ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး တင်ပြထားတာကို ဆက်ဆွေးနွေးဖို့ရှိတယ် | ဧရာဝတီ
အင်တာဗျူး
ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး တင်ပြထားတာကို ဆက်ဆွေးနွေးဖို့ရှိတယ်
Hits:31,181
  | |
KIO ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Lachid Kachin / Facebook)
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီး ပူးတွဲ ကြေညာချက် တရပ် ထုတ်ပြန်နိုင်ခဲ့သည်။ နှစ်ဖက်တွေ့ဆုံနိုင်ရန် တရုတ်အစိုးက ကြားဝင် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက ရွှေလီတွင် တွေ့ဆုံမှုအပြီး ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်သည်။ တွေ့ဆုံပွဲတွင် ကချင်ဘက်မှ ဦးဆောင်တက်ရောက်သူ တဦးဖြစ်သည့် အမြဲတမ်း ဗဟိုကော်မတီဝင်၊ KIO ပညာရေးဌာန တာဝန်ခံနှင့် KIO ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဧရာဝတီ သတင်းထောက် လဖိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။     ။ အစောပိုင်းက “၀” နယ်မှာ တွေ့ဖို့ စီစဉ်ထားတာကနေ ဘယ်လိုကြောင့် ရွှေလီကို ရွှေ့သွားတာပါသလဲ။
ဖြေ ။     ။ “၀” မှာ စီစဉ်ထားတာက မဖြစ်တော့ဘူးလေ။ ဘာကြောင့်ပျက်သွားလဲဆိုတာ ကျနော်တို့လည်း တိတိကျကျမသိဘူး။ ရွှေလီမှာဖြစ်တာက ဗြုန်းဒိုင်းဖြစ်လာတာ။ ကျနော်တို့ အစီအစဉ် မရှိပေမဲ့ တရုတ်နိုင်ငံခြားရေးရုံးက အရာရှိတွေက ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ခေါ်ထားပြီ၊ ဦးအောင်မင်းတို့ တရုတ်ပြည်မှာ ရောက်နေပြီ၊ ဒါကြောင့် လာတွေ့ပါဆိုပြီး မရမက လာခေါ်တာကြောင့် ကမန်းကတန်း သွားလိုက်ရတာ။ တကူးတက လာပြောတာကို မသွားဘူးဆိုရင်လဲ မကောင်းတာကြောင့်ပါ။ အစည်းအဝေး အစီအစဉ်ဘာမှ မရှိဘူးတဲ့၊ တွေ့ရုံပဲ၊ အဲလိုပြောတာ။ ဒါကြောင့် သွားတွေ့တာဖြစ်တယ်။
မေး ။     ။ အပြင်သတင်းတွေမှာ စည်းဝေးပွဲကို အရမ်းချီးကျူး ရေးသားနေကြတာ တကယ်ရော အောင်မြင်တဲ့ တွေ့ဆုံပွဲလို့ ပြောနိုင်ပါသလား။
ဖြေ ။     ။ အောင်မြင်တယ်လို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့ဆက်ပြီးတော့ လုပ်သွားဖို့ အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အဆင့် ဆွေးနွေးပွဲလို့ ခေါ်လို့ရပါတယ်။ အောင်မြင်တယ်ဆိုလည်း မမှားပါဘူး။
မေး ။     ။ တွေ့ဆုံပွဲတွေပြီးတိုင်း တိုက်ပွဲအရှိန် မြင့်လာတာ တွေ့ရပါတယ်။ အခုတခေါက် ဆွေးနွေးပွဲကရော ဘယ်လို မျှော်မှန်းထားလဲ။
ဖြေ ။     ။ ဆွေးနွေးပွဲမှာတော့ အများအားဖြင့် ကိုယ်စားလှယ်တွေပဲ ပါတာကိုး။ အစိုးရဘက်ကဆိုရင် စစ်တပ် မပါဘူးလေ။ ဒါကြောင့် စစ်ရှိန်လျှော့ရအောင်လို့ ခါတိုင်းလိုပဲ ဆွေးနွေးကြတယ်။ ဒါပေမဲ့ ဖြစ်မလာဘူး။ လိုင်ဇာနားမှာတော့ အစိုးရတပ်တွေ ရှိနေပါတယ်။ အစိုးရပြောတဲ့ အတိုင်းဆိုရင် ရောက်နေတဲ့နေရာမှာ ထိုးစစ် မလုပ်တော့ဘူးလို့ ပြောတာပဲ။ ရှေ့ဆက် ဘယ်လိုဖြစ်မလဲဆိုတာက မပြောနိုင်ဘူး။ အခုချိန်အထိ အစိုးရ ကြေညာထားတာက အဲဒီလိုပဲ။ ထိုးစစ်မရှိတော့ရင် ဆွေးနွေးပွဲတွေ ရှေ့ဆက်သွားဖို့ ဖြစ်နိုင်ပါတယ်။
