အင်တာဗျူး

လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ်

Hits:1
  | |
Print This Post

 

လက်ပံတောင်း လုံခြုံရေး ရဲများကို နိုဝင်ဘာ ၂၉ ရက် နံနက်တွင် တွေ့ရစဉ် (ဓာတ်ပုံ – မုန်ရာ / ဧရာဝတီ)

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၃ နာရီလောက်မှာ ရဲတပ်ဖွဲ့က လူစုခွဲဖို့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ စီးနင်းရာမှာ မီးသတ်ပိုက်၊ မီးခိုးဗုံးတွေကို အသုံးပြုတယ်လို့ အာဏာပိုင်တွေက ဆိုပေမယ့် သပိတ်စခန်းက သံဃာတော်နဲ့ လူတွေ ဆိုးရွားစွာ မီးလောင်ဒဏ်ခံရတာကြောင့် မီးလောင်ဗုံး သုံးစွဲတယ်ဆိုပြီးတော့လည်း ပြောဆိုနေကြပါတယ်။ ဒီလို အလွန်အကျွံ အင်အားသုံး ဖြိုခွင်းမှုကို လူတန်းစားအလွှာ အသီးသီးရဲ့ တုံ့ပြန်မှုတွေကို ဧရာဝတီ သတင်းထောက် လင်းသန့်က မေးမြန်း စုစည်းထားပါတယ်။

ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်)
လုံးဝ မကျေနပ်ဘူး။ လုံးဝ သည်းမခံနိုင်ဘူး။ ဦးဇင်းတို့က သံဃာတွေကို အဲဒီကို ပို့ထားတယ်ဆိုတာ ပြည်သူလူထုကလည်း ၀မ်ပေါင်ကုမ္ပဏီကို အကြမ်းမဖက်အောင်၊ အစိုးရကလည်းပဲ ပြည်သူလူထုကို အကြမ်းမဖက်အောင် စောင့်ရှောက်တဲ့အနေနဲ့ ပို့ထားတာလေ။ စောင့်ရှောက်နေတဲ့ သံဃာတွေကို ရန်သူစခန်းတခုကို ဖြိုခွင်းသလို အဲဒီလို မီးလောင်ဗုံးတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီးတော့ အဲလိုလုပ်တော့ သံဃာတွေ အကုန်လုံးက ဒုက္ခသုက္ခတွေ ဖြစ်ကုန်တယ်။ ငြိမ်းချမ်းရေးအတွက်လာပြီး စောင့်ရှောက်နေတဲ့ သံဃာတွေကို ဒီလို ဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ မန္တလေး သံဃာထုတင်မကဘူး။ မြန်မာတနိုင်ငံလုံးရှိတဲ့ သံဃာထုကလည်း ၀ိုင်းဝန်းရှုံ့ချပြီးတော့ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ဦးဇင်းတို့ စီစဉ်နေပါတယ်။ ဒီလက်ချက်က ဘယ်သူလက်ချက်လဲဆိုတာ ဦးဇင်းတို့ စောင့်ကြည့်နေပါတယ်။ အဖြေအတိအကျ သိပြီဆိုရင် ဦးဇင်းတို့ ထိထိရောက်ရောက် တုံြ့ပန်သွားမယ်။ ဦးဇင်းတို့ ဆက်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။

ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက)
အခုလို အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်တာ မှားယွင်းတဲ့လုပ်ရပ်လို့ ပထမပြောချင်တယ်။  လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့တောင် ငြိမ်းချမ်းရေးရဖို့ စကားပြောနိုင်သေးတာ အခုဟာက လယ်သမားတွေက သူတို့နစ်နာချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတာကို ဘာလို့ သူတို့က စကားမပြောနိုင်ဘဲ စစ်လက်နက် ပစ္စည်းတွေနဲ့ အသုံးပြုရတာလဲ။ အခုလို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မကျေနပ်မှုတွေနဲ့ တတိုင်းပြည်လုံး အုံကြွသွားနိုင်တာကြောင့် သူတို့ သွားနေတယ်ပြောတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာ သူတို့ မသိဘူးလား။

ဦးချန်ထွန်း (ဝါရင့်နိုင်ငံရေးသမား၊ အငြိမ်းစား သံအမတ်ကြီး)
အခုဟာက ကြမ်းတမ်းလွန်းတယ်လို့ပဲ ပြောချင်ပါတယ်။ အစိုးရက ဆန္ဒပြတဲ့လူတွေကို ဖြိုခွဲတဲ့နေရာမှာ အခုလို လုပ်ရပ်က အကုန်လုံးပေါ့၊ ထိခိုက်ဒဏ်ရာရအောင် ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း လုပ်တာဖြစ်လို့ ဒါဟာ တော်တော့်ကို မကြားဝံ့ မနာသာဆိုတဲ့ သဘောလိုပဲ။ အမှန်ကတော့ ပြင်းထန်လွန်းအားကြီးတယ်။

 

 

ဒေါ်ခင်စန်းလှိုင် (ပုလဲမြို့နယ်ကိုယ်စားပြု NLD လွှတ်တော်အမတ်)
ကျမအမြင်ကတော့ ဒီဟာက ဘယ်ကနေ စဖြစ်တာလဲ၊ ဘယ်သူက တာဝန်ရှိတာလဲ၊ ဒီဟာရဲ့ ဖြစ်လာရတဲ့ အပေါ်မှာရော ဘယ်သူက တာဝန်ယူမှာလဲ။ နောက်တခုက ဒီဘက်က အထိအခိုက်အပျက်အစီး စာရင်းတွေလည်း ကျမတို့ တိတိကျကျ မရသေးဘူး။ မရသေးတဲ့အတွက်တော့ ကျမ ဒီအပေါ်မှာတော့ ဘာမှ ထင်မြင်ချက် မပေးချင်သေးဘူး။ သို့သော်လည်း လူသားချင်း စာနာထောက်ထားမှု အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်တော့ ဒီလိုမျိုးတွေကတော့ မဖြစ်သင့်ဘူးလို့ ပြောချင်တယ်။

