အစိုးရ တပ်မတော်နှင့် KIA ကို ပူတာအို ဒေသခံများ ဆန္ဒပြ | ဧရာဝတီ
သတင်း

အစိုးရ တပ်မတော်နှင့် KIA ကို ပူတာအို ဒေသခံများ ဆန္ဒပြ

Hits:10,005
  | |

လဂျားယန် ဒေသရှိ KIA စစ်သားတစ်ဦး (ဓာတ်ပုံ – ဧရာဝတီ)

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ့တပ်မတော်အကြား ဖြစ်ပွားနေသော စစ်ပွဲများ အမြန်ဆုံး ပြေငြိမ်းရေး၊ ဒေသတွင်း လုံခြုံမှု ရရှိရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး တို့အတွက် မြန်မာအစိုးရ တပ်မတော်နှင့် KIA တို့ကို ပူတာအိုဒေသခံများက တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“KIA အနေနဲ့ လမ်းတံတားဖျက်တာတွေ၊ အကြမ်းဖက်မှုတွေ ထပ်မလုပ်ဖို့လည်း ဆန္ဒထုတ်ဖော်ကြတယ်လို့ ပြောတယ်။ ကျနော်လည်း မြစ်ကြီးနား ရောက်နေလို့ အတိအကျတော့ မသိသေးဘူး” ဟု ကချင်ပြည်နယ် ပူတာအို မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလီပေါ်ရဲက ဧရာဝတီကို ပြောသည်။

ပူတာအို ဒေသခံ အင်အား ၃၀၀ နီးပါးခန့်သည် ယနေ့ နံနက် ၈ နာရီခန့်မှ စတင်ပြီး ဟိုခိုရပ်ကွက်မှ ပူတာအို မြို့မဈေး အနီးအထိ ချီတက်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လမ်းပန်းဆက်သွယ်ရေး ကလည်း အရမ်းခတ်ခဲလို့ ဆန္ဒထုတ်ဖော်ကြတာ။ မြစ်ကြီးနားကို သွားချင်တဲ့ သူတွေက ပူတာအိုမှာ ပုံနေတယ်။ မြစ်ကြီးနားကနေ လာမယ့်သူမရှိဘူး။ လေယာဉ်ခကလည်း ကျပ် ၆ သောင်း၊ မှောင်ခိုဈေးနဲ့ ၀ယ်ရင် ၂ သိန်းဆိုတော့ အရမ်းခက်ခဲနေတယ်။ ၆ သောင်းနဲ့ ၀ယ်ဖို့ စောင့်ရင်လည်း တလခွဲ နှစ်လ လောက်စောင့်မှ လက်မှတ်ရတယ်” ဟု ပူတာအို ဒေသခံ ဒေါ်တီတီစန်းက ပြောသည်။

KIA နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေး ယူထားစဉ် ကာလက ပူတာအိုနှင့် မြစ်ကြီးနား အကြား ကားများ၊ မော်တော် ဆိုင်ကယ် များဖြင့် ဆက်သွယ်ခဲ့ကြ သော်လည်း ၂၀၁၁ ခုနှစ် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားချိန်မှ စတင်ပြီး မြစ်ကြီးနား ပူတာအို လမ်းပိုင်းကို လုံးဝ မသုံးနိုင်တော့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၂ ပတ်က ယာဉ်တန်း ရောက်လာလို့ နည်းနည်း ချောင်လည်သွားတယ်။ အဲဒီအရင်က ဆားပါ ပြတ်သွားတာ။ နည်းနည်း ချောင်လည်တယ် ဆိုပေမယ့် အခု ကျပ် ၁ ထောင်ကို ဆန် နို့ဆီဘူး ၃ ဘူးပဲ ရတယ်။ စပါးသစ် ပေါ်ပြီဆိုပေမယ့် စပါး ရှိသူတွေကလည်း ထုတ် မရောင်းရဲဘူး။ အစစအရာရာ ဈေးကြီးနေတယ်” ဟု ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

ပူတာအို ဒေသသည် ကချင်ပြည်နယ် မြောက်ဘက်စွန်း ဒေသတွင် ရှိပြီး စစ်ပွဲများ ပြန်လည် ဖြစ်ပွားချိန်မှ စတင်၍ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် ကာ လေကြောင်း ဖြင့်သာ ဆက်သွယ်နေ ရသည့်မြို့ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မေလ ခန့်မှ စတင်ပြီး ပူတာအိုဒေသတွင် ဆန် ပြတ်လပ်မှုနှင့် တွေ့ကြုံနေရသဖြင့် သီတဂူ ဆရာတော် ကြီးနှင့် တခြား ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ကချင်ပြည်နယ် အစိုးရတို့က လေယာဉ်များ ငှားရမ်း၍ ဆန်အိတ်များ ထောက်ပံ့ ခဲ့ရသည်။

