ပြုပြင်ပြောင်းလဲရေးသမားတွေ အားကောင်းဖို့လိုတယ် | ဧရာဝတီ
သူ့အတွေး သူ့အမြင်

ပြုပြင်ပြောင်းလဲရေးသမားတွေ အားကောင်းဖို့လိုတယ်

Hits:5,528
  | |

သမ္မတဦး သိန်းစိန်က အစိုးရအတွင်းမှာ ၀န်ကြီးအပြောင်းအလဲတွေ လုပ်ချိန်မှာ ပြည်တွင်းပြည်ပ လေ့လာသူတွေ သုံးသပ်တာကတော့ ပြုပြင်ပြောင်းလဲရေးသမား (Reformist) တွေကို ရှေ့တန်းကို ပို့တယ်၊ သမ္မတရုံးမှာ နေရာပေးတယ်၊ နောက်ပြန်ဆွဲသူတွေနဲ့ ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးအောင် တားဆီးနေသူတွေကို အရေးမကြီးတဲ့ နေရာတွေပို့တယ်၊ ဒါကြောင့် သမ္မတအနေနဲ့ တိုင်းပြည်မှာ ဖော်ဆောင်နေတဲ့ သူ့ရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်နိုင်အောင် အကောင်အထည် ဖော်နိုင်မယ် ဆိုတာပဲ ဖြစ်ပါတယ်။

ယခုနှစ် မေလ ၁၁ ရက်နေ့က ကျင်းပသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဟု ပြောဆိုခဲ့သည် (ဓာတ်ပုံ – သမ္မတရုံး)

သမ္မတနဲ့ နီးစပ်သူတွေဖြစ်တဲ့ ၀န်ကြီးဦးအောင်မင်းနဲ့ ၀န်ကြီးဦးစိုးသိန်းတို့က သမ္မတရုံးဝန်ကြီးတွေ ဖြစ်သွားပါပြီ။ ဒီဝန်ကြီး နှစ်ဦးက ပြုပြင်ပြောင်းလဲရေးသမားတွေလို့ အများက ယူဆကြပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရန်ကိစ္စ၊ စီးပွားရေးကိစ္စတွေမှာ မြန်မြန်ထက်ထက် အကောင်အထည် ဖော်နိုင်မယ်လို့ သုံးသပ်ကြပါတယ်။

ဒါပေမယ့် ပြုပြင်ပြောင်းလဲရေး အောင်မြင်ဖို့အတွက် အချိန်ပေး စောင့်ကြည့်ရဦးမယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ နိုင်ငံတနိုင်ငံဟာ နောက်ကို ပြန်သွားတာ၊ ရှေ့ကိုမတိုးနိုင်ဘဲ တန့်နေတဲ့ဖြစ်ရပ်တွေ၊ ဒါမှမဟုတ် အရင်ခေတ် အရင်စနစ်ကို ပြန်သွားချင်တဲ့ အမာဂိုဏ်းတွေက ပြန်ပြီး တားဆီး နှောင့်ယှက်တတ်တာတွေ ရှိလို့လည်း ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် ဦးစီးတဲ့သူတွေက အမြင်မရှိ၊ အရည်အချင်း မရှိလို့လည်း ပျက်တတ်ပါတယ်။ ဒါ့အပြင် အတိုက်အခံနဲ့ ဒီမိုကရေစီအင်အားစုတွေ လက်နက်ကိုင် အင်အားစုတွေဘက်ကလည်း ပြုပြင်ပြောင်းလဲရေးကာလကို အခွင့်ကောင်းယူပြီး ကဖျက်ယဖျက်လုပ်တတ်တဲ့ သာဓကတွေ နိုင်ငံတကာမှာ ရှိခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးကိုသွားတဲ့ နိုင်ငံတိုင်းဟာ ချောချောမွေ့မွေ့နဲ့ သူတို့ပန်းတိုင်ကို ရောက်ခဲ့တာ မဟုတ်ပါဘူး။ လက်တင် အမေရိကားက နိုင်ငံတွေကို ကြည့်မလား၊ ဘော်လကန်နဲ့ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ဥရောပ နိုင်ငံတွေကို ကြည့်မလား၊ ဒါမှမဟုတ် အာဖရိကနိုင်ငံ တချို့ကိုပဲ လေ့လာမလား။ နောက်ဆုံး မြန်မာနိုင်ငံဝန်းကျင်က အိမ်နီးချင်းနိုင်ငံတွေ၊ အရှေ့အာရှနဲ့ တောင်အာရှနိုင်ငံတချို့ကို ကြည့်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးကို မုန်တိုင်းတွေကြားက အောင်အောင်မြင်မြင် ဖြတ်ကျော်ခဲ့တဲ့ နိုင်ငံတချို့ရှိပေမယ့် ဟိုမရောက် ဒီမရောက်နဲ့ လမ်းခုလတ်မှာပဲ လျှောမွေးလေးတွေ ဖြစ်သွားတဲ့ နိုင်ငံတွေက ပိုများတာကို တွေ့ရပါတယ်။

