ဆန္ဒပြတာ မကြိုက်ဘူးတဲ့လား | ဧရာဝတီ
ဆောင်းပါး

ဆန္ဒပြတာ မကြိုက်ဘူးတဲ့လား

Hits:7,903
  | |

“၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ အလိုမရှိ”၊ “ဦးသိန်းစိန် အစိုးရ အလိုမရှိ”၊ “ကြံ့ဖွံ့အစိုးရ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်နေတဲ့ ဆန္ဒပြသူတွေ (ဓာတ်ပုံ – ထက်အောင်ကျော်)

နော်ဝေရောက် သမ္မတ ဦးသိန်းစိန်ကို အော်စလိုရှိ မြန်မာနိုင်ငံသားတွေက ဆန္ဒပြဖို့ရှိတယ်လို့ သတင်း ရထားတဲ့အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ အော်စလိုမြို့လယ်က ပါလီမန် ရင်ပြင်ဆီ ကျနော် ထွက်လာခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သမ္မတကို သူ ယုံကြည်ပါတယ်လို့ ပြောထားဖူးအတွက် ဒီနေ့ဆန္ဒပြပွဲမှာ လူသိပ်မရှိလောက်ဘူးလို့ ထင်ထားခဲ့တာပါ။

ဒါပေမယ့် အခြေနေက ကျနော်ထင်ထားသလို မဟုတ်။ လူအင်အား ၅၀ နီးပါးအထိ ပါလီမန်ရင်ပြင်ရှေ့မှာ ရောက်နေတာကို တွေ့ရပါတယ်။ အများစုဟာ KIA (ကချင်လွတ်လပ်ရေး တပ်မတော်) အလံတွေ၊ KNU (ကရင်အမျိုးသားအစည်းရုံး) အလံတွေ ကိုင်ထားပြီး ကချင်ရိုးရာဝတ်စုံ၊ ကရင်ရိုးရာဝတ်စုံတွေ၊ အအေးဒဏ်ကို ကာနိုင်မယ့် ထူထဲတဲ့ နှင်းကာဝတ်စုံတွေနဲ့။

ညနေ ၄ နာရီလောက်မှာတော့ သမ္မတ တည်းခိုတဲ့ Continental ဟိုတယ်ရှိရာ ဆီ ချီတက်ဖို့ ပြင်ကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် နိုင်ငံတော်ဧည့်သည်အဖြစ် ရောက်လာကြတဲ့ နိုင်ငံတကာ အစိုးရအဖွဲ့ ခေါင်းဆောင်တွေဟာ ဒီပါလီမန်ရှေ့က Grand Hotel မှာ တည်းခိုလေ့ရှိပါတယ်။ ဒါပေမယ့် မြန်မာသမ္မတကျမှ ဘာလို့ ဒီဟိုတယ်မှာ မတည်းဘဲ ခပ်လှမ်းလှမ်းက Continental မှာ သွားတည်းသလဲ မသိပါ။ (ဒေါ်အောင်ဆန်းစုကြည် လာတုန်းကလည်း Grand Hotel မှာပဲ တည်းပါတယ်)။

နောက်ထပ် ထူးခြားချက်တခုကတော့ နိုင်ငံခြားခေါင်းဆောင်တွေ တရားဝင် အလည်အပတ်လာရင် နှစ်နိုင်ငံအလံတွေ တလွင့်လွင့် လွှင့်တင်ထားလေ့ရှိတဲ့ နန်းတော်၊ ပါလီမန်နဲ့ ဘူတာကြီး တလျှောက်က အထင်ကရ လမ်းမကြီး Karl Johans တလျောက် အလံတိုင်တွေမှာ ဘာအလံမှ တင်ထားတာ မတွေ့ရပါ။

ဒီလိုနဲ့ ပါလီမန်၊ Karl Johans လမ်းမ၊ Grand Hotel တွေနဲ့ ခပ်လှမ်းလှမ်းက Continental ဟိုတယ်ဆီ ဒီ လူအုပ် ကြွေးကြော်သံတွေနဲ့ အော်ဟစ်ချီတက်ကြပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ အလိုမရှိ”၊ “ဦးသိန်စိန် အစိုးရ အလိုမရှိ”၊ “ကြံ့ဖွံ့အစိုးရ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ချီတက်လာတဲ့ လူအုပ် ဟိုတယ်ရှေ့နား ရောက်တော့ ရဲကား ၃ စီးလောက် လုံခြုံရေးအတွက် နေရာယူထားတာ တွေ့ရပါတယ်။