မေး ။     ။ ရွှေလီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ် ဂွန်မော် ပါလာတာ ဘာတွေထူးပါသလဲ။ တွေ့ဆုံပွဲကို ပိုအကျိုးရှိစေပါသလား။
ဖြေ ။     ။ သူပါလာတာကတော့ တရုတ်တို့၊ တပ်ပေါင်းစု KNU (ကရင်အမျိုးသား အစည်းအရုံ) တို့၊ UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ) အဖွဲ့ဝင်တွေ ပါမယ်ဆိုတော့ နိုင်ငံခြားနဲ့ ပတ်သက်တာတွေ ပြောဖို့ ဆွေးနွေးဖို့ ပါလာတော့ သူနဲ့ ဆွေးနွေးလို့ ရတာပေါ့။ သူပါလာတယ်ဆိုရင် တပ်ကိစ္စအတွက်လည်း တပ်ကို အုပ်ချုပ်တဲ့သူပါမှ ပိုပြီးတော့ ဆုံးဖြတ်လို့ရတာပေါ့။ သူပါလာလို့ အဲဒီကိစ္စတွေ ဆွေးနွေးလို့ ရတာပေါ့။ အစိုးရဘက်ကို စစ်ရှိန်လျှော့ရအောင်လို့ ဆွေးနွေးထားတာ မဖြစ်တာက များတယ်။ ဆွေးနွေးပွဲပြီးရင် စစ်ရှိန်က များလာသလိုလို ဘာလိုလိုနဲ့ အဲလိုတွေဖြစ်ခဲ့တဲ့ အချိန်မှာ ဒီလိုကိစ္စတွေ ဖြစ်လာတယ်လေ။ အခုတခါက ဒု ဦးစီးချုပ်ပါလာတော့ ပြောအားရှိတာပေါ့။ ဒါကြောင့်မို့ ထူးခြားတယ်၊ အကျိုးရှိတယ်လို့ ပြောလို့ရပါတယ်။
မေး ။     ။ KIO ရဲ့ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်က ဘယ်အတိုင်းအတာအထိ ရှိပါသလဲ။
ဖြေ ။     ။ ဗဟိုကော်မတီက ပေးအပ်လိုက်တဲ့ တာဝန်အတိုင်း၊ ပြောဖို့ဆိုဖို့ ဆွေနွေးဖို့ စီစဉ်ထားတဲ့အတိုင်း ဆွေးနွေးပါတယ်။ မဟုတ်ရင် ကိုယ်ပြောချင်တာပြော၊ ကိုယ်လုပ်ချင်တာလုပ် ဆိုရင် အဆင်မပြေဘူး။ ဘယ်အထိ ဆုံးဖြတ်နိုင်တယ်ဆိုတာ ဗဟိုကော်မတီက ဆုံးဖြတ်ပါတယ်။
မေး ။     ။ နောက်တခါ တွေ့ဆုံပွဲတွေမှာရော တရုတ်က ပါဦးမှာလား။ ဘယ်လိုနေရာက ပါမှာလဲ။
ဖြေ ။     ။ တရုတ်ကတော့ စောင့်ကြည့် လေ့လာရေးအဖွဲ့မှာ ပါဖို့ မေတ္တာရပ်ခံထားတယ်။ စောင့်ကြည့်လေ့လာတဲ့ အခန်းကဏ္ဍမှာ ပါဝင်ဖို့ ပြောထားတယ်။ ဒါပါပဲ။ ရှေ့ဆက်ပြီး ဘယ်လောက်ပါမလဲ ဆိုတာတော့ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အများကြီး မူတည်တာ ဖြစ်ပါတယ်။
မေး ။     ။ နောက်တခါ ဆွေးနွေးပွဲ ဘယ်တော့လောက် ပြန်စနိုင်မလဲ။
ဖြေ ။     ။ ဖေဖော်ဝါရီလ မကုန်ခင် ပြန်တွေ့မယ်လို့ ပူးတွဲကြေညာချက်မှာ ပါတယ်။ အဲဒီအတိုင်းပါပဲ။ ဒီအတိုင်း ဖြစ်အောင်တော့ စီစဉ်ရမှာပဲ။ နေရာကတော့ အတိအကျ မပြောရသေးဘူး။ ဆွေးနွေးပွဲလုပ်ဖို့ အချိန်နီးမှပဲ အရင်လို နှစ်ဖက်ညှိပြီး လုပ်သွားမှာပါ။
မေး ။     ။ KIO က အဓိကဆွေးနွေးမယ့် နိုင်ငံရေး အကြောင်းအရာက ဘာလဲခင်ဗျ။