မြန်မာနဲ့ အနီးဝန်းကျင်ဆိုရင်တော့ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ နိုင်ငံတို့ကို လေ့လာနိုင်သလို ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ကမ္ဘောဒီယား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကာလတွေမှာ ကျရှုံးမူ အောင်မြင်မူတွေကို တွေ့နိုင်ပါတယ်။ အဲဒီအရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေး ကာလမှာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေဟာ အခက်အခဲ အမျိုးမျိုးနဲ့ စိန်ခေါ်မူတွေကို အကြီးအကျယ် ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

အဲဒီစိန်ခေါ်မူနဲ့ နိုင်ငံရေးမုန်တိုင်းတွေကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် မကျော်ဖြတ်နိုင်ရင် တိုင်းပြည်ဟာ မျှော်မှန်းတဲ့ ပန်းတိုင်ကို မရောက်ဘဲ လမ်းခုလတ်မှာပဲ တန့်သွားတတ်ပါတယ်။ မြန်မာပြည်မှာ အခုကာလဟာ အကဲဆတ်တယ်၊ အန္တရာယ်ရှိတဲ့ ကာလတခုကို ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။ ပန်းတိုင်ဆိုတာ အဝေးကြီး ရှိပါသေးတယ်။ လက်မထောင်စရာ မလိုသလို တက်မလည်း ထောင်စရာ မလိုပါဘူး။ လမ်းမှန်ပေါ်ကို စိတ်ချလက်ချရောက်ပြီလို့လဲ မယူဆသင့်ပါဘူး။ အားလုံးဝိုင်းပြီး တွန်းဖို့လိုပါလိမ့်မယ်။ လှိုင်းလှေထန်တဲ့ ပင်လယ်ထဲမှာ လှေငယ်တစီးနဲ့ လေဆန် ရွက်တိုက်နေရတဲ့ အခြေအနေမျိုးနဲ့ တူမယ် ထင်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေ၊ အခုဖြစ်နေတဲ့ လွှတ်တော်နဲ့ အစိုးရကြားက လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အငြင်းပွားမှုတွေ၊ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ကိစ္စတွေဟာ နုနယ်သေးတဲ့ ပြုပြင်ပြောင်းလဲရေး ကာလကို နောက်ပြန်ဆွဲနိုင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အာဏာ နှစ်ခါ သိမ်းခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် အုပ်ချုပ်ခံခဲ့ရတယ်။ နောက်ပြီး အခု လွှတ်တော်ထဲမှာ တိုက်ရိုက်ခန့်အပ်တဲ့ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ချုပ်ကိုင်ထားတာတွေကလည်း စစ်တပ်အခန်းကဏ္ဍ ဆက်ရှိနေမှုကို ပြသနေပါတယ်။

ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်

သမ္မတ ဦးသိန်းစိန်ရဲ့ သက်တမ်းနုနုအတွင်းမှာ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမူတွေ အတော်ရှိလာခဲ့ပါတယ်။ ဒါက ပြုပြင်ပြောင်းလဲရေး ကာလမှာ ကြုံရတဲ့ ၀ိသေသပါပဲ။ ဒါဟာ ဒီမိုကရေစီနိုင်ငံ တနိုင်ငံဖြစ်ဖို့ သေချာပြီလို့ ပြောလို့ မရသေးပါ။ ဒီမိုကရေစီ လမ်းကြောင်းကိုသွားဖို့ တံခါးဖွင့်တဲ့ အဆင့်လောက်ပဲ ရှိသေးပြီး ဒီမိုကရေစီ အမြစ်တွယ်တဲ့ အဆင့်ကို မရောက်သေးပါဘူး။

ဒါကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်မယ့်သူတွေ အားကောင်းဖို့ လိုပါတယ်။ သမ္မတနဲ့အတူ သမ္မတဘေးမှာ ဒီ ပြုပြင်ပြောင်းလဲရေး အောင်အောင်မြင်မြင် ဖြတ်ကျော်ဖို့ လုပ်ငန်းတွေကို ရဲရဲရင့်ရင့် ဆုံးဖြတ် အကောင်အထည် ဖော်မယ့်သူတွေ လိုပါတယ်။