ဟိုတယ်ရှေ့မှာ ဒီလူအုပ် ကြွေးကြော်သံ အော်နေပေမယ့် ဟိုတယ်ထဲမှာ သမ္မတ ရှိနေပုံမရပါဘူး။ ဒါပေမယ့် သိပ်မကြာပါ။ ဆန္ဒပြပွဲ ၁၅ မိနစ်လောက်အတွင်း သမ္မတယာဉ်တန်း ဟိုတယ်ရှေ့ ရောက်လာပါတယ်။ ရဲ တွေအတော် အလုပ်ရှုပ်သွားပြီး ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေကလည်း ကားသံတွေကို လွှမ်းမိုးတဲ့အထိ ဆူညံသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဆန္ဒပြနေသူတွေဖက်ကို လှည့်တောင်မကြည့်ဘဲ ဟိုတယ်ထဲ တန်းဝင်သွားပါတယ်။ တခါ သူနောက်မှာ လိုက်လာကြတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်နဲ့ ၀န်ကြီးအဖွဲ့ကလည်း ဆန္ဒပြပွဲကို မသိမသာ လှမ်းကြည့်ပေမယ့် ဘာမှမပြောဘဲ ဟိုတယ်ထဲ လိုက်ဝင်ကြပါတယ်။

ဟိုတယ်ရှေ့ ကားလမ်းတဖက်ကမ်းမှာတော့ ကြွေးကြော်သံတွေက ဆူညံဆဲ။ ကချင်၊ ကရင် တိုင်းရင်းသားတွေနဲ့ အတူ ပြည်ပရောက် ၈၈ မျိုးဆက်တွေဟာ ကြွေးကြော်သံ အော်လိုက်၊ ဒီမိုကရေစီ တိုက်ပွဲဝင် သီချင်းတွေ သီဆိုလိုက်နဲ့။

ထူးထူးခြားခြား ငြိမ်းချမ်းရေး တေးသံရှင် ကိုမွန်းအောင်လည်း ဒီနေ့ပွဲကို လာရောက်ပူးပေါင်းပြီး ဂီတာတီး သီချင်းဆိုတဲ့အပြင် စကားပါ ပြောပါတယ်။

“သမ္မတ ရောက်တဲ့နေရာတိုင်းမှာ ဒီမိုကရေစီ အင်အားစုတွေက ဆန္ဒပြရမယ်။ သူတို့ လမ်းမှန်ရောက်အောင် ဒီနည်းနဲ့ တွန်းပို့ရမယ်” လို့ ကိုမွန်းအောင်က ပြောပါတယ်။

ဒီထက် ပိုထူးခြားတာကတော့ အရင် ဆန္ဒပြပွဲတွေမှာ သတင်းလာယူနေကြ နော်ဝေအခြေစိုက် DVB ကို မတွေ့ရဘဲ နေပြည်တော် အခြေစိုက် Sky Net ကိုသာ တွေ့ရပါတယ်။ သမ္မတနဲ့အတူ ပြည်တွင်း မီဒီယာ တချို့လိုက်ပါလာပြီး ကိုမွန်းအောင်ရဲ့ “သွေးမုန်တိုင်း” သီချင်းကို အမိအရ ရိုက်ယူနေတာ တွေ့ရပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကိုလည်း အသေအချာ အင်တာဗျုး လုပ်ပါတယ်။

ဆန္ဒပြပွဲ အရှိန်ကောင်းတုန်းမှာပဲ သမ္မတ ယာဉ်တန်းနဲ့အတူ ပါလာတဲ့ နော်ဝေ နိုင်ငံခြားရေးဌာမှ အရာရှိတချို့ ဆန္ဒပြနေသူတွေဆီ ရောက်လာပြီး ကိုယ်စားလှယ်နှစ်ဦးကို ဖိတ်ခေါ်ကာ ဟိုတယ်ထဲ ၀င်သွားပါတယ်။

