယ့် တချို့လူတွေအတွက် ကျတော့လည်း ဘ၀ခရီးဆိုတာ အကွေ့အကောက်တွေ၊ အတားအဆီးတွေ ပြည့်နှက်နေတဲ့ ဆူးကြမ်းလမ်းကြီး ဖြစ်နေတတ်ပါတယ်။ ဘယ်လိုလမ်းပဲဖြစ်ဖြစ် သေချာတာကတော့ တနေ့နေ့မှာ ဘ၀အတွက် ရွေးချယ်မှုတွေ ပြုလုပ်ရတဲ့ လမ်းဆုံတွေကို ကြုံတွေ့ရလေ့ ရှိတယ်ဆိုတာပါပဲ။

ဒီလိုလမ်းဆုံတွေနဲ့ ကြုံတွေ့ရတဲ့အခါ ရွေးချယ်မှုတွေ ပြုလုပ်ရလေ့ရှိပါတယ်။ ဒီရွေးချယ်မှုမှာကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ရတာ၊ မိဘဆွေမျိုးတွေက ရွေးချယ်ပေးတာတွေ ရှိပါတယ်။ ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါမှာ ပထမဦးဆုံးအနေနဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားကြရပါတယ်။ အခြေအနေဆိုတာမှာကလည်း ကိုယ်က ထိန်းချုပ်လို့ရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေဖြစ်နိုင်သလို၊ ကိုယ်က ထိန်းချုပ်လို့မရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်က ထိန်းချုပ်လို့မရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေမှာ ရွေးချယ်မှု လုပ်လို့မရတော့ပဲ အခြေအနေက တွန်းပို့ပေးလိုက်တဲ့လမ်းကို လျှောက်ရတာတွေလည်း ရှိတတ်ပါတယ်။

ဥပမာအားဖြင့် ကျမဆိုရင် ငယ်စဉ်ကတည်းက အထက်တန်းပညာ ၀ိဇ္ဇာဘာသာရပ်တွေဖြစ်တဲ့ ပထ၀ီ၊ သမိုင်း၊ ဘောဂဗေဒ စတာတွေကို စိတ်ဝင်စားပါတယ်။ ရှစ်တန်းအောင်ပြီးတဲ့အခါ ကိုးတန်းရောက်ရင် ၀ိဇ္ဇာလိုင်းကို ရွေးချယ်ဖို့ ခြောက်တန်းကတည်းက စဉ်းစားထားခဲ့ပါတယ်။ ဘေးပတ်ဝန်းကျင်ကလည်း ဒါကို ရိပ်မိပါတယ်။ ကျမ စာအုပ်သွားငှားနေကျ စာအုပ်ဆိုင်တွေက နိုင်ငံရေး၊ သမိုင်းစတာတွေနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ဘီစီစီအိုင် အရှုပ်တော်ပုံလို စာအုပ်တွေကိုတောင် ထွက်ထွက်ချင်း ကျမ ဦးဦးဖျားဖျား ဖတ်ရအောင်ဆိုပြီး ဘေးဖယ် သိမ်းထားပေးတဲ့ အထိပါ။ ကျမ လျှောက်မယ့် ပညာရေးခရီးလမ်းဟာ ဖြောင့်ဖြူးနေသယောင် ထင်ရပါတယ်။ ဒါပေမယ့် ကျမ ရှစ်တန်းရောက်တဲ့အချိန်မှာပဲ အထက်တန်း သင်ရိုးညွှန်းတန်းက ပြောင်းသွားပါတယ်။ ၀ိဇ္ဇာနဲ့သိပ္ပံဘာသာရပ် တွေကို ပေါင်းပြီး သင်လိုက်ရပါတယ်။ ဒါဟာ ကိုယ်က ထိန်းချုပ်လို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခြေအနေက တွန်းပို့သွားတဲ့ ၀ိဇ္ဇာလိုလို၊ သိပ္ပံလိုလို လမ်းပေါ်ကို ရောက်သွားရပါတယ်။