ဒီမိုကရေစီနစ် ပီပြင်ပြီး တရားဥပဒေ စိုးမိုးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်ချမ်းရေးတွေအတွက် အစိုးရတခုတည်းက ပြုပြင်ပြောင်းလဲမှုနဲ့ တွန်းအားတွေ လိုအပ်တာ မဟုတ်ပါဘူး။ အတိုက်အခံထဲမှာလည်း လိုတာပါပဲ။ လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေမှာလည်း ပြုပြင်ပြောင်းလဲရေးသမားတွေ အားကောင်းဖို့ လိုတာပါပဲလို့ ပြောချင်ပါတယ်။     ။


9 Responses

Leave a Reply

  1. ပါကြီးဖိုး

    ကချင်စစ်ပွဲဟာ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အကြီးမားဆုံးအဟန့်အတားဖြစ်စေပါတယ်။ ဒီစစ်ပွဲကို ကြိုးကိုင်နေသူတွေဟာ ရည်တွက်မယ်ဆိုရင် လက်ငါးချောင်းတောင် ပြည့်မယ်မထင်ပါ။ ဒီလူတွေဟာ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို တားဆီးနေသူတွေ ဖြစ်ပါတယ်။ အစိုးရနှင့်အတူ အတိုက်အခံအင်အားစုအားလုံးနှင့် ပြည်သူတရပ်လုံးက ကချင်စစ်ပွဲရပ်စဲရေးကို တိုင်းပြည်ရဲ့ ပထမဦးစားပေးလုပ်ငန်းအနေနဲ့ ညီညီညွတ်ညွတ် အမြန်ချမှတ် လုပ်ဆောင်ရန် သင့်ပါတယ်။

    • ကချင်စစ်ကိုကြိုးကိုင်နေတယ်ဆိုတာ စစ်ရပ်နိုင်ဖို့လား စစ်ဆက်တိုက်နိုင်ဖို့လား။

      ပြည်တွင်းစစ်ရဲ့ တရားခံအစစ်ကို ပြည်ထောင်စုသားတွေက သတ်မှတ်ပေးရင် လက်ခံမှာလား။

      အာဏာရသူ အတွက် စစ်ပွဲတွေရှိနေတာက ပြသနာမဟုတ်ပါဘူး။
      စစ်ပွဲတွေကိုဖန်တီးပြီး အာဏာယူတာက ပြည်သူအတွက်ပြသနာကြီးပါ။

ေ၇ရှည်စစ်ကို ကျူးကျော်စော်ကားသူတွေ မခံနိုင်တဲံ့နေရာ ရောက်နေပြီ။
      ပြည်ထောင်စု ဘတ်ဂျက်က စစ်စရိတ်အသုံး ခွင့်ပြုပုံ မမှန်ရင် စစ်ပွဲကို လွှတ်တော်ကရပ်ခိုင်းနိုင်ရမယ်။

      ဒါကှ ပြည်သူတွေရဲ့ငြိမ်းချမ်းရေး တည်ဆောက်မှု နည်းမှန်ဘဲ။
      ကချင်ကိုစစ်ပွဲရပ်ခိုင်းတာ ငြိမ်းချမ်းရေးတည်ဆောက်တာလို့မြင်နေကြတာကြောင့် အစကနေ မှားတော့တာပါ

  2. good ko aung zaw.that is true.

  3. ပြုပြင်ပြောင်းလဲရေးတွေ အားကောင်းနေပေမယ့် နောက်ကလိုက်တဲ့သူတွေလဲ အားကောင်းဖို့ လိုပါတယ်။ အားလုံးမှာ တိုင်းသူပြည်သားတွေအပေါ် တကယ်စေတနာထားတဲ့သူတွေဖြစ်ဖို့ လိုပါတယ်။ စေတနာထားသူတွေများလာမယ်ဆိုရင် မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ပြည်သူတွေ အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စရာဖြစ်လာမှာသေချာပါတယ်။