ဖြေ ။     ။ အရင်က တင်ပြထားတဲ့အတိုင်းပဲ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး တင်ပြထားတာကို ဆက်ဆွေးနွေးဖို့ရှိတယ်။ တင်ပြထားတာကြာပြီ။ စည်းဝေးလုပ်တိုင်း ဒါကိုပဲပြောနေတာပါ။ အဓိကလည်း ဒါပါပဲ။ အဓိက နိုင်ငံရေး ဆွေးနွေးတယ် ဆိုတာ ဒါပါပဲ။
မေး ။     ။ လတ်တလော အခြေအနေကို ကောင်းတယ် ပြောမလား၊ ဆိုးတယ် ပြောရမလား။
ဖြေ ။     ။ လတ်တလောကတော့ ဆွေးနွေးပွဲမှာ လာတက်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မူ အဖွဲ့ ဒု ဥက္ကဌ ဦးအောင်မင်း ကိုယ်တိုင် လာတက်တာမို့ လတ်တလောကတော့ လက်ခံသွားတာပေါ့။ အခြေအနေကတော့ နောက်ဆုတ် သွားတာမဟုတ်ဘဲ ရှေ့ကိုသွားဖို့ လမ်းစ ဖော်ဆောင်ထားတယ်လို့ ပြောရမှာပေါ့။ ရှေ့ဆက်ဖို့ အလားအလာ ရှိတယ်လို့ ပြောရမှာပေါ့။     ။
WSJ LIVE VIDEO:
7 Responses
Leave a Reply
  1. မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနဲ့ ဖဒရယ်ပြည်ထောင်စုစနစ်တွေကို နားမခံသာတဲ့အဖွဲ့အစည်းတွေ ရှိနေပါတယ်..။
    အာဏာကို ခွဲဝေကျင့်သုံးခြင်းဖြစ်လို့ အာဏာကို ချုပ်ကိုင်ချင်တဲ့သူတွေက မလိုလားကြပါဘူး။
    ဖဒရယ်=ခွဲထွက်ရေး လို့လိမ်ညာဝါဒဖြန့်ပြီး အာဏာသိမ်းဖို့ အကြောင်းပြချက်ဖန်တီးထားပါတယ်..။
    အဲ့ဒီစနစ်တွေကို တကယ်သာအောင်မြင်အောင် ဖော်ဆောင်နိုင်ရင် ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းသွားမှာပါ..။
  2. တိုင်းရင်းသားများကိုယ်ပိုင်ပြဌါန်းခွင့် ၊ တန်းတူရေး စတာတွေကို ဆွေးနွေးဖို့လိုတယ် ၊ ဒါကိုလိုအပ်နေတယ်လို့ပြောပါတယ်။ အဲဒီတော့ ကျနော်တစ်ခုမေးချင်ပါတယ်။ တိုင်းရင်းသားများ ကိုယ့်ဒေသမှာကိုယ် ပြဌါန်းခွင့် ၊ တန်းတူခွင့် ရချင်သလို ကိုယ့်ဒေသတွင်းမှာ တခြားသော တိုင်းရင်းသားများ ၊ လူမျိုးခြားများ ၊ မတူသော တိုင်းရင်းသားများ အပြင် တိုင်းရင်းသားအများစုက မုန်းတီးနေသော ဗမာလူမျိုးတွေ နေထိုင်နေတာကို လက်ခံပါသလား၊အကယ်၍ များ ကိုယ်ပိုင်ပြဌါန်းခွင့် ရလာရင် အဓိကတိုင်းရင်းသားက ဒါငါတို့မြေ ဒါငါတို့ဒေသဆိုပြီး မာန်တက်ပြီး တခြားသူတွေကို အနိုင်မကျင့်ဘူးလို့ပြောနိုင်သလား။ ခုတောင်ကျနော်သိသလောက် ကြားရသလောက် မြင်ရသလောက် ရှမ်းလူမျိုးအတော်များများက လူမျိုးရေးစိတ်တယူသန်တွေနဲ့ အခွင့်အရေးရရင်ရသလို အနိုင်ကျင့် ဗိုလ်ကျစိုးမိုး လူမျိုးစုအားကိုးနဲ့အနိုင်ယူတာ တော်တော်များများတွေ့ရတယ်။အထူးသဖြင့် မူဆယ် နမ့်ခမ်း ဖက်က အဆိုးရွားဆုံးပဲ။ ကိုယ်ပိုင်ပြဌါန်းခွင့် မပေးသင့်ဘူးလို့မြင်ပါတယ်။ တန်းတူရေးကိုတော့ ပေးသင့်ပါတယ်။ ကိုယ်ပိုင်ပြဌါန်းခွင့်တောင် မရသေးဘူး သူတို့အချိန်အခါ ပွဲလမ်းသဘင်ဆိုရင် တော်တော်လေး သိသာပြီး ခွဲခြားခွဲခြား ဆက်ဆံတယ်။ အာဏာပါဝါ ပြကြတယ်။ တော်တော်ရွံစရာကောင်းပါတယ်။ ကိုယ်ကျတော့အခွင့်အရေးရချင်ပြီး သူများအခွင့်အရေးတော့ မပေးချင်တာ မူဆယ်နမ့်ခမ်း ရှမ်းတွေပါ။သူတပါး လွတ်လပ်စွာ လုပ်ကိုင်ရှာဖွေ စားသောက်ပိုင်ခွင့် ၊ လွတ်လပ်စွာ နေထိုင်ပိုင်ခွင့် ၊ ဆုံးဖြတ်ပိုင်ခွင့်စတဲ့ ဒီမိုကရေစီ အခြေခံလေးတောင် မသိတဲ့လူမျိုးစု တွေကို ဘယ်လိုမျိုး ဒီမိုကရေစီ ပေးသင့်သလဲ။ ဘယ်လို ကိုယ်ပိုင်ပြဌါန်းခွင့်ပေးသင့်သလည်း။ ကိုယ်ကိုတိုင်တော့ ဒီမိုကရေစီကျင့်စဉ် တစ်ခုမှမရှိပဲ ဒီမိုကရေစီလို့ ပါးစပ်ကတွင်တွင်အော်နေတာ မရှက်ဘူးလားဗျာ။ ယနေ့ရှမ်းပြည်အပါအ၀င်ဒေသအတော်များများမှာ လူမျိုးပေါင်းစု ၊ လူပေါင်းစုံ ၊ တိုင်းရင်းသားပေါင်းစုံ အခြေချ နေထိုင်နေကြပြီ ဖြစ်ပါတယ်။ အဲဒီလူတွေအတွက် ပြည့်စုံလုံလောက်တဲ့ ကာကွယ်စောင့်ရှောက်နိုင်တဲ့ ဥပဒေများပြဌါန်းအကောင်အထည်ဖော် လက်တွေ့ကျင့်သုံးပြိး အတော်လေး အသားကျနေပြီဆိုမှ သက်ဆိုင်ရာပြည်နယ်များ ကိုယ်ပိုင်ပြဌါန်းခွင့်နဲ့ထိုက်တန်ပြီလားလို့ စီစစ်အတည်ပြု လွှတ်တော်မှာအပြန်အလှန်ညှိနှိုင်းပြီး မှ ပေးသင့်မပေးသင့် စဉ်းစားဖို့လိုအပ်ပါလိမ့်မယ်။ လောလောဆယ်တော့ ကျနော်အမြင် အဓိကနာမည်ခံတိုင်းရင်းသားဒေသ များတွေ တဖက်စောင်းနင်းဖြစ်နေတာတွေကို စိစစ်ပါဦးလို့ ပြောချင်ပါတယ်။ စာပေနဲ့ယဉ်ကျေးမှုအဆင့်ပဲရှိသေးတာကို အာဏာပါဝါပြ သူတစ်ပါးအခွင့်အရေးပိတ်ပင်တတ်တဲ့လူမျိုးတွေကို ကိုယ်ပိုင်ပြဌါန်းခွင့် မပေးသင့်ပါဟု အကြံ့ပု တင်ပြလိုပါတယ်။ ထပ်ကာ ထပ်ကာ စဉ်းစားပါဦး ။ ဆင်ခြင်ပါဦးလို့ ၊ တန်းတူရေးကတော့ လူလူချင်းလေးစားမှုနဲ့ ပေးသင့်ပါတယ်။ ဒါတောင် ကိုယ့်လူမျိုးက တော့ လူထင်ပြီး သူတပါးကို လူမထင်တတ်တဲ့ လူမျိုးစုတွေက အတော်များသားနော်။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ဆိုတာကို အရင်သင်ပေးဖို့လိုအပ်ပါတယ်။ လူမျိုးကြီးစိတ် ၊ မျက်ကန်းမျိုးချစ်စိတ် ဆိုတာ လူအခွင့်အရေးတွေကို ချိုးဖောက်တတ်ပါတယ်။ စဉ်းစားသုံးသပ်စိစစ်ကြပါဦးလို့ ပြောချင်ပါတယ်။
    • People who reside in Kachin State, all of them, are the ones who will decide the Kachin Affairs. The Burmese are always welcomed there. Direct rule from Nay Pyi Taw(Centralized System) is what the ethnics do not like. At the same time, all people who reside in Mandalay State(now division) will have the rights to decide for Mandalay Affairs no matter Chinese or ****) as long as they are citizens. It has nothing to do with race or religion. The Union Government is supposed to have some role in all region like Defense, Immigration and Currency distribution. Security must be from local law enforcement, not from Nay Pyi Taw. Jurisdiction must be respected village level, township level and state level. As long as the rule of law in various levels exist and enforced, there will be justice. Justice will bring peace. Now, central government tries to handle all the jobs and the officials have too much burdens on their shoulders to carry on. Please do not worry that you will be kicked out of Kachin State as long as you abide the law of the land there.
