သတင်း

KIA ဗဟိုဌာနချုပ်အနီး အစိုးရတပ် တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်

Hits:8,154
  | |
Print This Post

ဗုံးခိုကျင်းအနီးတွင် ကချင် မိသားစုတစုကို ၂၀၁၂ ဒီဇင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – လဖိုင် / ဧရာဝတီ)

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗဟိုဌာနချုပ် အခြေစိုက်ရာ လင်းဘွန်တောင်နှင့် အနီးရှိ ခါရာတောင်ကုန်းတို့ကို အစိုးရ တပ်များက တိုက်လေယာဉ်များ၊ ခြေလျင်တပ်ရင်းများ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း စစ်မြေပြင် သတင်းများ အရသိရသည်။

ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၏ အနောက်မြောက်ဘက်တွင်ရှိသော ခါရာတောင်ကုန်းကို အစိုးရ တပ်ဘက်က ယနေ့ မနက်ပိုင်းတွင် ခြေလျင်တပ်ရင်းများဖြင့် စတင်တိုက်ခိုက်ပြီးနောက် မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်များဖြင့်ပါ အရှိန်မြှင့် တိုက်ခိုက်ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ရာတွင် လိုင်ဇာမြို့အထက် KIA ဗဟိုဌာနချုပ် အခြေစိုက်ရာ လင်းဘွန်တောင်ခြေကိုပါ ရောက်ရှိလာကြောင်း KIA နှင့် ပူးတွဲ တိုက်ပွဲဝင်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းမှ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“မနက်ပိုင်းမှာ ခါရာတောင်ကို မြေပြင်ကနေ နှစ်ကြိမ်၊ သုံးကြိမ် စစ်တပ်က တက်ထိုးတယ်။ ကျနော်တို့ ဘက်က ပြန်ပြီးတော့ ခုခံတယ်။ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်မှာ တိုက်လေယာဉ် ၂ စီးနဲ့ ၃ ကြိမ်လာပြီး ဗုံးကြဲသွားတယ်။ အခုလိုင်ဇာမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ ပစ်တဲ့ လက်နက်ကြီး ကျည်တွေက တရုတ်ဘက်ကမ်းကိုလည်း ကျနေတယ်၊ အခုလည်း ပစ်နေတုန်းပဲ” ဟု ဗိုလ်မှူး မင်းဌေးက ယနေ့ ညနေက ဧရာဝတီသို့ ပြောသည်။

KIA ဗဟိုဌာနချုပ်အနီးရှိ တောင်ကုန်းများကို သိမ်းပိုက်နိုင်ရေး အင်အားသုံး ထိုးစစ်ဆင်နေသည်ကို လိုင်ဇာ မြို့ခံများကလည်း မြင်တွေ့နေရသဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

“ခါရာတောင်ကို သူတို့လုယူဖို့ ကြိုးစားနေတာလေ။ အဲဒါကြောင့် လက်နက်ကြီးနဲ့လည်း ပစ်တယ်၊ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်၊ လေယာဉ်ပေါ်ကနေပြီးတော့လည်း စက်သေနတ်နဲ့လည်း ပစ်တယ်။ အဲဒီဘက်မှာနေတဲ့ လူတွေကတော့ ဒုက္ခသည်စခန်းကို ပြေးကုန်ပြီ။ ဒီနေ့တော့ ကျမတို့ လိုင်ဇာမြို့ထဲကို ပစ်တာမရှိသေးဘူး” ဟု လိုင်ဇာမြို့သူ တဦးက ဧရာဝတီသို့ ပြောသည်။

အစိုးရတပ်များသည် ယမန်နေ့က လိုင်ဇာမြို့ လူနေ ရပ်ကွက်များထဲသို့ လက်နက်ကြီးဖြင့် မနက်ပိုင်းနှင့် ညပိုင်း နှစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး စုစုပေါင်း ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း လိုင်ဇာမြို့ခံများနှင့် ယင်းနေရာကို ရောက်ရှိနေသည် ဧရာဝတီ သတင်းထောက်တို့က ပြောသည်။