တနာရီကျော်ကြာ ဆန္ဒပြပွဲ အပြီးမှာတော့ ကိုယ်စားလှယ်နှစ်ဦး ဟိုတယ်ထဲက ပြန်ထွက်လာပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်တို့က သူတို့နှစ်ဦးကို လက်ခံတွေ့ဆုံပြီး နေပြည်တော်ရဲ့ တည်ဆောက် ပြုပြင် မြန်ပြည်တခွင် လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့တယ်လို့ ကိုယ်စားလှယ်နှစ်ဦးက ပြန်ပြောပြပါတယ်။

“ဘာလို့ ဒီမှာဆန္ဒပြနေလဲ၊ နေပြည်တော်အထိ လာ လေ့လာကြလေ” လို့ ၀န်ကြီးဦးစိုးသိန်းက ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ တိုးတက်နေတဲ့ အခြေအနေတွေကို အပြင်ကလူတွေက မသိလို့ အခုလို ဆန္ဒပြနေတာ ဖြစ်နိုင်တယ်ဆိုပြီး နော်ဝေ နိုင်ငံခြားရေးဌာနက အရာရှိတွေကို ၀န်ကြီးက ပြောတယ်လို့ လည်း သူတို့က ဆိုပါတယ်။

“နေပြည်တော်မှာ ပြောင်းမပြောင်းတော့ မသိဘူး။ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာမှာတော့ ရဲက သေနတ်နဲ့ပစ်လို့ လယ်သမား ၆ ယောက် ဆေးရုံတင်လိုက်ရတယ်” ဆိုပြီး ကိုယ်စားလှယ်တွေက ပြောလိုက်တဲ့အခါ ၀န်ကြီးနှစ်ဦး မျက်စိမျက်နှာ ပျက်သွားတယ်လို့လည်း ဆိုပါတယ်။ နော်ဝေ နိုင်ငံခြားရေးဌာနက အရာရှိတွေလည်း တအံတသြဖြစ်သွားပြီး “မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေဆဲလား” လို့ ဖြစ်စဉ် အသေးစိတ်ကို မေးမြန်းခဲ့တယ်လို့ သူတို့က ပြန်ရှင်းပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးအကြောင်း မေးတဲ့အခါ လောလောဆယ် မလွယ်သေးတဲ့အကြောင်း၊ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေကို သိပ်မလိုလားတဲ့အတွက် သမ္မတနဲ့ အစိုးရအဖွဲ့က လုပ်ရကိုင်ရ ခက်နေဆဲဖြစ်တယ်ဆိုပြီး ဦးစိုးသိန်းက ပြောတယ်လို့ ကိုယ်စားလှယ်နှစ်ဦးက ပြန်ပြော ပြခဲ့ပါတယ်။

တခါ ဒီလိုပြင်ရခက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ လက်ရှိအစိုးရက ဆွဲထားတာ မဟုတ်ဘူး၊ အရင် အစိုးရဟောင်းက ဆွဲထားတာဖြစ်တယ်။ နောက်တခါ လယ်ယာသမားတွေ အပစ်ခံရတဲ့ကိစ္စဟာ အရင်အစိုးရခေတ်က လယ်တွေသိမ်းထားတာကြောင့် ဖြစ်တယ်၊ အခု အစိုးရလက်ထက်မှာတော့ သိမ်းဆည်းလယ်တွေကို လယ်သမား လက်ထဲပြန်အပ်နိုင်အောင် ကြိုးစားနေပါတယ်လို့ ၀န်ကြီးနှစ်ပါးက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ကချင်နယ်မှာ စစ်ပွဲရပ်ရေးအပါဝင် တနိုင်ငံလုံး ငြိမ်းချမ်းရေးရအောင်၊ တိုင်းရင်းသား အားလုံး ပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာအောင်လည်း သူတို့အစိုးရက ဆောင်ရွက်နေတယ်လို့ ၀န်ကြီးတွေက ပြောကြောင်း ဆိုပါတယ်။

ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်ခ်မှာ ဆန္ဒပြပွဲအကြောင်းနဲ့ ကိုယ်စားလှယ် နှစ်ယောက်ကို တွေ့ဆုံတဲ့အကြောင်း ရေးသားခဲ့ပြီး “ကျွန်တော်တို့က သူတို့ကို အခြေခံဥပဒေ ပြင်ဆင်ရေး ကို ဆန္ဒပြနေရုံနဲ့ လုပ်လို့မရကြောင်း၊ နိုင်ငံတည်ဆောက်ရေးမှာ ကိုယ်တိုင် ၀င်ပါပြီး နိုင်ငံထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်မယ့် အခြေအနေမျိုး ရောက်အောင် ၀ိုင်းကြိုးစားဖို့လိုကြောင်း၊ ကျွန်တော်တို့ နိုင်ငံဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီလမ်းကြောင်းအတိုင်း မြန်မြန်သွားနိုင်အောင် ကူညီပေးဖို့လိုကြောင်း ရှင်းပြ ခဲ့ပါတယ်” လို့ ရေးတာကို တွေ့ရပါတယ်။

နောက်ပြီး “ကျွန်တော်တို့ ကြားမှာ သဘောမတူတာတွေ ရှိနေသည့်တိုင်အောင် ဒီလို ထိုင်ပြီး စကားပြောဆို ဆွေးနွေးတာကိုက သမ္မတကြီးပြောတဲ့ သည်းခံ ခွင့်လွှတ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို ကျွန်တော်တို့ ဖော်ဆောင်နေပြီ ဆိုတာကို ထပ်မံ သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်” လို့ နိဂုံးချုပ်လိုက်ပါတယ်။

ကိုယ်စားလှယ်နှစ်ဦး ပြန်ပြောပြသမျှအတိုင်းဆိုရင် သမ္မတနဲ့ ၀န်ကြီးအဖွဲ့က ဒီလို ဆန္ဒပြတာကို မကြိုက်ဘူးဆိုပဲ။ သူတို့ဟာ အရင်ကလို စစ်အစိုးရ မဟုတ်တော့ဘဲ ပြည်သူက ရွေးချယ်တဲ့ အရပ်သားအစိုးရ ဖြစ်နေပြီ။ လူအများစုက ကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါလီမန်ထဲ ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီလို ဆန္ဒပြဖို့ မလိုတော့ဘူးလို့ တွက်ဆထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်တမ်း ပြောမယ်ဆိုရင် ဆန္ဒပြနေတာဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေချည်း မဟုတ်ပါဘူး။ ဧရာဝတီတိုင်း မအူပင်မြိုနယ်က လယ်သမားတွေလည်း သူတို့လယ် ပြန်ရရေးအတွက် ဆန္ဒပြတာပဲ မဟုတ်ပါလား။ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေလည်း လုပ်အားခ တိုးရဖို့နဲ့ အလုပ်သမား အခွင့်အရေးရဖို့ ဆန္ဒပြနေကြတာပဲ မဟုတ်လား။ မုံရွာ လက်ပံတောင်းက ဒေသခံတွေကလည်း သူတို့ရဲ့ တောတောင်ရေမြေ သဘာဝတွေ ဆုံးရှုံးမခံနိုင်လို့ ဆန္ဒပြနေကြတာပဲ မဟုတ်ပါလား။ ကချင်ပြည်နယ်နဲ့ တနိုင်ငံလုံးမှာ စစ်ပွဲတွေရပ်ဖို့အတွက် ရန်ကုန်ကနေ လိုင်ဇာအထိ တန်းစီလမ်းလျှောက် ဆန္ဒပြကြတာပဲ မဟုတ်ပါလား။ ဟံသာဝတီ ကားပွဲစားတန်းကတောင် သူတို့ လုပ်ကွင်းလုပ်ကွက် ဟန်မပျက်သွားရအောင် ဆန္ဒပြကြတာပဲ။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ အစိုးရက ပြောနေပေမယ့် နောက်ထပ်လုပ်စရာတွေ အများကြီး ကျန်နေဆဲဆိုတာကို ဒီဆန္ဒပြပွဲတွေက ရောင်ပြန်ဟပ်နေတာ မဟုတ်လား။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာဟာ ဒီမိုကရေစီစနစ်ရဲ့ ယဉ်ကျေးမှုတရပ်ပဲ မဟုတ်ပါလား။

(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)