ယင်းနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံစဉ် မြစ်ကြီးနား ပူတာအိုလမ်းကို လုံခြုံမှု ပေးရန် အတွက် မြန်မာအစိုးရက တောင်းဆိုခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။

ယမန်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ အထိ မြစ်ကြီးနား ပူတာအို လမ်းကြောင်း တလျှောက် KIA မှ အရပ်သား ယာဉ်တန်းများကို တိုက်ခိုက်ခြင်း ၁၅ ကြိမ် မက ဖြစ်ပွားခဲ့ကြောင်း မြန်မာ့တပ်မတော်ပိုင် မြ၀တီ သတင်းစာတွင် ဖော်ပြထားသည်။


WSJ LIVE VIDEO:

8 Responses

Leave a Reply

  1. Please take care of the people. We only want peace.

    • This is because of Burma army generals/ex-generals…! (1) Burma army immediately must retreat from their front war posts, then Cease Fire will coming soon, (2) Burma army should get out from Kachin Land/State , it will bring to Peace full in Kachin State/Land. (3) KIO/UNFC and Burma army generals/leaders need negotiate in Third Country , with Delegates of UN, UK ,EU ,USA . Burma need this all steps to gain Peace , Unity and Develop Country for United States of Burma Federation…

  2. pps၁၂၃၄၅

    ပူတာအို ဒေသ ဝမ်းစာ မဖူလုံမှု မှာ နအဖ လက်ထက် က ဒေသခံ များထံမှ စိုက်ပျိုးမြေများကို သိမ်းကာ တပ်မတော် တပ်ရင်းများ တိုးချဲ့ဖွင့်လှစ် ထားမှုကြောင့် ဖြစ်ကြောင်း ပူတာအို ထောင်တွင် အကျဉ်းကျ ဖူးသော မိတ်ဆွေများ ထံမှ သိရှိရပါသည်။
    အစိုးရ တပ်များက စစ်လက်နက်ပစ္စည်း သယ်ယူရာတွင် ရထားများကို မသုံးပါက ကေအိုင်အေ ကလည်း မိုင်းခွဲလိမ့်မည် မဟုတ်ပါ။
    ဒုတိယ ကမ္ဘာစစ် အတွင်း က ရထားလမ်း များကို မိုင်းခွဲကာ ရန်သူ လာတိုက်မှု ကို ကာကွယ်ခဲ့သော အစဉ်အလာ အတိုင်း ကေအိုင်အေများ ကျင့်သုံးနေရပါသည်။
    နအဖ အစိုးရသည် ယခု လွှတ်တော် အတွင်းရောက် ရှိနေသော အဖွဲ့အစည်းများ နှင့် ယခု ငြိမ်းချမ်းရေး ဆွေးနွေးနေသော အဖွဲ့များ ကိုလည်း ကေအိုင်အေ ကဲ့သို့ သောင်းကျန်းသူ ဟု သုံးနှုံး ခဲ့ကြောင်း သမိုင်းအထောက်အထား များ အရသိရပါသည်။

  3. မြန်မာ တိုင်းရင်းသူ

    တချို့သူတွေ ပြောတာ ကြားဘူးတယ်။ ဘာတဲ့ … ဘုန်းကြီးက ဘုန်းကြီး အလုပ် မလုပ်ပဲ လူမှုရေးတွေ ၀င်ပါတယ် ဆိုတာ၊ အခု ကချင်ပြည်နယ် ပူတာအိုကလူတွေ သီတဂူဆရာတော် လေယာဉ်စီးလုံးငှားပြီး ဆန်မပို့ရင် ဘာသွားစားမလဲ။ ဒါကို အပြစ်တင်ကြဦးမှာလား။ လုပ်ရမယ့်သူတွေက မလုပ်ကြ၊ မလုပ်တတ်၊ မလုပ်ပေးတော့ ဆရာတော်ကြီးနဲ့ သံဃာတွေ ၀င်ပါနေရတာ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဆရာတော်ကြီးကိုပဲ သမတ မြှောက်လိုက်ကြပါတော့။ ဒယ်အိုးဆရာတော်ကို ဒုသမတ ထားပြီး ကျန် လူထုကို ကူညီစောင့်ရှောက်နေတဲ့ ဆရာတော်တွေကို ဆိုင်ရာ လုပ်ငန်းတွေမှာ ၀န်ကြီးတွေ ခန့်ရင် ပိုကောင်းမယ် ထင်တယ်။ စစ်ဦးစီးချုပ် မလိုဘူး။ စစ်တပ်မထားတော့ဘူး။ သူများတိုင်းပြည်တွေက ကျူးကျော်လာရင် ကုလသမဂ္ဂတပ်တွေ ခေါ်လိုက်မယ်။