 

ကိုဂျင်မီ (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
ကျနော်တို့ရဲ့ မူကတော့ တလျှောက်လုံး ဘယ်အကြမ်းဖက်မှုမှ လက်မခံဘူး။ အခုလို အကြမ်းဖက် ဖြိုခွင်းတဲ့ ကိစ္စကိုလည်း သဘောမတူဘူး၊ ကန့်ကွက်တယ်၊ နောက်ပြီးတော့ အသွင်ကူးပြောင်းရေး ကာလမှာ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော်တို့ နားလည်ပါတယ်၊ ဥပဒေသည် ကျနော်တို့ တလျှောက်လုံး မကျင့်သုံးခဲ့တာ ကြာပြီလေ။ အစိုးရဘက်ကရော ပြည်သူဘက်ကရော ကျင့်သုံးခဲ့တဲ့ အလေ့အကျင့် မရှိဘူး။ အဲဒီတော့ ဒါကတပိုင်း။

နောက်တခုက ဘာလဲဆိုတော့ ပြည်သူလူထုက နှစ်ပေါင်းများစွာ အပိတ်အမှောင်ထဲမှာ နေခဲ့ကြတာလေ အခု ပွင့်လင်းလာပြီဆိုတော့ သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ရဲ့ ဒုက္ခတွေကို သူတို့ သိလာတဲ့အတွက် ဖော်ပြလာတယ်၊ ဖော်ပြလာပြီးမှ ဒီမိုကရေစီ စနစ်ဆိုပြီး ပြောင်းလဲလာတဲ့ အစိုးရအပေါ်မှာ အမှန်တော့ အကျပ်ကိုင်နေတာ မဟုတ်ဘူး၊ ဆန္ဒပြနေတာ မဟုတ်ဘူး သူတို့ အားကိုးနေတာဗျ။ ကျနော်မြင်တာကတော့ သူတို့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ မရှိတော့ဘူးလား၊ ဒီနည်း တနည်းပဲ ရှိသလား။ ဒါမေးခွန်းဖြစ်တယ်။ ဒီနည်းတနည်းပဲ ရှိတယ်ဆိုရင် ဒါဟာ ဒီမိုကရေစီ အစိုးရတရပ်ရဲ့ ဖြေရှင်းမှု မဟုတ်ဘူး။ ကျနော် ပြောချင်တာကတော့ အကြမ်းဖက် ဖြေရှင်းတဲ့နည်းဟာ ဘယ်တော့မှ အသုံးမ၀င်ပါဘူး။ အထူးသဖြင့် အသွင်ကူးပြောင်းရေးကာလမှာ စိတ်ရှည်ချင်း ရှည်ကြရင်းဆိုရင် အစိုးရက ပိုပြီးတော့ စိတ်ရှည်ရပါမယ်။ အဲဒီတော့ အခု ဖြစ်သွားတဲ့ ပြဿနာတွေကို အစိုးရက တာဝန်ယူပြီးတော့ သက်ဆိုင်ရာ သက်ဆိုင်ရာ အပေါ်မှာ ဒီလိုအကြမ်းဖက် ဖြေရှင်းလိုက်တဲ့ အပေါ်မှာလည်း တာဝန်တခုယူပြီးတော့ ဖြေရှင်းရပါလိမ့်မယ်။ နောင်လာမယ့် လာမယ့် အခြေအနေတွေပေါ့ ပြဿနာတွေ ရှိနိုင်သေးတာပဲလေ။ လူရှိရင် ပြဿနာရှိမယ်၊ ပြဿနာရှိရင် ဖြေရှင်းနည်းရှိနေရမယ်။ ဖြေရှင်းနည်းဟာ ဒီမိုကရေစီ အစိုးရတရပ်ရဲ့ ဖြေရှင်းနည်းပဲ ဖြစ်ရပါလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။

မောင်စိန်ဝင်း (ပုတီးကုန်း) (စာရေးဆရာ)
ကျနော့်တယောက်တည်း သဘောထား အမြင်ကတော့ဗျာ ဒီကိစ္စက လုံးဝ မဖြစ်သင့်တဲ့ကိစ္စလို့ ကျနော့်စိတ်ထဲမှာ ထင်ပါတယ်။ အဲဒီလို လုပ်လိုက်တာဟာ အရင် အစိုးရလက်ထက်တုန်းက အယူအဆနဲ့ အပြုအမူနဲ့ ဘာမှ မကွာခြားဘူးလို့ ကျနော်အဲဒီလိုပဲ သုံးသပ်ပါတယ်။ ပြောချင်တာက လက်ပံတောင်းတောင်တင် မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံမှာရှိတဲ့ သဘာဝ အရင်းအမြစ် သယံဇာတဖြစ်တဲ့ ဧရာဝတီမြစ်တို့၊ လက်ပံတောင်းတောင်တို့၊ ပုပ္ပါးတောင်တို့ အဲဒါတွေ အကုန်လုံးကို ကျနော်တို့ပြည်သူတွေ ဆန္ဒကတော့ မပျောက်မပျက်လိုတဲ့ ဆန္ဒရှိပါတယ်။ ကျနော် ဟောပြောပွဲ စင်ပေါ်မှာလည်း အဲဒီကိစ္စကို အဲဒီသဘောထားကိုပဲ ပြောပါတယ်။