  4. ၀န်ကြီးတွေထဲက ပြုပြင်ပြောင်းလဲရေး လိုလားသူတွေအများအပြား ထွက်ပေါ်လာတာဟာ အလွန်ဝမ်းမြောက်ဝမ်းသာ ကြိုဆိုစရာကိစ္စဖြစ်ပါတယ်။
    သို့သော်စနစ်တစ်ခုအနေနဲ့ဆိုရင်တော့ လွှတ်တော် အားကောင်းမှသာ ပြည်သူတွေအတွက် အုပ်ချူပ်ရေးကဏ္ဍ နဲ့ တရားစီရင်ရေးကဏ္ဍကို ထိန်းကြောင်း နိင်မှာဖြစ်ပါတယ်၊ ဒီမိုကရေစီအရသာ အပြည့်အ၀ခံစာနိင်ဖို့အတွက် လွှတ်တော်ဟာ အားကောင်းရမှာဖြစ်ပါတယ်။ ယခု လွှတ်တော်နဲ့ အခြေခံဥပဒေခုံရုံး အငြင်းပွားမှု နောက်ကွယ်မှာ ပြသနာရဲ့အရင်းဖြစ်တဲ့ လွှတ်တော်ရဲ့ ကဏ္ဍအလိုက် ဖွဲ့စည်းထားသော သက်ဆိုင်ရာကော်မတီ ကော်မရှင် တွေကို သက်ဆိုင်ရာဝန်ကြီးတွေက တာဝန်ခံ ရှင်းလင်းခြင်း၊ ဖြေရှင်းခြင်း၊ အစစ်ဆေးခံခြင်းနဲ့ ကတိက၀တ်ပြုခြင်းတို့ကို မလုပ်လိုတဲ့အချက်ကို သိမ်မွေစွာနဲ့ တရားဝင်စွပ်စွဲပြောဆိုခြင်းမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ကြုံခဲ့တာလေး တင်ပြချင်ပါတယ်၊ တစ်ချိန်က ၀န်ကြီးဌာနအတွင်း Agency ဌာန တစ်ခုပြုပြင်ပြောင်းလဲဖို့ အတွက် တာဝန်ပေးခံရတဲ့ MD က ကမကထ လုပ်ပြီး ညှိနှိုင်းအစည်းအဝေးခေါ်ရာမှာ တိုက်ရိုက်ပတ်သက်တဲ့ ဌာနMD က ကိုယ်စားလှယ် Dy GM ကိုလွှတ်ပြီး လာတက်တဲ့ Dy GMကလဲ ပြန်လည်တင်ပြရပါမယ် တစ်ခုအပြင် ဆုံးဖြတ်ချက်ဘာမှ မပေးနိုင်တော့ အချိန်တွေကုန်လူပန်းနဲ့ အလုပ်မတွင်ဖြစ်ပြီး ကိုယ်စားလှယ် Dy GM သာအဆူအဟောက် ခံခဲ့ရတာပဲ ရှိပါတယ်၊ မူလရည်မှန်းချက်မှာ လုံးဝအောင်မြင်ချင်းမရှိပါဘူး။ ဒီကိစ္စမှာလဲ နိင်ငံတော်အဆင့်နဲ့ ခွဲခြားပြီး ၀န်ကြီးတွေက ကိုယ်စားလှယ်လွှတ်ပြီး ဆွေးနွေးနေမယ်ရင်တော့ အရှေ့ကလိုပဲ ပြန်လည်တင်ပြရပါမယ်နဲ့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။

    ကြည့်မယ်ဆိုရင် လွှတ်တော်နဲ့ အခြေခံဥပဒေခုံရုံး ဒီပဋိပက္ခဟာ နောင်ရေးအတွက် သိပ်ကိုအရေးကြီးပါတယ် အာဏာသုံးရပ်အကြားလွန်ဆွဲမှုမှာ လွှတ်တော်ဟာ supreme ဖြစ်ဖို့လိုပါတယ်၊ မဖြစ်ခဲ့ရင်တော့ ယိုးဒယားနဲ့ စင်္ကာပူတို့လို ဟန်ပြဒီမိုကရေစီနိုင်ငံသာဖြစ်သွားမှာဖြစ်တယ်၊ ယိုးဒယားမှာဘုရင့်မိသားစု၊ စစ်တပ်နဲ့ လူ့မလိုင်အလွှာတစ်ခုက သူတို့ရဲ့အကျိုးစီးပွားကို ထိခိုက်လာတဲ့အခါမှာ အခြေခံဥပဒေခုံရုံးကို ခုတုံးလုပ်သုံးပြီး လွှတ်တော်နဲ့အစိုးရအဖွဲကို စိတ်တိုင်းကြ ချယ်လှယ်လေ့ရှိပြီး၊ စင်္ကာပူမှာတော့ သမ္မတနဲ့ဝန်ကြီးချူပ် ဆိုရရင် အုပ်ချူပ်ရေးအာဏာပိုင်ကို ပါလီမန်ဖျက်သိမ်းခွင့်အထိ အာဏာပေးထားလို့ ကန့်လန့်ကာ နောက်ကွယ်မှာ အာဏာရှင်အစုအဖွဲ့တွေ ရှိနေတာတွေ့ရမှာဖြစ်ပါတယ်။