အစိုးရတပ်များက KIA ကို ထိုးစစ်ဆင်ရာတွင် လက်နက်ကြီးများကိုပါ အသုံးပြုသဖြင့် ဒေသခံများမှာ ၎င်းတို့ လုံခြုံရေးအတွက် ဗုံးခိုကျင်းများကိုပါ အသုံးပြုနေကြပြီး အစိုးရတပ်များ ခါရာတောင်ကုန်းကို သိမ်းပိုက်ရန် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်နေစဉ် မိုင်ဂျာယန် ဒုက္ခသည်စခန်းထဲတွင် တူးလက်စ ဗုံးခိုကျင်းထဲ ဝင်ကစားနေသည့် အသက် ၁၃ နှစ်အောက် အရွယ် ကလေး ၃ ဦး ကျင်းပြိုကျပြီး သေဆုံးသွားကြောင်း သိရသည်။

“တူးတဲ့လူကြီးတွေက ထမင်းစား နားနေတဲ့အချိန်မှာ ကျောင်းဆင်းချိန်လည်းဖြစ်တော့ အဲဒီ တူးလက်စ တွင်းထဲကို ဝင်ပြီးတော့ ဆော့နေချိန်မှာပဲ မမျှော်လင့်ဘဲ ပြိုကျပြီး ဆုံးသွားတာ။ ပြိုကျကျခြင်း သွားပြီးဖော်ထုတ်ကြတယ်၊ ဒါပေမယ့် ကလေးတွေ ကံဆိုးပါတယ်၊ ၄ တန်းကျောင်းသားက ၁ ယောက်၊ ၃ တန်းက ၂ ယောက်” ဟု ဒုက္ခသည်များကို အကူအညီပေးနေသည့် “လူထုအလင်း” အဖွဲ့ တာဝန်ရှိသူ မမေရီအောင်က ပြောသည်။

အရပ်သားများပါ ထိခိုက်သေဆုံးနေသော ကချင်ပြည်နယ်ထဲမှ စစ်ပွဲများကို အမြန်ဆုံး ရပ်ဆိုင်းပေးရန် ဗြိတိသျှ ပါလီမန်က တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံအပေါ် ယာယီ ပိတ်ဆို့ထားမှုများကို ပြန်သုံးသပ်ရာ၌ သက်ရောက်မှု ရှိနေကြောင်း သတိပေး ပြောကြားလိုက်သည်။

ယမန်နေ့က ကျင်းပသော ဗြိတိသျှပါလီမန်တွင် ဗြိတိသျှ ဒု နိုင်ငံခြားရေးဝန်ကြီး Alistair Burt က အောက်လွှတ်တော်တွင် ယင်းသို့ ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု ဖယ်ရှားခြင်းသည် ယာယီသာ ဖြစ်ပြီး ရုတ်သိမ်းခြင်း မဟုတ်သေးကြောင်း၊ အစိုးရတပ်က ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်မှုကို ဗြိတိသျှ အစိုးရက စိုးရိမ်ကြောင်း ဗြိတိသျှ ဒု နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

မကြာသေးခင်က မြန်မာအစိုးရနှင့် ဆွေးနွေးမှုပြုလုပ်ရာတွင် တိုက်ပွဲများရပ်ပေးရန်၊ ဒုက္ခသည်များထံ လွပ်လပ်စွာ သွားရောက် ကူညီခွင့်ပေးရန်နှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် KIA အပါအဝင် သက်ဆိုင်သူ အားလုံး ဆွေးနွေးပွဲ စကားဝိုင်းကို လာကြရန် ဗြိတိသျှအစိုးရအနေဖြင့် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တချိန်တည်းတွင်ပင် အမေရိကန်အစိုးရကလည်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ အဆုံးသတ်ရေး မြန်မာအစိုးရ တပ်များနှင့် ကချင်တပ်များ နှစ်ဖက်လုံး ဆောင်ရွက်ကြရန်နှင့် သိန်းချီသော စစ်ဘေးဒုက္ခသည်များကိုလည်း အကူအညီများ ပေးကြရန် တိုက်တွန်းပြောဆိုကြောင်း VOA သတင်းဌာနက ဖော်ပြထားသည်။