ဦးသုဝေ (ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ)
ဒီလို အကြမ်းဖက် ဖြေရှင်းတာတော့ ကျနော်တို့ လုံးဝ သဘောမကျပါဘူး။ (ပြောနေစဉ် ဖုန်းလိုင်း ပြတ်တောက်သွားပါတယ်)

 

 

 

ဒေါက်တာ သိန်းလွင် (ပညာရေး အကြံပေး)
ကျနော့်အမြင်ကတော့ ကြေးနီစီမံကိန်း ပတ်ဝန်းကျင်က ရွာသူရွာသားတွေမှာ သူတို့ နစ်နာဆုံးရှုံးတာ ရှိတယ်လေ။ ရွာတွေ ရွှေ့ပြောင်းရတယ်။ လယ်တွေ အသိမ်းခံရတယ်။ အဲဒီအပေါ်မှာ သူတို့ တရားသဖြင့် တောင်းဆိုတာ။ ဒီလို တောင်းဆိုတဲ့အပေါ်မှာ အခုလို အကြမ်းဖက်ပြီး ဖြိုခွင်းလိုက်တယ်။ ဒါမဖြစ်သင့်ဘူး။ ဒီလို အကြမ်းဖက် ဖြိုခွင်းတာကို ကျနော် ကန့်ကွက်တယ်။ ရွာသူရွာသားတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးသင့်တယ်။

 

ဦးအောင်မိုးဇော် (ပြည်ပ အခြေစိုက် လူဘောင်သစ်ပါတီ ဥက္ကဌ)

အခုလိုမျိုး မီးလောင်မှုဖြစ်စေပြီးတော့ အကြမ်းဖက် ဖြိုခွင်းတယ်။ သံဃာတော်တွေ၊ ဆန္ဒပြတဲ့ ပြည်သူတွေကို အဲဒီလို အနာတရဖြစ်အောင် ဒဏ်ရာရအောင် ဖြိုခွဲတဲ့ကိစ္စကို ကျနော်တို့အနေနဲ့တော့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ ပြင်းပြင်းထန်ထန် ရှုံ့ချရတဲ့အကြောင်းကလည်း ဒီမိုကရေစီအရေးကို သွားနေပါပြီ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးကို သွားနေပါပြီလို့ နိုင်ငံတကာက ပြောနေတဲ့ကိစ္စကို၊ သို့မဟုတ် ပြည်သူတွေကနေ ယနေ့ ပြည်ထောင်စု အစိုးရအပေါ်မှာ တစုံတရာ ယုံကြည်မှု ရှိလာတာတွေကို အခုလို အကြမ်းဖက်မှုက ခြေဖျက်ပစ်လိုက်သလို ဖြစ်တယ်။ အခုလို အကြမ်းဖက် ဖြိုခွင်းတဲ့ကိစ္စမှာ တာဝန်ရှိတဲ့လူတွေကို ပြည်ထောင်စု အစိုးရအနေနဲ့ အရေးယူသင့်တယ်လို့ ကျနော်ယူဆတယ်။ ဒီလို အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်လုပ်နေမယ်ဆိုရင်တော့ ယနေ့ ပြည်ထောင်စု အစိုးရအပေါ်မှာ နိုင်ငံတကာရဲ့ ယုံကြည်မှုရော ပြည်တွင်းက ပြည်သူလူထုရဲ့ ယုံကြည်မှုရော ယနေ့ နိုင်ငံရေးလောကက အဖွဲ့တွေရဲ့ ယုံကြည်မှုတွေရော အကုန်လုံး ကျဆင်းသွားစေနိုင်တယ်။

ဦးအောင်မျိုးမင်း (ဒါရိုက်တာ၊ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံ – HREIB)
အရေးပေါ်ဥပဒေ ၁၄၄ ကို ထုတ်တယ်ဆိုတာ လွယ်လွယ်နဲ့ ထုတ်လို့မရပါဘူး။ တကယ့်ကိုလိုအပ်လို့ မဖြစ်မနေ ထုတ်ရတဲ့အကြောင်းရင်းတွေ ရှိဖို့လိုအပ်ပါတယ်။ အခုလို အရေးပေါ် ဥပဒေကို လွယ်လွယ်နဲ့ထုတ်ပြန်ပြီး ညအချိန်မှာ လက်နက်မဲ့တဲ့ ဆန္ဒပြသူတွေကို လိုတာထက်ပိုတဲ့ နည်းလမ်းတွေနဲ့ ဖြိုခွင်းတာကို ရှုံ့ချပါတယ်။ အခုတွေ့ရတဲ့ သတင်းတွေအရဆိုရင် ဖြိုခွင်းမှုထဲမှာ လက်နက်မဲ့သူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရစေတဲ့ လက်နက်တွေ သုံးထားတယ်လို့ ခန့်မှန်းရတယ်။ ဒါကြောင့် ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး တရားဥပဒေက ခွင့်ပြုထားတဲ့ လုပ်ပိုင်ခွင့်ထက် ပိုမိုလုပ်ဆောင်တာ ရှိ မရှိ သေချောချာ စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။