15 Responses

Leave a Reply

  1. သတင်းတွေကိုဖတ်ရတာ ကြိုက်ပါတယ်။

  2. Thank you Ko Htet Aung Gyaw
    “စစ်တပ်နဲ့ ကြံ့ဖွတ်ပါတီက လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေကို သိပ်မလိုလားလို့ သမ္မတနဲ့ အစိုးရအဖွဲ့က လုပ်ရကိုင်ရ ခက်နေတယ်” လို့ ဆိုလေတော့ ဒီဝန်ကြီးတွေနဲ့ ဒီသမ္မတက ဘယ်ပါတီကလဲခင်ဗျာ။
    “ပြင်ရခက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ လက်ရှိအစိုးရက ဆွဲထားတာ မဟုတ်၊ အရင် အစိုးရဟောင်းက ဆွဲထားတာ၊ လယ်ယာသမားတွေ အပစ်ခံရတဲ့ကိစ္စဟာ အရင်အစိုးရခေတ်က လယ်တွေသိမ်းထားတာ” ဆိုတော့ ပြင်ရခက်အောင် လူထုဆန္ဒကို ဆန့်ကျင်ပြီး အဓမ္မလုပ်ခဲ့တဲ့ အထဲမှာ ဒီဘောင်းဘီချွတ်တွေ မပါခဲ့ဘူးလားခင်ဗျာ။ အရင်အစိုးရ၊ အခုအစိုးရလို့ ဆိုပြန်တော့ သမ္မတဦးသိန်းစိန်ဟာ အရင်ဝန်ကြီးချုပ်ဦးသိန်းစိန်နဲ့ ဘာမှ မပတ်သက်ဘူးလားခင်ဗျာ။ လက်ပံတောင်းမှာလည်း ရဲက ပြည်ထဲရေးဝန်ကြီး မခိုင်းရဘဲ ပစ်သလား၊ ၀န်ကြီးကရော သမ္မတနဲ့ အစိုးရ အမိန့်မပေးဘဲ ခိုင်းသလား။ လိပ်ကျောကြောင်ကော် ပြောင်ချော်ချော်နဲ့ ဘီဘီစီဟာ့ဒ်တော့ကို ဖြေခဲ့တဲ့ သမ္မတကြီးက ဒီကနေ့ မြန်မာအသိုက်အ၀န်းကို ဘယ့်နှာဖြေမယ်ဆိုတာ စောင့်ကြည့်ကြရဦးတော့မယ်။

    • ဦးနေဝင်း လက်ထက် တုံးကလည်း ဒီလိုပဲလေ။
      ကိုစိန်လွင် ကို ခိုင်းတုံးကလည်း သူပါပဲ။
      နောက်မှ ပြဿနာ မီးငြိမ်း မရမှ အဲဒီ ကိစ္စ ကို မသိရပါဘူးလေး ဘာလေးနဲ့။
      ကို အောင်ကြီး နဲ့ပေါင်းစား တာလည်း ကိုနေဝင်းပဲလေ။ ပြည်သူတွေ အော်မှ တပ်မတော် ပိုင်စီးပွားရေး လုပ်ငန်းတွေ ကို ဖျက်သိမ်းပြီး အပြစ်တွေကို အောင်ကြီး ကို လွှဲချ လိုက်တာ။

      ဒီလို လူလည် အလုပ်လွန်ပြီး ပြည်သူလူထု ကို ချစ်ခြင်ယောင်ဆောင်ခဲ့တော့ တိုင်းရင်းသား လက်နက် ကိုင်ပုန်ကန်မှုတွေ၊ ကွန်မြူနစ် လက်နက်ကိုင် ပုန်ကန်မှုတွေ များလာပြီး နောက်ဆုံး ကျောင်းသားတွေ နှင့် တွေ့ပြီး ပြုတ်တော့တာပဲ။
      နောက်ဆုံး သူမွေးထားတဲ့ လူတွေ က သူ့ကို ပြန်ပြီး အကျယ်ချုပ်တောင် ထားလိုက်သေး။