အလားတူ မြန်မာနိုင်ငံ အထူးဒေသ (၂) (‘ဝ’ ပြည်နယ်)၊ ရှမ်းပြည်နယ် အထူးဒေသ (၃) (SSPP/SSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) (မိုင်းလား) တို့မှ ကချင်ပြည်နယ် စစ်ပွဲတဆင့် တိုးမြင့်တက်လာခြင်းနှင့် ပတ်သက်၍ ချက်ချင်းရပ်စဲပြီး စေတနာသန့်သန့် သဘောရိုးရိုးဖြင့် ဗဟိုအစိုးရနှင့် တိုင်းရင်းသား တိုင်းရင်းသား လူမျိုးစုများအကြား စစ်မှန်သော ယုံကြည်မှု တည်ဆောက်သွားကြရန် တိုက်တွန်းကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်သည်။

“ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ KIA အပေါ် ဆင်နွှဲနေသည့် ထိုးစစ်ကို ချက်ချင်းရပ်စဲပြီး ငြိမ်းချမ်းသည့် နည်းဖြင့် ပြည်တွင်း ရှိသမျှ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများနှင့် ဖြစ်ပေါ်နေသည့် အရှုပ်အရှင်း အငြင်းပွားမှုများကို ဖြေရှင်းပြီး အဓိကရုဏ်းဖြစ်ပွားနေသည့် နှစ်ဦးနှစ်ဖက်တို့သည် ဆင်ခြင်တုံတရားရှိစွာဖြင့် ကြုံတွေ့နေ သည့် ပြဿနာ များနှင့် ငြင်းပွားခိုက်ရန် ဖြစ်ပွားမှုများကို ဖြေရှင်းသွားနိုင်ကြရန် ပန်ကြားအပ်ပါသည်” ဟု ယခုလ ၁၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွင်းက စစ်ပွဲများကြောင့် ဒေသခံလူထုမှာ နေ့စဉ်နှင့်အမျှ ခံစားနေရကြောင်းနှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် KIO/KIA တို့ကို တွေ့ဆုံဆွေးနွေးကြရန် ပြည်သူ့ လွှတ်တော်က ယခုလ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်တောင်းဆိုထားသော်လည်း ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများနှင့် ပတ်သက်၍ အစိုးရ စစ်တပ်ကိုမူ ထောက်ပြပြောဆိုခြင်း မရှိပေ။


WSJ LIVE VIDEO:

17 Responses

Leave a Reply

  1. မြန်မာ တိုင်းရင်းသူ

    အစိုးရ စစ်တပ်လို့ ရေးလို့ ဧရာဝတီကို ကျေးဇူးတင်ပါတယ်။ ပြည်ပ မီဒီယာ အချို့နဲ့ ပြည်ပမှ တိုင်းရင်းသားအဖွဲ့အစည်းတွေက ဗမာစစ်တပ်၊ ဗမာတွေက တိုက်တယ် ပြောနေ ရေးနေတာ တွေ့ရလို့ စိတ်ထဲ မကျေလည်ဘူး။ သူတို့စွပ်စွဲနေတဲ့ မဟာလူမျိုးကြီးဝါဒီတွေဆိုတာ ကျွန်မတို့ သာမန်ပြည်သူဗမာတွေ မပါ ပါဘူး။ မဟုတ်ပါဘူး။ အာဏာလိုချင် မက်မောနေတဲ့ လက်တဆုပ်စာ လူမျိုးစုံပါတဲ့ အဖွဲ့တဖွဲ့သာပါ။ အမေရိကားမှာ ဆန္ဒပြသွားတဲ့ ကချင်တွေက ဗမာစစ်တပ် သုံးသွားလို့ ရေးတာပါ။ တကယ်က ဧရာဝတီက ရေးသလို အစိုးရစစ်တပ်က တိုက်နေတာပါ။ ဗမာစစ်တပ်ဆိုတာ မရှိပါဘူး။

    • The government is totally represented as Burmese and Burmese governors are also totally represented as they are government of the so called union of Burma. Other things are just minor. Maha Burmanization is not made by ordinary Burmese people and they even didn’t know about it. But it is made by the leading group of powerful Burmese politicians or governors. Yh..it is just a handful Burmese making the problems, but why the large number of majority of Burmese can’t stop them? It is seems the majority of Burmese (not all) are don’t like to be a hunter and they might hate for hunting. But it is sure they like the meat which collected by the hunter very much.