ဦးအံ့မောင် (ကဗျာဆရာ မုံရွာ အံ့မောင်)
အင်မတန် ၀မ်းနည်းစရာ ကောင်းတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လာခါနီးကလေးမှာ လုပ်လိုက်တာကဖြင့် ဘယ်လို ရည်ရွယ်ချက်လဲဆိုတာ မတွေးတတ်နိုင်အောင်ဖြစ်ပါတယ်။ ကျနော်တို့တွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်တဲ့ အစိုးရအဖွဲ့များ အတူလက်တွဲပြီး ဒီမိုကရေစီကို ချောချောမောမော ဖော်ဆောင်သွားနိုင်ဖို့ လိုလားတာပါပဲ။ မြန်မာပြည်မှာ လူထုရဲ့လှုပ်ရှားမှု၊ သပိတ်မှောက်မှု၊ ဆန္ဒဖော်ထုတ်မှု အကြောင်းအမျိုးမျိုးကြောင့် အများစု ဖြစ်နေတာ တွေ့ရကြားရပါတယ်။ ဒီဟာတွေကို ကိုင်တွယ်တဲ့အခါမှာ လူထုဘ၀ကို စာနာနားလည်ပြီးတော့ အဲဒီလူထုရဲ့ဘ၀ကို မြင်တဲ့အမြင်နဲ့ ချဉ်းကပ်ဆောင်ရွက်ကြဖို့ လိုပါလိမ့်မယ် ထင်ပါတယ်။ ဘယ်အစိုးရမဆို အစိုးရဆိုသည်မှာ လူထုရဲ့အစိုးရဟူသည်မှာ မမေ့ကြဖို့ အင်မတန် အရေးကြီးမှာပါ။

ဦးကျော်ရင်မြင့် (မန္တလေး အခြေစိုက် စာရေးဆရာ)
စစ်အစိုးရ စပြီး အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်က ပြန် စပြောရမှာပဲ။ ဓား ဓားချင်း၊ လှံ လှံချင်း ဆိုပြီးတော့ ဗိုလ်ချုပ် နေ၀င်း အစိုးရက ဆန္ဒပြတဲ့ ကျောင်းသားတွေကို လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့ဖူးတယ်။ အကြမ်းဖက် ဖြိုခွင်းတယ်ဆိုတာက ဘယ်တုန်းကမှလည်း မအောင်မြင်ခဲ့ဘူး။ ကောင်းမွန်တဲ့၊ ချောမွေ့တဲ့ ပန်းတိုင်ကိုလည်း ဘယ်တုန်းကမှလည်း မရောက်နိုင်ဘူး။ အထူးသဖြင့်တော့ အာဏာပိုင်ပေါ့။ သူတို့က သူတို့မှာ လက်နက်ရှိတယ်ဆိုပြီးတော့ အကြမ်းဖက် ဖြိုခွင်းတာတွေကို မဖြစ်သင့်တော့ဘူးဆိုတာ ဒီ (နှစ်) ၅၀ လောက်ကဟာတွေကို သူတို့ သင်ခန်းစာ ယူသင့်ပြီိလို့ ကျနော်မြင်ပါတယ်။ လက်ပံတောင်းမှာလည်း ဒီလိုပဲ အကြမ်းဖက် ဖြိုခွင်းတယ်ဆိုရင် ဒီမီးဟာ မငြိမ်းပါဘူး။ ပိုပြီး ကြီးလာမှာပါ။ ပိုကြီးလာပြီးတော့ ပိုပြီးတော့ ၂ ဖက်လုံးကို လောင်မြိုက်ပြီးတော့ တိုင်းပြည်အတွက် အကျိုးမရှိတဲ့ ရလာဒ်တွေပဲ ရလာလိမ့်မယ်လို့မြင်ပါတယ်။

ဦးကျော်သူ (နာရေး ကူညီမှုအသင်း – ရန်ကုန်)
ကျနော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တယောက်အနေနဲ့ တန်ဆောင်မုန်း လပြည့်နေ့မှာ ဒီလိုဖြစ်တယ်ဆိုတာ ဒါမကောင်းပါဘူး။ ကျနော်တို့ ဘာသာအရ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာလိမ့်မယ်ဆိုတဲ့ စကားကလည်း ရှိတယ်။ အမှန်မှာတော့ ဒါဟာ ကိုယ်ချင်းစာစိတ်ကလေးနဲ့ ဘယ်အလုပ်မဆိုလုပ်ရင် အဆင်ပြေမယ်လို့ ကျနော်မြင်တယ်။ ဒီညပဲ ကျနော်တို့ မုံရွာကိုသွားကြတော့မယ်။ မုံရွာမှာ ဆေးဝါးကုသမှုတွေ ကူညီပေးဖို့ပါ။


WSJ LIVE VIDEO:

25 Responses

Leave a Reply

  1. I see, Ko Ko ,home minister and Kyaw Kyaw Tun, police
    chief are the most responsible persons for that.

    • ကိုစိုးညွှန့်ရေ ။ ဘယ်သူမှ မဟုတ်ပါ။ တရုတ်ကို ကြောက်၍လည်း မဟုတ်ပါ။ ထိုကိစ္စတွင် ကော်မရှင် ကြေးယူထား သော လူတစ်စု လက်ချက်သာဖြစ်ပါသည်။

  2. ကျနော်မြင် တာကတော့….ကင်းလိုချင်လို့ ကျားတကောင်ထိုး ကျွေးလိုက်တယ် လို့ဘဲမြင်တယ်…..ကျွေးတုံးတော့ တကောင်ဘဲ…ဒါပေမဲ့ မျှော်လင့်သလို ကင်းမရရင်တော့ ရှိသမျှကျား အကုန်ထိုးကျွေး ရမဲ့ ဇတ်လမ်း ရောက်လိမ့်မယ်…..ပါဝင်အမိန့်ပေးခဲ့တဲ့ ရဲမှူးတွေ စောစောစီးစီး ပင်စင်တင်ထားကြဗျို့ ….တော်ကြာ ထိုးကျွေးတဲ့ အထဲပါသွားမှ….ဒုက္ခ….