တခါ ဆယ်တန်းအောင်ပြီးတော့ ကျောင်းတွေက သုံးနှစ်လောက် ပိတ်သွားပြန်ပါတယ်။ ဒါကလည်း ကိုယ်က ထိန်းချုပ်လို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ လမ်းဆုံတခု ထပ်ရောက်သွား ပြန်ပါတယ်။ အဝေးသင်တက်မလား၊ နိုင်ငံခြားထွက်မလား၊ ကျောင်းဖွင့်တာ စောင့်မလား ဆိုတဲ့ ရွေးချယ်မှုကို ပြုလုပ်ရတော့မယ့် အခြေအနေ ရောက်သွားပါတယ်။ ဒါကတော့ ကိုယ်က ထိန်းချုပ်လို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျမက မိဘအုပ်ထိန်းမှုအောက်မှာပဲ ရှိနေပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရသေးတဲ့ အချိန်အခါ ဖြစ်တဲ့အတွက် မိဘရဲ့ ရွေးချယ်ပေးမှုကိုပဲ လိုက်နာရပြန်ပါတယ်။ ဒီလိုနဲ့မိဘရွေးချယ်ပေးလိုက်တဲ့ လမ်းကြောင်းကို လျှောက်နေစဉ်မှာပဲ အခြေအနေတခုက ကျမကို လမ်းဆုံတခုရောက်အောင် တွန်းပို့လိုက်ပြန်ပါတယ်။ ဒီအချိန်မှာတော့ ကျမဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရနေပြီ ဖြစ်တဲ့အတွက် ကျမကိုယ်တိုင် ကိုယ်လျှောက်မယ့် ပညာရေးခရီးလမ်းအတွက် ရွေးချယ်မှု တခုကို ပြုလုပ်လိုက်ရပါတယ်။

ဒါကြောင့် ဘ၀လမ်းခရီးတခုကို လျှောက်လှမ်းရင်း လမ်းဆုံတခုကို ရောက်သွားတဲ့အခါ ထိန်းချုပ်လို့မရတဲ့ အရာတွေ ပါဝင်တဲ့ အခြေအနေမှာ အခြေအနေက တွန်းပို့လိုက်တဲ့ လမ်းကို လျှောက်လိုက်ရတာတွေလည်း ရှိတတ်ပြီး ထိန်းချုပ်လို့ရတဲ့ အရာတွေ ပါဝင်တဲ့ အခြေအနေ ရှိနေရင်တော့ မိဘဆွေမျိုးကဖြစ်စေ၊ ကိုယ်တိုင်ကဖြစ်စေ ရွေးချယ်မှုတွေပြုလုပ်ရလေ့ ရှိပါတယ်။ ကိုယ်တိုင် ရွေးချယ်မှုတွေ လုပ်လို့ရတဲ့ အခြေအနေ ဖြစ်တယ်ဆိုရင်တော့ မိမိကိုယ်ကို ပြဌာန်းချက်ကို ထပ်ပြီး စဉ်းစားဖို့လိုအပ်လာပါတယ်။ ဥပမာ – MBBS ဘွဲ့ရပြီးသူ တယောက်ဟာ မိမိဘ၀ပြဌာန်းချက်ကို ဆေးပညာနဲ့အသက်မွေးတဲ့ ဆရာဝန် တယောက်အဖြစ် ပြဌာန်းမှာလား၊ အသက်မွေးဝမ်းကျောင်း မပြုဘဲ ဆေးပညာဘွဲ့ရရုံ ဘွဲ့ယူထားတဲ့ ဆရာဝန်တယောက်အဖြစ် ပြဌာန်းမှာလား ဆိုတာကို ကနဦး စဉ်းစားဖို့လိုပါတယ်။ ဆေးပညာနဲ့ အသက်မွေးမယ်လို့ စဉ်းစားပြီးတဲ့အခါမှာလည်း သားဖွားမီးယပ်ဆရာဝန်၊ ခွဲစိတ်ဆရာဝန် စသဖြင့် စဉ်းစားပြီး ဆက်လျှောက်မယ့်လမ်းကို ရွေးချယ်ရပါတယ်။