  3. ဦးရဲထွဋ်နဲ့ ပတ်သက်လို့လည်း နည်းနည်းလေး ပြောပါရစေခင်ဗျာ။ ရခိုင်အရေးကို ဘယ်သတင်းစာက အစဖော် မီးမွှေးခဲ့ပါသလဲလို့ မေးချင်လို့ပါ။ နာရေးကြော်ငြာကိုတောင် မဟေဠိဖော်ရလောက်အောင် စေ့စေ့စပ်စပ် စိစစ်တော်မူတဲ့ အစိုးရသတင်းစာက စရေးခဲ့တာပါခင်ဗျာ။ ကုလားလို့ တမင်ဖော်ပြပြီးမှ တောင်းပန်တာပါခင်ဗျာ။ ဒီ့ပြင်တိုင်းပြည်တွေမှာ ဒါမျိုးဆိုရင် တာဝန်အရှိဆုံးလူက တောင်းပန်ပြီး နုတ်ထွက်လေ့ရှိပါတယ်။ ခုတော့ ညွှန်ချုပ်က ၀န်ကြီးဖြစ်လာပါရောလား။

  4. Why a police was killed?And,what did you do for AB?And,Why r u in Norway?Want democracy or want to go and living in third country(oversea).Do you think Norway government trust your cheedote?

  5.့ြ့မန်မာပြည်သား

    ဘယ်သူ မပြုမိမိပြုပါ။ ကိုယ် တိုင်ပြောင်းလဲမှ တိုင်းပြည်ကို ပြောင်းလဲအောင် လုပ်နိုင်မှာပါ။
    ခင်ဗျားတို့ပြောင်းလဲမှု ကို တစ်ကယ်လိုလားတယ်ဆိုရင် အရင် အစိုးရ လက်ထက် ကတည်းက တတ် လာတဲ့ လိမ်ညာတတ် တဲ့ အကျင့်တွေ နောက်မှာ ထားခဲ့ဖို့ လို ပြီ မောင်စိုးသိမ်းရေ။

  6. ဆန္ဒပြတာကတော့ ပြခွင့်ရှိရမှာပေါ့။ ဒါပေမယ့် “ရွှေပန်းနဲ့ ကြိုဆိုပါ၏” ဆိုတာမျိုးကျတော့ နည်းနည်း မလွန်ဘူးလား။

  7. စာရေးသူသည်အစဉ်တစိုက် အဆိုြး­မင်ဝါဒနှင့်
ြ­မင်တတ်သူတစ်ဦးဆိုတာပေါ်လွင်ပါတယ်။
    ဧရာဝတီဆိုတာလည်း
    အစိုးရကိုလမ်းမှန်ရောက်အောင်
    စေတနာ ဘလပွနဲ့ တွန်းအားပေးလေ့ရှိတဲ့
    သတင်းဌာနအြ­ဖစ် ဘယ်တုန်းကမှ ခံယူထားလေ့မရှိသော media
    တစ်ခုအြ­ဖစ်နားလည်ပါတယ်၊
    ဘာလို့များပကတိအြေ­ခအနေကိုလက်မခံနိုင်တာလည်း
    ရှင်းပါတယ်၊ြ­မန်မာလိုမတွေးခေါ်တတ်ြ­ခင်းပါဘဲ
    နိုင်ငြံ­ခားမှာနေ၊ သူတို့လိုတွေး၊
    သူတို့လိုနေရမှ ဆိုတဲ့
    စိတ်မရှည်နိုင်မှုက သူတို့ကို အဝိဇ္ဇြာ­ဖစ်စြေ­ခင်းပါ၊
    နိုင်ငံတွင်းနြေ­ပည်သူတွေနဲ့ ဒိုးတူဘောင်ဘက်
    ဒီမိုကရေစီကိုရောက်အောင်သွားကြမယ်ဆိုတဲ့ တန်ဘိုးရှိပညာတတ်လူတော်တွေမဟုတ်တာတော့
    အေသအျ­ခာပါပဲ။
    လက်ရှိအစိုးရကောင်းတယ်လို့မဆိုလိုပါ၊
    လမ်းကြေ­ဖာင့်နေလို့ မလျောက်တတ်ြ­ဖစ်နေတာပါ၊
    ဒေါ်စုကတော့ရှင်းပါတယ် အတွင်းကနေသတ္တိရှိစွာ
    တိုင်ြး­ပည်ကိုတွန်းနေပြါ­ပီ၊
    သတ္တိမရှိသူ ထိုသူများကတော့ သူများတိုင်ြး­ပည်လမ်းပေါ်မှာအော်လို့ကောင်းဆဲပါပဲ၊
    တိုင်ြး­ပည်ကိုတစ်ကယ်ကောင်းစြေ­ခင်ရင်
ြ­ပည်တွင်းကအင်အားစုတွေနဲ့
ြ­ပည်တွင်းမှာ တစ်ကယ်လုပ်ဘို့လိုအပ်နြေ­ပီ
    အချိန်အခါကောင်းရောက်နေပြါ­ပီလို့ဖိတ်ခေါ်ပါရစေ။