  3. အင်အားသုံးဖြေရှင်းလိုက်ပြီ ။ တိုင်းပြည်အတွင်အရမ်းအန္တာရယ်ကြီးပါတယ် ဖွံ့ဖြိုးမှုတွေဆက်နောက်ကျနိုင်ပါတယ် အတိုက်အခံ အစိုးရ အဖွဲ့အစည်းများအားလုံး စိတ်ရှည်ဖို့လိုပါတယ် 2015 ရောက်ဖို့ နိုင်ငံရေးအင်အားစု ပြည်ပအဖွဲ့အစည်းတွေအရှိန်ယူရပါဦးမယ် နိုင်ငံရေးပရိယာယ်ကြွယ်ဝဖို့ကြိုးစားကြပါ
    ကြယ်စင်

  4. WOLF IS WOLF. MURDER S MURDER. THEY NEVER CHANGE THEIR STUDIP CHARACTER SAME AS BEFORE. THE MORE THEY MAKE TROUBLE TO THEIR CITIZEN, THE MORE PEOPLE WILL HATE THEM AT ALL.

  5. မောင်မောင်လှ

    နေရာတကာ ဆန္ဒပြနေမှာတော့ ဒီလောက်တော့ ခံရမှာပေါ့၊ အစိုးရလုပ်ရပ်ကိုထောက်ခံပါတယ်၊ ဒီလိုဘဲလုပ်ရမှာလေ၊ ဒီလိုမှမလုပ်ရင် တနိုင်ငံလုံးတွေ့ ကရာကိစ္စကိုဆန္ဒပြနေကြတော့မှာ ဦးပဇင်းတွေအတွက်လည်းသင်္ခန်းစာပေါ့ နောက်တခါဆို နေရာတကာ ၀င်မပါရဲတော့ဘူးပေါ့၊
    ဒါက ဦးပဇင်းတို့ ထောက်ခံခဲ့ကြတဲ့ သမ္မတကြီးဘဲလေ၊ ထပ်ပြီးထောက်ခံသင့်ပါတယ်

  6. အခု နိုင်ငံကို အုပ်ချုပ်နေတယ်ဆိုတဲ့ တပ်မတော်ဘက်ပြောင်း (တပ်မတော်လူထွက်) အစိုးရအဖွဲ့မှာပါတဲ့ သူတွေကိုယ်တိုင်က ဦးပိုင်လိမိတက်မှာ ရှယ်ယာတွေပါကြမှာ။ သူတို့ရဲ့ အကျိုးစီးပွားကိုထိခိုက်လာပြီဆိုတော့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရုပ်တွေ ကွာကျသွားတာပါ။ အခြေအနေအရသာ နိုင်ငံတကာအကြိုက် ဒီမိုကရေစီအရေးကိစ္စတွေကို ပြောနေပေမဲ့ အတွင်းစိတ်တွေက ပြောင်းလဲမှုမရှိသေးဘူးဆိုတာ ပေါ်လွင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အခုအုပ်ချုပ်နေတဲ့ အစိုးရဟာ စစ်တပ်နဲ့ ဦးပိုင်ကုမ်ပဏီရဲ့ သြဇာလွှမ်းမိုးမှုခံနေရဆဲပဲလို့ မြင်ပါတယ်။ ရှေ့ဆက်ရမဲ့ နိုင်ငံအရေးအတွက်တော့ ရင်လေးစရာပါ။

  7. ဘယ်သူလုပ်လုပ်သိန်းစိန်မှာတာဝန်အရှိဆုံး၊အလိမ်အညာဟန်ဆောင်တာတွေကကြာကြာလုပ်လို့မရဘူးစိတ်ရင်းမှန်ပေါ်တာပဲ။

  8. လက်ပံတောင်းဖြိုခွင်းခဲ့တဲ့အတွက်ကနေ့လက်ပံတောင်းတောင်အရေးအခင်းဟာတနိုင်ငံလုံးရဲ့ အရေးအခင်းဖြစ်လာပါပြီပြည်သူလူထုတရပ်လုံးတစုတဝေးထဲဒီအစိုးရကိုဆန့်ကျင်သင့်ပါပြီနိုင်ငံ ပိုင်အမွေအနှစ်များကိုစစ်တပ်မှနိုင်ငံခြားသားများထံရောင်းစားထားမှုများ၊ပြည်သူလူထုအကျိုး မပြုသောလုပ်ရပ်များအားလုံကိုဆန့်ကျင်ရန်အချိန်ရောက်ပြီလို့အကြံပြုလိုပါသည်။

  9. သူရဇော်ဟိန်း

    တရုတ်က မြန်မာပြည်ရဲ့ အရင်းအမြစ်တစ်ခုကို ခုတ်ယူဖို့၊ ၀မ်ပေါင် ပုဆိန်မှာ စစ်တပ်ရဲ့ ဦးပိုင်ကို အရိုး တပ်ပေးထားတော့ ပြည်သူတွေနာရ၊ ပိုပြီးနာစရာတွေ ရှိလာရဦးမှာပါ။

    “လက်ပန်းတောင်းတောင် စီမံကိန်း အတွက် ဒေသခံတွေ တောင်းဆိုသမျှ ကျေနပ်အောင် လုပ်ပေးလိုက်ပြီ” သို့မဟုတ် “လက်ပန်းတောင်းတောင် စီမံကိန်း ရပ်လိုက်ပြီ” ဆိုတဲ့ စကားနှစ်လုံးသည်သာ ဒီအနာတွေကို အမြန် သက်သာစေမဲ့ အကောင်းဆုံးဆေးတွေ ဖြစ်ပါလိမ့်မယ်။