အလားတူပါပဲ။ နိုင်ငံရေးဘွဲ့နဲ့ ကျောင်းပြီးသွားသူ တယောက်ဟာလည်း နိုင်ငံရေးပါတီကို ၀င်ပြီး၊ Politician အဖြစ် မိမိဘ၀ကို ပြဌာန်းမှာလား၊ Political activist အဖြစ် လွှတ်တော်ပြင်ပ နိုင်ငံရေးလောကကို ၀င်မှာလား၊ Political Researcher အဖြစ် နိုင်ငံရေးသုတေသန လုပ်မှာလား၊ ဘွဲ့နဲ့မသက်ဆိုင်တဲ့ အခြားအလုပ်တွေကို လုပ်မှာလားဆိုတဲ့ မိမိကိုယ်ကိုယ် ပြဌာန်းချက်နဲ့ပတ်သက်ပြီး စဉ်းစားရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ စီးပွားရေးဘွဲ့ ရပြီးသွားသူ တယောက်ဟာလည်း အခြေအနေပေးမှုအပေါ်မှာ မူတည်ပြီး မိမိဘ၀ပြဌာန်းချက်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အခြား နယ်ပယ်တွေမှာလည်း အလားတူ မိမိဘ၀ပြဌာန်းချက်ကို စဉ်းစားပြီး ရွေးချယ်မှုတွေ ပြုလုပ်ရပါတယ်။

အခြေအနေနဲ့ ပြဌာန်းချက်ကို စဉ်းစားပြီးတဲ့အခါမှာတော့ အချိန်အခါကို ထပ်ပြီး စဉ်းစားဖို့ လိုအပ်ပါသေးတယ်။ အချိန်အခါက ရွေးချယ်မှုတခုခုကို ချက်ချင်းမဖြစ်မနေ လုပ်ဖို့လိုအပ်နေသလား၊ လမ်းဆုံမှာပဲ ခေတ္တ ရပ်နေလို့ရသေးသလား ဆိုတာပါပဲ။ အချို့ လမ်းဆုံတွေမှာက ရပ်ဆိုင်းပြီး Time buying လုပ်လို့ရပါတယ်။ အချို့လမ်းဆုံတွေကျတော့လည်း လမ်းတခုခုကိုတော့ ချက်ချင်းလက်ငင်း မဖြစ်မနေ ရွေးမှ ရပါတယ်။ ဒီလို အခြေအနေ၊ ပြဌာန်းချက်နဲ့အချိန်အခါတွေဟာ လူတယောက်ရဲ့ ဘ၀ခရီးလမ်းဆုံတွေမှာတင် အရေးကြီးတာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကနေ နောက်ဆုံးနိုင်ငံတနိုင်ငံရဲ့ ဖြတ်သန်းမှု ခရီးလမ်းတွေ အတွက်ပါ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ဖြစ်ပါတယ်။