    • you are right.Not only in their state.Even in oversea they did the same way.Federal is
      just
      first step for them.My parents are not Burmese.But,i believe my self i am a Burmese. State leaders( who wanted to be a preseident /king in their land)always compared their state with others small countries.They said,ours state is biger than Israel,Laos,Bingaladish.So they think /want and believe they can make their own country.I grew up among them,so i know well too.Not just my thinking.I heared with my own fresh ears.They all are same.Not different with Burmese Army.Bad people living in bad country.same….Anyway,happy V,Day.
  3. Talk after talk. Unless Burmese military is not under the control of the president, we do not have hope for real result. President must be commander in chief, not the generals or minister of defense. Joint chief of staffs(Army, Navy, Airforce) must be under the minister of defense and the defense department still needs under the president like other ministries, part of executive branch where president is to have executive power. In the past, military acted like separate autonomous body. All these outcomes may relate with the holes of the Nargis 2008 Constitution which needs to be thrown away, not just amended. Other than that no real peace will happen in the Union of Burma.
  4. ကွန့်မင်တွေ မတွေ့ရဘူး၊ တမင်လား ၊ မတော်တဆလား။ ဒါမှမဟုတ် လူရှိန်အောင် လျှောက်လုပ်နေတာလား။
  5. မင်းကြီးညို
    မောင်မောင်ရေးတာ ဟုတ်ပါတယ်။ ကျွန်တော်လည်း ပါတီကောင်စီခေတ်က ရှမ်းပြည်နယ်မှာ
    က ရှမ်းသောင်းကျန်းသူတွေလည်းပေါမှပေါ။ ကားလမ်းတွေမှာ ဆက်ကြေးကောက်တယ်။
    ဗမာဝန်ထမ်းတွေဆိုရင် တချို့အသတ်ခံရတယ်။ ကျွန်တော် နန့်စံ/မိုးနဲဒေသတွေမှာ တာဝန်ကျ
    တယ်။ နန့်စံမြို့ပေါ်ကတော့ ဗမာတွေများတယ်။ မိုးနဲကတော့ ရှမ်းတွေများတယ်။ သူတို့တွေက
    ဗမာတွေဆိုရင် မယုံသင်္ကာသလို၊ ခွဲခြားဆက်ဆံတယ်။ တကယ်တော့ အဲဒီဒေသမှာ ဟိုတုံးက
    တော့ ပညာတတ်နဲပါးလို့ ပြည်မဘက်မှ ဗမာတွေက ၀န်ထမ်းတွေအဖြစ် လာလုပ်ကြတာပါ။