    ဒီနေ့ သင်္ခန်းစာ ယူဖို့ကတော့ သမ္မတနဲ့ စစ်တပ်အောက်က အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်ရဲမှုကို လျှော့တွက်ခဲ့ကြပြီး၊ ပြည်သူတွေကို သတိပေးဖို့နဲ့ လိုအပ်တာတွေ ကြိုတင် တွက်ဆ ပန့်ပိုးပေးဖို့လဲ ပျက်ကွက်ခဲ့ကြပါတယ်။

    ဓါတ်ပုံနဲ့ သတင်းတွေ ကြည့်ရသလောက် ဆေးရုံမှာ အဆင်သင့်ပြင်ထားခဲ့ပြီး၊ အစိုးရဘက်က ဘယ်သူဘယ်အချိန် ဘာလုပ်ရမယ်ဆိုတာလဲ အသင့်ဖြစ်နေခဲ့ပုံပါပဲ။ အရင်နှစ်၅၀တွေက လုပ်ခဲ့တဲ့ အတိုင်းပါပဲ။

    ဒီပဲယင်းနဲ့ ယနေ့ လက်ပန်းတောင်းတောင်အရေးအခင်းတွေက ရတဲ့ တူညီသော သင်္ခန်းစာကတော့ ဒီလို လူစုလူဝေးနဲ့ လှုပ်ရှားမျိုး လုပ်တိုင်း စစ်တပ်က စစ်ဆင်ရေးလုပ်သလို၊ လူထုဖက်က ထောက်လှမ်းသတင်းယူ အသိပေးပြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေ ကြိုတင်ပြင်ဆင် လုပ်ပေးထားနိုင်ဖို့လိုပါတယ်။

    တစ်ဆက်ထဲ ဒေသခံတွေ တောင်းဆိုသမျှ ကျေနပ်အောင် လုပ်ပေးဖို့ ၀မ်ပေါင်ဖက်က ဆန္ဒ ရှိလာခဲ့ရင်တော့၊ ပထမဆုံး အနေနဲ့ အလိုလို ပြိုကျအောင် လုပ်ထားတဲ့ လယ်တီသိမ်နဲ့ ဘုရားဘေးမှာ မြေပြန်ဖို့ပေးဖို့နဲ့၊ သိမ်နဲ့ကျောင်းအတွက် မြေပြိုကျနိုင်မှု စက်ဝိုင်း (landslide slump circle) ကို ပညာရှင်တွေနဲ့ တွက်ချက်ပြီး မိုင်းရဲ့တွင်းပေါက်ကို လွတ်ရာအထိ ဆုတ်ပေးဖို့ရယ်၊ ဒုတိယ ကတော့ သူတို့ရဲ့ မူလအစီအစဉ်ဖြစ်တဲ့ ပတ်ဝန်းကျင်က ရွာတွေ စိုက်ပျိုးမြေတွေကို မြေဖို့ ဖျောက်ဖျက်ပစ်မဲ့ အစား၊ ကြေးစင်တောင် တွင်းပေါက်ကို လက်ပန်းတောင်းတောင်က ထွက်တဲ့ မြေစာတွေနဲ့ ဖို့ပစ်ဖို့ ပြောရလိမ့်မယ်ထင်ပါတယ် (မူလပုံစံကိုတော့ အောက်က link မှာတွေ့နိုင်ပါတယ်)။

    တတိယကတော့ ဒေသခံတွေအတွက် အခုလက်ရှိ ကမ်းလွန်ရေနံ ကုမ္ပဏီတွေ လုပ်ပေးနေတဲ့ လူမှုစီးပွါးဖွံ့ဖြိုးမှု အစီအစဉ်မျိုးတွေကို အဲဒ်ီရေနံ ကုမ္ပဏီတွေထက် မလျော့ပဲ လုပ်ပေးဖို့ လိုပါတယ်။ ဒီအချက်ဟာ မြေပေါ်မြေအောက် သယံဇာတတွေ ထုတ်ယူခြင်း ခံရမဲ့ ဒေသခံပြည်သူတိုင်း ရရှိရမဲ့ အခွင့်အရေးလဲ ဖြစ်ရပါမယ်။

    http://www.nerin.com/products_detail/&productId=fbc3ddba-a4fc-4514-b0d0-ddfdc9dfa373&comp_stats=comp-FrontProducts_list01-1324020199622.html

  10. If riot Police shot at the forehead of monks and people by real bullets we can say cracking down protest. Whatever however Thein Sein guided brutal action Thar Aye government and Riot police forces can do wisely to crack down in day time or day light. Differently they used Fire Bombs to burn down people alive in dawn attack could be named coward action. USDP Fascist government is above the law as usual and they had fierce weapons, why they worry too much. They always worry about for ex-army generals’ properties and business. So they used over fire power. Trying to eliminate civilians like animals herd was 100% cowardice.
    President Thein Sein, we did not see such surprised dawn attack to sleeping people who were unarmed in 8888 and other protest. That is not democracy practice in the world, you can use regular baton and rubber bullet. Now you let your forces used fire to barbecue monks is totally against human civilization. You are not human, you and your fellas are brutal animals. You should step down right now. People of Burma should start campaign resignation of Thein Sein.