      • How about your homeless group(unfc)?Can stop them?Burmese is less then 50 % in Myanmar.And,they don’t have time to read news,no time to listen radio.And,they don’t care for kachin state.They prefer egg not jade.They Can’t care civilians die or any army.They try to survive them self hardly.Remember,just it is a handful people are reading news and writing comments.

    • No matter how hard trying to portray Burmese as innocent civilian is nothing but insincerity towards the truth. Please do more research . It is not fair to blame all those atrocities towards bamar lumyo but most majority burmese are culprit indirectly . The situation in Burma is more like colonization of Bamar towards ethnics area. The Panglong agreement is the only treaty , we all have to respect. Burmanization can be seen in all area. Education, eradication of culture , history and allocation of natural resources. If myanmar taiyin thu sincerely wants to have genuine,you will have to work harder to understand the situation instead of covering Bamar’s majority government wrong doing.

  2. ကောင်းစေချင်

    ကချင်ငြိမ်းချမ်းရေးအတွက် KIA ကပါးစပ်တောင်မဟပဲနဲ့ဘယ်လိုလုပ်ငြိမ်းချမ်းရေးယူမှာလဲ။
    လာတိုက်တာကိုပဲပြောတယ်။သူတို့ကရောမတိုက်ဘူးလား၊တစ်ဖက်သတ်ပဲတိုက်နေသလိုလို။
    လက်နက်ကြီးဆိုတာ စစ်တိုက်ရင်မပါလို့ မရဘူးလေ။ KIA ရောမသုံးဘူးလား။မသုံးဘူးလို့ကြိမ်
    ပြောရဲလား။KIA သာအမှန်ုငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ပြော၊နောက်နေ့နောက်အကျဆုံးအပစ်
    ရပ်ပြီး ငြိမ်းချမ်းနိုင်ပါတယ်။ သူတို့ပါးစပ်ကငြိမ်းချမ်းရေးစကားတစ်ခွန်းမှ မထွက်လို့ဒီလိုတိုက်ပွဲ
    သံသရာရှည်နေရတာ။ တပ်ကတစ်ဘက်သတ်ရပ်လို့မရဘူး။ ရပ်ထားရင်မိုင်းထောင်၊ချောင်းပစ်
    နဲ့ဒုက္ခပေးနေလွန်းလို့ ဒီလိုလုပ်နေရတာ။လိုင်ဇာကိုပစ်ချင်ရင် ခုလောက်ဆိုဘာမှကျန်မှာမဟုတ်ဘူး၊ တိုက်ပွဲဖြစ်နေတာ လွဲချော်တာလဲရှိချင်ရှိနိုင်တယ်။တမင်ပစ်တာလို့ဝါဒဖြန့်နေတာ။

    • ကောင်းစေချင်
      မသိရင်အသာနေ ခွေးတောင်မှချောင်ပိတ်ရိုက်ရင်ပြန်ကိုက်တယ်..နင်ကိုလာချ၇င်ကောနင်ကဘာမှမလုပ်ပဲနေမှာလား