  4. စိတ်မကောင်းပါဘူးပူတာအိုကသွေးချင်းတွေ…ကိုယ်ချင်းစာမိပါတယ်..။

  5. အစိုးရကထိုးစစ်မဆင်ရင်ဒီလိုဖြစ်လာစရာမရှိပါဘူး။ငြိမ်းချမ်းရေးယူလက်စနဲ့နေပြီး
    နိုင်ငံရေးဆွေးနွေးရင်ရတဲ့ဟာကိုအသာစီးရအောင်ယူပြီးမှနိုင်ငံရေးဆွေးနွေးချင်
    တာကိုး။စိတ်ရင်းမှမမှန်တာ။တစ်ကယ်စိတ်ရင်းမှန်ရင်တစ်တိုင်းပြည်လုံးငြိမ်းချမ်းနေ
    တာကြာလှပြီ။ဘယ်လက်နက်ကိုင်မှနိုင်ငံရေးလုပ်ခွင့်မရှိဘူး။လက်နက်ကိုင်ဆိုတာ
    တိုင်းတစ်ပါးကကျူးကျော်အနိုင်ကျင့်တဲ့အခါပြန်ချဖို့ဘဲ။တိုင်းပြည်ကာကွယ်ဖို့ဘဲ.
    တိုင်းသူပြည်သားတွေကိုအုပ်ချုပ်ဖို့မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့တိုင်းသူပြည်သား
    တွေအားလုံးကစစ်သားမဟုတ်လို့ဘဲ။တိုင်းသူပြည်သားတွေကိုအုပ်ချုပ်ဖို့ကအရပ်သား
    နိုင်ငံရေးသမားဘဲလိုတယ်။ဘယ်နိုင်ငံရေးသမားဘက်ကိုမှလည်းစစ်တပ်ကလိုက်စရာမ
    လိုဘူး။တိုင်းသူပြည်သားတွေဘက်ဘဲလိုက်ရမှာ။ KIA က စစ်ဖြစ်မှတော့တံတားချိုးတာ
    လမ်းပိတ်ဆို့တာလုပ်တော့မှာပေါ့ဒါသူတို့အပြစ်မှမဟုတ်တာ။ဒါစစ်ရဲ့သဘောထားဘဲ။
    KIA မမှားဘူး။

  6. ဆန်ရောက်တယ်သာ ပြောပါတယ်။ ဒေသခံတွေလက်ထဲ မရောက်ပါဘူး။ မြို့ ပေါ်က ကုန်သည်တွေ (အထူးသဖြင့်) အောက်ပြည်အောက်ရွာက လာတဲ့ ဈေးဆိုင်ပိုင်ရှင်နဲ့  ကုန်သည်တွေပဲ ရတာပါ။ မြစ်ကြီးနားလေဆိပ်က တာဝန်ကျတွေ လုပ်ပုံကလည်း ကျွတ်ကျွတ်အိပ်လေးနဲ့ ဆန် သယ်တာတောင် ပိုက်ဆံကောက်၊ ဒါမဟုတ်ရင် ပေးမသယ် တာတို့ ဘာတို့ အဲလို လုပ်တာပါ။ စစ်ဖြစ်တာကို ဘယ်ဘက်ကပဲ စစ အားမပေးပါ။ ကေအိုင်အေက စစ်ရေးအရ လမ်းကြောင်းကိုတားဆီးတာ ဖြစ်ပေမယ့် အစိုးရက တကယ့်စေတနာနဲ့ လေကြောင်းက ဆန်သယ်ပေးခဲ့ရင်၊ သယ်ခွင့်ပြုရင် ဒီလောက်ဖြစ်လာစရာ မရှိပါ။ ကေအိုင်အေ က လေကြောင်းကို တားဆီးနိုင်တာ မဟုတ်ပါ။ အစိုးရက နိုင်ငံရေး အမြတ်ထုတ်တာပါ။ ကေအိုင်အေ အနေနဲ့  ကလည်း ပူတာအို ဒေသခံ နဲ့  မြစ်ကြီးနား ဒေသခံတွေ အတွက် စဉ်းစားပေးသင့်တဲ့အချက်တွေရှိပါတယ်။ အများကြီးပါ…ပဲ။ ပြောစရာတွေ။ ကြောက်နေရတာပါပဲ။

  7. အစိုးရ က ဦးဆောင် ပို့တယ် ဆိုရင်တော့ ပူတာအို ရောက်မရောက် တော့ မသိဘူး။ စစ်သားတွေ လက်ထဲတော့ ရောက်ကုန်တာတော့ သေချာတယ်။
    မဆိုးပါဘူး။ ဆန်မရှိတာထက်စာရင် ရှိတာက ပိုကောင်းပါတယ်။ စစ်သားတွေ ဆီက ဈေးကြီးကြီး နှင့် ၀ယ်စားပေါ့။