  11. မင်းမျိုးနိုင်

    အမျိုး၊ဘာသာနဲ့သာသနာကိုရောင်းစားပြီးမှတော့လုပ်ရဲသွားပြီပေါ့။ရွှေဝါရောင်တော်လှန်ရေး
    တုန်းကတကြိမ်၊ ခုတကြိမ်။ သုံးကြိမ်ပြည့်အောင်စောင့်ပြီးမှတပ်ချင်တဲ့နာမည်တပ်ထားတဲ့
    လက်ရှိအစိုးရကိုဖြုတ်ချဖို့တော်လှန်ကြမလား၊ စစ်အစိုးရနောက်ကွယ်ကကြိုးကိုင်နေတယ်
    ဆိုတာမယုံကြသေးဘူးလား။ မပြီးဆုံးသေးတဲ့တိုက်ပွဲကိုဆင်နွဲကြဖို့ခေါင်းထဲမှာရှိသေးတယ်
    ဆိုရင်တော့တိုက်ပွဲခေါ်သံအတွက်တိုက်မောင်းကိုထုဖို့ပြင်ကြပေတော့ကိုယ့်လူတို့။အရေး
    ကြီးပြီ သွေးစည်းကြလော့။

  12. သခင်“၀မ်စွေ့”အားရအောင် ဦးပိုင်က ကျွန်ဝါးဝပြနေတာ။
    DASSK ကို don’t care လုပ်ပြလိုက်တာ။
    ဒါ“အစ”ပဲ ရှိသေးတယ်၊ အဆုံးမှာ ဘယ်သူ “ရှုံး” မလဲ။

  13. အခုမြန်မာပြည်မှာ ပြောင်းလဲနေတယ်ဆိုတာအားလုံးက အခြေခံအချက်နှစ်ခုပေါ်မှာပဲတည်ပါတယ်။ စစ်ဗိုလ်ချူပ်သစ်/ဟောင်းတွေနဲ့ စစ်တပ်ကိုမထိ သမျှ ဒီမိုကရေစီအရိပ်အရောင်လေးမြင်ရမှာပါ။ အခုကိစ္စက ဦးပိုင်ရဲ့လုပ်ငန်းကိုထိတာ စစ်တပ်ကိုထိတာမို့ အင်အားသုံးတာပါ။ အခုရော၊နောင်ရော စစ်တပ်ကိုထိရင်အင်အားသုံးမှာပါ။

  14. ဦးအတွေ့အကြုံ

    ငြိမ်ဝပ်ပိပြားရေးဆိုင်ရာနိုင်ငံတော်အကြံပေးအဖွဲ့ထပ်တဖွဲ့ဖွဲ့ရင်ကောင်းမလားဘဲ

  15. ဒီလုပ်ရပ်ဟာ ရက်စက်ယုတ်မာတဲ့လုပ်ရပ်ဖြစ် တဲ့အတွက် အပြင်းအထန်ရှုံ့ချတယ်၊ ဒီလိုဆင်ချင်တုံတရားမဲ့ လုပ်ရပ်မှာတာဝန်ရှိသူ တွေကိုပြင်းပြင်းထန်ထန် ဖော်ထုတ် အရေးယူသင့်တယ်။ အမာဂိုဏ်းသားတွေရဲ့ နောက်ကြောင်းပြန်ဖို့ ဆူပူမှုအခြေအနေ ဖြစ်လိုဖြစ်ညား စနက်တံကိုမီးရှို့တာဖြစ်တယ်။

    သံဃာတော်များကိုရိုသေစွာလျှောက်ထားပါရစေဘုရား…. အရှင်ဘုရားတို တစ်နိင်ငံလုံး အလှည့်အပြောင်း ဖြစ်စေဖို့ကြီးမားသော တွန်းအားဖြစ်စေတဲ့ ၂၀၀၇ခုနှစ် အဖြစ်အပျက်မှာ အလွန်ပင်ပန်းခဲ့ပြီးပါပြီဘုရား၊ ဒီလိုဒေသန္တရ ကိစ္စများမှာမပါဝင်ပါနဲ့ဘုရား၊ လူကိစ္စ လူ့အလုပ်ကို တပည့်တော်တို့လူတွေ လုပ်ပါရစေဘုရား၊ အရှင်ဘုရားတို့ လောကုတ္တရာ ကိစ္စကိုသာဆောင်ရွက်ကြပါဘုရား၊အထမ်းထက်အဆွဲလေးမှာ စိုးရိန်ရပါတယ် အရှင်သူမြတ်တို့ဘုရား။

  16. မြန်မာ အစိုးရ တရုတ်ကို အသေကြောက်တာ ထင်ရှားလာပြီး။ ရခိုင်မှာ ဒီလောက်ဖြစ်တာတောင် သူတို့ အကျိုးစီးပွား(တယုတ်+ဦးပိုင်ခေါ်စစ်သားများ) မထိခိုက်တော့ ညင်သာစွာ ဖြေရှင်းတယ်။ ခုကိစ္စမှာ ညှိနှိုင်းမှု မလုပ်ပဲ ဒီလိုလုပ်တာ ဘယ်လိုမှ လက်ခံလို့မရဘူး။ မြစ်ဆုံလဲ မလှိမ့်တပတ်နဲ့ ခေါက်ထားတယ်။ လက်ရှိအစိုးရကို ကျနော် လုံးဝ အယုံကြည်မရှိတော့ဘူး။ ကျနော့်အနေနဲ့ မပိတ်ရင်တောင် ပြောင်းရွေ့ပေးရမယ့်သူတွေကို ထိုက်သင့်တဲ့ လျှော်ကြေးပေးစေချင်တယ်။
    သူတို့မှာ ပိုင်တာ ဒီလယ်တွေပဲ ရှိတာ။ ပိုက်ဆံရမှ တခြားအလုပ်ပြောင်းလုပ်ရမှာပေါ့။
    ဒီမိုကရေစီဖော် ဆောင်တာ ဦးပိုင်၊ ခရိုနီ၊ တယုတ်တွေ ကြီးပွားဖို့လားဗျာ။
    အနဲဆုံးသူတို့ ကျေနပ်လောက်တဲ့ အထိ ညှိပေးသင့်တယ်။
    လက်ရှိအစိုးရက နိုင်ငံရေးအကျဉ်းသားတောင် ကုန်အောင်မလွှတ်ပဲ ရာဇဝတ်အကျဉ်းသားပဲ လွှတ်နေတာ နိုင်ငံရေးသမားကို သူခိုးဂျပိုး လို့ သတ်မှတ်နေတာပါ။
    အမှန်က သူတို့ကိုယ်တိုင် သူခိုးတွေပါ။
    သူတို့က ပြဇာတ်ရော နောက်ပိုင်းရော အကုန်က ချင်နေတာ။
    သူတို့လုပ်တာပဲ ကောင်းတယ်။
    သူတို့လောက် ဘယ်သူမှ နိုင်ငံကို မချစ်ဘူး ထင်နေတာ။
    ရင်လေးတယ်ဗျာ။
    တနိုင်ငံလုံး သပိတ်မှောက်သင့်တယ်