  8. မင်းကြီးညို

    အဲဒီဆန္ဒပြတဲ့သူတွေကို ပြည်တွင်းကိုလုံးဝ(လုံးဝ) ပြန်အ၀င်မခံပါနဲ့။ နောက်အစိုးရအဖွဲ့တက်
    လာရင်လည်း အ၀င်မခံပါနဲ့။ တသက်လုံး အဲဒီနိုင်ငံမှာပဲ နေသွားပါတော့။ ပြည်တွင်းကိုပြန်
    မလာနဲ့တော့။

  9. ကောင်းစေချင်

    ဆန္ဒပြတာကပြသနာမဟုတ်ပေမယ့်နောက်ဆက်တွဲပါလာတဲ့ လူစုလူဝေးနဲ့အကြမ်းပတမ်းလုပ်
    တတ်တဲ့ စိတ်ကခက်တာ။ တကယ်တမ်းတာဝန်ရှိတဲ့သူတွေက ပြသနာကိုပြေပြေလည်လည်ပြီး
    သွားစေချင်တာပါ။ ငါတို့လူအုပ်တောင့်နေရင် ဘာလုပ်လုပ်ရပြီ ဆိုတဲ့စိတ်နဲ့ ဘာမှမကြောက်
    နဲ့ငါတို့ရှိတယ်လုပ်သာလုပ်လို့မြောက်ပေးတဲ့သူပေါင်းမိတဲ့အခါကျတော့ပြသနာကပိုကြီးသွား
    တတ်ပါတယ်။ပြီးမှ အစိုးရကအကြမ်းဖက်နှိမ်နင်းပါတယ်အော်ကြမယ်လေ။ဒီအကွက်တွေပါပဲ။

  10. ပါလီမန်ထဲ ရောက်လာတာနဲ့ တိုင်းပြည် ကပြည်သူတွေ ဆန္ဒ မပြရတော့ဘူးပေါ့။
    ပါလီမန် ထဲမှာ မဲလိမ်ပြီးရောက် နေတဲ့ အမတ် တွေ ရှိတယ် ဆိုရင်ကော ဆန္ဒ ပြလို့ရမလား။

  11. Yes,He is a real Kachin leader..

  12. ဆန္ဒပြတယ်ဆိုတာ ကိုယ်ပိုင်လိုအပ်ချက်ကိုဖေါ်ထုတ်တာဆိုရင် ၊ ကျွန်တော်တို.နိင်ငံမှာလူတိုင်း အလွှာအသီးသီး ၊ အဖွဲ.အစည်အသီးသီး လိုအပ်ချက်တွေရှိနေတာပါ ။ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ ရဲတပ်ဖွဲ.၀င်တွေ ၊ တပ်မတော်သားတွေ ၊ အလုပ်သမားတွေ ၊ အကုန်ဒီလိုဆန္ဒပြ လာရင် ဘာဖြစ်မလဲ ? ကိုယ်ဆန္ဒပြခွင်.ရှိသလို ၊ တခြားသူတွေလည်း ကိုယ်.လိုဆန္ဒပြခွင်.ရှိတယ်ဆိုတာ ကို ၊ ဆန္ဒပြနေတဲ.လူတွေနားလည်ဖို.လိုပါတယ်။