အခုဆိုရင် ကျမတို့ မြန်မာနိုင်ငံဟာ သမိုင်းဖြတ်သန်းမှု လမ်းဆုံတခုကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်၊ အတိုက်အခံ၊ ပြည်သူလူထု အားလုံးတို့ရဲ့ ရှေ့ဆက်တိုးကြမယ့် ခြေလှမ်းတိုင်းဟာ တိုင်းပြည်တခုရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးလာတော့မှာ ဖြစ်ပါတယ်။ ထိန်းချုပ်လို့မရတဲ့ အရာတွေ ပါဝင်နေတဲ့ အခြေအနေတွေ ပေါ်ထွက်လာသလို ထိန်းချုပ်လို့ရတဲ့ အရာတွေ ပါဝင်နေတဲ့ အခြေအနေတွေလည်း ပေါ်ပေါက်လာပါတယ်။ ဒီလို အခြေအနေပေးမှုတွေအပေါ်မှာ တဦးချင်းအနေနဲ့ရော၊ သက်ဆိုင်ရာ အစုအဖွဲ့များ အနေနဲ့ပါ လမ်းဆုံမှာ ရွေးချယ်မှုတွေ မမှားကြဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယ သမုဒ္ဒရာမှာ စစ်ရေး၊ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေပါတယ်။ အင်အားကြီးနိုင်ငံကြီးတွေရဲ့ ပါဝါဂိမ်းကစားပွဲထဲမှာ အရုပ်တရုပ်ဖြစ်နေတဲ့ နိုင်ငံတခု ဖြစ်တယ်။ ကိုလိုနီစနစ်နဲ့ အုပ်ချုပ်ထားခြင်းခံခဲ့ရဖူးတဲ့အတွက် ကိုလိုနီစနစ်ဆိုးရဲ့ အမွေဆိုးတွေ ကျန်ရစ်နေခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်။ ပြည်တွင်းစစ်ရဲ့ဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ်၊ အတွေးအခေါ် ပဋိပက္ခတွေရဲ့ဒဏ်၊ လူမျိုးရေး ပဋိပက္ခတွေရဲ့ ဒဏ်၊ ဘာသာရေး ပဋိပက္ခတွေရဲ့ဒဏ်၊ အိမ်ကြက်ချင်း အိုးမဲသုပ်ခွပ်ခိုင်းတာကို အဟုတ်မှတ်ပြီး ခွပ်နေကြတဲ့ ဒဏ်အားလုံးကို ဆယ်စုနှစ်ပေါင်းများစွာ ခံထားခဲ့ရတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့် ဘယ်လိုမှ ထိန်းချုပ်လို့မရနိုင်တဲ့ အရာတွေရော၊ ထိန်းချုပ်လို့ရနိုင်တဲ့ အရာတွေ ပါဝင်နေတဲ့ ရောပြွန်းရှုပ်ထွေးသော အခြေအနေတွေဟာ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။

ဒီအခြေအနေတွေအတွင်းမှာ ထိန်းချုပ်လို့ရတဲ့ အရာတွေနဲ့ ထိန်းချုပ်လို့မရတဲ့ အရာတွေကို ဘယ်လိုခွဲထုတ်ပြီး အတည်ငြိမ်ဆုံးဖြစ်အောင် လုပ်ဆောင်မလဲ။ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို ဘယ်လိုဖြစ်စေလိုသလဲ။ ရှိပြီးသား ပြဌာန်းချက်ကို လက်ခံနိုင်မလား။ လက်မခံနိုင်ရင် ပြုပြင်မလား၊ ဆန့်ကျင်မလား။ ကိုယ်လိုလားတဲ့ ပြဌာန်းချက်ရဲ့ တောင်းဆိုမှုတွေက ဘာတွေလဲ။ ဒီတောင်းဆိုမှုတွေထဲက ဘယ်လို အရာကို ကိုယ်က ဖြည့်ဆည်းပေးနိုင်သလဲ။ မိမိကိုယ်ကို ဘယ်လို ပြဌာန်းချက်နဲ့ဒီအရာတွေကို ဖြည့်ဆည်း ပေးမလဲ။ မိမိရဲ့ ပြဌာန်းချက်၊ မိမိအစုအဖွဲ့ရဲ့ ပြဌာန်းချက်၊ မိမိပါတီရဲ့ ပြဌာန်းချက်ဟာ ပြည်သူအများလက်ခံတဲ့ တိုင်းပြည်ရဲ့ ပြဌာန်းချက်နဲ့မသွေဖည် သွားအောင် ဘယ်လို လုပ်ဆောင်မလဲ။ လမ်းဆုံမှာ ရှိသင့်တဲ့ အချိန်အခါ တခုကို ဘယ်လောက် အချိန်သတ်မှတ်ထားမလဲ။ ချက်ချင်းလုပ်ဆောင်ကြမလား၊ စောင့်ဆိုင်းကြမလား။