    • ha ha ရေသူတို့ကမြန်မာနိုင်ငံကိုသိပ်ချစ်တာပေါ့ဘာကြောင့်လဲဆိုတော့မြန်မာပြည်
      ကြီးကိုအရင်းပြုပြီးသေရင်ပါမသွားနိုင်တဲ့စည်းစိမ်တွေနဲ့ယစ်မူးနေရတာကိုး။သူတို့
      ကတိုင်းသူပြည်သားတွေကိုမချစ်တာဘဲရှိတယ်။မြန်မာပြည်ကိုတော့သိပ်ချစ်။

  17. Very much doubted to the Government. Either U Thein Sein or Chief Military Persons are testing against with Daw Aung San Suu Kyi. In the middle, the people, the monks and the current untrained/unhumane government servants such as police and the base line soldiers became victims. It is really sad and scary for the future. With this behaviour, I personally do not trust this government.

  18. ဦးပိုင်ကရရှိတဲ့အကျိုးအမြတ်တွေကိုသာမန်စစ်သားလေးတွေအတွက်ဘာမှခံစားခွင့်မရှိပါ
    ဘူးစစ်ဗိုလ်တောင် ။ဗိုလ်ချုပ်ကြီးတွေအကြိုက်လုပ်တတ်တဲ့စစ်ဗိုလ်ဘဲခံစားခွင့်ရှိတာပါ။
    ဦးပိုင်ဟာတိုင်းသူပြည်သားအကျိုးကိုကာကွယ်စောင့်ရှောက်ချင်စိတ်ရှိတဲ့စစ်သားတွေ
    အတွက်မဟုတ်ပါ။စစ်အရေခြုံလူမိုက်တစ်စုကမြင်းကြောထ စည်းစိမ်ခံဖို့အတွက်ငွေ
    ရှာပေးနေတဲ့ကုမ္မဏီပါ။ပြည်သူတွေကသူတို့နစ်နာမှုကိုအကြိမ်ကြိမ်စာရေးအကြောင်း
    ကြားထားရဲ့သားနဲ့ ဇတ်တူသားမစားချင်တဲ့ဦးသိန်းစိန်အစိုးရရဲ့လစ်လျူုရှုမှုကြောင့်အခု
    လိုဆန္ဒပြပွဲကြီးကြီးမားမားဖြစ်လာရတာပါ။အစောကြီးကတည်းကလျော်ကြေးငွေတွေ
    ကိုဖြတ်စားလာဘ်စားလုပ်ထားတဲ့သူတွေကိုရှာဖွေဖမ်းစီးပြီးမျှတအောင်တရားစီရင်
    ပေးရင်ဒီလိုဖြစ်လာစရာအကြောင်းမရှိပါဘူး။မြန်မာပြည်မှာဖြစ်တဲ့ဆန္စပြမှုအားလုံးက
    အစိုးရရဲ့အရေးတယူလုပ်မှုအားနည်းချက်ကြောင့်ရှည်လျားသွားရတာပါ။အစိုးရ
    နှင့်တစ်ကွအပေါင်းအပါခရိုနီများပေးထားတဲ့ကတိတည်ပြီးပွင့်လင်းမြင်သာမှုရှိစွာပြဿ
    နာကိုဖြေရှင်းပေးတတ်ရင်မြန်မာလူမျိုးအများစုဟာသူတစ်ပါးကိုအားနာတတ်တဲ့လူတွေပါ။
    နည်းနည်းလေးပေးလိုက်တာနဲ့အများကြီးကျေးဇူးတင်တတ်ကြတာပါ။

  19. They (regime) very love their country but not their cityzen.

  20. အာဏာပိုင်တွေကသူတို့မှာ လက်နက်ရှိတိုင်းအကြမ်းဖက်
    ဖြိုခွင်းတာတွေကို နှစ်ပေါင်း ၅၀ ကျော်ခံစားလာရပြီးပါပြီ။
    အဆင်းရဲဆုံး ပညာရေးကျန်းမာရေး အဆင့်အတန်း အနိမ့်ဆုံးတိုင်းပြည်အဖြစ်တွန်းပို့ထားခဲ့ရာကနေပြန်လည် လွတ်မြောက်ခွင့်ရအောင် ညှိနှိုင်းပြောင်းလဲလာမယ့် အခြေအနေကောင်းကို ပြည်သူတွေနဲ့အတူမျှော်လင့်နေရပါတယ်။

  21. I understand that the profit from this copper project will be divided into 3 portions and the chinese company, the government and Oo Paing will each get one portion. Oo Paing should not get the share. Oo Paing’s share must go to the people who will be affected by the project.

  22. ကြားကလူတွေကစား..အောက်ကလူကယုံး….အပေါ်ကလူကချိန်ဆ…..ခဏတော့စောင့်ကြပေါ့ဗျာ