    • ပါးစပ်ဟဖို့ရော်မင်းလူတွေကအခွင့်ပေးလို့လာ ဦးသိန်းစိန် အမိန့်တောင် နားမထောင်တာဘယ်သူလဲ အပြုတ်တိုက်ချင်တာကတော့သေချာသိသင့်ပါတယ် ဘယ် သူမှန်တယ်မှားတယ် မပြောဘူး နိုင်ငံကိုအုပ်ချုပ်သူက အရာရာမှာပိုသာပါတယ်
      ဘာဖြစ်ဖြစ်လူကြီးလူကောင်းဆိုရင် ဆိုရင်ပေါ့နော နိုင်ငံပိုင် မြန်မာ့အသံလဲရှိတယ် မီဒီယာတွေလဲအများကြီး ဒီအချိန်မှာ သုံးတတ်ရင်ရပါယတ် ပြောတော့နောက်ပြန်မလည့်ဘူးလေးဘာလေနဲ့ ပြန်သွားတာမှ အရိပ်တောင်မတွေ့ရတော့ဘူး နောက်ပြီးကိုယ့်တပ်အကြောင်းသာ နိုင်ငံပိုင်ဝက်ဆိုဒ်မှာသာပြောနေတာ ဘာမှလဲ စကားနားထောင်တာမဟုပ်ဘူး ၊ တလွဲတွေ တချို့က၀င်ရေးသေးတယ် ရိပ်ခါသွားပို့တာပါတဲ့ ၇ိပ်ခါပို့တဲ့ လေယဉ်တွေက ဘာလို့မီးခိုးတန်းအနီးကြီးတွေထွက်နေတာလဲ အခုကျတော့နောက်တဆင့်ပေါ်တင်တက်သွားပြီး ဟပ်စကီးရော်လေယာဉ်ရော ရှိတာ အကုန်သုံးပြီး အနုမြူဗုံး ထုပ်လို့မပြီးသေးလို့နို့မို့ဆို အနုမြူဗုံးနဲ့ကျဲပြီးလောက်ပြီး အရင် ဘုန်းကြီးတုန်းကလည်ကြည့်ပါလာ မီးခိုးဗုံးနဲဘဲလို့ပြောတာဘဲ ဗြောင်လိမ်ဗြောင်စားတွေ အခုထိမီးခိုးနဲ့ထိတဲ့ဘုန်းကြီးတချို့ဆေးရုံးမှာဘဲ သူများနယ်ထဲကိုဝင်လာတယ်ဆိုတည်းက တိုက်မှာဘဲ
      အဲလိုတိုက်တာကလဲခုခံစစ်ဆိုတာလူတိုင်းသိတယ် ကချင်စစ်ခေါင်းဆောင်တွေ တင်းမှာတယ်ဆိုတာ အကြိုးအကြောင်းဆီလျှော်ပါယတ် အစိုးကဘက်ကသာ ကဲရပ်ကြကွာ အကုန်ဆုတ် ဆိုရင် ရော်မရဘူးလာ ကချင်ကရန်ကုန်ထိဆင်းလာမတိုက်ကောင်းပါဘူး
      အစိုးရစစ်တပ်သာ ကချင်ပြည်နယ်မှာတွေ့နေရပြီး ကချင်စစ်တပ်တွေဘယ်သူ့နယ်ထဲတပ်သွားစွဲဘူးလဲ အောက်ပိုင်းမှာတခါမှမမြင်ဘူးဖူးပါ အဓိက ကတော့ကချင်ကိုသိမ်းချင်ရင်သိမ်းချင်တယ်ပေါ့ကွာ ဘာတွေရှိလဲဆိုတာတော့သူတို့အသိဆုံးပေါ့ ကရင်တုန်းကလဲဒီတိုင်းပါဘဲ ရှိသမျှအင်အားနဲ့တိုက်တာပါဘဲ တပ်ချုပ်ကြီးကိုမေးရင် ဒါအစဉ်အလာဘဲလို့ပြောမှာ မလွဲပါဘူး ဒီခေတ်မှာမီဒီယာတွေများလွန်းလို့ ဟိုပြောဒီပြောနဲ့ခက်ခက်ခဲခဲရှောင်ပြောနေရတာ ကြားထဲက၀ါဒကလဲဖြန့်ချင်သေးတယ် မီဒီယာတွေကလဲအဆက်မပြန်ဆိုတော့ ဗြောင်လိမ်ဗြောင်စားနည်းဘဲရှိတော့တာပေါ့

      ဒါပါဘဲ ရင်ထဲရှိတာပြောလိုက်တာ စိတ်မရှိနဲ့နော…..

  3. I can’t read because you latter is block.

  4. Why don’t the Burmese delegates and we the ethnics debate at the UN? Naive international media might get the right knowledge of the history about the Union of Burma, not just about the Burmese.