သေချာတာတခုကတော့ လမ်းဆုံမှာ ရွေးချယ်မှု တခုခုကို အနှေးနဲ့အမြန် ကျမတို့တွေ လုပ်ကြရတော့မယ် ဆိုတာပါပဲ။ ဒီလို ရွေးချယ်တဲ့အခါမှာ ကိုယ့်မိတ်ဆွေ၊ ကိုယ့်ဆွေမျိုးအသိုင်းအ၀ိုင်း၊ ကိုယ်နဲ့ရင်းနှီးသူ၊ ကိုယ်ကလေးစားသူ၊ ကိုယ်နဲ့အလုပ်အတူတွဲလုပ်ဖူးသူ၊ ကိုယ်ပါဝင်ထားတဲ့ အဖွဲ့အစည်း စတာတွေက ရွေးချယ်လို့လိုက်လံ ရွေးချယ်ရတာ မဟုတ်ပဲ၊ ကိုယ်ဖြစ်စေချင်တဲ့ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို မိမိကိုယ်ကို ဘယ်လို ပြဌာန်းချက်နဲ့ဖြည့်ဆည်းပေးမလဲ ဆိုတာ မိမိဘာသာ ရွေးချယ်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။

ရွေးချယ်ပြီးတဲ့အခါမှာ ကိုယ်ရွေးချယ်တဲ့ လမ်းမှာ ရည်ရွယ်ချက်တူသူတွေနဲ့လက်တွဲဖို့ လိုပါတယ်။ အဲဒီအခါမှာ လက်တွဲရတဲ့ လက်တွေဟာ လမ်းဆုံကို မရောက်ခင်က တွဲခဲ့တဲ့ လက်တွေလည်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါတွေကလည်း တွေ့ဆုံကြုံခွဲ၊ လောကဓမ္မတာလို့ပဲ ဆိုရမယ် ထင်ပါတယ်။ ကျမ ကျောင်းသားဘ၀မှာတုန်းက သိပ်ချစ်ရတဲ့ သူငယ်ချင်း တချို့ ရှိခဲ့ပါတယ်။ အတူစား၊ အတူသွားရင်း ကျောင်းသားဘ၀ကို အတူဖြတ်သန်းခဲ့ကြဖူးပါတယ်။ အလုပ်ခွင်ထဲ ရောက်တော့လည်း ဒီလိုပါပဲ။ သိပ်ခင်ရတဲ့ မိတ်ဆွေတချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘ၀ခရီးလမ်းက လမ်းဆုံတွေမှာ အခြေအနေအရ ပြဌာန်းချက်တွေ မတူတော့တဲ့အခါ လမ်းခွဲခဲ့ရတာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို မတူညီမှုတွေမှာ လမ်းခွဲရပေမယ့် ဘယ်အချိန်ပြန်တွေ့တွေ့ ခင်မင်ရင်းနှီးစွဲ ရှိသူတွေနဲ့ကတော့ အမြဲ ရင်းနှီးနေတာပဲ ဖြစ်ပါတယ်။ လမ်းဆုံဆိုတာ ဒီလို ပေါင်းစည်းခြင်းနဲ့လမ်းခွဲခြင်းတို့ရဲ့ သင်္ကေတလို့ သတ်မှတ်လို့ရပါတယ်။