    နောက်တစ်ချက် စိတ်ဝင်စားစရာကောင်းတာက ပုံမှန်အားဖြင့် တပ်ကိုယ်စားလှယ်တွေဟာ ကြားနေဖြစ်ပါတယ်၊ ဘယ်သူက တပ်ကိုယ်စားလှယ် တွေကို ဘာကြောင့် ခုံရုံးကိုအသည်းအသန် ကာကွယ်ဖို့စေခိုင်းသလဲဆိုတာဟာ လေ့လာကြည့်သင့်ပါတယ် ကြည့်ရင်မြင်နိင်မှာဖြစ်ပါတယ် အခြားတော့မဟုတ်နိင်ပါ၊ အရှင်ဝင် အရှင်ထွက် နိင်အောင်တော်လှတဲ့ ၂၁ ရာစုအာဏာရှင် ဗိသုကာကြီး ဦးသန်းရွှေနဲ့အစုအဖွဲ့ပဲ ဖြစ်ပါတယ်။ အချိန်ရရင် ဆောင်းပါးရေးချင်ပါသေးတယ်။ comment ရှည်မှာစိုးတဲ့အတွက် ဒီလောက်နဲ့ပဲရပ်လိုက်ပါတော့မယ်။

  5. စလယ်ဝင်ဖင်မမဲခင်မကွဲအောင်ဝိုင်းဝန်းထိမ်းသိမ်းကြပါရန်

  6. ပြုပြင်ပြောင်းလည်းရေးသမားတွေက ဘယ်သူတွေလည်းလို့ မတွေ့ ရသေးဘူးဗျာ။ နိုင်ငံရေးသမား နိုင်ငံရေးကစားသူနဲ့ နိုင်ငံရေးလုပ်စားသူတွေကတော. မြန်မာ ကိုပြောင်းကြမယ်မထင်ဘူး

    အောက် က နေ အထက်အပေါ်သွားတဲ့ ဦးသိန်းစိန် နည်းဗျူဟာ ကို ၀န်ထမ်းဟောင်း သခင် ဗိုလ် ဆရာစိတ်ပေါက်နေတဲ့ သူတွေလက်ခံအောင် ဗမာတွေမှာ အအုပ်ချုပ်ခံ နဲ့  မင်း အရှင်သခင် မလိုတော.အောင် ယဥိကျေးဘို့  လိမ်မာဘို့ စာအရင်သင်ပေး ရအောင်

    နောက်ဆုံးနည်းကတော. မီဒီယာ နဲ့ ပေါ့ ဂျာနယ် သတင်းစာတိုင်း ခေါင်းကြီးပိုင်းပြိုင်ရေး
    ဒီဘိတ်တွေ ကော်လံပေးကြရင် တော့

  7. ဦးသိန်းစိန်ရဲ့တနေ့က တတိယအဆင့်ပြုပြင်ပြောင်းလည်းရေးနဲံ့ပတ်သက်တဲ့မိန့်ခွန်းထဲက တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက်ခါ အတွက်သတိပေးတဲ့ စကားကို နာလိုခံခက်ဖြစ်ကြ မယ့်သူတွေက ဘယ်လိုတုန့်ပြန်ကြသလည်းဆိုတာ အတော်အရေးကြီးသလို

    ဦးသိန်းစိန်ရဲ့ လက်တွေ့ အကောင်အထည်ဖေါ် မှုနဲ့ တိုင်းတာ စစ်ဆေးရမယ်။

    အကြံပေးတွေ အလုပ်ရုံဆွေးနွေးပွဲတွေ လွှတ်တော် အစည်းအဝေးတွေက ဦးသိန်းစိန် အစိုးရအတွက် ဘာမှမလုပ်ပေးနိုင်တာက တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်ကို ပို ထိခိုက်တာပေါ့

    ပြည်ထဲရေး ဦးပိုင် ၀မ်ပေါင်တရုတ် ကြောင့် ဂုဏ် သိက်ခါ စကား စပြောလာရတာကိုက ရှက်လိုက်တာဗျာ