  5. I want a question to UN , EU, USA , UK…some Big Pro-Human Rights and Democracy , why you people are just wactching , is time for must something action to Burma…? right now ,in a minutes, Innocent Ethnic Kachin People are Dies, Suffering Total Pains , Hungry, Homeless, Cold and Total Punish because of Rouge burma army…

  6. စစ်ပွဲတွေကို အမြန်ဆုံးရပ်ပါ။
    အစိုးရရဲ့ခံစစ်က လိုင်ဇာမြို့တောင်ကုန်းတွေနဲ့ လိုင်ဇာမြို့ကို တိုက်ခိုက်တာလား။
    ယခုကဲ့သို့ ပြောစကားနှင့် လုပ်ရပ် မညီသဖြင့် အစိုးရကို ရှုတ်ချသည်။ သူ၏ပြောသမျှကို မယုံကြည်ပါ။
    အပြောနှင့်အလုပ်ညီရန် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ပါ။
    ဒုက်ခသည်တွေကို ကူညီဖို့ လမ်းဖွင့်ပေးပါ။
    တိုင်းရင်းသားအားလုံးပါဝင်သော နိုင်ငံရေးအရ ဆွးနွေးပွဲတွေကို အမြန်ဆုံးကျင်းပပါ။
    နိုင်ငံတကာနှင့် ပြည်သူများကို လိမ်ညာခြင်းမရှိ အမှန်တရားအတိုင်း မှန်ကန်ဖြောင့်မတ်စွာ ဆက်ဆံပါ။

  7. KIA ရဲ့ စစ်ခေါင်းဆောင် တွေ သဘောထား တင်းမာနေ
    သရွှေ့ ငြိမ်းချမ်းရေး ကမလွယ်သေးဘူး

    • ခေါင်းမာတာက စစ်အုပ်စုကွ။ kia နဲ့ အပစ်အခတ်ရပ် လက်မှတ်ထိုးတာ ၁၇ နှစ်ရှိသွားပြီ။ နိုင်ငံရေးဆွေးနွေးရအောင် ပြောတော့အရပ်သားအစိုးရ တက်လာမှဆွေးနွေးပါတဲ့။ အရပ်သားအစိုးရယောင်ဆောင် စစ်အာဏာရှုးတွေ တိုင်းရင်းသား
      တွေရဲ့ ရပိုင်ခွင့်တွေ မပေးချင်လို့ အခုလို ပြည်တွင်းစစ်က အဆုံးမသတ်နိုင်ဘဲဖြစ်နေတာ။

  8. လိုင်ဇာကပြည်သူတွေပြောင်းရွှေ့ဖို့ အချိန်တစ်ခုသတ်မှတ်ပေးပြီး လိုင်ဇာကိုအမြန်သိမ်းပါ။ညွှိနှိုင်းခြင်းက စစ်ပွဲပိုရှည်ပါတယ်။တစ်ခါတစ်ခါ ငြိမ်းချမ်းရေးကို အပြီးသတ်စစ်ဆင်နွှဲပြီး ရယူရတာရှိတယ်။ Finish ပြီးမှ Peace ဖြစ်မယ်။

  9. ဖိုးလုံး

    ကြားထဲက ဒေသခံကချင်ပြည်သူတွေ မြေဇာပင်ဖြစ်ရတာ စိတ်မကောင်းစရာအကောင်းဆုံးပါ။ လက်နက်ရှိတဲ့သူအချင်းချင်းပစ်ခတ်လို့သေကြတာထက် ကြားထဲကလက်နက်မဲ့အပြစ်မဲ့ပြည်သူတွေခံရတာကို အမိန့်ပေးနေကြတဲ့နှစ်ဖက်စလုံးကသူတွေစဉ်းစားဖို့တော့ကောင်းတယ်။

  10. ကချင်ပြည်နယ် နေထိုင်သူတွေရဲ့ ဒုက္ခကို ကိုယ်ချင်းစာနားလည်ပါတယ်၊ အခုကိစ္စမှာ နှစ်ဖက်စလုံးက ကိုယ့်အတွက်ဘဲ ကိုယ်ကြည့်ဖြေရှင်းနေတာ သေချာတယ်၊ ငြိမ်းချမ်းရေးဟာ တကယ်လိုချင်ရင် နှစ်ဘက်စလုံးအတွက် အလှမ်းမဝေးပါဘူး၊ တကယ်ရပါတယ်။

  11. ပြည်ထောင်စုသားချင်းတိုက်ခိုက်နေတာတွေရပ်တန.်ပါတော.