သို့ပေမယ့် လမ်းဆုံတွေကို ရန်ပြုခြင်းရဲ့ သင်္ကေတခု မဖြစ်သွားအောင်တော့ ခံစားချက်ကို ဥာဏ်ပညာ၊ အသိတရားတွေနဲ့ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ အချို့လူတွေမှာ ထူးဆန်းတဲ့ အတ္တလေးတွေ ရှိတတ်ပါတယ်။ ငါနဲ့မတူ ငါ့ရန်သူလို့ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ တကယ်တော့ လျှောက်တဲ့လမ်း မတူရုံနဲ့ တဘက်နဲ့တဘက် တိုက်ခိုက်ကြ၊ သွားပုပ်လေလွင့် ပြောကြ၊ စွပ်စွဲကြ လုပ်နေကြတာက လမ်းဆုံတွေကို ရန်ပြုခြင်းရဲ့ သင်္ကေတအဖြစ် တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။ အတူတကွ လက်တွဲပါမယ်လို့ ကတိပေးထားကြတဲ့ အိမ်ထောင်ဘက်တွေတောင် မိမိကိုယ်ကို ပြဌာန်းချက်တွေ မတူညီတဲ့အခါ၊ ညှိနှိုင်းလို့လည်း မရတဲ့အခါ လမ်းခွဲရတာပဲ ဖြစ်ပါတယ်။ ဘယ်သူကမှ ဘယ်သူနဲ့ တသက်လုံး လက်တွဲသွားပါမယ်လို့ ကတိသစ္စာ ပြုလို့ မရပါ။ ကိုယ်မွေးသွားတဲ့ သားသမီးတွေတောင် အချိန်တန်ရင် သူ့လမ်းသူလျှောက်ကြတာပါ။ ကိုယ်နဲ့တသက်လုံး နေမယ်လို့ဘယ်သူ့ကိုမှ မျှော်လင့်ချက်ထားလို့မရပါ။ လမ်းဆုံတခု ရောက်ချိန်မှာ လမ်းခွဲကြရစမြဲပါပဲ။

ဒီလို လောကဓမ္မတွေကို မဆင်ခြင်ဘဲ ကိုယ်နဲ့လမ်းခွဲသွားရင် သစ္စာဖောက်၊ အတူ တွဲမလုပ်တော့ရင် ငါ့မိတ်ဆွေ စာရင်းထဲက ဖြုတ်၊ ငါနဲ့မတည့်သူနဲ့ သူတွဲရင် ငါ့ရန်သူ ဆိုပြီးသာ လုပ်နေကြမယ်ဆိုရင် လမ်းဆုံတွေကနေ ဘယ်လမ်းကိုမှ ဆက်မလျှောက်ဖြစ်ကြတော့ပဲ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀နဲ့ရန်ဖြစ်ရင်းသာ အချိန်ကုန်နေမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် သက်ဆိုင်သူတွေသာမက အခြားလူတွေအတွက်ပါ ကြားရ၊ နားဝ မချမ်းသာ ဖြစ်တတ်ပါတယ်။ မိမိရဲ့ လမ်းခရီးကို အနှောင့်အယှက် ဖြစ်စေရုံသာမက အခြားသူတွေကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ အချိန်ကုန်၊ လူပမ်းပြီး ဘယ်သူ့ အတွက်မှ အကျိုး မရှိတဲ့ အလုပ်တွေပါပဲ။ ပထမ လမ်းဆုံတခုမှာ လမ်းခွဲပြီး လျှောက်ကြပေမယ့် အဲဒီလမ်းနှစ်ခုက တနေရာမှာ ပြန်ဆုံနေတာ မဖြစ်နိုင်ဘူးလို့လည်း ဘယ်သူမှ သေချာတပ်အပ် မသိနိုင်ပါဘူး။ ဒီလို ပြန်ဆုံချိန်မှာ လမ်းတခုတည်းကိုပဲ အတူဆက်လျှောက်ဖို့ ပေါင်းစည်းခြင်း အနေနဲ့ဆုံတာ ဖြစ်နိုင်သလို၊ ခေတ္တခဏ ကြုံကြိုက်တာလည်း ဖြစ်နိုင်ပါတယ်။