  13. နိုင်ငံရပ်ခြားကနေပြီးတော့ မြန်မာပြည်အရေးကိုအစွမ်းကုန်ကျိုးပမ်းနေကြတဲ့မြန်မာနိုင်ငံရေးပညာရှိမျိုးချစ်များကိုအမေရိကန်အစိုးရကလုပ်ပေးသလိုဆုတစ်ခုလောက်ဦးသိန်းစိန်အနေနဲ့ ထွင်ပေးသင့်တယ်…နှစ်တွေလည်းကြာနေပြီ၊အစိုးရလည်းမလုပ်တတ်လုပ်တတ်နဲ့ ရှေ့ တက်နေပြီ၊သူတို့ ရဲ့စတိုင်ကအရင်တုန်းကလိုမြန်မာအစိုးရအရာရှိလာရင်ဆန်ဒလေးပြလိုက်ထောက်ပံ့ငွေလေးယူလိုက်နဲ့ အားတော့ကျတယ် အစိုးရလည်း မိုက်ကန်းခဲ့တာလည်းလက်ခံပါတယ်…သူတို့ ကမြန်မာပြည်ရဲ့ပူံရိပ်ကိုအသုံးပြုပြီး သူများထောက်ပံ့ကြေးယူနေတာ မြန်မာပြည်အတွက် တစ်ခုခုမဖြစ်သင့်ဘူးလားအေရာဝတီရယ်… (ကျနော် ၂၀၀၈ ကတည်း ဒီဆိုက်ကို နေ့စဉ်နီးပါးကြည့်ပါတယ် မြန်ာပြည်အပြင်မှာရောအခုနောက်ပိုင်းအတွင်းမှာပါ ဒီကအာဘော်တွေလည်း မှိုင်းမိသင့်သလောက်မိပါတယ်) အခုနောက်ပိုင်းမြန်ာမပြည်ကပညာရှင်တို့ နိုင်ငံရေးသမားတို့ ကို အမြင်မကြည်တာအမှန်ပဲ တခုခုလိုနေသလိုလိုပဲ…ဘဆရာမိုးသီးတစ်ယောက်ကတော့ ဟော့နယူးမှာဓတ်ပုံခန့်ခန့်ကြီးနဲ့  ပါလိတွေရော ရောမခေတ်က ဖီလော်တွေရော ဟောနေလေရဲ့…နောက်ထပ်နိုင်ငံခြားကပြန်လာတဲ့ မြန်မာနိုင်ငံရေးသုခမိန်တွေကို မျွှော်နေတယ်ဟေး….ပြောင်းတတ်သလောက်ပြောင်းတဲံသူလည်းပြောင်းနေပြီ နိုင်ငံခြားမှာ ခိုလှုံတဲ့သူတို့ ရဲ့အလုပ်ကဒါပဲလား…နောက်ထပ်ပိုတာက ဒီလိုလေးပဲတွေးတတ်တယ်ထင်ပါရဲံ…

  14. ကျွန်တော်လဲ ဒီဆိုဒ်ကို အမြဲဖတ်ဖြစ်ပါတယ် တခုသတိထားမိတာက အပြုသဘောထက်
    အစိုးက ဆန့်ကျင်ဘက်တွေပဲပြောတက်တဲ့သဘောတွေပဲ ဖတ်နေရတယ် ကြာပြီ
    စစ်အစိုးရလဲ တစက်မှမကောင်းခဲ့ဘူး အမှန်ပဲ
    လူအခွင့်အရေး ဒီမိုခရေစီအင်းအားစု ဆိုပြီး ကိုယ်ကျိုးလုပ်နေတဲ့သူတွေ လဲ တပုံကြီးအတိုက်အခံဘက်မှာ
    (တခါမှ နိုင်ငံရေးလုပ်ဆောင်ချက်တွေမှာမပါပဲ နဲ့ နယ်စပ်သွား တခြားနိုင်ငံသွားရရင်ပြီးရော (Asylum)ဖို့ကိုမျော်ကိုးပြီး refugeန camp ထဲမှာ နှစ်၇ှည်စောင့်
    ပြီးတော့မှ ဒီမိုကရေဒီ အင်းအားစုဆိုပြီး မျက်စိမှိတ် အစိုးရကိုဆဲ အပြစ်တင် လုပ်စားနေတဲ့ လူတွေလဲအတိုက်ခံထဲမှာတပုံကြီး)

    အခုစတင်တဲ့ပြောင်းလဲမှူတွေ ကိုလဲ အပြက်သဘောပြောဦးမျာပဲ
    အပြစ်ပဲတင်ပြီးတော့ (solution) ကောင်းသောအကြံဥဏ်တဲ့ပေးတဲ့သတင်းက နည်းပါးတယ်

    ဒေါ်စု နိုင်ငံအာဏာရလို့ တိုင်းပြည်အတွက်ကြိုးစားအားထုတ်လဲ ပြောဦးမှာပဲ…………….

    “Every nation has the government it deserves” Joseph de Maistre