နိဂုံးချုပ်ဆိုရရင် လမ်းဆုံဆိုတာ လူ့ဘ၀မှာ မလွဲမသွေ ကြုံရမယ့် အရာတခု ဖြစ်ပြီး၊ ရွေးချယ်မှုတွေ ပြုလုပ်ရပါတယ်။ ဒီလို ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါ အခြေအနေ၊ ပြဌာန်းချက်နဲ့အချိန်အခါတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါတယ်။ တိုင်းပြည်အရေးဆောင်ရွက်ဖို့ စိတ်အားထက်သန်တယ် ဆိုရင်တော့ ကိုယ်ဖြစ်စေချင်တဲ့ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို မိမိကိုယ်ကို ဘယ်လို ပြဌာန်းချက်နဲ့ဖြည့်ဆည်းပေးမလဲ ဆိုတာ မိမိဘာသာ ရွေးချယ်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ရွေးချယ်မှုတွေ ပြုလုပ်ပြီးရင်လည်း လမ်းကြောင်းတူသူတွေနဲ့ လက်တွဲရ ပါတယ်။ ဒီလို လက်တွဲတဲ့အခါမှာ လမ်းဆုံမရောက်ခင်က လက်တွဲခဲ့သူတွေနဲ့လည်း လက်တွဲဖြုတ်ပြီး လမ်းခွဲခဲ့ရတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် လမ်းဆုံဟာ ပေါင်းစည်းခြင်းရဲ့ သင်္ကေတဖြစ်သလို၊ လမ်းခွဲခြင်းရဲ့ သင်္ကေတတခုလည်း ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ သို့ပေမယ့် လမ်းဆုံကို ရန်ပြုခြင်းရဲ့ သင်္ကေတတခု မဖြစ်အောင်တော့ ဆင်ခြင်တုံတရား၊ အသိဥာဏ်တွေနဲ့ထိန်းသိမ်းဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။


7 Responses

Leave a Reply

  1. good article… good wiring like an good essay…

  2. Hla maung shwe, Soe thein and Aung min conspire to trick mr president thein sein

  3. Hla maung shwe is stand man left of this photo, Soe thein hands up and smiling.

  4. This is the excellent article.
    I wonder who she might be.
    Excellent !

  5. သိပ်ကောင်းတဲ့အတွေးအမြင်ဖြစ်ပါတယ်။ကျွန်မတို့မြန်မာအမျိုးသမီးတွေဟာမြင့်မြတ်
    တဲ့အတွေးအခေါ်ရှိကြသောသူများဖြစ်ကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့တိုင်း
    ပြည်မှာအမျိုးသမီးခေါ်င်းဆောင်တွေကိုနေရာများများပေးသင့်နေပါပြီ။လက်ရှိအာဏာရ
    အစိုးရဖြစ်စေ၊အတိုက်အခံဖြစ်စေ၊ လက်နက်ကိုင်တိုက်ပွဲဝင်နေတော့အဖွဲ့အစည်းဖြစ်ပါစေ
    KNU ကိုစံနမူနာယူပြီးပါဝါအပျော့တွေကိုများများထုတ်သုံးကြမယ်ဆိုရင်မြန်မာနိုင်ဟာမဝေး
    တော့တဲ့တစ်နေ့မှာအလုံးစုံငြိမ်းချမ်းပြီးတိုးတက်ကြီးပွားလာမှာမလွဲပါဘူး။

  6. အရမ်းကောင်းပါတယ်။ မမျိုးရေ political science နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတွေရေးပေးပါဦးခင်ဗျာ။ ကျေဇူးတင်ပါတယ်။

  7. This articles comment are written by Hla Maung Shwe groups and planning to kill
    all Democracy groups and will play again. They got big import car permits and fund for next election.